တော်လှန်ရေးအဖွဲ့တွေကြား ညီညွတ်မှု တည်ဆောက်ဖို့ လိုနေပြီ ဖြစ်ကြောင်း၊ အခုလို အကွဲကွဲအပြားပြား ဖြစ်နေလို့ မရကြောင်း ပြောဆိုသံတွေ ပိုလို့ ကျယ်လောင်လာနေပါတယ်။ ထူးထူးခြားခြားအဖြစ် မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ကတောင် စာထုတ်ပြီး ညီညွတ်ကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ အာဏာသိမ်း စစ်တပ်ဘက်က ရောင်တော်ပြန်သဘောနဲ့ ဂျင်းထည့်ချင်တာတွေ ပါသလို အမှန်တကယ်ကို လေးလေးနက်နက် စဉ်းစားပြီး လုပ်ဆောင်သင့်တာတွေ ရှိနေတယ်ဆိုတာလည်း မငြင်းသာပါဘူး။ လက်ရှိ အခြေအနေရဲ့ တောင်းဆိုချက်ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ တကယ်တမ်း အစုကွဲနေခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ရှိစေတယ်ဆိုတာလည်း အငြင်းပွားစရာ မလိုအောင် ရှင်းပါတယ်။ ဒါဆို ဘယ်လို ညီညွတ်စေကြမလဲ။ လက်တွေ့ အခက်အခဲတွေ ရှိနေတာလည်း အသေအချာ ဖြစ်ပါတယ်။
တကယ်တော့ ဒီညီညွတ်ရေး ပြဿနာဆိုတာဟာ မြန်မာ့နိုင်ငံရေးရဲ့ အမှတ်သရုပ်လည်း ဖြစ်ပါတယ်။ မြန်မာမှန်ရင် ကွဲတယ်လို့တောင် ပြောကြတဲ့အထိပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းခဲ့ပါပြီ။ သတင်းအချက်အလက်တွေက အရင်ကထက် မြန်ဆန်စွာ စီးဆင်းနေပါပြီ။ ကွဲပြားစုံလင်မှုကို လက်ခံတဲ့ ခေတ်မှာတော့ ညီညွတ်ရေးဟာ တသွေးတသံတမိန့် မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း လက်ခံဖို့ အရင်ဆုံး လိုပါလိမ့်မယ်။ အနည်းဆုံး ဒါဟာ ပြည်သူတွေပါဝင်တဲ့ ကဏ္ဍ၊ နိုင်ငံရေးကဏ္ဍမှာ ရှိကို ရှိနေပါလိမ့်မယ်။
စစ်ရေးကိစ္စကတော့ မတူညီတဲ့ ကိစ္စ ဖြစ်ပါတယ်။ စစ်ရေးရဲ့ သဘောသဘာဝအရ အမိန့်ပေး လမ်းကြောင်းနဲ့ လှုပ်ရှားဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကိစ္စလို့ ပြောလာရင်တော့ တစုတစည်းနဲ့ အမိန့်ပေးလမ်းကြောင်း ဖြစ်ခြင်းဟာ အခရာကျပါတယ်။ လက်တွေ့မှာကျပြန်တော့ စစ်ရေးအဖွဲ့တွေ ဖွဲ့ထားကြပေမယ့် နိုင်ငံရေးနဲ့ နှီးနွယ်ဖြစ်လာကြတာမို့လို လက်နက်ကိုင်အဖွဲ့ပေမယ့် နိုင်ငံရေးအဖွဲ့တွေအဖြစ် မြင်ဖို့လည်း လိုအပ်ပြန်ပါသေးတယ်။ ဒီတော့ အဖွဲ့ပင် ငယ်သော်လည်း သူတို့ဟာ အသံတသံ ဖြစ်နေနိုင်ပါတယ်။
လက်တွေ့မှာကျပြန်တော့ စစ်ရေးအဖွဲ့တွေ ဖွဲ့ထားကြပေမယ့် နိုင်ငံရေးနဲ့ နှီးနွယ်ဖြစ်လာကြတာမို့လို လက်နက်ကိုင်အဖွဲ့ပေမယ့် နိုင်ငံရေးအဖွဲ့တွေအဖြစ် မြင်ဖို့လည်း လိုအပ်ပြန်ပါသေးတယ်။ ဒီတော့ အဖွဲ့ပင် ငယ်သော်လည်း သူတို့ဟာ အသံတသံ ဖြစ်နေနိုင်ပါတယ်။
