ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီက သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အခကြေးငွေရယူပြီး အင်တာနက်မှာ လိင်အသားပေးပုံတွေ ဖြန့်ချိတယ်ဆိုကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ သင်ဇာဝင့်ကျော် အဖမ်းခံရတာဟာ အထက်ပါ အမှုထက် စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေချိန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ် ဝမ်ဟိုင်းကို သွားရောက်ခဲ့တာကြောင့် ဖမ်းဆီးတာလို့ ပြောဆိုမှုများလည်း ရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ တရားစွဲဆိုချက်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်ကြောင့် ဆိုပြီး ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက မော်ဒယ် နန်းမွေစံကိုလည်း အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်က စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တာ မရှိတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်တွေကို ဘာကြောင့် ပစ်မှတ်ထားပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ရတာပါလဲ။ ဒါဟာ စစ်ကောင်စီရဲ့ တရားဝင်မှု တည်ဆောက်ရေးဝါဒနဲ့ အများကြီး သက်ဆိုင်နိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့က အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပြီး အနိုင်ရဖို့ အရေးတကြီး လိုအပ်နေသလို ဒါဟာ စစ်ကောင်စီအတွက် နိုင်ငံရေး အကျပ်အတည်းလည်း ဖြစ်လာပါတယ်။ ဒါပေမယ့် စစ်ကောင်စီက တရားဝင်မှု တည်ဆောက်ရာမှာ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ရေး သြဇာတိက္ကမကြီးမားတဲ့ ခေါင်းဆောင်မျိုး ရှိမနေသလို ဒီမိုကရေစီ အစိုးရတွေလို ရွေးကောက်ပွဲက ပေးတဲ့ တရားဝင်မှုလည်း ရှိမနေပါဘူး။ ဒါ့အပြင် ကွန်မြူနစ် အာဏာရှင်နိုင်ငံတွေ ဒါမှမဟုတ် ဦးနေဝင်းရဲ့ မဆလအစိုးရလို ဝါဒရေးရာ လက်ကိုင်ထားမှုလည်း မရှိပါဘူး။
စစ်ကောင်စီအနေနဲ့က အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပြီး အနိုင်ရဖို့ အရေးတကြီး လိုအပ်နေသလို ဒါဟာ စစ်ကောင်စီအတွက် နိုင်ငံရေး အကျပ်အတည်းလည်း ဖြစ်လာပါတယ်။
ဒီအတွက် စစ်ကောင်စီဟာ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းကတည်းက ကြိုးစားတည်ဆောက်လာခဲ့တဲ့ ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်ဖို့အတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ အစဉ်တစိုက် နိုင်ငံကို အုပ်ထိန်း (guardian) နေတဲ့ ခေတ်မီ (standard) မျိုးချစ်တပ်မတော်ဆိုတဲ့ အယူအဆကို မြန်မာပြည်သူများအကြား သွတ်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံကတော့ စစ်ကောင်စီရဲ့ တရားဝင်မှု တည်ဆောက်ရေး လမ်းကြောင်းမှာ မြေစာပင် ဖြစ်ခဲ့ရသူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ နောက်ပါ မဟာမိတ် နိုင်ငံရေးပါတီတွေက အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်သူအဖြစ် ကိုယ့်ကိုကို အမွှန်းတင်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို တည်ဆောက်ပါတယ်။ ဥပမာ ဆိုရရင် ပြည်ခိုင်ဖြိုးပါတီရဲ့ မိတ္ထီလာမြို့နယ်အမတ် ဒေါက်တာ မောင်သင်းက ဒဿမတန်း သင်ရိုး၊ ဘဝတွက်တာ ဘာသာရပ်မှာပါတဲ့ လိင်မှု ကျန်းမာရေး အသိပညာပေး (sex education) သင်ခန်းစာတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ သွေဖည်တယ်ဆိုပြီး လွှတ်တော်မှာ အရေးပေါ်အဆိုတင် ကန့်ကွက်ခဲ့ဖူးပါတယ်။
