မြန်မာစစ်တပ်၏ စစ်ကောင်စီသည် ကံဆိုးမိုးမှောင်ကျသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် အာဏာကို ဖက်တွယ်ထားနိုင်ခဲ့သည်။
သို့သော် စစ်ကောင်စီသည် ၎င်း၏တရားမဝင် အာဏာသိမ်းမှုကို အတွေ့အကြုံရင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ လမ်းမများပေါ်မှ ဆန္ဒပြသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တနိုင်ငံလုံးမှ ရာပေါင်းများစွာသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ထံမှ မကြုံဖူးသည့် ခုခံမှုနှင့် ရင်ဆိုင်ရသည်။
သွေးချောင်းစီးနေသော်လည်း စစ်လိုလားနေဆဲဖြစ်နေသော စစ်ကောင်စီသည် အဓိကနည်းလမ်း သုံးခုဖြင့် နိုင်ငံတဝန်းတွင် အာဏာနှင့်အလားတူသောအရာကို ဆက်လက်ချုပ်ကိုင်ထားခဲ့သည်။ ထိုနည်းလမ်း သုံးခုမှာ အသေးစားလက်နက်များ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့် ပြည်တွင်း လက်နက်ထုတ်လုပ်ရေးလုပ်ငန်း၊ ပြည်ပမှ ဝယ်ယူထားသည့် လေကြောင်းစွမ်းအင်နှင့် လက်နက်ကြီးများကို အပြင်းအထန် ပစ်ခတ်ခြင်းနှင့် လူသတ် စစ်တပ်ကို ပထမအချက်နှစ်ချက်က ပေးအပ်လိုက်သော လက်နက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိမ်းကြုံး အကြမ်းဖက်ခြင်းတို့ပင် ဖြစ်သည်။
“လူသတ်စီးပွားရေး – မြန်မာစစ်တပ် လက်နက်ထုတ်လုပ်ခြင်းကို ထောက်ပံ့ခြင်း” အမည်ရှိ ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာပြည်တွင်းလက်နက် ထုတ်လုပ်သည့် လုပ်ငန်းကို ကုန်စည်ပေးသွင်းနေသည့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတခုဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းမှ အများအပြားက မြန်မာစစ်ကောင်စီသို့ ရုရှား၊ တရုတ်နှင့် အိန္ဒိယ လက်နက်များ ရောင်းချမှု ရပ်တန့်သွားစေရန် ကုလသမဂ္ဂ လက်နက်ပိတ်ပင်ခြင်းကို တောင်းဆိုကြသည်။ ထိုသို့ တောင်းဆိုပြီးနောက် နှစ်နှစ်ကြာသော်လည်း မော်စကို၊ ဘေဂျင်းနှင့် နယူးဒေလီတို့သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို ဒီဇင်ဘာလက ထူးထူးခြားခြား မဲမပေးဘဲ နေသော်လည်း အထက်ပါတောင်းဆိုမှုသည် လက်တွေ့ဖြစ်လာရန် ဝေးနေသေးသည်။ (အခြားအဖွဲ့ဝင် ၁၂ နိုင်ငံတို့က ထောက်ခံမဲပေးခဲ့ကြသည်။)
သို့သော် မြန်မာပြည်တွင်း လက်နက်ထုတ်လုပ်မှုလုပ်ငန်းကို ဖိအားပေး အရေးယူရန် တောင်းဆိုမှု အနည်းငယ်သာ ရှိခဲ့သည်။
“လူသတ်စီးပွားရေး – မြန်မာစစ်တပ် လက်နက်ထုတ်လုပ်ခြင်းကို ထောက်ပံ့ခြင်း” အမည်ရှိ ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာပြည်တွင်းလက်နက် ထုတ်လုပ်သည့် လုပ်ငန်းကို ကုန်စည်ပေးသွင်းနေသည့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတခုဖြစ်သည်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက် အစိုးရဆန့်ကျင်သူများနှင့် ခုခံတော်လှန်ရေး အင်အားစုများကို နှိမ်နင်းရန် လူသေဆုံးသည်အထိ အသုံးပြုနေသော လက်နက်ငယ်များ ထုတ်လုပ်နိုင်စေသည့် အသေးစား လက်နက်များအတွက် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို လေ့လာထားခြင်း ဖြစ်သည်။