နိုင်ငံရေး သဘောအရ မတူညီတဲ့ အမြင်တွေ ရှိတတ်ပြီး အသံတွေ စုံလင်နေတတ်ပါတယ်။ ဒါပေမယ့် စစ်ရေးနဲ့ နိုင်ငံရေးဟာ ချိတ်ဆက်နေပြီးတော့ နိုင်ငံရေးအယူအဆ အသံတွေ ကွဲပြားနေတဲ့အခါ စစ်ရေးလည်း ကွဲပြားနေတတ်ပြန်ပါတယ်။ ဒီလိုနဲ့ လုံးချာလိုက်နေမယ့်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် သံသရာဆိုးကို ဖောက်ထွက်ဖို့ လိုပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ရဲ့ အမြင်
ဒီနေရာမှာ သံမဏိနိုင်ငံရေးသမားကြီ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ညီညွတ်ရေးအမြင်ကို ပြန်လည် ဖော်ပြ ညွှန်းဆိုလိုပါတယ်။ ဟံသာဝတီ ဦးဝင်းတင်တို့ ခေတ်ကလည်း အခုလိုပဲ မပြီးနိုင် မစီးနိုင် ညီညွတ်ရေး ကိစ္စတွေ ရှိခဲ့တာပါပဲ။ အစုစု ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်နေခဲ့ကြတာပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာ တကယ် စေတနာမှန်၊ လမ်းကြောင်းမှန်သူသာ ဆက်လက် ရှင်ကျန်ခဲ့ကြတယ်ဆိုတာ ခေတ်သစ်သမိုင်းက သက်သေဖြစ်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင်က သူ့ဘဝ အတွေ့အကြုံကို “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” မှာ အခုလို ပြောပြပါတယ်။
“တပ်ပေါင်းစုဖွဲ့ရေးဆိုတာဟာ လက်တွေ့ဆောင်ရွက်ရာမှာ အင်မတန် ခက်ခဲတဲ့အလုပ်ပေါ့။ ကျနော် အသံညီအောင်လုပ်ပါ ဆိုတဲ့စကားကို ကျနော် သုံးတယ်။ ဘာဖြစ်လို့ သုံးလဲဆိုတော့ ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုများပဲ ဖြစ်ဖြစ် ပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုများပဲဖြစ်ဖြစ် လက်တွဲမိအောင် ကျနော်တို့ ကြိုးစားနေရာမှာ ဗမာပြည် နိုင်ငံရေးလောကမှာ ခေတ်စားခဲ့တဲ့ တပ်ပေါင်းစုတို့ ဘာတို့ညာတို့ ပတ်သက်ပြီး အဲလိုပုံစံမျိုးနဲ့ ကျနော်က သိပ်မလုပ်ချင်ဘူး။ တကယ်လုပ်တဲ့အခါလည်း ဒါတွေက အတော်ခက်တယ်”
အဲဒီခေတ်ကတော့ ဦးနုတို့ အင်အားစု (အဟောင်းအင်အားနဲ့) ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ အင်အားစု (အသစ်အင်အားစု) တွေကြားက ညီညွတ်ရေးကို စောင်းပေးပြောနေကြပြီး တပ်ပေါင်းစု စုဖွဲ့နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ ကာလဖြစ်ပါတယ်။ လက်တွေ့မှာလည်း မပေါင်းစည်းနိုင်ခဲ့ပါဘူး။ မအောင်မြင်ခဲ့ပါဘူး။ ဒီလို မအောင်မြင်ခဲ့တဲ့ အကြောင်းကို ပြန်လည်ဆင်ခြင်ပြီး အခုလို သင်ခန်းစာထုတ်ကြောင်းလည်း ပြောပါတယ်။