စစ်ကောင်စီကတော့ တရားဝင်မှု အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေး မျိုးချစ်စိတ် မြှင့်တင်မှုနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားမှုကို ခြေရာခံလိုက်ကြည့်ပါက ၁၉၅၀ ပြည့်နှစ်များ နောက်ပိုင်းက စတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
၁၉၅၉ ခုနှစ် မတိုင်ခင် စစ်တပ်က ပြုလုပ်သမျှ စစ်ဆင်ရေးတွေဟာ ပြည်သူလူထုနဲ့ ဆက်ဆံရေး အားနည်းချက်တွေ၊ မဟာဗျူဟာကျတဲ့ သတင်းအချက်အလက် ထောက်လှမ်းနိုင်မှု အားနည်းချက်တွေကြောင့် “နဂါးနိုင်” လို့ ကြွေးကြော်ခဲ့တာတွေ နဂါးရှုံးလို့ သရော်ခံရတဲ့အထိ အကျအရှုံးများစွာ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီလိုအရှုံးတွေ ရင်ဆိုင်လာရတဲ့အခါမှာ စစ်တပ်က ၎င်းရဲ့ မဟာဗျူဟာကို ပြန်လည်သုံးသပ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ပြည်သူ့စစ် မဟာဗျူဟာ (People’s War Strategy) ကို ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ ပြည်သူ့စစ် မဟာဗျူဟာရဲ့ လိုအပ်ချက်အရ ပြည်သူလူထုနဲ့ မဖြစ်မနေ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပြီး အကူအညီရယူဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် တပ်မတော်က ပြည်သူလူထုနဲ့ ဆက်ဆံရေး ချောမွေ့စေဖို့ ၎င်းရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ တွေးခေါ်မှုတွေကတဆင့် ပုံဖော်လာခဲ့ပါတယ်။
ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ “အမျိုးသားအယူဝါဒနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ (National Ideology and Role of Defense Sector-NIRDS)” ဆိုတဲ့ အမျိုးသားလုံခြုံရေး အယူအဆတရပ်ကို စတင် အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီအယူအဆမှာ ပြည်တွင်းလုံခြုံရေးနဲ့ နိုင်ငံတော်တိုးတက်ရေးဟာ “အညမည” ဖြစ်ပြီး တပ်မတော်က အထက်ပါ နှစ်ခုကို ပြည့်စုံအောင် ကာကွယ်ဖြည့်ဆည်းပေးနေတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ NIRDS ရဲ့ အနှစ်သာရကတော့ နိုင်ငံတော်ရဲ့ အုပ်ထိန်းသူ နေရာကို စစ်တပ်က “ရယူထိုက်တဲ့အတွက်” ရယူလိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုတာမျိုး ဖြစ်ပါတယ်။ စစ်တပ် ယူဆတာက ၎င်းဟာ သူရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးအပြင် လူမှုနိုင်ငံရေးနယ်ပယ်မှာပါ ပါဝင်ဖို့ အခွင့်အရေးနဲ့ တာဝန်ရှိတယ်လို့ မှတ်ယူပါတယ်။
အနှစ်သာရကတော့ နိုင်ငံတော်ရဲ့ အုပ်ထိန်းသူ နေရာကို စစ်တပ်က “ရယူထိုက်တဲ့အတွက်” ရယူလိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုတာမျိုး ဖြစ်ပါတယ်။ စစ်တပ် ယူဆတာက ၎င်းဟာ သူရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးအပြင် လူမှုနိုင်ငံရေးနယ်ပယ်မှာပါ ပါဝင်ဖို့ အခွင့်အရေးနဲ့ တာဝန်ရှိတယ်လို့ မှတ်ယူပါတယ်။