အရပ်သား ၃,၀၀၀ နီးပါး သတ်ဖြတ်ခံရခြင်း၊ လူ ၁ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်ရခြင်းနှင့် အဆောက်အအုံ ၃၀,၀၀၀ ကျော် မီးရှို့ခံရခြင်းတို့အနက် အများစုမှာ သေမင်းတမန် စက်ရုံများမှ အလုံးအရင်းနှင့် ထုတ်လုပ်နေသည့် မြန်မာပြည်တွင်းထုတ် လက်နက်ကိရိယာများကြောင့် ဖြစ်သည်။
ကပစကို ထောက်ပံ့နေသူများသည် အံ့သြစရာမဟုတ်ပေ။ တရုတ်နိုင်ငံပိုင် NORINCO ၊ ရုရှား၊ တောင်နှင့် မြောက်ကိုရီးယား၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်းနှင့် လက်နက်အဓိက ထုတ်လုပ်သည့် အခြားသူများပင်ဖြစ်သည်။
ယန်ဟီးလီ၊ ခရစ် စီဒေါ့တီနှင့် မာဇူကီ ဒါရပ်စ်မင်း တို့ပါဝင်ပြီး မြန်မာနှင့်ပတ်သက်သည့် ကာလရှည်ကြာသမိုင်းရှိသော ထင်ရှားကျော်ကြားသူများဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ (SAC-M) ဟု မှားယွင်းနားလည်စရာဖြစ်အောင် အမည်ပေးထားသည့် ထိုအဖွဲ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် မြန်မာစစ်တပ်က လုံးဝ ထိန်းချုပ်ထားသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံးအောက်မှ ကာကွယ်ရေးပစ္စည်းစက်ရုံများ (ကပစ) ကွန်ရက်ကို အခြေခံအားဖြင့် စုံစမ်းစစ်ဆေးလေ့လာထားသည်။
၁၉၅၀ ပြည့်နှစ်များမှစတင်ပြီး မြန်မာစစ်တပ်သည် ကိုယ့်ပြည်သူအပေါ် အဆုံးမရှိ စစ်ပွဲအတွက် ခြေလျင်တပ်သုံး လက်နက်ကိရိယာများကို ၎င်းတို့ဘာသာ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးစားခဲ့သည်။ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ ရောက်ဖူးသူ မည်သူမဆို ပြည်တွင်းလက်နက် ထုတ်လုပ်နိုင်စွမ်းအပေါ် စစ်တပ်က အမျိုးသားရေးပုံစံ ဂုဏ်ယူနေခြင်းကို သိမြင်နိုင်သည်။
ကပစကို ထောက်ပံ့နေသူများသည် အံ့သြစရာ မဟုတ်ပေ။ တရုတ်နိုင်ငံပိုင် NORINCO ၊ ရုရှား၊ တောင်နှင့် မြောက်ကိုရီးယား၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်းနှင့် လက်နက်အဓိက ထုတ်လုပ်သည့် အခြားသူများပင်ဖြစ်သည်။
ကာကွယ်ရေးသုတေသီ အင်ဒရူးဆက်သ်က ထိုစက်ရုံများအနက် အများအပြားကို လွန်ခဲ့သော ၂၅ နှစ်ကပင် ဖော်ပြခဲ့ပြီး တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က မြန်မာစစ်တပ်ကို လက်နက်ရောင်းချခြင်းအား အာရုံစိုက်နေကြပြီး ထိုစက်ရုံများသည် အာဏာမသိမ်းမီအချိန်အထိ အများပြည်သူ အာရုံစိုက်မခံရဘဲ အရှိန်အဟုန်ဖြင့် လက်နက်များ ဆက်လက်ထုတ်လုပ်နေသည်။
