မြန်မာပြည်လူထုသည် တရုတ်နှင့် ပတ်သက်လျင် စိတ်ဝင်တစားရှိကြ၏။ တရုတ်နှင့်ပတ်သက်လျင် ပို၍ အာရုံစိုက်ကြ၏။
ထို့အတူ တရုတ်အရေး၊ တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူ မြန်မာပြည်သားများလည်း မနည်းလှပေ။ သို့သော် အိန္ဒိယ နှင့် ပတ်သက်၍ မြန်မာပြည်သားတို့ သိပ်အလေးထားလေ့ မရှိကြသကဲ့သို့ အိန္ဒိယအရေး လေ့လာသူ၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေး လေ့လာသူများလည်း ရှားပါးလှသည်။
ဤအချက်သည် ယခင် အိန္ဒိယအစိုးရ ကိုယ်တိုင်က မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားမှု နည်းပါးပြီး ပတ်သက်မှု နည်းပါးသည့် အကြောင်းအချက်ကြောင့်လည်း ဖြစ်သည်။
သို့သော် ယခုဆယ်စုနှစ်များတွင် အိန္ဒိယအစိုးရ၏ သဘောထားပြောင်းလဲသွားပြီ ဖြစ်သည်။ အိန္ဒိယအစိုးရသည် အရှေ့ မျှော်ဝါဒကို ကျင့်သုံးလာပြီ ဖြစ်သကဲ့သို့ သူနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော မြန်မာပြည်နှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ၊ စီးပွါးရေးအရ စိတ်ဝင်တစား ပတ်သက်လာနေသည်ကို တွေ့ရသည်။
နိုင်ငံရေးအရ ဆိုလျင် အိန္ဒိယသည် တရုတ်နှင့် ပြိုင်ဖက် ဖြစ်သည်။ နယ်နမိတ် ပြဿနာလည်း အငြင်းပွားနေသည်။ အိန္ဒိယ နယ်စပ်ရှိ နာဂသူပုန်များကို တရုတ်က ထောက်ပံ့ခဲ့ခြင်းအား မျက်လုံးဒေါက်ထောက်ကြည့်သည်။
ထိုနာဂသူပုန်များသည် မြန်မာပြည်တွင်းဖြတ်၍ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်ကို ကူးလူးနေကြသည်ဖြစ်ခဲ့ရာ အိန္ဒိယ အတွက် မြန်မာပြည်သည် အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
ထို့အတူ မြန်မာပြည်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု၊ စစ်လက်နက်ပစ္စည်း ရောင်းချမှုများနှင့်အတူ တရုတ်တို့ မြန်မာအစိုးရအပေါ် ဩဇာလွှမ်းလာသည်ကို အိန္ဒိယတို့ သဘောတွေ့ဟန်မတူပေ။
အိန္ဒိယအစိုးရသည် အရှေ့ မျှော်ဝါဒကို ကျင့်သုံးလာပြီ ဖြစ်သကဲ့သို့ သူနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော မြန်မာပြည်နှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ၊ စီးပွါးရေးအရ စိတ်ဝင်တစား ပတ်သက်လာနေသည်။
သို့ဖြစ်ရာ မြန်မာပြည်အတွင်း၌ အိန္ဒိယတို့ကလည်း တရုတ်နှင့်အပြိုင် ဩဇာထူထောင်ရန်၊ တရုတ်ဩဇာကို ယှဉ်ပြိုင်ရန် ကြိုးစားလာသည်။
စီးပွားရေးအရဆိုလျှင် အိန္ဒိယအစိုးရသည် ဂျပန်နှင့်ပေါင်း၍ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယနှင့် အာဆီယံနိုင်ငံများကြား ဆက်သွယ်သည့် လမ်းကြောင်းတခု ဖေါက်လုပ်နိုင်ရန် စီစဉ်နေသည်။
တဖက်တွင် စစ်တွေ၊ ပလက်ဝလမ်းကြောင်းမှတဆင့် အိန္ဒိယအရှေ့ပိုင်းပြည်နယ်များသို့ ကုန်သွယ်ရေးလမ်းကြောင်းတခု ဖေါက်လုပ်ရန် စီစဉ်နေသည်။ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည်။