ဒေါက်တာ မောင်အောင်မျိုးကတော့ ဒါကို military professionalism ရဲ့ အယူအဆ အသစ်အဖြစ် ပုံဖော်ပါတယ်။ အယူအဆ အသစ်ရဲ့ အနှစ်ချုပ်ကတော့ စစ်တပ်က ပညာရှင်တွေဟာ ပြည်ပရန် ကာကွယ်ရေးကိုချည်း လုပ်နေတာမျိုး မဟုတ်ဘဲ နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွေကို ဝင်ရောက် လုပ်ကိုင်တာကိုပါ ဆိုလိုပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ military professionalism ကို မြန်မာစစ်တပ်က “ကြေးစားစစ်တပ်ပုံစံ” ဆိုပြီး မနှစ်မြို့ပါဘူး။ တပ်မတော်ခေါင်းဆောင် အဆက်ဆက်က မြန်မာ့တပ်မတော်ဆိုရာမှာ လွတ်လပ်ရေးကို လက်နက်ကိုင် တိုက်ယူဖို့အတွက် မြန်မာပြည်သူအကြားက သူရဲကောင်းဆန်စွာ ပေါက်ဖွားလာတာဖြစ်လို့ ကြေးစားစစ်တပ်နဲ့ မတူဘူးလို့ ဆိုကြပါတယ်။ ကြေးစားစစ်တပ်အစား အစဉ်အဆက် အနစ်နာခံပြီး နိုင်ငံကို အလုပ်အကျွေးပြုတဲ့ သူရဲကောင်းစစ်သား (ဝါ) မျိုးချစ်စစ်သားအဖြစ် ပုံဖော်ကြပါတယ်။
၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာ ရယူပြီးနောက် တပ်ရဲ့အယူဝါဒဟာ ပိုမိုပုံပေါ်လာတယ်လို့ ဆိုရပါလိမ့်မယ်။ တပ်ဟာ နိုင်ငံတော်ရဲ့ အုပ်ထိန်းသူနေရာအဖြစ် ကိုယ့်ကိုယ်ကို ပုံသွင်းသလို ဘယ်အရာတွေကို အုပ်ထိန်းနေသလဲဆိုတာ အပေါ်မှာလည်း ရှင်းလင်းလာပါတယ်။

ဒို့တာဝန် အရေး (၃) ပါးကို ထုတ်ဖော်လာပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေးအတွက် အုပ်ထိန်းသူအဖြစ် ရပ်တည်ခဲ့တယ်လို့ ဆိုကြရပါလိမ့်မယ်။ ဒို့တာဝန်အရေး (၃) ပါးအပြင် တပ်မတော်က အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သူ မျိုးချစ်တပ်မတော်အဖြစ် ပြည်သူ့အကြား လက်ခံလာရေးကိုလည်း ပုံသွင်းလာခဲ့ပါတယ်။
ဒီလိုစစ်တပ်ရဲ့ အယူဝါဒ ပုံသွင်းမှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းအထိ ပြောင်းလဲခြင်း မရှိသေးကြောင်း သုံးသပ်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) အခြေခံမူများမှာ တပ်မတော် သူရဲ့ အယူဝါဒကို တံဆိပ်ခပ်နှိပ်ထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒို့တာဝန်အရေး (၃) ပါးကို အဓိကပြောထားသလို နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို ဦးတည်တယ်လို့ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တပ်မတော်ကာကွယ်ရေး စက္ကူဖြူစာတမ်း (Defense White Paper) မှာလည်း ဒို့တာဝန်အရေး (၃) ပါး ကာကွယ်စောင့်ရှောက်ရေးကို ထပ်လောင်းအတည်ပြုထားပါတယ်။
စစ်တပ်ရဲ့ အယူဝါဒ ပုံသွင်းမှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းအထိ ပြောင်းလဲခြင်း မရှိသေးကြောင်း သုံးသပ်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) အခြေခံမူများမှာ တပ်မတော် သူရဲ့ အယူဝါဒကို တံဆိပ်ခပ်နှိပ်ထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တပ်က နိုင်ငံရေးကို ‘ပါတီနိုင်ငံရေး’ နဲ့ ‘အမျိုးသားနိုင်ငံရေး’ လို့ ခွဲပြီး အဓိပ္ပာယ်ဖွင့်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ တမျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ ဘာသာ သာသနာ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်း အစဉ်အလာတွေကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက် စစ်တက္ကသိုလ်အမှတ်စဉ် (၆၂) သင်တန်းဆင်းမိန့်ခွန်းမှာ အဓိပ္ပာယ် ဖွင့်ပြခဲ့ပါတယ်။ ပါတီနိုင်ငံရေး ဆိုတာကတော့ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပါတီများက ယှဉ်ပြိုင် နိုင်ငံတော် အာဏာကို ရယူခြင်းလို့ စစ်တပ်ပိုင် မြဝတီသတင်းစာက ထုတ်ဝေတဲ့ ဆောင်းပါးတစောင်က ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်က ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ professional army တည်ဆောက်ရေးကို ပစ်ပယ်ပြီး တိုက်ခိုက်ရေး စွမ်းအားနဲ့ စွမ်းရည် မြှင့်တင်ရေးကို အသားပေးတဲ့ ခေတ်မီတပ်မတော် (standard army) တည်ဆောက်ရေးဘက်ကို အသားပေး ဦးလှည့်လာခဲ့ပါတယ်။
ဒါကြောင့် (၇၇) နှစ်မြောက် တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်း နိဂုံးချုပ်မှာ “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး” ကို ဦးတည်ချက်အနေနဲ့ ထားရှိရေးအဖြစ် ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
စစ်တပ်ဟာ Standard Army ဆိုတဲ့ အသုံးအနှုန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နဲ့ တွေ့စဉ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ Standard Army ဆိုတဲ့ အသုံးအနှုန်းဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာတဲ့ တပ်မတော်အတွက် အလွန် အသုံးဝင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာလို အရပ်သား ကြီးကြပ်ကွပ်ကဲမှုအောက်မှာ စစ်ဘက်က တာဝန်ထမ်းဆောင်ရတဲ့ (professional army) နဲ့ လူမျိုးစုလက်နက်ကိုင် အစုအဖွဲ့တွေ တောင်းဆိုနေလာသော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) သဘောပါတဲ့ ပြည်ထောင်စုတပ်မတော် (Union Army) ဆိုတဲ့ အသုံးအနှုန်း နှစ်ခုကို ရှောင်လွှဲနိုင်ပြီး ဗမာမှုပြုဖို့ ခဲယဉ်းသလို လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ပြီး အသုံးပြုနိုင်တဲ့အတွက် စတင် မိတ်ဆက်ချိန်ကစလို့ ယနေ့အချိန်ထိ standard army ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။
Standard army ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင် တည်ဆောက်ရေးနဲ့ တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည် မြှင့်တင်ရေးကို ဦးတည်ခဲ့ပါတယ်။ တိုက်ခိုက်ရေး စွမ်းရည် (fire power) မြှင့်တင်ရေးအတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ် ဝယ်ယူတာအပြင် ရေငုပ်သင်္ဘော ပိုင်ဆိုင်လာတဲ့အထိ ဖြစ်လာပါတယ်။ ဒီလို လုပ်ဆောင်တာဟာ တပ်မတော်ရဲ့ doctrine ဖြစ်တဲ့ ခေတ်မီ အခြေအနေများအောက် ပြည်သူ့စစ်မဟာဗျူဟာ (People’s War Strategy Under Modern Conditions) နဲ့လည်း ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။
