ဆရာကန်တော့ပွဲဓလေ့ တက္ကသိုလ်ပညာရေးအတွက် အဆိပ်အတောက်လား

ဖီးနစ်
ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းနှင့် ဘွဲ့နှင်းသဘင် / ဧရာဝတီ

မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေး အလွန်ကိုင်းရှိုင်းကြ၏။ ထို့ကြောင့်ပင် ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများကို ‌နေရာတိုင်းတွင် တွေ့နိုင်၏။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို မသိမ်းပိုက်မီအချိန်ထိ ဘုန်းတော်ကြီးကျောင်းတို့သည် စာပေသင်ကြားပို့ချရာ အဓိကနေရာများ ဖြစ်ခဲ့သလို ယောကျ်ားလေးတဦး၏ ပညာရေးသည်လည်း ကျမ်းဂန်လာ သုတ္တန်များကို နှုတ်တိုက် ကျက်မှတ်ရာတွင်သာ အဆုံးသတ်ခဲ့၏။

ဘာသာရေးသည် ဘာသာရေးနှင့် မဆိုင်သောနေရာ secular realm ထဲအထိ လျှံထွက်လာမှုကို အထင်ရှားဆုံး သက်သေပြနေသော သာဓကမှာ ၁၉၆၁ ခုနှစ် ပြည်ထောင်စုပါတီ (ပထစ) အစိုးရလက်ထက်တွင် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းမှုပင် ဖြစ်၏။ ဤသည်ကား နိုင်ငံရေးလောကမှ သိသာထင်ရှားသော ဘာသာရေးက secular realm အတွင်းသို့ လျှံထွက်လာခြင်း သာဓကပင်ဖြစ်၏။

ပညာရေးလောကတွင် ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးစံများ ဝင်ရောက်ရောယှက်နေခြင်း ရှိ၏။ သိသာထင်ရှားသည့် သာဓကတို့မှာ အစိုးရကျောင်းများနှင့် အချို့ပုဂ္ဂလိကကျောင်းများတွင် မနက်စောစော ဘုရားရှိခိုးရခြင်း၊ ဥပုသ်နေ့တွင် ကျောင်းပိတ်ရခြင်းတို့ ဖြစ်၏။

ပညာရေးလောကတွင်လည်း ထိုသို့ ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးစံများ ဝင်ရောက်ရောယှက်နေခြင်း ရှိ၏။ သိသာထင်ရှားသည့် သာဓကတို့မှာ အစိုးရကျောင်းများနှင့် အချို့ပုဂ္ဂလိကကျောင်းများတွင် မနက်စောစော ဘုရားရှိခိုးရခြင်း၊ ဥပုသ်နေ့တွင် ကျောင်းပိတ်ရခြင်းတို့ ဖြစ်၏။ ထို့ပြင် သီတင်းကျွတ်ကာလ ရောက်ရှိပြီဆိုလျှင် ကျောင်းတိုင်းကျောင်းတိုင်းတွင် ဆရာကန်တော့ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြ၏။

ထိုသို့ ဆရာကန်တော့ပွဲကို အခြေခံပညာ ကျောင်းများတွင်သာမက တက္ကသိုလ်များတွင်ပါ ကျင်းပလေ့ရှိ၏။ ဆရာကန်တော့ပွဲကို ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ ဆရာမများကို informally ဂါရဝပြုခြင်းမျိုးမဟုတ်ဘဲ ကျောင်း institution က ဦးဆောင်၍ stakeholder များအားလုံး ပါဝင်ဆောင်ရွက်ကြကာ formal အခမ်းအနားတခု ကျင်းပကြခြင်းဖြစ်သည်။ အခြေခံပညာ ကျောင်းများတွင် ဆရာကန်တော့ပွဲ ကျင်းပသည်မှာ ပြဿနာ မရှိသေးသော်လည်း တက္ကသိုလ်များတွင် ဆရာကန်တော့ပွဲများ ကျင်းပရာတွင်တော့ ပြဿနာရှိလာပြီ။ အကြောင်းရင်းကို ရှင်းပါမည်။

တက္ကသိုလ်ပညာရေး၏ စံနှုန်းများကား ဆရာကန်တော့ပွဲ၏ စံနှုန်းများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။ ခေတ်သစ် တက္ကသိုလ်ပညာရေး၏ အခြေခံအုတ်မြစ်ကား သုတေသနဖြစ်ပြီး သုတေသန၏ ဦးတည်ချက်ကား အသိဉာဏ်သစ်၊ ဗဟုသုတသစ်များကို ရှာဖွေဖော်ထုတ် တင်ပြခြင်းပင်ဖြစ်၏။

