ထုံးစံအတိုင်း နှစ်သစ်ကူးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဥက္ကဋ္ဌသစ်ကို ကြိုဆိုသည်။ အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို “ဂျိုကိုဝီ” ဝီဒိုဒိုသည် နိုဝင်ဘာလက ဖနွမ်ပင်တွင် ကျင်းပသည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် ASEAN ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲတွင် ASEAN ဥက္ကဋ္ဌရာထူး လွှဲပြောင်းသည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သူသည် “စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကြ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ASEAN ကို ဦးဆောင်ခဲ့သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ထံမှ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်း လက်ခံသည်။
အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌတာဝန်ယူသည့် ကာလအတွက် ဆောင်ပုဒ်မှာ “ASEAN သည် အရေးပါသော တိုးတက်မှု၏ ဗဟိုချက်” ဖြစ်သည်။ အင်ဒိုနီးရှားသည် ASEAN ၏ အင်စတီကျူးရှင်းစွမ်းရည်နှင့် ထိရောက်မှု တောင့်တင်းကြံ့ခိုင်စေပြီး ကမ္ဘာ့တည်ငြိမ်မှု ထိန်းသိမ်းပေးကာ နိုင်ငံတကာဥပဒေစိုးမိုးရေး အဖွဲ့အစည်းတခု ဖြစ်လာရေးကို အာရုံစိုက်မည်ဖြစ်သည်။
ကမ္ဘောဒီးယား ၂၀၂၂ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
ASEAN ၏ ဆောင်ပုဒ်အသစ်သည် ကမ္ဘောဒီးယား ဥက္ကဋ္ဌတာဝန်ယူစဉ်က ဆောင်ပုဒ်နှင့် တူညီမှုများ ရှိသည်။ ကမ္ဘောဒီးယားသည် ဒေသတွင်း ရင်ဆိုင်နေရသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို စုပေါင်း ဆောင်ရွက်မှုဖြင့် ကိုင်တွယ်ဖြေရှင်းရေး ဖြစ်သည်။ ထိုစိန်ခေါ်မှုများတွင် ကိုဗစ်နိုင်တင်း ကပ်ရောဂါ၊ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား အဓိကအားပြိုင်မှု၊ လက်ရှိဖြစ်ပေါ်နေသည့် ရေကြောင်းနှင့် ပိုင်နက်အငြင်းပွားမှုများနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များဖြစ်သည်။ ကမ္ဘောဒီးယား ASEAN ဥက္ကဋ္ဌတာဝန်ယူသည့် အချိန်ကို ပြန်ကြည့်ပါက ထိုစိန်ခေါ်မှုများကို မဖြေရှင်းရသေးကြောင်းတွေ့ရသည်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းသောကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာတွင်လည်း ASEAN သည် တိုးတက်မှု မရှိသလောက်ပင်ဖြစ်နေသည်။ အခြား ASEAN အဖွဲ့ဝင်များက အယုံအကြည် မရှိသော်လည်း မစ္စတာ ဟွန်ဆန်သည် ကနဦးတွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလိုသည်။ ထိုမူဝါဒသည် အောင်မြင်မှု မရှိသလောက်ပင်ဖြစ်ပြီး ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ် မတိုးတက်သရွေ့ မြန်မာဗိုလ်ချုပ်များကို ASEAN အစည်းအဝေးများမှ ပိတ်ပင်ထားရန်သာ ဖြစ်စေခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းသောကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာတွင်လည်း ASEAN သည် တိုးတက်မှု မရှိသလောက်ပင်ဖြစ်နေသည်။
