ဆွေးနွေးပွဲတို့၏ ခေါင်းစီး သို့မဟုတ် ရည်ရွယ်ချက်ကမူ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည်ဟု ဆိုကြ၏။ သို့သော် မြန်မာပြည်၏ နိုင်ငံရေးလက်တွေ့တွင် ဆွေးနွေးညှိနှိုင်းခြင်း ဆိုသည်မှာ ဘက်အသီးသီးက မိမိနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် ကိုင်စွဲသည့် တိုက်ပွဲပုံသဏ္ဍာန်တခု ဖြစ်ပေသည်။ ဆွေးနွေးခြင်းသည် တိုက်ပွဲဝင်လက်နက်တခု ဖြစ်နေ၏။
ထိုအချက်သည် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပို၍ ပေါ်လွင်ထင်ရှားလာသည်။ ထို့ပြင် ဆွေးနွေးခြင်းသည် နိုင်ငံတကာအဝန်းအဝိုင်းကြားတွင် ရုပ်ပြကောင်းသော အပြုအမူတရပ်ဖြစ်ရာ မိမိနိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက်သာမက နိုင်ငံတကာတွင် ရုပ်ပြကောင်းစေရန်၊ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုရရှိရန် ဆွေးနွေးပွဲဆိုသည်ကို ကိုင်စွဲကြသည်ကို တွေ့ရ၏။
မြန်မာပြည် နိုင်ငံရေးနယ်ပယ်နှင့် ပြည်တွင်းစစ်ပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်များကို ပြည်တွင်းစစ်စပြီး မကြာခင်ကတည်းက ပြုလုပ်ခဲ့ကြသည်။ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ အစိုးရအဆက်ဆက် ပြုလုပ်ခဲ့ကြသည်။ နဝတ လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးအဖွဲ့များ ရေပန်းစားခဲ့၏။ နဝတ (ဝါ) မြန်မာစစ်တပ်သည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အပစ်အခတ် ရပ်စဲခြင်းများမှ သူ့အတွက် အကျိုးအမြတ်များစွာ ရယူနိုင်ခဲ့သည်။
မြန်မာပြည် နိုင်ငံရေးနယ်ပယ်နှင့် ပြည်တွင်းစစ်ပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်များကို ပြည်တွင်းစစ်စပြီး မကြာခင်ကတည်းက ပြုလုပ်ခဲ့ကြသည်။ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ အစိုးရအဆက်ဆက် ပြုလုပ်ခဲ့ကြသည်။ မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အပစ်အခတ် ရပ်စဲခြင်းများမှ သူ့အတွက် အကျိုးအမြတ်များစွာ ရယူနိုင်ခဲ့သည်
ပထမအချက်အနေနှင့် စစ်ရေးတိုက်ပွဲများကို လျှော့ချထားပြီး ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကို အာရုံစိုက် ကိုင်တွယ်နိုင်၏။ စစ်စရိတ်လည်း လျှော့နိုင်၏။ စစ်တပ်ကိုလည်း စိတ်ကြိုက် ပြန်လည်ဖွဲ့စည်းရန် အချိန်ရ၏။
ဒုတိယအနေနှင့် တိုင်းရင်းသားအဖွဲ့အချို့ကို အပစ်ရပ်ထားနိုင်ပါက နိုင်ငံရေးအရ စွာသော လက်နက်ကိုင် အဖွဲ့များကို ဦးတည်၍ အင်အားစုစည်းပြီး တိုက်ခိုက်နိုင်သည့် အကျိုးရှိသည်။ တတိယအနေနှင့် အပစ်ရပ်ထားသော အဖွဲ့အစည်းခေါင်းဆောင်များကို စီးပွားရေး အခွင့်အလမ်းများပေးပြီး စည်းရုံးသိမ်းသွင်းနိုင်၏။ ထို့ပြင် စစ်မတိုက်ရသည်မှာ ကြာမြင့်ပါက အဆိုပါအဖွဲ့များ အင်အားလျော့ကျမှု ဖြစ်စေနိုင်၏။
စတုတ္ထအနေနှင့် အချိန်တခုကြာမြင့်ပါက စီးပွားရေး အခွင့်အလမ်းရနေသော ခေါင်းဆောင်များနှင့် အင်အားလျော့ကျပြီး တိုက်စိတ်ခိုက်စိတ် လျော့ကျနေသော လက်နက်ကိုင်တပ်ဖွဲ့အချို့အား ဖျက်သိမ်းခြင်း၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခြင်း ပြုလုပ်နိုင်သည်။