ထိုအစီရင်ခံစာသည် လျှို့ဝှက်သုတေသနအဖွဲ့ဖြစ်သော Justice for Myanmar ကို အကြီးအကျယ် အားကိုးသည်။ ထိုအဖွဲ့သည် စစ်တပ်အတွင်းမှ ရရှိသော အသေးစိတ် ကျိုးကြောင်းဆီလျော်မှုအရှိဆုံး ပေါက်ကြားမှုများကို ဖော်ထုတ်နိုင်ခဲ့သည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။
ကပစ သည် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်းတို့ထံ ကုန်စည်ပေးသွင်းသူများကို ချဲ့ထွင်ခဲ့သည်။ ထိုစဉ်က မြန်မာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၏ မူလပြုစုပျိုးထောင်ပေးသူ ဂျာမန်လုပ်ငန်း ဖရစ်ဇ်ဝါနာသည် အခြားကုန်စည်ပေးသွင်းသူ အမျိုးမျိုးနှင့် နည်းပညာကျွမ်းကျင်မှုများ၊ အထူးသဖြင့် MA အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်များကို ထုတ်လုပ်ရန် အစ္စရေးနှင့် စင်ကာပူကို အလျှော့ပေးလိုက်ရသည်။
အထက်ပါအစီရင်ခံစာတွင် မြန်မာ၌ အလွန်ကြွယ်ဝစွာ ရှိနေသော ကုန်ကြမ်းများ အပါအဝင် ကုန်ကြမ်းများကို တရုတ်ထံမှ မည်သို့ အကြီးအကျယ် တင်သွင်းနေရသည်ကို အသေးစိတ် ဖော်ပြထားသည်။ သန့်စင်ထုတ်လုပ်နိုင်မှု မရှိခြင်းနှင့် အဆင့်မြင့် လက်နက်ကိရိယာများနှင့် အစိတ်အပိုင်းများကို ထုတ်လုပ်သည့် စွမ်းရည်မရှိခြင်းတို့သည် ကပစ စက်ရုံများကို ဆက်လက် အခြေအနေဆိုးရွားနေစေသည်။
ဂျာမနီ၊ ပြင်သစ်၊ အစ္စရေးနှင့် ထိုင်ဝမ်လုပ်ငန်းများမှ Computer Numerical Control (CNC) စက်များကို နှစ်ပေါင်းများစွာ ဝယ်ယူထားသောကြောင့် မော်တာများ၊ ဖျက်အားပြင်းသည့် အမြောက်ကြီးများ (၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်များနှင့် ၁၂၂ မမ အလိုအလျောက်ပစ် ဟောင်ဝစ်ဇာအမြောက်များ)၊ ဒုံးကျည်များနှင့် ဒုံးကျည်ပစ်လက်နက်များ အပါအဝင် လက်နက်ငယ်များ ထုတ်လုပ်သည့်စွမ်းရည်ကို တိုးတက်စေခဲ့သော်လည်း ကပစ၏ နည်းပညာ ကျွမ်းကျင်မှုသည် အခြားလက်နက်များကို ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
မည်သို့ဆိုစေကာမူ ထိုပြည်တွင်းလက်နက် ထုတ်လုပ်မှုစွမ်းရည်သည် ယခု ၂ နှစ်ကြာ ပြည်တွင်းစစ်က ပြသခဲ့သည့်အတိုင်း အမျိုးမျိုးသော အတိုက်အခံများကို စစ်ဆင်ရေး အရှိန်အဟုန် ဆက်လက်ထိန်းသိမ်းထားရန် လုံလောက်နေသည်။ အထက်ပါ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည့်အတိုင်းဆိုပါက “တိုင်းပြည်တွင်းတွင် လက်နက်ထုတ်လုပ်နိုင်သည့် စွမ်းရည်သည် မြန်မာစစ်တပ်အတွက် ဂုဏ်ယူစရာ အရေးပါသော ရင်းမြစ်ဖြစ်နေပြီး နိုင်ငံညီညွတ်ရေးနှင့်တည်ငြိမ်မှုကို ခြိမ်းခြောက်မှုဟု မြင်သောကိစ္စများတွင် အရေးပါသည်ဟု စစ်တပ်ဖွဲ့ဝင်များနှင့် ထောက်ခံသူများက သတ်မှတ်ကြသည်” ဟု သိရသည်။