မြန်မာ့ဓလေ့ထုံးစံအရ ကန်တော့သည်ဆိုရာတွင် မြင့်မြတ်သူကို နိမ့်ကျသည့်သူက ကန်တော့သည့် ထုံးစံသာရှိ၏။ ဂုဏ်ရည်အဆင့်အတန်း တူညီသူချင်း ကန်တော့သည့် ထုံးတမ်းစဉ်လာ မရှိချေ။ အသက်ငယ်သူက မိမိထက် အသက်ကြီးသူကို ရှိခိုးကန်တော့ရ၏။ တိုင်းသူပြည်သားတို့က ရှင်ဘုရင်ကို ကန်တော့ရ၏။ သာမန်လူက သံဃာတော်များကို ကန်တော့ရ၏။ ကန်တော့ခြင်းဟူသော အပြုအမူကား ကန်တော့ခံရသူသည် ကန်တော့သူထက် အရာရာတွင် သာလွန်သည်၊ ကန်တော့ခံရသူအား ကန်တော့သူက မလွန်ဆန်ရဟူသော အချက်ကို ကိုယ်အားဖြင့် အတည်ပြုလိုက်ခြင်းပင် ဖြစ်၏။

ထို့ကြောင့် ရှေးခေတ်မြန်မာ့ ဇာတ်လမ်းပုံပြင်များတွင် လူကြီးများ၏စကားကို လူငယ်များက နားထောင်ကြရ၏။ ရှင်ဘုရင်အား တိုင်းသူပြည်သားတို့က ပြန်၍ခံပြောနိုင်ခြင်း မရှိသလောက်ပင်။ ကန်တော့သူနှင့် ကန်တော့ခံရသူကြား ဆက်ဆံရေးသည် တဖက်သတ်စီးဆင်းသော ဆက်ဆံရေးဖြစ်၏။

ဆိုလိုသည်မှာ ကန်တော့ခံရသူက ပြောသမျှ ဆိုသမျှကို ကန်တော့သူက နာခံရ၏။ စောဒကတက်ခွင့် မရှိချေ။ ထို့ကြောင့်ပင် ယင်းတို့နှစ်ဦးကြား ဆက်ဆံရေးကို တဖက်သတ်စီးဆင်းသော ဆက်ဆံရေးဟု ဆိုခြင်းဖြစ်၏။ ဆရာကန်တော့ပွဲတခု ကျင်းပလိုက်ခြင်းသည်လည်း ဆရာနှင့် တပည့်တို့အကြား တဖက်သတ်စီးဆင်းသော ဆက်ဆံရေးတခုကို တည်ဆောက်လိုက်ခြင်းပင် ဖြစ်၏။

တက္ကသိုလ်ပညာရေး၏ စံနှုန်းများကား ဆရာကန်တော့ပွဲ၏ စံနှုန်းများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။ ခေတ်သစ် တက္ကသိုလ်ပညာရေး၏ အခြေခံအုတ်မြစ်ကား သုတေသနဖြစ်ပြီး သုတေသန၏ ဦးတည်ချက်ကား အသိဉာဏ်သစ်၊ ဗဟုသုတသစ်များကို ရှာဖွေဖော်ထုတ် တင်ပြခြင်းပင်ဖြစ်၏။ အမြင်ချင်း ဖလှယ်ခြင်း၊ ပညာရပ်ဆိုင်ရာများ ဆွေးနွေးကြခြင်း၊ ထောက်ပြဝေဖန်ခြင်းဟူသော အချက်များသည် အသိဉာဏ်သစ် ရှာဖွေဖော်ထုတ်ရာတွင် မရှိမဖြစ် လိုအပ်သော အရာများဖြစ်ကြ၏။

တပည့်က ဆရာပြောသည်ကို ခေါင်းငုံ့ခံ နာခံနေရန်မလို၊ မိမိအမြင်ကို လွတ်လွတ်လပ်လပ် တင်ပြနိုင်သည့် အခြေအနေ ရှိနေခြင်းဖြစ်သည်။ ခေါင်းငုံ့မခံ ပြန်ပြောနိုင်သည်ဆိုရာတွင် ရိုင်းရိုင်းစိုင်းစိုင်း ထင်ရာပြောခြင်းမျိုး မဟုတ်။ မိမိ၏အမြင်ကို ချက်ကျလက်ကျဖြင့် လေးလေးစားစား ပြောရခြင်းမျိုး ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အသိဉာဏ်သစ်များကို ရှိပြီးသား အချက်အလက်များ ဖလှယ်ခြင်း၊ မှားယွင်းနေသော အချက်အလက်များကို ထောက်ပြခြင်းတို့ဖြင့် ရရှိအောင် ပြုလုပ်ရခြင်းဖြစ်၏။ လက်ရှိခေတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တို့မှ အစိုးရများသည် သုတေသနကို လွန်စွာအားပေးကြ၏။