သံတမန်ရေးအရ အခြားအားထုတ်မှုများတွင်လည်း မစ္စတာ ဟွန်ဆန်သည် နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးမှ သီးခြားအစည်းအဝေးတခုတွင် ရုရှားနှင့်ယူကရိန်းအကြား ကြားဝင် စေ့စပ်ပေးမည်ဟု ကမ်းလှမ်းသည်။ ထိုသို့ကြိုးစားရာတွင် ယူကရိန်း သမ္မတ မစ္စတာ ဗိုလိုဒီမာ ဇယ်လန်းစကီးကို ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန်း ပြောကြားစေရန် တောင်းဆိုမှု ပါဝင်သည်။
ASEAN ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဂုဏ်သတင်းမြှင့်တင်ရန် ထိုကြိုးစားမှုများသည် ရုရှားသမ္မတ မစ္စတာ ပူတင်က ASEAN ထိပ်သီးဆွေးနွေးပွဲနှင့် တပြိုင်နက် ကျင်းပနေသည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရန် ဖနွမ်ပင်သို့ လာရေး ငြင်းဆန်သောကြောင့် မအောင်မမြင်ဖြစ်ရသည်။ သမ္မတ ဇယ်လန်းစကီး မိန့်ခွန်းပြောမည့် အစီအစဉ်မှာလည်း ASEAN အဖွဲ့ဝင်များအကြား ဘုံသဘောတူညီချက် မရသောကြောင့် ပယ်ဖျက်ရသည်။ သို့သော် ယူကရိန်းသည် ASEAN ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ASEAN နှင့် နိုင်ငံရေးဆက်ဆံမှု မြှင့်တင်လိုက်သောကြောင့် နှစ်သိမ့်စရာဖြစ်ခဲ့သည်။
တရုတ်နှင့် ASEAN အဖွဲ့ဝင်များအကြား တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ အတည်ပြုရန် အားထုတ်မှုများသည်လည်း ၂၀၂၂ ခုနှစ်တွင် ဆက်လက် တုံ့ဆိုင်းနေသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ထိုအငြင်းပွားမှုကို ASEAN ကြေညာချက်များတွင် မထည့်သွင်းရန် ပိတ်ဆို့ခဲ့ပြီး အထူးသဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ပိတ်ဆို့သည်။ ထိုအငြင်းပွားမှုများသည် နှစ်နိုင်ငံကိစ္စများသာဖြစ်၍ ပိုင်နက်တောင်းဆိုသည့် နိုင်ငံများအချင်းချင်းသာ ဖြေရှင်းသင့်ပြီး ASEAN တခုလုံး အနေဖြင့် မဖြေရှင်းသင့်ဟု ကမ္ဘောဒီးယားက ထိုစဉ်က ပြောကြားခဲ့သည်။
ထိုအငြင်းပွားမှုနှင့် ပတ်သက်သည့် ကမ္ဘောဒီးယား၏ သမိုင်းဝင် ရပ်တည်ချက်နှင့် တရုတ်နှင့်နီးကပ်သော ဆက်ဆံရေးကြောင့် ကမ္ဘောဒီးယားက ထိုကိစ္စတွင် ဆုံးဖြတ်ချက်ချရာတွင် ဦးဆောင်မည့် အလားအလာမရှိပေ။ သို့သော် နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲတွင်မူ အထက်ပါကျင့်ဝတ် အပြီးသတ်ရေး အကန့်အသတ်ဖြင့် တိုးတက်မှုများ ဖြစ်လာခဲ့သည်။
အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်ယူ
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နိုင်ငံ ၂၀ အဖွဲ့ (G-20) ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်ပြီးနောက် အင်ဒိုနီးရှားက ASEAN ဥက္ကဋ္ဌ တာဝန်ယူခြင်းဖြစ်သည်။ ရုရှား-ယူကရိန်း စစ်ပွဲနှင့် ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်သည့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများအပါအဝင် ဥက္ကဋ္ဌရာထူးအတွက် အခက်အခဲ အတားအဆီးများ ရှိခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားသည် အိမ်ရှင်အဖြစ် ထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြီး ထိုထိပ်သီးဆွေးနွေးပွဲတွင် အနာဂတ် ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ဝင်ငွေနည်းနှင့် အလယ်အလတ် နိုင်ငံများကို ထောက်ပံ့ရေး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိသည့် ကပ်ရောဂါ ရန်ပုံငွေကို ထူထောင်နိုင်ခဲ့သည်။