သို့ဖြစ်ရာ အိန္ဒိယအစိုးရနှင့် တိုင်းပြည်အာဏာကို တလျှောက်လုံး ချုပ်ကိုင်ထားသော မြန်မာစစ်တပ်ကြား နီးကပ်သော ဆက်ဆံရေးများကို မြင်တွေ့ရသည်။ အဆိုပါ ဆက်ဆံရေးများတွင် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်း၊ အကူအညီ ပေးခြင်းများ ပါဝင်လာသည်ကို တွေ့မြင်လာရသည်။
မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်ကို တွေ့ရသည်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် တွေ့ဆုံမှုများသည့် သံအမတ်နှစ်ဦးကို ထင်ထင်ရှားရှားတွေ့ရသည်။ တဦးမှာ တရုတ်သံအမတ်ဖြစ်ပြီး နောက်တဦးမှာ အိန္ဒိယသံအမတ်ဖြစ်၏။
မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်ကို တွေ့ရသည်။
ထို့ပြင် စစ်ကောင်စီက ခန့်ထားသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် တွေ့ဆုံသည်မှာလည်း ထိုသံအမတ်နှစ်ဦးသာ ရှိသည်ကို တွေ့ရသည်။
တရုတ်ထက်ပို၍ သာသည်ဟု ပြော၍ရသည့်အချက်မှာ အိန္ဒိယအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်သည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တကြိမ်၊ ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တကြိမ် စစ်ကောင်စီ ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသည်ကို တွေ့ရသည်။
နိုင်ငံခြား အစိုးရများထံမှ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီအား လာရောက်တွေ့ဆုံသည့် အစိုးရ အဆင့်မြင့်အရာရှိမှာ ရုရှားပြီးလျင် အိန္ဒိယအစိုးရဟု ဆိုရပါမည်။ အိန္ဒိယအစိုးရ၏ ဤသို့ စစ်ကောင်စီအား လာရောက် တွေ့ဆုံခြင်းသည် စစ်ကောင်စီအား တရားဝင်အသိမှတ်ပြုရာ ရောက်ပေသည်။
ထို့ပြင် ဒေဝါပါလီနေ့ကလည်း အိန္ဒိယသံအမတ်သည် ရုရှားသံအမတ်နှင့်အတူ စစ်ကောင်စီ ခေါင်းဆောင်ကိုဖိတ်ကြားပြီး ပွဲတော်ဆင်နွှဲသည်ကိုတွေ့ရသည်။
သာမန် သို့မဟုတ် ပုံမှန် သံတမန်ရေး ဆက်ဆံမှုထက် ပိုကဲသည့် အိန္ဒိယအစိုးရ လုပ်ဆောင်ချက်ဖြစ်သည်။ လိုအပ်သည်ထက်ပို၍ စစ်ခေါင်းဆောင်နှင့် ပလူးပြသည့် လုပ်ဆောင်ချက်ဟု ဆိုရမည်။
တကယ်တော့ အိန္ဒိယမှ အရှေ့တောင်အာရှသို့ ဆက်သွယ်ဖောက်လုပ်လိုသည့် ကားလမ်းသည် တမူးနှင့် ကလေးကြားရှိ တောင့်တင်းသည့် PDF အင်အားနှင့် တိုက်ပွဲများကြောင့် သွားလာရန် မဖြစ်နိုင်ပေ။
မြန်မာနှင့် အိန္ဒိယကြား နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရန်ပင် အဆင်ပြေသည် မဟုတ်ပေ။ ထို့ပြင် ပလက်ဝ လမ်းကြောင်းသည်လည်း AA နှင့် စစ်ကောင်စီကြား ပဋိပက္ခများကြောင့် သွားလာရန် မဖြစ်နိုင်ချေ။