“သို့သော် အဲဒါ ကျနော် မှားတယ်၊ အခု ကျနော် ဘယ်လို တမျိုးတွေးပြန်လဲဆိုတော့ ကျနော်တို့တွေဟာ လုပ်ဖို့ကောင်းတာက အသံတူအောင် လုပ်ဖို့လိုတယ်။ အသံတူတာပြီးရင် အလုပ်တူအောင် လုပ်မယ်ဗျာ။ အလုပ်တူလာလို့ရှိရင် ကျနော်တို့ အဖွဲ့တူတဲ့ကိစ္စကို ကျနော်တို့ လုပ်မယ်။ ဆိုလိုတာက အသံညီမှုတွေ၊ အလုပ်ညီမှုတွေ တော်တော်ခိုင်ခိုင်မာမာဖြစ်မှ ကျနော်တို့က အဖွဲ့ညီဖို့၊ အဖွဲ့ညီဖို့ဆိုတာ တပ်ပေါင်းစု ဖွဲ့တာတို့ သို့မဟုတ်လို့ရှိရင်လည်း တပ်ဦးဖွဲ့တာတို့ဆိုတဲ့ လုပ်ငန်းတွေကို ကျနော် တို လုပ်သင့်တယ်လို့ ကျနော်က ယူဆတယ်။”
အသံတူတာပြီးရင် အလုပ်တူအောင် လုပ်မယ်ဗျာ။ အလုပ်တူလာလို့ရှိရင် ကျနော်တို့ အဖွဲ့တူတဲ့ကိစ္စကို ကျနော်တို့ လုပ်မယ်။ ဆိုလိုတာက အသံညီမှုတွေ၊ အလုပ်ညီမှုတွေ တော်တော်ခိုင်ခိုင်မာမာဖြစ်မှ ကျနော်တို့က အဖွဲ့ညီဖို့၊ အဖွဲ့ညီဖို့ဆိုတာ တပ်ပေါင်းစု ဖွဲ့တာတို့ သို့မဟုတ်လို့ရှိရင်လည်း တပ်ဦးဖွဲ့တာတို့ဆိုတဲ့ လုပ်ငန်းတွေကို ကျနော် တို လုပ်သင့်တယ်လို့ ကျနော်က ယူဆတယ်။
ဆရာကြီးက သူကြုံဖူးတဲ့ ကွန်မြူနစ် ညီညွတ်ရေးကိစ္စကိုလည်း နမူနာအဖြစ် ပြောပြပါသေးတယ်။
“တပ်ပေါင်းစုဖွဲ့စည်းရေး လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲ ဘယ်လောက်ရှိသလဲဆိုတာ မြန်မာ့သမိုင်းမှာ အထင်ကရသက်သေ ရှိခဲ့ဖူးပါတယ်။ ကွန်မြူနစ်ပါတီ၊ သုံးပါတီ ညီညွတ်ရေးတို့ ဘာတို့ လုပ်ခဲ့တဲ့နေရာတွေ ကျနော် ရောက်ဖူးပါတယ်။ . . . . အဲဒီ တပ်ပေါင်းစုဆိုပြီးကို လုပ်တာ ရွာသူရွာသားများရဲ့၊ ကိုယ်တွေ့ တွေ့တဲ့သူတွေရဲ့ အပြောက ၄-၅-၆ လတောင် ကြာတယ် တဲ့။ သခင်စိုး ရောက်လာတယ်၊ သခင်သန်းထွန်း ရောက်လာတယ်၊ ဟိုဘက်ကလည်း ပြည်သူ့ရဲဘော်ဘက်ကလည်း ဗိုလ်ဖိုးကွန်းတို့ဘာတို့ ရောက်လာတယ်ပေါ့။ ဆွေးနွေးလိုက်ကြတာတဲ့၊ တပ်ပေါင်းစု ဆွေးနွေးလိုက်ကြတာ ဘာမှမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုနပြောသလို အသံလည်းမညီကြဘူး၊ တယောက်နဲ့တယောက် အလုပ်လည်း မညီကြဘူး ဆိုတဲ့အခါကျတော့ တပ်ပေါင်းစုဖွဲ့လည်း ဖွဲ့ဖွဲ့ပဲရှိ။ အဲဒါတွေဟာ ခေတ်အဆက်ဆက် ပျက်လာခဲ့တာပဲ။”
ဟံသာဝတီ ဦးဝင်းတင်ရဲ့ အဓိက အမြင်ကတော့ အသံညီညွတ်ရေးကို အရင်လုပ်ကြဖို့ တိုက်တွန်းတယ်လို့ ယူဆနိုင်ပါတယ်။
အသံညီညွတ်ကြပြီလား
ဒီတော့ မေးရမယ့် မေးခွန်းက “လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အစုအဖွဲ့အသီးသီး၊ မြန်မာ့နိုင်ငံရေး အထူးသဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့ ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်သော၊ လက်နက်မကိုင်သော အစုအဖွဲ့ အသီးသီးကြားမှာ အသံက ညီညွတ်နေကြရဲ့လား”။ အသံညီညွတ်ရမယ်ဆိုလို့ အသံတသံတည်း ဖြစ်ရမယ်လို့ မဆိုလိုပါ။ အသံတွေဟာ ကွဲပင်ကွဲသော်ငြား ဘုံအကျိုးစီးပွားရှိသော၊ သဟဇာတဖြစ်သော အသံတွေ ဖြစ်နေဖို့သာ အခြေခံ လိုအပ်ပါလိမ့်မယ်။ မြင်မိသမျှကို ရိုးရိုးသားသား ပြောရရင်တော့ အများကြီး အားထုတ်ရဦးမယ့် သဘောရှိပါတယ်။