ထိုဖြစ်ရပ်သည် သမ္မတ ဂျိုကိုဝီ၏ ဦးဆောင်မှုအတွက် သံတမန်ရေး တွန်းအားကို ဖြစ်စေသည်။ အင်ဒိုနီးရှားသည် ထိုသို့သောအောင်မြင်မှုမျိုးကို ASEAN ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်တွင်လည်း ထပ်မံ လုပ်ဆောင်နိုင်မည်ဆိုသည့် မျှော်လင့်ချက်များ မြင့်မားနေသည်။
အင်ဒိုနီးရှားတွင် ယခင် ASEAN ခေါင်းဆောင်များတွင် မရှိသည့် နိုင်ငံရေးဩဇာ အဆင့် တစုံတရာရှိသည်။ အင်ဒိုနီးရှားသည် ASEAN ကို စတင်တည်ထောင်သည့် နိုင်ငံ ၅ နိုင်ငံအနက် တနိုင်ငံဖြစ်ပြီး ASEAN ၏ ခေါင်းဆောင်အဖြစ် မကြာခဏ မှတ်ယူခံရသည်။ အင်ဒိုနီးရှားသည် ကိုဗစ်နိုင်တင်းကပ်ရောဂါ အရှိန်လျှော့သွားပြီးနောက် ခိုင်မာသော စီးပွားရေးတိုးတက်မှုကို ပြသနိုင်သည့် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်သည်။ G-20 သည် အင်ဒိုနီးရှားအတွက် ဒေသတွင်း အင်အားကြီးနိုင်ငံအဆင့်မှ နိုင်ငံတကာအဆင့် တက်လှမ်းမည့် အားထုတ်မှုဖြစ်သည်။ ASEAN ဒေသတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို မစ္စတာ ဂျိုကိုဝီ ကိုင်တွယ်လိုလျှင် ထိုအချက်သည် အရေးပါမည်ဖြစ်သည်။
အင်ဒိုနီးရှားတွင် ယခင် ASEAN ခေါင်းဆောင်များတွင် မရှိသည့် နိုင်ငံရေးဩဇာ အဆင့် တစုံတရာရှိသည်။ အင်ဒိုနီးရှားသည် ASEAN ကို စတင်တည်ထောင်သည့် နိုင်ငံ ၅ နိုင်ငံအနက် တနိုင်ငံဖြစ်ပြီး ASEAN ၏ ခေါင်းဆောင်အဖြစ် မကြာခဏ မှတ်ယူခံရသည်။
နိုဝင်ဘာလက ဖနွမ်ပင်တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် ဂျိုကိုဝီသည် ထိုစိန်ခေါ်မှုများကို ရည်ညွှန်းပြောကြားခဲ့သည်။ ASEAN သည် “တောင့်တင်းကြံ့ခိုင်၊ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် စီးပွာရေးတိုးတက်သော ဒေသတခုဖြစ်ရမည်” ဟု ၎င်းကပြောသည်။ “လက်ရှိ ပထဝီနိုင်ငံရေးစနစ်သည် မိမိတို့ဒေသအတွင်း စစ်အေးတိုက်ပွဲသစ်ဖြစ်စေရန် ခွင့်မပြုသင့်ကြောင်း” လည်း သူကပြောသည်။ ထို့ကြောင့် ကိုဗစ်နိုင်တင်းမှ ASEAN ၏ စီးပွားရေးနာလန်ထရေးနှင့် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် တင်းမာမှုများမှ လမ်းကြောင်းရှာထွက်ရေးသည် ၂၀၂၃ ခုနှစ်အတွက် သူ၏ အစီအစဉ်များတွင် ထိပ်ဆုံးမှ ပါဝင်မည်ဆိုသည့်သဘော သက်ရောက်နေသည်။