ပဉ္မမအနေနှင့် ပြည်မနိုင်ငံရေး အကျပ်အတည်းအား အသာစီးရအောင် ဖြေရှင်းပြီးပါက တိုင်းရင်းသား အဖွဲ့အစည်းများအား စိတ်ကြိုက် ပြန်လည်ကိုင်တွယ်နိုင်သည့် အခွင့်အရေးရရှိ၏။
သို့ဖြစ်ရာ ထို့ကဲသို့သော အကျိုးအမြတ်များရရှိခဲ့သည့် မြန်မာစစ်တပ်သည် ဆွေးနွေးခြင်းနှင့် အပစ်ရပ်ခြင်းကို ၎င်း၏ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရန်အတွက် တိုက်ပွဲပုံသဏ္ဍာန်တခုအဖြစ် အသုံးပြုခဲ့သည်။ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးများ ရေပန်းစားသည့် ၂၀၁၁ ခုနှစ်မှ ယနေ့ကာလအထိလည်း မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အပစ်ရပ်ရေးကို လက်နက်သဖွယ် အသုံးပြုနေဆဲဖြစ်၏။
၂၀၂၁ ခုနှစ် စကစ က အာဏာသိမ်းပြီးနောက်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်း၊ အပစ်ရပ်ခြင်းတို့ကို အသုံးချ၍ ၎င်းတို့နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေဆဲ ဖြစ်၏။ နိုင်ငံတကာနှင့် ASEAN ၏ တိုက်တွန်းချက်ဖြစ်သည့် မြန်မာပြည်ပြဿနာအား တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ပတ်သက်သည့် တိုက်တွန်းချက်နှင့် ပတ်သက်ပြီး အချို့ တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြပြီး ၎င်းတို့အနေနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် ကြိုးပမ်းနေကြောင်း ပြသရန်ကြိုးစားနေသည်ကို တွေ့ရ၏။ ၎င်းတို့ မတွေ့ဆုံလိုသော NUG, PDF များနှင့် ပတ်သက်လျှင် အကြမ်းဖက်အဖွဲ့အဖြစ် ပုံဖော်ပြီး တွေ့ဆုံဆွေးနွေးရန် မရှိဟု ဆိုနေသည်ကို တွေ့ရသည်။
မြန်မာစစ်တပ်သည် ဆွေးနွေးခြင်းနှင့် အပစ်ရပ်ခြင်းကို ၎င်း၏ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရန်အတွက် တိုက်ပွဲပုံသဏ္ဍာန်တခုအဖြစ် အသုံးပြုခဲ့သည်။ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးများ ရေပန်းစားသည့် ၂၀၁၁ ခုနှစ်မှ ယနေ့ကာလအထိလည်း မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အပစ်ရပ်ရေးကို လက်နက်သဖွယ် အသုံးပြုနေဆဲဖြစ်၏။
ဤသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ မြန်မာစစ်တပ်သည် ၂၀၁၁ မှစသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တလျှောက်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ တသဘောတည်း ထားခဲ့သည် မဟုတ်ပေ။ ခွဲခြားဆက်ဆံခဲ့သည်ကို ရှင်းလင်းစွာမြင်နိုင်၏။ အစဉ်အလာရှိသော အဖွဲ့ဆိုလျှင် တမျိုး၊ အစဉ်အလာမရှိသော အဖွဲ့ဆိုလျှင် တမျိုး၊ အင်အားရှိသော အဖွဲ့ဆိုလျှင် တမျိုး၊ အင်အားနည်းသော အဖွဲ့ဆိုလျှင် တမျိုး၊ နိုင်ငံရေးအရ စွာသောအဖွဲ့ဆိုလျှင် တမျိုး၊ သိပ်မစွာသော အဖွဲ့ဆိုလျှင် တမျိုး သဘောထား အမျိုးမျိုးထားပြီး ဆက်ဆံသည်ကို တွေ့ရ၏။ ထို့ပြင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေ၊ အင်အားအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲဆက်ဆံသည်ကို တွေ့ရ၏။