နိုင်ငံတကာရှိ ဂုဏ်သိက္ခာကြီးမားသော တက္ကသိုလ်ကြီးများ၏ စာသင်ခန်းများသည် ငြင်းခုံသံများဖြင့် ပြည့်နှက်နေတတ်၏။ နိုင်ငံတကာရှိ ကျောင်းများတွင် တက္ကသိုလ် ကျောင်းသားတဦးသည် စာသင်နှစ် တနှစ်တွင် စာအုပ်စာတမ်းပေါင်း ရာနှင့်ချီ ဖတ်ရ၏။ ဖတ်ရမည့် စာအုပ်စာရင်းကို ကျောင်းမတက်မီတွင် ကျောင်းမှ ကြိုပေးထား၏။ အချို့စာအုပ်စာတမ်းများကို အစအဆုံးဖတ်ကြရပြီး အချို့စာအုပ်များကိုမူ မည်သည့်အခန်းကိုသာ ဖတ်ရန်ဟု ပိုင်းပေးထား၏။ ထိုစာရင်းထဲမှ စာအုပ်များအပြင် စိတ်ဝင်စားလျှင် ဖတ်ရန် ပေးထားသည့် စာအုပ်များကလည်း သပ်သပ်ရှိသေး၏။

ထိုသို့ စာအုပ်ပေါင်း မြောက်များစွာ ဖတ်ရှုထားသော ကျောင်းသားတို့သည် စာသင်ခန်းတွင်းသို့ ရောက်သည့်အခါ ရွယ်တူ အတန်းဖော်များ၊ ဆရာများနှင့် ငြင်းခုံရန် ခေါင်းထဲတွင် အိုင်ဒီယာအပြည့် ရှိနေတတ်၏။ ဆရာကလည်း ဆွေးနွေးငြင်းခုံမှုများကို မတားမြစ်သည့်အပြင် အားပင်ပေးသေး၏။ တခါတလေတွင် ဆရာက ဝင်ရောက်ထိန်းကြောင်းသူ moderator အဖြစ်သာ ဆောင်ရွက်ပေးတော့သည်လည်း ရှိ၏။

ဤတက္ကသိုလ်တို့တွင် ဆရာနှင့် တပည့်ကြား ဆက်ဆံရေးသည် တဖက်သတ်စီးဆင်းသော ဆက်ဆံရေးမျိုးမဟုတ်ဘဲ အပြန်အလှန် စီးဆင်းသော ဆက်ဆံရေးမျိုးဖြစ်၏။ ဆိုလိုသည်မှာ တပည့်က ဆရာပြောသည်ကို ခေါင်းငုံ့ခံ နာခံနေရန်မလို၊ မိမိအမြင်ကို လွတ်လွတ်လပ်လပ် တင်ပြနိုင်သည့် အခြေအနေ ရှိနေခြင်းဖြစ်သည်။ ခေါင်းငုံ့မခံ ပြန်ပြောနိုင်သည်ဆိုရာတွင် ရိုင်းရိုင်းစိုင်းစိုင်း ထင်ရာပြောခြင်းမျိုး မဟုတ်။ မိမိ၏အမြင်ကို ချက်ကျလက်ကျဖြင့် လေးလေးစားစား ပြောရခြင်းမျိုး ဖြစ်သည်။

ဤကဲ့သို့သော နေရာမျိုးတွင် ဆရာနှင့် တပည့်တို့သည် အပြန်အလှန် လေးစားမှု ရှိကြ၏။ အပြန်အလှန် လေးစားမှု ရှိမှလည်း တဦးအမြင်ကို တဦး နားထောင်ပေးနိုင်မည်၊ လေးစားလက်ခံနိုင်မည် ဖြစ်သည်။ ငြင်းခုံဆွေးနွေးမှုသည် လူ့အဖွဲ့အစည်းကို ရှေ့သို့ တွန်းပို့ပေးနိုင်သော အရာဖြစ်လေသည်။ ငြင်းခုံဆွေးနွေးမှုကြာင့်ပင် အသိဉာဏ်သစ်တို့ ပေါ်ထွန်းလာ၏။ စံနှုန်းသစ်တို့ ထွက်ပေါ်လာကြ၏။

မြန်မာနိုင်ငံရှိ တက္ကသိုလ်တို့တွင်ကား ဆွေးနွေးငြင်းခုံသံတို့ တိတ်ဆိတ်လျက်ရှိ၏။ စာသင်ခန်းထဲတွင် ဆရာ၏အသံတခုတည်းသာ ကြားရပြီး ကျောင်းသားကျောင်းသူတို့၏ အသံကို မကြားရချေ။ စာသင်ခန်းသည် ဆွေးနွေးငြင်းခုံရာ စကားရည်လုပွဲ ခန်းမတခု ဖြစ်ရမည့်အစား တရားပွဲတခုဘဝသို့ ရောက်ရှိလျက်ရှိ၏။ တရားပွဲ ပရိသတ်သည် ပလ္လင်ပေါ်မှ ဆရာတော်ဟောကြားသမျှကို ‘တင်ပါ့’ တခွန်းဖြင့်သာ တုန့်ပြန်သကဲ့သို့ မြန်မာပြည်ရှိ တက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူတို့၏ နှုတ်တွင်းမှ ထွက်လာသည့် တခုတည်းသော စကားသံကား ‘ဟုတ်ကဲ့’ သာဖြစ်၏။