Standard army ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင် တည်ဆောက်ရေးနဲ့ တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည် မြှင့်တင်ရေးကို ဦးတည်ခဲ့ပါတယ်။ တိုက်ခိုက်ရေး စွမ်းရည် (fire power) မြှင့်တင်ရေးအတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ် ဝယ်ယူတာအပြင် ရေငုပ်သင်္ဘော ပိုင်ဆိုင်လာတဲ့အထိ ဖြစ်လာပါတယ်။
မျိုးချစ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုလိုနီခေတ် ဗမာ့လွတ်လပ်ရေး ကြိုပမ်းတဲ့တလျှောက် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေနဲ့ တို့ဗမာအစည်းအရုံးတို့ ကိုင်စွဲခဲ့တဲ့ ဝံသာနု ရက္ခိတ လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ဝံသဆိုတာ “အမျိုးအနွယ်” ကို ရက္ခိတ “စောင့်ရှောက်ခြင်း” လို့ ဆိုလိုပါတယ်။

အမျိုးအနွယ် စောင့်ရှောက်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းကို ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ် (ဝိုင်အမ်ဘီအေ) က အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ အပ်နှင်းတဲ့ အခမ်းအနားမှာ ‘အမျိုး’ ဆိုသည်မှာ အမျိုးသားရေးစရိုက် လက္ခဏာကို ထိန်းသိမ်းခြင်း၊ ဝံသာနု ရက္ခိတ တရားကို စောင့်ထိန်းခြင်းပင်ဖြစ်ကြောင်း၊ ‘ဘာသာ’ ဆိုသည်မှာ ဘာသာစကားနှင့် စာပေ ဖြစ်ကြောင်း၊ မြန်မာစာပေကို ထိန်းသိမ်းကြရန်၊ ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ ‘သာသနာ’ ဆိုသည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို စင်ကြယ်စွာဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် လေ့လာကျင့်ကြံ သာသနာပြုကြရန် တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်ကြသည့် နိုင်ငံ ၅ နိုင်ငံရှိပြီး လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်ကာ ထိုနိုင်ငံအသီးသီးတို့တွင်လည်း သာသနာတော် ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြကြောင်း၊ အဓိကမှာ သန့်ရှင်းစင်ကြယ်ပြီး ဝိနည်းနှင့်အညီ နေထိုင်ကျင့်ကြံကြခြင်းပင် ဖြစ်ကြောင်း၊ ‘ပညာ’ ဆိုသည်မှာ ပညာရေးကို အားပေးခြင်းသည် နိုင်ငံအတွက် မရှိမဖြစ်သည့် လုပ်ငန်းဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးသည် ပညာရည်မြင့်မားသည့် နိုင်ငံများဖြစ်ကြောင်း၊ စာတတ်ရုံ၊ စာတတ်မြောက်မှု ရာခိုင်နှုန်း မြင့်မားသည်ဆိုရုံနှင့် မရဘဲ အသိပညာ အတတ်ပညာ မြင့်မားရန်လည်း လိုအပ်ကြောင်း၊ အသိပညာဖြင့် အမျိုး ဘာသာ သာသနာမြှင့်တင်နိုင်သလို အတတ်ပညာ သင်ကြားရယူခြင်း ဖြင့်လည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း” ကျယ်ပြန့်စွာ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပါတယ်။

အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်က ဗုဒ္ဓဘာသာကို ချီးမြှောက်လိုသည့် ပုံစံဖြင့် အစဉ်အမြဲ လှူဒါန်းမှုများ ပြုလုပ်တာ၊ ထေရဝါဒ သာသနာမှာ သြဇာကြီးမားတဲ့ ဘုန်းတော်ကြီးများကို ချဉ်းကပ်တာ၊ မဘသနှင့် ဝိုင်အမ်ဘီအေလို လက်ယာယိမ်း အမျိုးသားရေးဝါဒီများကို အသုံးပြုတာတွေနဲ့ ပြည်သူအကြား လွှမ်းမိုးမှုရအောင် ကြိုးစားလျက်ရှိပါတယ်။ စစ်တပ်၊ စစ်မှုထမ်းဟောင်းတွေနဲ့ မဘသကဲ့သို့ လက်ယာယိမ်း အမျိုးသားရေးဝါဒီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သာသနာဖျက်အနေဖြင့် ပုံဖော်လေ့ရှိပါတယ်။