၂၀၂၁ ခုနှစ် စကစ အာဏာသိမ်းပြီးနောက် စကစ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် အပစ်ရပ်ပြီး ပြည်မ အင်အားစုများကို အဓိကထား ချေမှုန်းနိုင်ရန် ဖြစ်သည်။ သို့သော် အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်သည့် တိုင်းရင်းသားအဖွဲ့များကြောင့် သူ၏ ရည်မှန်းချက် အောင်မြင်မှုမရှိပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက ပြည်မအင်အားစုများဘက်က ရှိကြ၏။ ဗြောင်အတိအလင်း ပူးပေါင်းသည်နှင့် နောက်ကွယ်က ပံ့ပိုးသည်သာ ကွာခြားသည်။ စကစနှင့် ပူးပေါင်းသည်က အနည်းစုဖြစ်သည်။
တပြည်လုံးအနှံ့အပြား တိုက်ပွဲများ ဖြစ်ပွားလာသောအခါ ယခင်ကာလများစွာက တွေ့ဆုံဆွေးနွေးရန်၊ NCA လက်မှတ်ရေးထိုးရေးတွင် ပါဝင်ခွင့်ပြုရန် မြန်မာစစ်တပ်က အကြိမ်ကြိမ် ငြင်းပယ်ခဲ့သော၊ လက်နက်စွန့်ရမည်ဟု တင်းတင်းမာမာ ပြောဆိုခဲ့သော၊ ဘိန်းဓားပြများ၊ အကြမ်းဖက်အဖွဲ့များဟု သတ်မှတ်ခဲ့သည့် AA, MNDAA, TNLA တို့ကိုပင် အချိုသပ်၍ ဆွေးနွေးရန် ကြိုးပမ်းလုပ်ဆောင်နေ၏။ NLD အစိုးရလက်ထက်တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန် ဖိအားပေးခဲ့သော မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပေးခဲ့၏။
AA ၏ နိုင်ငံရေးရည်ရွယ်ချက်သည် ကြီးမားပြီး ၎င်းတို့ လုံးဝလက်မခံနိုင်သည့် အခြေအနေတွင် ရှိနေသည့်အပြင် ၂၀၂၂ ခုနှစ်အတွင်း AA က စစ်ရေးအရ၊ နယ်မြေစိုးမိုးမှုအရအသာ ဖြစ်နေသည့်တိုင် AA နှင့် ယာယီဖြစ်စေ အပစ်ရပ်နိုင်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။ ဘိန်းဓားပြခေါင်းဆောင်ဟု မြန်မာစစ်တပ်က ပုတ်ခတ်ခဲ့သော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်သည့်အခါ မျက်နှာပြောင်တိုက်၍ လွမ်းသူပန်းခွေ ပေးပို့သည့်အပြင် တြိဂံတိုင်း တိုင်းမှူးနှင့် နေပြည်တော် စရဖမှ အရာရှိကြီးများ စေလွှတ်ပြီး အသုဘအခမ်းအနား တက်စေခဲ့သည်။ အလားတူ ဖြတ်လေးဖြတ်ဖြင့် ပိတ်ဆို့ချေမှုန်းလျှင် အလွယ်လေးဟု သဘောထားခဲ့သော TNLA ကိုလည်း ဆွေးနွေးရန် ကြိုးစားနေသည်ကို တွေ့နေရ၏။
စကစ သည် ၎င်းလက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေး အကျပ်တည်းကို ရင်ဆိုင်နိုင်ရန် တွေ့ဆုံဆွေးနွေးရေးကို နည်းပရိယာယ်တခု၊ တိုက်ပွဲပုံသဏ္ဍာန်တခုအဖြစ် ကောင်းစွာ အသုံးချနေသည်ဟု ဆိုရမည်။ လက်ရှိအချိန် ၎င်းတို့ဘက်ကချည်း ဆွေးနွေးနေလိုသည့် သဘောမျိုး မဖြစ်စေရန်လည်း သတိထားနေသည်ကို တွေ့ရ၏။
စကစ သည် ၎င်းလက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေး အကျပ်တည်းကို ရင်ဆိုင်နိုင်ရန် တွေ့ဆုံဆွေးနွေးရေးကို နည်းပရိယာယ်တခု၊ တိုက်ပွဲပုံသဏ္ဍာန်တခုအဖြစ် ကောင်းစွာ အသုံးချနေသည်ဟု ဆိုရမည်။ လက်ရှိအချိန် ၎င်းတို့ဘက်ကချည်း ဆွေးနွေးနေလိုသည့် သဘောမျိုး မဖြစ်စေရန်လည်း သတိထားနေသည်ကို တွေ့ရ၏။ တိုင်းရင်းသားအဖွဲ့များဘက်က စတင်၍ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး စတင်အဆိုပြုစေရန် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ကြားခံ ဆွေးနွေးပွဲ ပွဲစားကတဆင့်ဖြစ်စေ ဆောင်ရွက်နေသည်ကိုလည်း ကြားသိနေရ၏။
