မြန်မာမှ စင်ပြိုင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို လွန်ခဲ့သော အပတ် စနေနေ့တွင် ကျင်းပသည့် Global Town Hall 2022 သို့ ဖိတ်ကြားခဲ့သည်။
ပါဝင် ဆွေးနွေးရန် စိတ်အားထက်သန်သောကြောင့် အဖွင့်မိန့်ခွန်းကို ကြိုတင်ရိုက်ကူး မှတ်တမ်းတင်ပြီး ထိုဆွေးနွေးပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “သဘောထားကွဲနေသော ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် တိုးတက်မှု ထိန်းသိမ်းခြင်း” (Sustaining Peace and Development in a Divided World)သည် မြန်မာနိုင်ငံအခြေအနေနှင့် အကိုက်ညီဆုံးဖြစ်ကြောင်း သူ ရှင်းပြသည်။
ထိုသို့အကိုက်ညီဆုံး ဖြစ်ရခြင်းကို ရှင်းပြရာတွင် ဒေါ်ဇင်မာအောင်က“စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာ မြန်မာနိုင်ငံက မတူညီတဲ့ လူမျိုးစု၊ ဘာသာရေး အုပ်စုတွေ အများအပြားအတွက် ဘုံဦးတည်ချက်ကို ကျမတို့ ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတာကို ဒီဆွေးနွေးပွဲက အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်”ဟု ပြောသည်။
သို့သော် ဒေါ်ဇင်မာအောင်နှင့် သူ၏ ဒုတိယ ဝန်ကြီးကို ထည့်သွင်းထားခြင်းသည် မြန်မာ ပဋိပက္ခတွင် ဘက်လိုက်ရာ ရောက်သည်ဟု ကုလသမဂ္ဂက ထိုဆွေးနွေးပွဲ ပူးတွဲ စီစဉ်သူတဦးကို ပြောသည့်အတွက် နောက်ဆုံးအချိန်ရောက်မှ စီစဉ်သူများက အစီအစဉ်မှ သူ့ကို ဖယ်ရှားလိုက်သောကြောင့် သူ၏ မိန့်ခွန်းကို စီစဉ်ထားသည့်အတိုင်း မထုတ်လွှင့် ဖြစ်တော့ပေ။
ကုလသမဂ္ဂသည် ထိုဆွေးနွေးပွဲတွင် မည်သူ ပါဝင်သည်ကို ဆုံးဖြတ်ခြင်းတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူတဦးက ဧရာဝတီသို့ အီးမေးလ်ဖြင့် အကြောင်းပြန်ပြီး ထိုကိစ္စသည်“ဆွေးနွေးပွဲ စီစဉ်သူများ၏ ကိစ္စသာ ဖြစ်သည်”ဟု ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲကို နိုင်ငံခြားရေးမူဝါဒ ပြဿနာများကို ဆွေးနွေးရန် အင်ဒိုနီးရှားရှိ နိုင်ငံခြားရေး မူဝါဒ အသိုက်အဝန်း (FPCI) က နိုင်ငံတကာရေးရာ လှုပ်ရှားမှုအဖွဲ့တဖွဲ့ ဖြစ်သော Global Citizen နှင့် ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
စနေနေ့က ဖြစ်ရပ်အတွက် FPCI က NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို နောက်ပိုင်းတွင် တောင်းပန်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဖိတ်ကြားခြင်းသည် ဘက်လိုက်ရာရောက်မည်ကို ကုလသမဂ္ဂက စိုးရိမ်ကြောင်း ကုလသမဂ္ဂအဆင့်မြင့်အရာရှိတဦးက Global Citizen ကို ပြောသောကြောင့် NUG ကိုယ်စားလှယ်များကို ဖယ်ထုတ်ရန် ပွဲစီစဉ်သူတဦးက FPCI ကို ဖိအားပေးခဲ့ကြောင်း ပြောသည်။
ဒေါ်ဇင်မာအောင် ပြောမည့် မိန့်ခွန်းကို လေ့လာခွင့် လွဲချော်ခဲ့သူ အားလုံးအတွက် သူ၏ မိန့်ခွန်း အပြည်အစုံကို ဧရာဝတီက ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။
ဂုဏ်သရေရှိ လူကြီးမင်းများရှင့်