ပဲမျိုးစုံ ကုန်သွယ်မှုကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာ ရှိသည်။ ထိုသို့သော ကာလတွင် အိန္ဒိယ အစိုးရ သံတမန်များ မြန်မာစစ်ခေါင်းဆောင်များနှင့် အရောတဝင်ပြုနေခြင်း၊ မြန်မာဒီမိုကရေစီရေးကို မျက်ကွယ်ပြုထားခြင်းသည် အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ဖွယ်ရှိ၏။
အိန္ဒိယအစိုးရ ဘယ်ခြေလှမ်းလှမ်းနေသနည်းဟု မေးခွန်းထုတ်ရမည်။ ဆန်းစစ်ရမည်ဖြစ်၏။
ထို့ပြင် အိန္ဒိယသည် တရုတ်ဆန့်ကျင်ရေးသတင်းများ၊ ဆောင်းပါးများကို မပြတ်ထုတ်လွှင့်လေ့ရှိသည်။ မြန်မာပြည်တွင်လည်း တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်အရေးသုံးသပ်ချက်များ ရောထွေးနေရာ မြန်မာပြည်ရှိ တရုတ်အရေးလေ့လာသူ၊ သုံးသပ်သူများအားလည်း အိန္ဒိယမှ ချဉ်းကပ်နေသည်ကို တွေ့နေရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိန္ဒိယမှ စစ်လက်နက်ပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ ကားကြီး ၂၀ ခန့်နှင့် စစ်အင်အားသုံးပြီး သယ်ဆောင်နေသည်ကို တွေ့ရသည်။ အရင်တခါလည်း သယ်ဆောင်သည်ဟု သတင်းထွက်ခဲ့ဖူးပြီ ဖြစ်သည်။
ဒေဝါပါလီနေ့ကလည်း အိန္ဒိယသံအမတ်သည် ရုရှားသံအမတ်နှင့်အတူ စစ်ကောင်စီ ခေါင်းဆောင်ကိုဖိတ်ကြားပြီး ပွဲတော်ဆင်နွှဲသည်။ သာမန် သို့မဟုတ် ပုံမှန် သံတမန်ရေး ဆက်ဆံမှုထက် ပိုကဲသည့် အိန္ဒိယအစိုးရ လုပ်ဆောင်ချက်ဖြစ်သည်။ လိုအပ်သည်ထက်ပို၍ စစ်ခေါင်းဆောင်နှင့် ပလူးပြသည့် လုပ်ဆောင်ချက်ဟု ဆိုရမည်။
ထိုလမ်း၏ လုံခြုံရေးမှာ ကောင်းမွန်သည့် အခြေအနေမရှိပေ။ တမူးနှင့် ကလေးကြားတွင် PDF အများအပြားက ပိတ်ဆို့ထားသည်။ လက်တွေ့တွင် ယခု သယ်ဆောင်လာသည့် ကားတန်းသည်ပင် မိုင် ၈၀ ကျော်သာ ဝေးသော တမူးနှင့်ကလေးကို တပတ်ခန့်ကြာသည်အထိ မရောက်နိုင်သေးဟု သိရသည်။
တလမ်းလုံး PDF နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက အဆင့်ဆင့် ခြုံခိုတိုက်ခိုက်နေသည်ဟုသိရသည်။ မိုင်းခွဲတိုက်ခိုက်မှုများကိုလည်း ခံနေရသည်။
ထို့ပြင် ကလေးမှ မုံရွာသို့ ဆက်လက်သယ်ဆောင်ရန်အတွက်လည်း ကလေး-ဂန့်ဂေါလမ်းသည်လည်းကောင်း၊ မုံရွာ -ယာကြီးလမ်းသည်လည်းကောင်း အသုံးပြု၍ မရပေ။
အရပ်သားကားပင် သွားခွင့်မပေးဘဲ PDF တို့ စိုးမိုးထားသည်။ ကလေးမှ မုံရွာ၊ မန္တလေးသို့ အရပ်သားကားများသွားရန် PDF တို့ခွင့်ပြုထားသည့် တခုတည်းသောလမ်းမှာ မဟာမြိုင်တောအား ဖြတ်သည့်လမ်း ဖြစ်သည်။
သို့သော် စစ်ကားများဖြတ်ပါက လွယ်ကူမည်မဟုတ်ပေ။ တကယ်တမ်း အိန္ဒိယနှင့် မြန်မာပြည်သို့ လေကြောင်း သို့မဟုတ် ပင်လယ်လမ်းမှ ပို့ဆောင်ပါက လုံခြုံစိတ်ချရသော်လည်း နယ်စပ်မှ မဖြစ်မနေသယ်ဆောင်နေခြင်းသည် လမ်းကြောင်း လုံခြုံရေး စိတ်မချရသည့် တမူး၊ ကလေးဒေသအတွက် အိန္ဒိယမှ စစ်လက်နက် ပစ္စည်းများ ဝယ်ယူပို့ပေးနေခြင်းလော စဉ်းစားဖွယ်ဖြစ်သည်။
တကယ်တော့ အိန္ဒိယနယ်စပ် တမူး၊ မိုးရေးဒေသတွင်ရှိသည့် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ကသည်း၊ နာဂ၊ အာသံ အဖွဲ့များကို မြန်မာပိုင်နယ်စပ်အတွင်း နေခွင့်ပေး၍ မွေးထားသည်မှာ မြန်မာစစ်တပ်ပင် ဖြစ်သည်။
ထိုအဖွဲ့များမှ စစ်တပ်နှင့် ဆက်သွယ်သည့် ဆက်ဆံရေး တာဝန်ယူရသူများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ- အမာခံဟုသည့် သက်သေခံကဒ်ပြားပင် မြန်မာစစ်တပ်က ထုတ်ပေးထား၏။ ဤသို့သော မြန်မာစစ်တပ်နှင့် အိန္ဒိယအစိုးရ ဆက်ဆံနေသည်မှာ အိန္ဒိယနယ်စပ်ဖက်ကူးလူမှုရှိသည့် PDF တပ်ဖွဲ့ဝင်များ၊ သတင်းများနှင့် အလဲအလှယ်ပြုလုပ်လို၍လော စဉ်းစားဖွယ်ဖြစ်သည်။
အိန္ဒိယနယ်စပ်တွင် ယခင်အခါက မြန်မာအစိုးရကို တော်လှန်သူများ ယခင်အခါက ရှိခဲ့ဖူးသော်လည်း ယခုအချိန်သည် အားကောင်းမောင်းသန် အရှိဆုံးကာလဖြစ်သည်။
အိန္ဒိယနှင့် မြန်မာပြည်သို့ လေကြောင်း သို့မဟုတ် ပင်လယ်လမ်းမှ ပို့ဆောင်ပါက လုံခြုံစိတ်ချရသော်လည်း နယ်စပ်မှ မဖြစ်မနေသယ်ဆောင်နေခြင်းသည် လမ်းကြောင်း လုံခြုံရေး စိတ်မချရသည့် တမူး၊ ကလေးဒေသအတွက် အိန္ဒိယမှ စစ်လက်နက် ပစ္စည်းများ ဝယ်ယူပို့ပေးနေခြင်းလော
ပလက်ဝ၊ ချင်းပြည်နယ်မှ စစ်ကိုင်းတိုင်း တမူးဒေသအထိ အိန္ဒိယနယ်စပ်တလျောက်တွင် AA/CNF/CDF/PDF များ အားကောင်း မောင်းသန်လှုပ်ရှားနေသည်။ ထိုအဖွဲ့များသည် အိန္ဒိယစစ်တပ်၊ ထောက်လှမ်းရေး၏ မပြတ်စောင့်ကြည့်မှုနှင့် ထိတွေ့ဆက်ဆံမှုအောက်တွင်ရှိသည်။
သို့ဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့များသည် အိန္ဒိယအစိုးရ၊ စစ်တပ်နှင့် ထောက်လှမ်းရေးတို့ ပူးသတ်သည့် လုပ်ရပ်ကို အထူး သတိပြုရန်လိုသည်။
ဤသည်မှာ စိုးရိမ်စိတ်၊ သံသယမှပေါ်လာသည့် ကောက်ချက်မဟုတ်ပေ။ သမိုင်းတွင်ရှိခဲ့သည့် အိန္ဒိယတို့လုပ်ရပ်မှ သင်္ခန်းစာ ယူရန်ဖြစ်၏။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရခိုင်တွင် ခိုင်ရာဇာ ခေါင်းဆောင်ပြီး AA ရက္ခိုင့်တပ်တော်ကို ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာတွင် ခိုင်ရာဇာသည် KNU ၏ အကူအညီဖြင့် တနင်္သာရီမှ ရခိုင်သို့ ပင်လယ်ကို ဖြတ်၍ ရေကြောင်းဖြင့် လက်နက်သယ်သည်။
သုံးကြိမ်တိုင်အောင်မြင်ခဲ့ပြီး စတုတ္ထအကြိမ် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ သယ်ဆောင်ရာတွင် ခိုင်ရာဇာနှင့်အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေး၏ အယုံသွင်း လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။
တနင်္သာရီကမ်းရိုးတန်းမှ ရေကြောင်း ခရီးထွက်လာသော ခိုင်ရာဇာနှင့် အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေးနှင့် ချိတ်ဆက်ထားပြီး ပင်လယ်တွင်းရှိ အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုရှိ လန်ဖောကျွန်းတွင် ခေတ္တရပ်နားရန် စီစဉ်ထားသည်။