သို့သော် စကစသည် နိုင်ငံရေးအရ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်ရေးကို လက်မခံပေ။ တပြည်ထောင်စနစ်ကို အခြေပြုထားသည့် ၂၀၀၈ အခြေခံဥပဒေ မူဘောင်ကို အသေကိုင်စွဲထား၏။ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တပ်ဖျက်ပြီး လက်နက်အပ်ရေးကို မူအဖြစ် ကိုင်စွဲထားသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များ ဖျက်ရန်၊ အချို့အား ၎င်းတို့စစ်တပ်ထဲဝင်ရန်၊ ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖြစ်ဖွဲ့ရန်သာ ပြတ်သားစွာ ပြောဆိုထား၏။
သို့ဖြစ်ရာ လက်ရှိ ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ထားသည့် ဆွေးနွေးပွဲများ၊ သဘောတူမှုများ၊ အပစ်အခတ်ရပ်စဲရေးများသည် မြန်မာပြည် ပြဿနာဖြေရှင်းရေး၊ မြန်မာပြည် ငြိမ်းချမ်းရေးကို ဦးတည်ခြင်း မရှိပေ။ စကစ အနေနှင့် ၎င်း၏ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အသုံးပြုနေသည့် တိုက်ပွဲပုံသဏ္ဍာန် တခုအဖြစ် သဘောထားသည်ကို ရှင်းလင်းစွာမြင်တွေ့ရ၏။
တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံကလည်း နိုင်ငံရေးရည်ရွယ်ချက် ပေါင်းစုံနှင့် ဆွေးနွေးပွဲဆိုသည်များကို အသုံးချသည်။ အင်အားနည်းသည့် အဖွဲ့ငယ်များကလည်း မိမိအဖွဲ့ ရပ်တည်ရေးအတွက် ဆွေးနွေးပွဲကို အသုံးချသည်။ အချို့အဖွဲ့များကလည်း ယခုအကျပ်အတည်းတွင် စစ်တပ်က မည်၍မည်မျှ အလျှော့ပေးနိုင်မည်ကို ရည်မှန်း၍ ဆွေးနွေးပွဲကို အသုံးချ၏။ အချို့အဖွဲ့များကလည်း မိမိအကျပ်အတည်းကို ကျော်လွှားရန် ဆွေးနွေးပွဲနှင့် အပစ်ရပ်ရေးကို အသုံးချသည်။ အချို့အဖွဲ့အစည်းများကမူ လက်ရှိ မြန်မာပြည်နိုင်ငံရေး ပဋိပက္ခတွင် မိမိတို့ကိုယ်တိုင်ဝင်ပါရန် အချိန်မတန်သေးဟု ယူဆပြီး ဆွေးနွေးပွဲကို အသုံးချသည်။
NUG ကလည်း လုံးဝ မတွေ့ဆုံ မဆွေးနွေးဟုဆိုပါက NUG အနေနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ထိခိုက်ပေလိမ့်မည်။ NUG ကြေညာသည့် တွေ့ဆုံဆွေးနွေးရေး ဆိုသည်ကလည်း မူဝါဒပေါ် အခြေခံထားသည်။
NUG သမ္မတ ကိုယ်တိုင်ကလည်း ဆွေးနွေးရန် အသင့်ရှိကြောင်း ဖော်ပြရ၏။ အချို့ ပြင်းထန်သော အယူအဆရှိသူများက ဝေဖန်တိုက်ခိုက်သည်ကို တွေ့ရ၏။ လုံးဝမစေ့စပ်ရေး အယူအဆကို တင်ကြသည်။ သို့သော် ASEAN နှင့် နိုင်ငံတကာက တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းနေ၏။ ၎င်းတို့အဆိုကို လက်မခံသော စကစအား ပြစ်တင်ဖိအားပေးနေ၏။ ထိုသို့သောကာလတွင် NUG ကလည်း လုံးဝ မတွေ့ဆုံ မဆွေးနွေးဟုဆိုပါက NUG အနေနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ထိခိုက်ပေလိမ့်မည်။ NUG ကြေညာသည့် တွေ့ဆုံဆွေးနွေးရေး ဆိုသည်ကလည်း မူဝါဒပေါ် အခြေခံထားသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်သည့် NUG သမ္မတ ပြောသည့် မူဝါဒမှာ ပထမအချက် စစ်ကောင်စီအနေနှင့် ပြည်သူလူထုကို သတ်ဖြတ်နေခြင်းအား ချက်ချင်းရပ်စဲရန်၊ ဒုတိယအနေနှင့် စစ်တပ်အနေနှင့် နိုင်ငံရေးက လုံးဝထွက်ပေးရန်၊ တတိယအချက်အနေနှင့် နိုင်ငံတကာကကူညီသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အနှောင့်အယှက်မရှိ လက်ခံရန်၊ စတုတ္ထအချက်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းရန် ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုများအား နိုင်ငံတကာရှေ့မှောက်တွင် အာမခံချက်ထားမှ ဆွေးနွေးမည်ဟုဆိုထားသည်ကို တွေ့ရ၏။ စကစ က ဆွေးနွေးမည် မဟုတ်သော်လည်း နိုင်ငံတကာတွင် မိမိမူဝါဒကို ချပြခြင်းဖြစ်သည်။