ဒီနေရာမှာ အရေးတကြီး ဆင်ခြင်သတိထားရမယ့် အချက်ကတော့ အသံတွေတော့ ထုတ်ကြပါရဲ့၊ လူကြားကောင်းအောင် ပြောတဲ့အသံလား၊ မိမိတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေအပေါ် ရိုးရိုးသားသားနဲ့ ပြောတာလားဆိုတာတော့ စောကြောဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုရှယ်မီဒီယာခေတ်မှာတော့ အသံကျယ်တိုင်း အလုပ်တွင်သူ ဟုတ်ချင်မှဟုတ်တတ်တာ မဟုတ်လား။ ဒီတော့ အသံတွေကို လုပ်ရပ်တွေနဲ့ ပြန်ဆန်းစစ်ဖို့လည်း လိုလာပြန်ပါတယ်။
ပြီးရင် အသံညီညွတ်ဖို့ အရင်လုပ်ဆိုတော့ မူလဘူတဖြစ်သော၊ စံနှုန်းအသံတခု လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒီအတွက်တော့ ပြည်သူတွေရဲ့အသံကို အာရုံပြုရမှာ ဖြစ်ပါတယ်။ အသံပေါင်းစုံအတွက် Key ညှိနိုင်ဖို့ ပြည်သူတို့ရဲ့ နှလုံးသားထဲက အသံတွေနဲ့ ညှိဖို့ လိုအပ်လာပါလိမ့်မယ်။ တနည်းအားဖြင့် နွေဦးရဲ့အသံဖြစ်ပါတယ်။ ဒါမှသာ ပြည်သူကို မျက်နှာမူသော အသံစစ်စစ်တွေ ဖြစ်မှာပါ။
ပြီးရင် အသံညီညွတ်ဖို့ အရင်လုပ်ဆိုတော့ မူလဘူတဖြစ်သော၊ စံနှုန်းအသံတခု လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒီအတွက်တော့ ပြည်သူတွေရဲ့အသံကို အာရုံပြုရမှာ ဖြစ်ပါတယ်။ အသံပေါင်းစုံအတွက် Key ညှိနိုင်ဖို့ ပြည်သူတို့ရဲ့ နှလုံးသားထဲက အသံတွေနဲ့ ညှိဖို့ လိုအပ်လာပါလိမ့်မယ်။ တနည်းအားဖြင့် နွေဦးရဲ့အသံဖြစ်ပါတယ်။ ဒါမှသာ ပြည်သူကို မျက်နှာမူသော အသံစစ်စစ်တွေ ဖြစ်မှာပါ။
နွေးဦးရဲ့အသံဟာ ဘယ်လို အသံမျိုးလဲ။ နွေဦးရဲ့အသံမှာ ဘာတွေပါနေလဲ။ အာဏာသိမ်းပြီးစ အချိန်ကို တချက် ပြန်လှည့်ကြည့်မယ်ဆိုရင်တော့ အာဏာသိမ်းမှုကို လတ်တလော တုံ့ပြန်သံတွေ ပိုမို လွှမ်းမိုးနေတာကို တွေ့ခဲ့နိုင်ပါတယ်။ ဖမ်းဆီးထားသူလွှတ်ပေးရေး၊ ရွေးကောက်ခံအစိုးရထံ အာဏာပြန်အပ်ရေး စသည်ဖြင့် ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အနာဂတ်ကို ပိုမို ရည်ညွှန်းသော၊ လူမျိုးစုံ ပါဝင်မှုကို မြှင့်တင်သော၊ ဖက်ဒရယ်ဆိုတဲ့အသံကို ပိုပြီး ပီပီပြင်ပြင် ကြားလာရတယ်လို့ ဆိုနိုင်ပါတယ်။
နွေဦးရဲ့အသံဟာ အနာဂတ် ပြည်ထောင်စုရဲ့ အသံဖြစ်လာပါတယ်။ သို့သော် ဒီအနေအထားအထိ နွေဦးအသံဟာ စိတ်လှုပ်ရှားစရာ အားတက်စရာအဖြစ် ဦးတည်ချက်ကို ပြောပြပေးနိုင်တဲ့ စိတ်ကူးစံနှုန်းဆန်တဲ့ အသံသာ ဖြစ်နေပါသေးတယ်။ ဒီအသံကို လက်တွေ့ကျတဲ့နိုင်ငံ ဘယ်လို တည်ဆောက်မလဲဆိုတဲ့ အသံတွေနဲ့ အားဖြည့်ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ပိုပြီး ရှုပ်ထွေး ကျယ်ပြန့်ပါလိမ့်မယ်။
အထူးသဖြင့် ဘယ်လို ပြည်ထောင်စုမျိုးကို တည်ဆောက်ကြမှာလဲ ဆိုတဲ့ မေးခွန်အတွက် အဖြေဖြစ်ပါတယ်။ ဒီနေရာမှာလည်း လုံးဝဥဿုံ ထပ်တူညီတဲ့ အသံတွေ မဖြစ်သေးတာကတော့ အသေအချာပါပဲ။ ဒီအတွက်လည်း ဆက်လက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အသံတွေ ညီညွတ်ကြပြီလားဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါ မေးရင်း Key ညှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒီလို အသံတွေ ညီလာဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ယေဘုယျအားဖြင့်တော့ အစုအဖွဲ့ အသီးသီးမှာ တာဝန်ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သို့သော်လည်း တော်လှန်ရေးရဲ့ တပ်ဦးအဖြစ် ပြည်သူတွေရဲ့ အာဏာအပ်နှင်းခြင်းကို ခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ပိုမိုတာဝန်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေဘက်ကတော့ သူတို့ ဖြစ်စေချင်တဲ့ အသံတွေနဲ့ လိုအပ်တဲ့ ထောက်ခံဝန်းရံမှုတွေ လုပ်ထားပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့ အခြားသော အစုအဖွဲ့တွေဟာလည်း မိမိတို့ မျက်နှာမူရာ ပြည်သူကို အလေးဂရုပြုဖို့ မမေ့အပ်ပါဘူး။
ပြည်သူတွေဘက်ကတော့ သူတို့ ဖြစ်စေချင်တဲ့ အသံတွေနဲ့ လိုအပ်တဲ့ ထောက်ခံဝန်းရံမှုတွေ လုပ်ထားပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့ အခြားသော အစုအဖွဲ့တွေဟာလည်း မိမိတို့ မျက်နှာမူရာ ပြည်သူကို အလေးဂရုပြုဖို့ မမေ့အပ်ပါဘူး။
ဥပမာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဆိုရင် မိမိတို့ ဦးတည်ရာဖြစ်တဲ့ မိမိတို့ အမျိုးသားများ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိဖို့ဆိုတဲ့ အကြောင်းရင်းတွေကို မမေ့ဖို့၊ မိမိတို့ ပြည်သူတွေအပေါ် တာဝန်ခံမှု ရှိဖို့ အစဉ်တစိုက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အားလုံးစုပေါင်း ဆောင်ရွက်ခြင်းနည်းနဲ့ မိမိတို့ အကျိုးလည်းပြည့်၊ ဘဝတူ ညီအစ်ကို လူမျိုးစုများရဲ့ အကျိုးလည်းပြည့် ဆိုတာမျိုးဟာ နတ်လူသာဓုခေါ်စရာ ဖြစ်ပါတယ်။
တဖက်က ပြန်ကြည့်ရင် ဒါဟာ စိတ်ကူးယဉ်ဆန်လွန်းတဲ့ မျှော်လင့်ချက် ဆိုတာလည်း လက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုများ စိတ်ကူးမယဉ်ခဲ့ရင် ကျနော်တို့မှာ တခြားရွေးစရာ ဘာများရှိပါ့မလဲ။ ဒီနေရာမှာ လူမျိုးစု ပြည်သူတွေကို ပြည်သူတဦး၊ ညီအစ်ကို မောင်နှမတဦးအနေနဲ့ တောင်းဆိုလိုတာက မိမိတို့ “အမျိုးသား အမည်နာမ” ကို အသုံးပြုပြီး အခြားသူများကို ဖိနှိပ်နေသော၊ အကြမ်းဖက် သတ်ဖြတ်ပြီး တိုင်းပြည်ဖျက်စီးနေတဲ့၊ အာဏာသိမ်းစစ်တပ်နဲ့ ဖက်လဲတကင်း နေနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့များဖြစ်စေ၊ နိုင်ငံရေးပါတီတွေကို ဖြစ်စေ ခွင့်မလွှတ်ကြဖို့၊ မထောက်ခံ အားမပေးကြဖို့ ဖြစ်ပါတယ်။
အာဏာကို အလွဲသုံးစားလုပ်မယ့် ဘယ်အစုအဖွဲ့ကိုမဆို ဆန့်ကျင်ပြခြင်း၊ တာဝန်ခံမှုရှိလာအောင် တိုက်တွန်းခြင်း၊ နောက်ဆုံး မရရင် ပြည်သူတွေရဲ့ လူမူရေး အပြစ်ပေးနည်းတွေနဲ့ ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အပြောတမျိုး အလုပ်တမျိုးနဲ့ ကိုယ့်အကျိုးကိုသာ ကြည့်မယ့် လက်နက်ကိုင် အဖွဲ့တွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီလို အစုအဖွဲ့မျိုးကို လက်တွဲဖြုတ်ရမယ် ဆိုတာကတော့ ခက်ခဲပေမယ့် လက်တွေ့ လုပ်ရမယ့် ရွေးချယ်မှု ဖြစ်လာပါလိမ့်မယ်။
အချုပ်ပြောရရင် လက်ရှိအနေအထားဟာ ဟံသာဝတီ ဦးဝင်းတင် ပြောတဲ့ “အသံညီညွတ်ရေး” အရင်ကထက် တိုးတက်မှုရှိပြီး အတိုင်းအတာ တခုအထိ ရောက်ရှိနေပြီလို့ ဆိုချင်ဆိုနိုင်သလို ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ပြောနိုင်ပါတယ်။ “အသံတွေ ညီညွတ်ပြီလား၊ အသံတွေ ညီညွတ်အောင် ဘာတွေ လုပ်ရဦးမလဲ” ဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါ မေးရင်း စာမေးပွဲ စစ်နေရမှာ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပိုမို တာဝန်ယူပြီး လုပ်ဆောင်လာဖို့ လိုအပ်သလို အစုအဖွဲ့ အသီးသီးကလည်း ဘုံအကျိုးကို ဦးတည်ပြီး မိမိတို့ လုပ်ရပ်အပေါ် တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ နောက်ဆုံး ပြည်သူတွေ အနေနဲ့လည်း ထောက်ခံအားပေးနေရုံနဲ့ မရဘဲ စောင့်ကြည့်ထိန်းကျောင်းမှုကိုလည်း မပျက်မကွက် လုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories :
ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး စီမံချက်က ခုခံတော်လှန်ရေးအတွက် အထောက်အကူပြုမည်
နွေဦးတော်လှန်ရေးအတွက် ၂၀၂၃ ခုနှစ်ရဲ့ စိန်ခေါ်မှုများ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