ပထဆုံးအနေနဲ့ Global Town Hall 2022 မှာ စကားပြောခွင့်ပေးတဲ့အတွက် အင်ဒိုနီးရှား နိုင်ငံခြားရေး မူဝါဒ အသိုက်အဝန်း (FPCI) နဲ့ Global Citizen ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အခုနှစ် ဆောင်ပုဒ်ဖြစ်တဲ့ “သဘောထားကွဲနေသော ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့်တိုးတက်မှု ထိန်းသိမ်းခြင်း” ၊ “Sustaining Peace and Development in a Divided World” ဟာ မြန်မာနိုင်ငံ အခြေအနေနဲ့ အခုထက် ပိုမိုပြီး ကိုက်ညီစရာ အကြောင်း မရှိတော့ပါဘူး။
ကျမတို့နိုင်ငံရဲ့ အခြေခံကွဲလွဲချက်က ဒီမိုကရေစီနဲ့ အကြမ်းဖက်မှုအကြား၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လက်နက် အာဏာနဲ့ အုပ်ချုပ်လိုမှုကြားက ကွဲလွဲချက် ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ရေးရာမှာ ပိုမိုသဘောထားကွဲလွဲ အားပြိုင်လာတဲ့ အခြေအနေကြောင့် မြန်မာလို သေးငယ်တဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ တိုးတက်မှုနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာ အားထုတ်မှုတွေ အစိတ်စိတ် အမွှာမွှာ ကြေမွသွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပိုမိုမြင့်မားစေပါတယ်။
တကယ်တော့ ကျမတို့ရဲ့ ဒီမိုကရေစီရေး တိုက်ပွဲဟာ ၁၉၉၀ ခုနှစ်များအထိ မဟာအင်အားကြီးနိုင်ငံများရဲ့ စစ်အေးတိုက်ပွဲ အားပြိုင်မှု အကြားမှာ သေလုမျေားပါး နာဖျားမကျန်း ဖြစ်ခဲ့ပါတယ်။ အခုတကြိမ်မှာလည်း အရပ်သားခေါင်းဆောင်တွေက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ကြဉ်းပေးဖို့အတွက် ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီကို အကောင်အထည်ဖေါ်ဖို့ အပြင်းအထန် ကြိုးစားပေမယ့် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီက ဖြုတ်ချခဲ့ပါတယ်။
မလိုလားအပ်သလို တရားလည်းမဝင်တဲ့ စစ်အာဏာသိမ်းမှု လုပ်ရပ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ ဆရာဆရာမတွေကို ခေါင်းဖြတ်သတ်ခြင်း သာမက တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်ခြင်းနဲ့ သူတို့ရဲ့ဆန္ဒကို အကောင်အထည်ဖေါ်ခြင်းဟာ ကျမတို့ နိုင်ငံမှာ နေ့စဉ် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အတွေ့အကြုံတွေ ပေါ်ပေါက်စေပါတယ်။
ဒါပေမယ့် ကျမတို့ဟာ ညီညွတ်မှုအသစ်ကို ဖန်တီးပြီးတော့ အဲဒီ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနေပါတယ်။ စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာ မြန်မာနိုင်ငံက မတူညီတဲ့ လူမျိုးစု၊ ဘာသာရေး အုပ်စုတွေ အများအပြားအတွက် ဘုံဦးတည်ချက်ကို ကျမတို့ ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာကို ဒီဆွေးနွေးပွဲက အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။
တကယ်တော့ ကျမတို့ကို ညီညွတ်စေတဲ့အရာဟာ ကျမတို့ကို သွေးခွဲခဲ့တဲ့ သမိုင်းတွေထက် ပိုမိုအရေးကြီးတယ်ဆိုတာကို ကျမတို့ တွေ့ရှိခဲ့ပါတယ်။