ခေတ်ကာလ အဆက်ဆက်၏ အခြေအနေဆိုးတို့ကြောင့် ကျောင်းသားကျောင်းသူတို့ အသံမထွက်ရသည့် အထဲတွင် ဆရာကန်တော့ပွဲကြောင့် တဖက်သတ်စီးဆင်းသော ဆက်ဆံရေးသည် ပို၍ ခိုင်မြဲသလို ဖြစ်သွားရ၏။ ဆရာကန်တော့ပွဲသည် တပည့်နှင့် ဆရာကြား ဆက်ဆံရေးကို မြင့်မြတ်သူနှင့် နိမ့်ကျသူကြား ဆက်ဆံရေးအဖြစ် အသွင်ပြောင်းလိုက်၏။ မြင့်မြတ်သူနှင့် နိမ့်ကျသူကြားတွင် တက္ကသိုလ်ပညာရေး၏ အခြေခံအုတ်မြစ် တခုဖြစ်သည့် အပြန်အလှန် လေးစားမှု မရှိနိုင်ချေ။

တက္ကသိုလ် institutionမှ ဦးဆောင်ကျင်းပသည့် ဆရာကန်တော့ပွဲ အစဉ်အလာသည် အဆိပ်အတောက် မဟုတ်လျှင်တောင်မှ ခေတ်သစ်တက္ကသိုလ်၏ ideal အမြစ်မတွယ်အောင် တားဆီးနေသည့် အဟန့်အတားကြီး တခုဖြစ်သည်ကို ဝန်ခံရမည်ဖြစ်သည်။

ဥပမာတခုကို ပြပါမည်။ လက်ရှိတက္ကသိုလ်များတွင် “ဆရာ့ဆရာမကြီးများ” ရေးဆွဲခဲ့သည်ဟူသော ခေတ်နောက်ကျနေသည့် သင်ရိုးညွှန်းတမ်းများကို မပြောင်းလဲနိုင်သည့် ပြဿနာကို ကြုံတွေ့နေရသည်။ ထိုပြဿနာ ကြုံနေရခြင်းမှာ ဆရာ့ဆရာမကြီးများအား မြင့်မြတ်သူများအဖြစ် မှတ်ယူလိုက်ကြသည့်အတွက် သူတို့ရေးဆွဲခဲ့သော သင်ရိုးညွှန်းတမ်းများအားလည်း ကောင်းကင်ပေါ်မှ ကျလာသည့် ကျမ်းဂန်များအဖြစ် မှတ်ယူလိုက်သလို ဖြစ်သွားကြသည်။ ဘာသာ‌ရေးကျမ်းဂန်များအား ကာလမည်မျှကြာကြာ ပြုပြင်ခြင်း မရှိသကဲ့သို့ပင် ခေတ်နောက်ကျနေသည့် သင်ရိုးများအားလည်း ကျမ်းဂန်များနှင့် တဂိုဏ်းတည်း ထားထားသည့်အတွက် မပြင်ဆင်နိုင်ကြခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် တက္ကသိုလ် institutionမှ ဦးဆောင်ကျင်းပသည့် ဆရာကန်တော့ပွဲ အစဉ်အလာသည် အဆိပ်အတောက် မဟုတ်လျှင်တောင်မှ ခေတ်သစ်တက္ကသိုလ်၏ ideal အမြစ်မတွယ်အောင် တားဆီးနေသည့် အဟန့်အတားကြီး တခုဖြစ်သည်ကို ဝန်ခံရမည်ဖြစ်သည်။ တက္ကသိုလ်တွင်း ဆရာနှင့်တပည့်ကြား ဆက်ဆံရေးကို မြင့်မြတ်သူနှင့် နိမ့်ကျသူကြား ဆက်ဆံရေးအစား အပြန်အလှန်လေးစားသည့် ဆက်ဆံရေးမျိုးဖြစ်အောင် ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။ သို့မှသာလျှင် စာသင်ခန်းအတွင်းတွင် ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာပေလိမ့်မည်။

(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)

You may also like these stories:

ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း

တက္ကသိုလ်ဟူသည်

အမှတ်ရနေမည့် ကွယ်လွန်သူ သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်

သမိုင်းလှခဲ့သည့် YMBA အသင်းကြီး၏ လားရာ ဘယ်လဲ ဘာလဲ

Loading