လက်ရှိ မြန်မာပြည်အခြေအနေအရ တွေ့ဆုံဆွေးနွေးရေးသည် နိုင်ငံရေး ရည်မှန်းအောင်မြင်ရန် အသုံးပြုသည့် တိုက်ပွဲသဏ္ဍာန်တခုဖြစ်ရာ တော်လှန်ရေး အဖွဲ့အစည်းများအနေနှင့် အချိန်အခါသင့်လျှင် အသုံးချတတ်ရန်၊ ချနိုင်ရန်လို၏။ တကယ်တွင် ထိုပုံသဏ္ဍာန်အား မိမိသုံးချင်သည့် အချိန်တိုင်းသုံး၍ ရနိုင်သည် မဟုတ်ပေ။ အခြေအနေအချိန်အခါသင့်မှ သုံးစွဲ၍ရပြီး ထိုအခိုက်အတန့်တွင် မိမိနိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုရန် လိုအပ်သည်။ သို့သော် မူအရ ဆွေးနွေးပွဲလမ်းကြောင်းမှ မြန်မာပြည်ပြဿနာကို မဖြေရှင်းနိုင်ခြင်းအား စွဲကိုင်ထားပြီး မိမိအတွက်အကျိုးရှိသည့် အခြေအနေ အချက်အလက် ရရှိရေးအတွက် ဆွေးနွေးပွဲဆိုသည့် တိုက်ပွဲသဏ္ဍာန်ကို အသုံးချရန်လို၏။
လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်သည့်လမ်းကြောင်း မဟုတ်တော့ပေ။ မိမိ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ရန် အသုံးချသည့် ပုံသဏ္ဍာန်တခု ဖြစ်နေပြီဖြစ်၏။
ဤသို့သော အခြေအနေဖြစ်လာသည်မှာ စကစ က ဆွေးနွေးပွဲများ၊ အပစ်အခတ် ရပ်စဲရေးများအား ၎င်းတို့ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်သော တိုက်ပွဲပုံသဏ္ဍာန်အဖြစ် အသုံးချလာသည့် အောက်တွင် ဖြစ်ပေါ်လာသည့် အခြေအနေလည်းဖြစ်၏။ အသုံးချသည့် အဖွဲ့အစည်းများအနေနှင့် မူဝါဒခိုင်မာဖို့လိုသည်။ မိမိအတွက်အကျိုးရှိသည့် အခြေအနေ အချက်အလက်ကို ဖန်တီးနိုင်ရမည်။ AA အဖွဲ့က ယခုအကြိမ် အပစ်ရပ်မှု ပြုလုပ်သော်လည်း နိုင်ငံရေးအရ မူဝါဒမပြောင်းလဲ၊ သဘောတူညီချက်များ ပျက်ပြားပါက အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ဆိုထားသည်။ ထို့ကြောင့်လည်း RFA သတင်းဌာနနှင့် အင်တာဗျူးတွင် KIA ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်က AA ကို သူတို့အနေနှင့် ယုံကြည်သည်ဟု ဆိုခဲ့ခြင်း ဖြစ်ပုံရ၏။
သို့ဖြစ်ရာ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်သည့်လမ်းကြောင်း မဟုတ်တော့ပေ။ မိမိ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ရန် အသုံးချသည့် ပုံသဏ္ဍာန်တခု ဖြစ်နေပြီဖြစ်၏။ စကစ က ဆွေးနွေးပွဲနှင့် အပစ်ရပ်ရေးကို ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်အတွက် အသုံးချခံ ပုံသဏ္ဍာန်တခုအဖြစ် သဘောထားနေချိန်တွင် တော်လှန်ရေး အင်အားစုများအနေနှင့် ထိုအသုံးချခံဖြစ်နေသည်ကို ကောင်းစွာ သဘောပေါက်ရန် လိုအပ်သကဲ့သို့ ပါးနပ်စွာ တုံ့ပြန်ရန်လည်း လိုအပ်သည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
နိုင်ငံရေး ဇာတ်ပျက်များ သတိထား
RCSS ၏ အကျပ်အတည်းဖြေရှင်းရေး အဆိုပြုချက် NUCC နှင့်တွေ့ဆုံရေးမပါ
အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