အင်ဒိုနီးရှားသည် မြန်မာအကျပ်အတည်းအတွက်လည်း အဖြေရှာရန် တာဝန်ပေးအပ်ခံရသည်။ ကမ္ဘောဒီးယားနှင့် နှိုင်းယှဉ်ပါက အင်ဒိုနီးရှားသည် မြန်မာစစ်ကောင်စီကို ပိုမိုဝေဖန်သည့် ရပ်တည်ချက်ရှိသည်။ နိုဝင်ဘာလ ASEAN ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပဋိပက္ခကို ဖြေရှင်းရန် ပျက်ကွက်သောကြောင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက စစ်ကောင်စီကို အပြစ်တင်သည်။ နောက်တလတွင် “ASEAN သည် မြန်မာစစ်ကောင်စီ ပြောသည်ကို လိုက်မည် မဟုတ်” ဘဲ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးအတွက် တခုတည်းသော လမ်းကြောင်းမှာ ဘုံသဘောတူညီချက် ၅ ချက်သာဖြစ်ကြောင်း ၎င်းကပြောသည်။
ထိုပဋိပက္ခကို ASEAN က ကိုင်တွယ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရေးအတွက် အထူးသံတမန်ရုံးကို ထူထောင်ရန် အစီအစဉ်ကို ယခု အပတ်အတွင်း အင်ဒိုနီးရှားအစိုးရက ကြေညာသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မစ္စတာ ဟွန်ဆန်နှင့်ယှဉ်ပါက ပိုမိုပြတ်ပြတ်သားသား ရပ်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။ အင်ဒိုနီးရှားသည် ထိုနည်းလမ်းအတွက် လိုအပ်သော ဒေသတွင်း ဘုံသဘောတူညီချက် ရ၊ မရကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
စစ်ကောင်စီနှင့် လက်ခံနိုင်သော ထိတွေ့ဆက်ဆံမှုအဆင့်သည် ASEAN အဖွဲ့ဝင်များအကြား ကွဲပြားနေကြောင်း ပြသနေသည်။
ထိုင်းနိုင်ငံသည် စစ်ကောင်စီ ဝန်ကြီးများနှင့် လွန်ခဲ့သောလက ဆွေးနွေးပွဲကျင်းပပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ နိုင်ငံခြားရေး ဝန်ကြီးများလည်း တက်ရောက်ကြသည်။ ကျန် ASEAN အဖွဲ့ဝင်နိုင်ငံများက ထိုဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များ စေလွှတ်ခြင်း မရှိသောကြောင့် စစ်ကောင်စီနှင့် လက်ခံနိုင်သော ထိတွေ့ဆက်ဆံမှုအဆင့်သည် ASEAN အဖွဲ့ဝင်များအကြား ကွဲပြားနေကြောင်း ပြသနေသည်။
ASEAN ခေတ်နှင့်အညီ ရှိရေးအတွက် စိန်ခေါ်မှုများ
အမေရိကန်နှင့် တရုတ်၏ ကြီးထွားနေသော မဟာအားပြိုင်မှုတွင် ASEAN ကြားနေရေး ရပ်တည်မှုကို အင်ဒိုနီးရှား ထိန်းသိမ်းထားနိုင်ခြင်း ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရသေးပေ။ ASEAN အဖွဲ့ဝင်များသည် ထိုအင်အားကြီး ပြိုင်ဆိုင်မှုတွင် ပိုမိုဆွဲသွင်းခံလာနေရသည်။ နိုဝင်ဘာလက G-20 ထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပသည့် အစည်းအဝေးတခုတွင် အမေရိကန် ကာကွယ်ရေး အကြီးအကဲများက အင်ဒိုနီးရှား အရာရှိများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာ လွိုက် အော်စတင်က လိုက်ဖက်ညီ လှုပ်ရှားနိုင်မှုနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးကို ထိုအစည်းအဝေးအတွင်း ဆွေးနွေးသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက လိုက်နာရန်လိုသည့် မည်သည့်သဘောတူညီချက်အတွင်းသို့မျှ ဆွဲသွင်းမခံဘဲ “အင်ဒိုနီးရှားသည် နိုင်ငံအားလုံးနှင့် အကောင်းဆုံးဆက်ဆံရေး ထိန်းသိမ်းထားရန် ကြိုးစားသည့် သဘောထားကို အမြဲ ဆုပ်ကိုင်ထားကြောင်း” ပြောသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် အင်ဒိုနီးရှား၏ ထုံးတမ်းစဉ်လာ ဘက်မလိုက်ရေး သဘောထားသည် ပြိုင်ဘက် အမေရိကန်နှင့်တရုတ်တို့က ဒေသတွင်း မဟာမိတ်များ ရရှိရန် ကြိုးစားသောအခါ ဖိအားပိုမိုခံရမည့် အလားအလာရှိနေသည်။
ASEAN သည် ၂၀၂၃ ခုနှစ်အတွင်းနှင့် နောက်ပိုင်းတွင် ခေတ်စနစ်နှင့်အညီ ဆက်လက်ရှိနေလိုပါက အဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းတွင် ရိုက်ခတ်နေသည့် ပြဿနာများကို အဖြေရှာရန် အတူတကွ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာ လူသားချင်းစာနာမှု အကျပ်အတည်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး၊ ကိုဗစ်ကပ်လွန် စီးပွားရေးနာလန်ထရေးအတွက် ညှိနှိုင်းရေး၊ တောင်တရုတ်ပင်လယ်ကျင့်ဝတ်ကို သဘောတူရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေးတို့ ပါဝင်သည်။ ထိုစိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် ASEAN ၏ ညံ့ဖျင်းသော မှတ်တမ်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် အချက်အခြာဖြစ်ရေးဆိုသည့် ASEAN ပြောဆိုချက်ကို ထိခိုက်စေသည်။
ASEAN သည် ၂၀၂၃ ခုနှစ်အတွင်းနှင့် နောက်ပိုင်းတွင် ခေတ်စနစ်နှင့်အညီ ဆက်လက်ရှိနေလိုပါက အဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းတွင် ရိုက်ခတ်နေသည့် ပြဿနာများကို အဖြေရှာရန် အတူတကွ လုပ်ဆောင်ရမည်ဖြစ်သည်။
ထိုသို့ဖြစ်ပါက Quad လေးနိုင်ငံမဟာမိတ် (ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်) နှင့် AUKUS သုံးပွင့်ဆိုင် မဟာမိတ် (ဩစတြေးလျ၊ ဗြိတိန်၊ အမေရိကန်) ကဲ့သို့သော ပြင်ပမဟာမိတ်အဖွဲ့များကို တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့များသည် ဒေသတွင်း လုံခြုံမှုမြှင့်တင်ရန် ၎င်းတို့၏ အားထုတ်မှုများတွင် ASEAN ကို လုံးဝဖယ်ထုတ်ထားသည်။ ထို့ကြောင့် ASEAN ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှား၏တာဝန်မှာ ယုံကြည်အားထားနိုင်သော ဒေသတွင်းအဖွဲ့အစည်း ဖြစ်ရေးအတွက် အဖွဲ့၏ အခန်းကဏ္ဍကို ကျစ်လစ်ခိုင်မာစေရန် ASEAN အတွင်း သဘောထားကွဲလွဲမှုများကို ဖြတ်ကျော်ရေးဖြစ်သည်။
(The Diplomat မှ Laura Southgate ၏ Indonesia’s ASEAN Chairmanship: Promoting ASEAN Relevance in 2023? ကို ဘာသာပြန်သည်။ ဒေါက်တာ လော်ရာ ဆော့သ်ဂိတ်သည် ဗြိတိန်နိုင်ငံ၊ အက်စ်တွန် တက္ကသိုလ်မှ နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ကထိကဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင်း လုံခြုံရေး၊ ဒေသဆိုင်ရာဝါဒ၊ နိုင်ငံတကာ ဆက်ဆံရေးတို့ကို အထူးပြုသည်။ သူ၏ “ASEAN Resistance to Sovereignty Violation: Interests, Balancing and the Role of the Vanguard State” စာအုပ်ကို ဘရစ်စတို တက္ကသိုလ် ပုံနှိပ်တိုက်က ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေထားသည်။)
You may also like these stories:
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်
ASEAN အနာဂတ် မြန်မာ စိန်ခေါ်နေဟု စင်ကာပူ ပြော