ဒါဟာ မြန်မာစစ်အုပ်စု ဖြစ်စေချင်တာရဲ့ ဆန့်ကျင်ဘက် အတိအကျ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ သွေးခွဲ အုပ်ချုပ်ရေး ပုံစံမျိုစုံကို အမြဲတမ်း ကျင့်သုံးပြီး သူတို့ရဲ့ အနေအထားကို နိုင်ငံရေးအရ စီးပွားရေးအရ ခိုင်မာအောင်လို့၊ နိုင်ငံတွင်းမှာ အချင်းချင်းစစ်ဖြစ်နေအောင်လို့ လူမျိုးစု အုပ်စုတစု သို့မဟုတ် ပါတီတခုထက် အခြားအုပ်စု အခြားပါတီကို ပိုမို ထိတွေ့ဆက်ဆံပြီး ဘယ်သူ့ အကျိုးအတွက်မှ မဟုတ်ဘဲ သူတို့ အကျိုးအတွက်သာ အုပ်ချုပ်ဖို့ လုပ်ဆောင်တယ်။
ဒါကြောင့် ကျမတို့ဟာ နိုင်ငံရေး အမျိုးအစားသစ် ပေါ်ပေါက်စေရေးအတွက် အချိန်တွေ အားထုတ်မှုတွေ အများကြီး ပေးဆပ်ရပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်မှု၊ ကျမတို့ကို သွေးကွဲစေတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ ရိုးသားမှုနဲ့ အနာဂတ်မှာ အားလုံးအတွက် နေရာတခုရှိတဲ့ နိုင်ငံတခုအဖြစ် မြန်မာကို ပြောင်းလဲသွားစေမယ့် အုပ်ချုပ်ရေး ပုံစံသစ်တွေ ရှာဖွေခြင်းတို့နဲ့ သင်္ကေတပြုပါတယ်။
ကျမတို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာ အချုပ်အခြာ အာဏာကို ပြည်သူတွေပိုင်တဲ့၊ မည်သည့်လူမျိုးသာဘာဖြစ်စေ မြန်မာက ပြည်သူအားလုံး တူညီသော အခြေခံအခွင့်အရေးတွေကို ခံစားနိုင်ပြီး အများကောင်းကျိုးအတွက် တူညီသော တာဝန်ကို ထမ်းဆောင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီအတွက် ရည်မှန်းချက် တခုကို ဖေါ်ပြထားပါတယ်။
စစ်အုပ်စုကသာ ကျမတို့ရဲ့ ဒီမိုကရေတစ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးစွာ ခိုးယူခဲ့ခြင်း မရှိရင် ကျမတို့ဟာ မြန်မာနိုင်ငံအတွက် ဒီလိုရည်မှန်းချက်သစ်မျိုးကို ဖန်တီးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ စီးပွားရေး လုံခြုံမှုကို သူတို့ကိုယ်ကျိုးအတွက် ရုတ်သိမ်းဖို့ ကျမတို့ကို ချေမှုန်းဖို့ ကြိုးစားနေတယ်။
သူတို့ဟာ ကျမတို့ရဲ့လွတ်လပ်မှုကို ချေမှုန်းဖို့ ရုရှားလက်နက်တွေကို အသုံးပြုနေတယ်။ ဒါပေမယ့် ဒီပြင်းထန်တဲ့ တိုက်ပွဲမှာ ညီညွတ်မှုသစ်ကို ကျမတို့ ရှာဖွေတွေ့ရှိထားလို့ သူတို့ ကျဆုံးနေတယ်။
နောက်ပြီးတော့ ကျမတို့အောင်ပွဲခံရမယ်။ ဒီအချက်ကို ဧည့်သည်တော်များကို ရှင်းလင်းစွာ ပြောကြားလိုပါတယ်။ စစ်အာဏာသိမ်းမှုကို ပယ်ချတဲ့ ပြည်သူများရဲ့ မဟာမိတ်များနဲ့ ဖွဲစည်းထားတဲ့ မြန်မာအမျိုးသား ညီညွတ်ရေးအစိုးရဟာ မြန်မာပြည်သူများအတွက် လွတ်လပ်မှုကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဖို့အတွက် ကျမတို့ဟာ ကျမတို့ရဲ့ အိမ်တွေနဲ့ ကျမတို့ မိတ်ဆွေတွေကို ကာကွယ်နိုင်အောင် လုပ်ဆောင်ပါမယ်။ အခုတောင်မှ စစ်အုပ်စုဟာ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းပြည့်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။