ခိုင်ရာဇာ အဖွဲ့မှ ကိုယ်စားလှယ်တဦးအားလည်း ကြိုတင်စေလွှတ်ထားသည်။ ထိုသူသည် အိန္ဒိယ ထောက်လှမ်းရေးအရာရှိနှင့်တွေ့ဆုံပြီးနောက် ကျွန်း၌ အနားယူရန် စီစဉ်ပြီးကြောင်း သတင်းပို့သဖြင့် ခိုင်ရာဇာနှင့် အမြန်ယာဉ် ၂ စီး၊ ငါးဖမ်း စက်လှေနှစ်စီးတို့သည် လန်ဖောကျွန်းသို့ ဆိုက်ကပ်ခဲ့သည်။
အိန္ဒိယထောက်လှမ်းရေးမှ ဒု-ဗိုလ်မှူးကြီး ဂရေဝဲအဖွဲ့မှ ကြိုဆိုခဲ့ပြီးနောက် ခိုင်ရာဇာ၊ ဒု-ဗိုလ်မှူးကြီး သိန်းအောင်ကျော်၊ ဆတ်သား ကိုစောထွန်း၊ KNU မှ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးတာဝန်ခံ ဖဒိုမူဝေး အပါအဝင် ခေါင်းဆောင် ၆ ဦးအား အား အခြားနေရာသို့ ခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ပြီး ကျန်လူများကို ဖမ်းဆီးပြီး ထောင်ချခဲ့ရာ အိန္ဒိယအကျဉ်းထောင်အတွင်း နှစ်ဆယ်နှင့်ချီ၍ နေခဲ့ရသည်။
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ သယ်ဆောင်ရာတွင် ခိုင်ရာဇာနှင့်အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေး၏ အယုံသွင်း လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။
အိန္ဒိယ ထောက်လှမ်းရေးနှင့် အကြိမ်ကြိမ် ဆက်ဆံခဲ့ပြီးဖြစ်သဖြင့် ယုံကြည်မိခဲ့သည့် ခိုင်ရာဇာတို့ ဆုံးရှုံးမှုကြီးခဲ့သည်။ အသက်ပါပေးခဲ့ရသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်နက်မှောင်ခိုဂိုဏ်းတခုအား ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ရာ မော် တော်ဘုတ် ၄ စီး၊ လက်နက်အမြောက်အများနှင့် လူ ၇၃ ဦး ဖမ်းဆီးရမိပြီး ၆ ယောက်သေဆုံးကာ ပင်လယ်တွင်းသို့ အလောင်း မျောပါသွားသည်ဟု ဆိုခဲ့သည်။
သို့သော် အိန္ဒိယ လူ့အခွင့်အရေးရှေ့နေများ၏ ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရသည့် AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ် မြောက်လာသောအခါ အမှန်တရားသည် ဖုံးကွယ်၍ မရတော့ပေ။
အိန္ဒိယ စစ်တပ်နှင့် ထောက်လှမ်းရေး၏ အကောက်ကြံ ပူးသတ်မှုကြောင့် ပထမဆုံး AA တည်ထောင်သူ ခိုင်ရာဇာနှင့် ခေါင်းဆောင်များ သတ်ဖြတ်ခံရပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဖွဲ့စည်းသည့် AA လည်း ပြိုကွဲခဲ့ရသည်။
ဤသည်မှာ အိန္ဒိယအစိုးရ၊ စစ်တပ်နှင့် ထောက်လှမ်းရေးတို့၏ မြန်မာတော်လှန်ရေး အင်အားစုများအပေါ် ရက်ရက်စက်စက် ကောက်ကျစ်စွာ သတ်ဖြတ်ခဲ့သည့် ဖျောက်ဖျက်၍ မရသည့်သမိုင်းဖြစ်သည်။
သို့ဖြစ်ရာ အိန္ဒိယနယ်စပ်တလျောက်ရှိနေသော တော်လှန်ရေးအင်အားစုများသည် နယ်စပ်တလျောက် အိန္ဒိယအစိုးရ၊ စစ်တပ်၊ ထောက်လှမ်းရေးတို့နှင့် မလွှဲမရှောင်သာ ဆက်ဆံမှုရှိနိုင်မည်ဖြစ်သော်လည်း အိန္ဒိယ စစ်တပ်ထောက်လှမ်းရေးကို သတိကြီးကြီးထားရန် လိုအပ်သည်။
သတိလက်လွတ်ဖြစ်၍ မရပေ။ ခါးသီးသော သမိုင်းအတွေ့အကြုံများကို သင်္ခန်းစာယူရန်လိုသည်။ အချိန်ကြာရှည်စွာ ယုံကြည်အောင်ပေါင်းသင်းပြီး နောက်ဆုံးမှ ခေါင်ကိုကိုင်၍ အပြတ်ရှင်းသော အိန္ဒိယတို့ လုပ်ရပ်ကို အထူး သတိထားရန် လိုအပ်သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင်း တမူးဒေသမှ PDF စခန်းအများအပြား တိုက်ခိုက်ခံရခြင်းသည်ပင်လျင် အိန္ဒိယစစ်တပ်နှင့် ထောက်လှမ်းရေးက တဖက်လှည့်နှင့် သတင်းပေးခြင်း ဖြစ်နိုင်ချေကို ထည့်သွင်း စဉ်းစားသင့်ပေသည်။
ထို့ပြင် အိန္ဒိယပိုင်နက်ထဲတွင် ဖွဲ့စည်းထားပြီး အိန္ဒိယအစိုးရ ထောက်ပံ့မှုရထားသည့် ZRO/ZRA ဇိုမီး တော်လှန်ရေးအဖွဲ့/ ဇိုမီ တော်လှန်ရေး တပ်မတော်သည် ယခုအခါ ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ပူးတွဲပြီး ချင်း တော်လှန်ရေး တပ်ဖွဲ့များအား တိုက်ခိုက်နေသည်မှာလည်း သတိပြု ဆင်ခြင်စရာဖြစ်သည်။
အိန္ဒိယနယ်စပ်တလျောက်ရှိနေသော တော်လှန်ရေးအင်အားစုများသည် နယ်စပ်တလျောက် အိန္ဒိယအစိုးရ၊ စစ်တပ်၊ ထောက်လှမ်းရေးတို့နှင့် မလွှဲမရှောင်သာ ဆက်ဆံမှုရှိနိုင်မည်ဖြစ်သော်လည်း အိန္ဒိယ စစ်တပ်ထောက်လှမ်းရေးကို သတိကြီးကြီးထားရန် လိုအပ်သည်။
အိန္ဒိယအား ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု ကင်းပွန်းတပ်လေ့ရှိကြ၏။ သို့သော် ထိုအိန္ဒိယနိုင်ငံကြီးသည် မြန်မာ့ ဒီမိုကရေစီရေးကို ကျောခိုင်းထား၏။ မျက်ကွယ်ပြုထား၏။
ယခုလို ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သည့် အိန္ဒိယသည် အင်အားကြီးမားသော်လည်း ၎င်းတို့၏ အကျိုးစီးပွားကို လွန်စွာ အာရုံစိုက်နေသောကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် ပျက်ကွက်နေကြောင်း NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုဖူးသည်။
မြန်မာလူထုအား မျက်စေ့ထဲ မထည့်ဘဲ စစ်ကောင်စီနှင့်ပေါင်း၍ အိန္ဒိယ အကျိုးစီးပွါးနှင့် တရုတ်ဆန့်ကျင်ရေး၊ မြန်မာပြည်တွင်း၌ တရုတ်နှင့် အင်အားချိန်ခွင်လျှာ ညီမျှရေးကိုသာ ရှေးရှုလျက်ရှိသည်။
ထို့ပြင် မြန်မာပြည် တော်လှန်ရေးတပ်ဖွဲ့များအား အယုံသွင်း၍ သတ်ဖြတ်ခဲ့သည့် မှတ်တမ်းလည်းရှိသည်။ သို့ဖြစ်ရာ အိန္ဒိယအား စောင့်ကြည့်ဖို့လိုသည်။ အိန္ဒိယနှင့်ပတ်သက်၍ သတိရှိဖို့လိုပါသည်။
(သက်ထားမောင် နိုင်ငံတကာအရေး လေ့လာသူတဦးဖြစ်သည်)
You may also like these stories:
စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံပြီး ဆက်ဆံရေး နက်ရှိုင်းလာ
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ
စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း