ကပစပေါင်း ၂၅ ခု၏ တည်နေရာအတိအကျများကို ထိုအစီရင်ခံစာတွင် ဖော်ပြထားပြီး အများစုသည် မကွေးတိုင်းတွင်ရှိကာ ပဲခူး၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းများတွင်လည်း ရှိသည်။ ထိုနေရာများသည် ကားလမ်းများ၊ မြစ်များ၊ ရထားလမ်း စသည့် အဓိက သယ်ယူပို့ဆောင်ရေး လမ်းဆုံများတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီအထိ ကာလကြာမြင့်ပြီဖြစ်သော ပဋိပက္ခဇုန်များနှင့် သီးခြားတည်ရှိနေသည်။ သို့သော် ယခုအခါ ထိုသို့မဟုတ်တော့ဘဲ အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခမှ အညာစစ်မျက်နှာသည် ထိုစက်ရုံများနှင့် နီးကပ်စွာ တည်ရှိနေသည်။
မြန်မာစစ်တပ်သို့ လက်နက်အစိတ်အပိုင်းများ ရောင်းချသည်ဟုဆိုသည့် ပြည်ပလုပ်ငန်းများကို ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုလုပ်ငန်းများတွင် အစ္စရေးစစ်ဘက် စက်မှုလုပ်ငန်းက STK 50MG စက်သေနတ်များ ထုတ်လုပ်ခွင့်လိုင်စင် ချထားပေးသည်။ အိန္ဒိယလုပ်ငန်း Tonbo Imaging က “Ek” thermal imaging အပူဖြင့်ပုံဖော်သည့် ကိရိယာများရောင်းချသည်။ China Aerospace Science and Technology Corporation (CASC) က CH-4 မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ထုတ်လုပ်သည့်နည်းပညာ ရောင်းချသည်။ စင်ကာပူမှ ST Kinetics နှင့် ယူကရိန်း လုပ်ငန်းများဖြစ်သော Ukroboronprom နှင့် Ukrspecexport တို့လည်း ပါဝင်နေသည်။
မည်သို့ဆိုစေကာမူ ထိုပြည်တွင်းလက်နက် ထုတ်လုပ်မှုစွမ်းရည်သည် ယခု နှစ်နှစ်ကြာ ပြည်တွင်းစစ်က ပြသခဲ့သည့်အတိုင်း အမျိုးမျိုးသော အတိုက်အခံများကို စစ်ဆင်ရေး အရှိန်အဟုန် ဆက်လက်ထိန်းသိမ်းထားရန် လုံလောက်နေသည်။
ကုန်ကြမ်းတင်သွင်းရန် အဓိကကျသော လုပ်ငန်းများတွင် Norinco (သံ၊ အလူမီနီယံ၊ ကြေးဝါ)၊ Myanmar New Power Group (အလူမီနီယံ နိုက်ထရိတ်)၊ Mottoma Holdings Limited ၊ Suntac Technologies နှင့် စင်ကာပူမှ STE Global Trading Pte Ltd တို့ ပါဝင်ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာသည် လျှို့ဝှက်သုတေသနအဖွဲ့ဖြစ်သော Justice for Myanmar ကို အကြီးအကျယ် အားကိုးသည်။ ထိုအဖွဲ့သည် စစ်တပ်အတွင်းမှ ရရှိသော အသေးစိတ် ကျိုးကြောင်းဆီလျော်မှု အရှိဆုံး ပေါက်ကြားမှုများကို ဖော်ထုတ်နိုင်ခဲ့သည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။
ထိုကဲ့သို့သော အစီရင်ခံစာများတွင် လုပ်လေ့ရှိသည့်အတိုင်း သာမန်ယူဆချက်များ၊ သတိပေးချက်များကို ဖော်ပြခြင်းမဟုတ်ဘဲ ယခု အစီရင်ခံစာသည် အခိုင်အမာ အတည်ပြုထားပြီးဖြစ်သော သတင်းအချက်အလက်များ၊ ဆက်စပ်မှုအသစ်များနှင့် ဂရုတစိုက်ချထားသည့် ကောက်ချက်များကို အသေးစိတ်ရောနှောပြီး အဓိကအချက်များတွင် ဆက်လက် သုတေသနပြုရမည့် နယ်ပယ်များကိုလည်း ဖော်ပြထားသည်။ သေချာသောအချက်မှာ ထိုအစီရင်ခံစာသည် ကပစအကြောင်း အတိအကျဖော်ပြထားခြင်း မဟုတ်သော်လည်း ကြိုဆိုရမည့် ပထမဆုံး ထိုးနှက်ချက်သာဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ယခုအစီရင်ခံစာသည် ကပစ စက်ရုံများ၊ ကုန်ထုတ်လုပ်ရန် ပံ့ပိုးနေပြီး နိုင်ငံအများအပြားတွင် တည်ရှိသည့် များပြားလှသော တရားစီရင်ပိုင်ခွင့်များအောက်မှ လွန်စွာရှုပ်ထွေးပြီး အလွှာလိုက်ရှိနေသော လိုင်စင်ပေးသူများ၊ ကုန်ကြမ်းပေးသူများ၊ ထုတ်လုပ်သူများနှင့် ဖြန့်ချိသူများစသည့် အစိုးရနှင့်ပုဂ္ဂလိက ကုမ္ပဏီများ၏ ကွန်ရက်အပေါ်ယံမျှကို တူးဆွခြင်းဖြစ်သည်ဟု SAC-M က ကောက်ချက်ချထားသည်။
ထိုအစီရင်ခံစာမှ အသေးစိတ်များသည် မီးခိုးထွက်နေသော သေနတ်ပြောင်းတခုသာ။ သို့သော် ကုန်စည်ပံ့ပိုးသည့် ကွင်းဆက်များကို ပိတ်ပင်ခြင်းနှင့် ထုတ်လုပ်သည့် နေရာများကို ဟန့်တားခြင်းသည် အရေးပါသော အားထုတ်မှုဖြစ်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် လက်နက်ရောင်းချမှုပိတ်ပင်ခြင်း ဖြစ်လာမည်ဟု ယူဆမည်ဆိုလျှင်ပင် အလဲထိုးနိုင်လိမ့်ဦးမည် မဟုတ်ပေ။ သို့သော် စစ်တပ်၏ စွမ်းရည်များ ရေရှည်တွင် ထိခိုက်အောင် လုပ်ရာတွင် အကျိုးပြုနိုင်သည်။
သေဆုံးမှုအရေအတွက်၊ သိမ်းပိုက်မိသော စခန်းအရေအတွက်၊ သုံ့ပန်းအရေအတွက်၊ လက်ဖြောင့်တပ်သားက အရာရှိများကို ပစ်ခတ်ခြင်း၊ သိမ်းပိုက်မိသော လက်နက်ခဲယမ်း၊ တိုးမြှင့်လာသည့် လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်၊ လေယာဉ်ဆီရရှိမှု လျှော့ချခြင်း၊ စစ်ဆင်ရေးဒေသ တိုးချဲ့ခြင်း စသည့် ပဋိပက္ခနှင့်ပတ်သက်သည့် စာရင်းများသည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံကား တည်ဆောက်ရေးအတွက် အရေးပါသော်လည်း သီးခြားခွဲထားပြီး အဓိကအပြောင်းအလဲအတွက် ထူးခြားသောလမ်းကြောင်းအဖြစ် တင်ပြခြင်းသည် လမ်းကြောင်းလွဲစေသည်။
ကပစ၏ စွမ်းရည်ကို ရုပ်သိမ်းရေး ဘက်စုံစီမံကိန်းအတွက် ညီညွတ်ရေးတပ်ဦး သေနင်္ဂဗျူဟာ လိုအပ်သော်လည်း NUG သည် ထိုသို့သောအားထုတ်မှုကို ညှိနှိုင်းရန် သို့မဟုတ် ဖော်ထုတ်နိုင်သောစွမ်းရည် မရှိဖြစ်နေပုံရသည်။
စစ်ကောင်စီဆန့်ကျင်ရေး ကျယ်ပြန့်သောလှုပ်ရှားမှုကို ထိရောက်စွာ ထိန်းချုပ်ရေးဆိုင်ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက လမ်းလွဲစေသည့် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ယခု ကပစ အစီရင်ခံစာသည် SAC-M ၏ အဆင့်အတန်းကို ပြန်လည်မြင့်မားစေသည်။ ထိုစဉ်က အစီရင်ခံစာတွင် စစ်ကောင်စီသည် နိုင်ငံ၏ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ပြီး NUG နှင့် ခုခံတော်လှန်ရေး အင်အားစုများက နိုင်ငံ၏ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဆိုသည့် လက်မခံနိုင်စရာ NUG ၏ ဗြောင်ကျသော ဝါဒဖြန့်ချိမှုကို ဖော်ပြထားသည်။
မြန်မာတနိုင်ငံလုံးမှ ကာလကြာမြင့်စွာ ခံစားနေရသော ပြည်သူများသို့ မှားယွင်းသော မျှော်လင့်ချက်များကို ရောင်းချသည့် တာဝန်မဲ့သော စီမံကိန်းတခုသာဖြစ်ပြီး ထိုပြောကြားချက်များကို ဝေဖန်စမ်းစစ်မှုမရှိဘဲ ထောက်ခံသည့် အတွေးအခေါ်မရှိသော နိုင်ငံတကာအဖွဲ့အစည်းများမှ လူများကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေသည်။