စစ်တပ်၊ စစ်မှုထမ်းဟောင်းတွေနဲ့ မဘသကဲ့သို့ လက်ယာယိမ်း အမျိုးသားရေးဝါဒီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သာသနာဖျက်အနေဖြင့် ပုံဖော်လေ့ရှိပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းရဲ့ “ဒီမိုကရေစီ ဒုတိယ အစိုးရသစ်နှင့် မြန်မာနိုင်ငံ” စာအုပ်မှာ NLD အစိုးရလက်ထက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ လုပ်ရပ်အချို့ (ဥပမာ မဟနရှိလို့ မဘသ မရှိဘူးဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောဆိုချက်) ကို အများပြည်သူအတွက် သတိထားစရာ အရေးပေါ် အချက်အလက်များအဖြစ် ရေးသားပြီး သာသနာ ဖျက်ဆီးသူများအဖြစ် ပုံဖော်ပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေ (ဥပမာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံတို့ကို ဖမ်းဆီးထောင်ချတာ) ဟာ တရားဝင်မှု တည်ဆောက်ရေး၊ အမျိုးသားရေး အယူဝါဒ သွတ်သွင်းရေးတွေနဲ့ အမြဲတစေ နှီးနွှယ်လေ့ ရှိပါတယ်။ အခုလို စစ်တပ်က အပူတပြင်း ရွေးကောက်ပွဲလုပ်ဖို့ လောဆော်နေချိန် အခုလို ဘာသာ သာသနာ၊ အမျိုးသားယဉ်ကျေးမှု စတာတွေကို ကာကွယ်ပါတယ်ဆိုပြီး ဖိနှိပ်မှုတွေ ဆက်တိုက်ဆိုသလို တွေ့လာနိုင်ပါတယ်။
ဒါ့အပြင် ယခင်လို ဘာသာရေးအကြောင်းပြု ပဋိပက္ခလှုံ့ဆော်မှုများလည်း လုပ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မဘသနဲ့ စစ်တပ်ထောက်ခံသူတွေ ပေါင်းပြီး မန္တလေးမှာ ဆန္ဒပြပွဲ လုပ်ခဲ့ပါသေးတယ်။ စစ်တပ်ဟာ နိုင်ငံအာဏာ လက်ဝယ်ကြာကြာထားဖို့အတွက် အမျိုးသားရေးဆိုတဲ့ ဖဲချပ်ကို ပေါ်ပေါ်ထင်ထင် သုံးစွဲကာ တရားဝင်မှုကို အဟုန်တပြင်း တည်ဆောက်နေပြီ ဖြစ်ပါကြောင်း။
(ဆောင်းပါးရှင် ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ခဲ့ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။)
ကိုးကား
Maung Aung Myoe – “Building the Tatmadaw: Myanmar Armed Forces since 1948,” Institute of Southeast Asian Studies (ISEAS), Singapore, 2009.
Maung Aung Myoe – The Soldier and the State: The Tatmadaw and Political Liberalization in Myanmar since 2011, South East Asia Research, pp 233-249, 2014.
Amara Thiha – “Understanding the Tatmadaw’s ‘Standard Army’ reforms,” Frontier Myanmar, 22 June 2017.
Defense White Paper, The Republic of the Union of Myanmar, Naypyitaw, 2015.
မင်းသေ့ – စစ်တပ်နှင့် အမျိုးသားရေးဝါဒ၊ ဖက်ဒရယ်ဂျာနယ်၊ ၂၇ ဖေဖော်ဝါရီ ၂၀၂၂။
မင်းချစ်ကြိုင် – အမျိုးသားရေး တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်နေမည့် တပ်မတော်၊ မြဝတီ။
စိုးသိန်း – ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ၊ မဇ္ဈိမ ပဋိပဒါစာပေ၊ ၂၀၂၀။
You may also like these stories:
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ
စစ်ကောင်စီ၏ မိုးလုံးပြည့်မုသာဝါဒ ဖြန့်ချိသူကြီး
အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား
သမိုင်းလှခဲ့သည့် YMBA အသင်းကြီး၏ လားရာ ဘယ်လဲ ဘာလဲ