စစ်တပ်က လက်နက်ဝယ်ဖို့ သုံးနေတဲ့ နိုင်ငံခြားငွေ စီးဆင်းမှု ပိုပိတ်ပင်ဖို့ ကျမတို့ ကြိုးစားလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ မြန်မာပြည်သူတွေကို အလေးထားသူတွေနဲ့ နိုင်ငံတကာ မဟာမိတ်တွေကို ကျမတို့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ကျမတို့ဟာ ကျမတို့ဘဝတွေနဲ့ ကျမတို့ နိုင်ငံအတွက် ဒီတိုက်ပွဲမှာ စုစည်းမိလာတဲ့ တိုင်းရင်းသားတွေနဲ့ အခြားသူများနဲ့ အကျိုးစီးပွား တူညီမှု ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကျမတို့ ငြိမ်းချမ်းရေး ရရမယ်။ ဒါပေမယ့် အရင်အတိတ်က အခြေအနေကို ပြန်မသွားနိုင်ဘူး။ စစ်တပ်က လိမ်ညာတဲ့ အကြောင်းပြချက်တွေနဲ့ ရွေးကောက်ပွဲကို သူကြိုက်တဲ့အချိန် ကြိုက်သလို ဖျက်သိမ်းနိုင်တဲ့ စနစ်ကို ပြန်မသွားဘူး။ ဒါဟာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ကျမတို့ နိုင်ငံ၊ လူမျိုးစုဒေသတွေမှာ စစ်အုပ်စုက တလျှောက်လုံး အမျိုးသားရေးဝါဒအတုနဲ့ သတ်ဖြတ် အဓမ္မပြုကျင့်တာကို ခွင့်မပြုနိုင်ဘူး။ အဲဒါ ငြိမ်းချမ်းရေး မဟုတ်ဘူး။
ဒါကြောင့် အဲဒီလို ကျမတို့ နိုင်ငံမှာ သွေးကွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ ခိုးယူခံရမှုတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ စစ်တပ်တတပ်ကို ဖယ်ရှားဖို့ ကျမတို့ရှေ့မှာ တိုက်ပွဲရှည်ကြီးရှိနေပေမယ့် ကျမတို့မှာ မျှော်လင့်ချက် အပြည့်အ၀ ရှိတယ်။ မြန်မာ ပြည်သူတွေက ချေမှုန်းခံမှာ မဟုတ်ဘူး။
ကျမတို့ တိုက်ပွဲမှာ ကျမတို့ဟာ ညီညွတ်မှုသစ်ကို တွေ့ရှိထားပါတယ်။ အဲဒီညီညွတ်မှုဟာ အကြောက်တရားနဲ့ လက်နက် အပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ဘဲ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နိုင်ငံသစ် တည် ဆောက်ဖို့ နိုင်ငံတွင်းက လူမျိုးစုအားလုံးရဲ့ စွမ်းရည်ကို ခိုင်မာတဲ့ ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။
လူကြီးမင်းများရှင့်
ကျမတို့ရဲ့တိုက်ပွဲနဲ့အောင်ပွဲဟာ ဒေသတွင်းနဲ့ ကမ္ဘာက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို အားပေးမြှင့်တင်ပြီး သဘောထားကွဲလွဲနေတဲ့ ကမ္ဘာအတွက် ပေါင်းကူးတံတားတခု အမှန်တကယ် ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်မို့ ဒီမိုကရေစီ အုပ်ချုပ်ရေး တည်ဆောက် ပြန်လည်ထိန်းသိမ်းဖို့နဲ့ တည်ငြိမ် ငြိမ်းချမ်း တိုးတက်သော ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ကျမတို့ရဲ့ စုပေါင်းရည်မှန်းချက် အောင်မြင်စေဖို့ ဒီရက်စက်ကြမ်းကြုတ်မှု ပြာပုံများမှာ ရုန်းထရာမှာ ပူးပေါင်းပါဝင်ကြပါလို့ ပြောကြားလိုပါတယ်။
You may also like these stories :
အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး
“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး” လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း