၂၀၂၂ ခုနှစ် နှစ်လယ်က အောင်ပွဲနီးကပ်လာပြီဆိုသည့် တွစ်တာတွင် ရေးသားမှုများနှင့် ဝါရှင်တန် ဒီစီအခြေစိုက် သုတေသနလုပ်ငန်းတခုက စစ်တပ်သည် ပြိုကွဲတော့မည့် နောက်ဆုံး အခြေအနေ ရောက်နေသည်ဆိုသည့် ပြောဆိုချက်များ ရှိသော်လည်း စစ်တပ်ကို ဖြုတ်ချရန် လျှောက်လှမ်းရမည့် ရှည်လျားသော ခရီးတခု ရှိနေသေးသည်။
အနောက်နိုင်ငံများသည် ခုခံတော်လှန်ရေး အင်အားစုများကို လက်နက်တပ်ဆင်ပေးမည့်အစား အစိုးရထိန်းချုပ်သည့် ကုမ္ပဏီမှဖြစ်စေ၊ ပုဂ္ဂလိက ကုမ္ပဏီများမှဖြစ်စေ ကပစကို ပံ့ပိုးမှုများ ရပ်ဆိုင်းရန် ထိုင်ဝမ်၊ ယူကရိန်း၊ အစ္စရေးနှင့် စင်ကာပူမှ မဟာမိတ်များကို ဖိအားပိုမိုပေးနိုင်သည်။
နိုင်ငံများသည် ကပစသို့ အထောက်အပံ့များ စီးဆင်းမှု အပြင်းအထန် ထိခိုက်စေရန် နိုင်ငံရေးဖိအား သို့မဟုတ် ထောက်လှမ်းရေးစွမ်းရည် ပေးနိုင်သည်။ အနောက်တိုင်း အကူအညီများသည် တော်လှန်ရေးကို INGO ပုံစံသွင်းခြင်းအား ရှောင်ရှားနိုင်ပြီး ကပစ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို ဖော်ထုတ်ရန်နှင့် တားဆီးရန် ပိုမိုထိရောက်သောနည်းလမ်း ရှာဖွေပေးနိုင်သည်။
SAC-M ၏ ယခုအစီရင်ခံစာက နိုင်ငံတကာအရေးယူဆောင်ရွက်မှု ပြတ်ပြတ်သားသား တောင်းဆိုသည့်ပုံစံ ရေးသားထားပြီး အခြေအနေကို ဖော်ထုတ်အကူအညီပေးရန်ဟု မှတ်ယူနိုင်သည်။ ထို့ပြင် အလှူရှင်ကျေနပ်စေမည့် ခမ်းနားသော သရုပ်ခွဲ လေ့လာမှုများမှသည် စစ်တပ်၏ လက်နက်ထုတ်လုပ်မှု စွမ်းရည်ကို ထိခိုက်စေရန် ပြည်တွင်း တော်လှန်ရေး အင်အားစုများအတွက် ခိုင်မာသော ထောက်လှမ်းရေးသတင်းပေးရေးဆီသို့ ပြောင်းလဲသွားခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာဖိအားသည် တန့်နေပြီဖြစ်သည်။ တိုက်ပွဲကို ပြည်တွင်းထောက်ခံမှု ရေရှည်ခိုင်မာစေရန် မြှင့်တင်ရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် နည်းလမ်းကို နောက်ထပ် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲတွင်ဖြစ်စေ၊ ဒေသအုပ်ချုပ်ရေးအတွက် နောက်ထပ်ရန်ပုံငွေ ထောက်ပံ့မှုတွင်ဖြစ်စေ ရှာတွေ့မည်မဟုတ်ပေ။ ထိုနည်းလမ်းမှာ စစ်တပ်က အရှုံးပေးလာသည်အထိ စစ်တပ်နှင့် ၎င်း၏ထောက်ပံ့ရေးစနစ်များကို အဆက်မပြတ် ပစ်မှတ်ထားခြင်းသာ ဖြစ်သည်။
(Asia Times မှ David Scott Mathieson ၏ Targeting Myanmar’s factories of death ကို ဘာသာပြန် ဖော်ပြသည်။ David Scott Mathieson သည် မြန်မာဆိုင်ရာ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
ပါကစ္စတန်မှာ လက်နက်ဝယ်ဖို့ မြန်မာစစ်တပ်ကို တရုတ်လမ်းကြောင်းနေသလား
မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို