လွန်ခဲ့သော ၁၁ လ မော်စကိုက ယူကရိန်းကို အပြည့်အဝ ကျူးကျော်စဉ်မှ စတင်ပြီး သဘောတရား သက်သက်ဖြင့် လေ့လာသူများသာမက မြေပြင်အခြေအနေကို အခြေခံလေ့လာသူများကပါ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် အောင်ပွဲတစုံတရာရသည်ဟု ဂုဏ်ယူပြီး သူ့တပ်များ ပြန်လည် ရုပ်သိမ်းသွားနိုင်စေရန် လမ်းကြောင်းလွှဲပေးသင့်၊ မပေးသင့် စဉ်းစားခဲ့ကြသည်။
ထိုသို့ လုပ်ဆောင်ပါက စစ်ပွဲအလျင်အမြန် အဆုံးသတ်သွားပြီး တင်းမာမှု ပိုမိုမြင့်မားခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ယင်းအယူအဆကို ထောက်ခံသူများက ပြောသည်။ ထိုအယူအဆကို လက်မခံသူများကမူ ထိုသို့လုပ်ဆောင်ခြင်းသည် ပူတင်ကို တရားမဝင်ကျူးကျော်မှုအတွက် ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့လမ်းဖွင့်ပေးခြင်းကို ယူကရိန်း၏ မဟာမိတ်များက ဆုံးဖြတ်ပါက ယူကရိန်းအနေဖြင့် စစ်ရေးအရ ပြန်လည်သိမ်းပိုက်နိုင်သည့် နယ်မြေများကို ရယူခွင့် ဆုံးရှုံးစေမည်ဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သော နှစ်နှစ်က အာဏာသိမ်းခဲ့သည့် မြန်မာစစ်ကောင်စီသို့ လမ်းလွှဲပေးရန် အကြံပြုပုံရသည့် အင်ဒိုနီးရှား အဆင့်မြင့်အရာရှိတဦးပြောသည့် စကားကို နားထောင်ကြည့်ပါ။ အင်ဒိုနီးရှား ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး မစ္စတာ လူဟတ် ပန်ဂျိုင်တန်က ထိုကိစ္စကို ယခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ တာဝန်ယူသည့် အင်ဒိုနီးရှားနိုင်ငံတွင် ဆွေးနွေးနေကြောင်း ပြောသည်။
လွန်ခဲ့သော နှစ်နှစ်က အာဏာသိမ်းခဲ့သည့် မြန်မာစစ်ကောင်စီသို့ လမ်းလွှဲပေးရန် အကြံပြုပုံရသည့် အင်ဒိုနီးရှား အဆင့်မြင့်အရာရှိတဦးပြောသည့် စကားကို နားထောင်ကြည့်ပါ။
“အစိုးရကို ဦးဆောင်တဲ့ စစ်တပ်တွေ အများကြီး ရှိတယ်။ အရည်အချင်းမမီရင် ဘာကြောင့် သမ္မတလုပ်မှာလဲ” ဟု မစ္စတာ လူဟတ်က ယခုလအတွင်း ဒါဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်သည်။ “အင်ဒိုနီးရှားမှာ လုပ်ခဲ့သလိုပဲ နိုင်ငံကို စီမံဖို့ အရည်အချင်းမီသူ တယောက်ယောက်ကို လွှဲပေးသင့်တယ်” ဟု သူက ဆက်လက်ပြောကြားသည်။
မစ္စတာ လူဟတ်၏ အယူအဆနှင့် ပတ်သက်ပြီး ဆီဘက်ရှန် စထရန်ဂျီယိုက The Diplomat စာစောင်တွင် ခွဲခြမ်းစိတ်ဖြာလေ့လာမှု ကောင်းစွာ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် မတိကျသည့် အင်ဒိုနီးရှားနိုင်ငံနှင့် ပုံတူဆွဲ တင်ပြချက်ကို သရုပ်ခွဲလေ့လာသည်။ သို့သော် မစ္စတာ လူဟတ် လူသိရှင်ကြားပြောကြားခဲ့သောအချက်သည် အာရုံစိုက်ရမည့် အချက်ဖြစ်သည်။ စစ်ကောင်စီကို အစားထိုးရန် တောင်းဆိုခြင်း မရှိဘဲ စစ်ကောင်စီက ဆန္ဒအလျောက် အာဏာစွန့်လွှတ်ရန်ကိုသာ တောင်းဆိုသည်။
မစ္စတာ လူဟတ်သည် မည်သို့ဆိုလိုသည်ကို မပြောလိုသော်လည်း စစ်တပ်ကို ထွက်ပေါက်လမ်း ဖွင့်ပေးစေလိုပုံရသည်။ မြန်မာစစ်တပ်သည် အာဏာကို နောက်ကွယ်မှ ပြန်ယူပြီး အစိုးရအဖွဲ့တွင် ပိုမိုကျွမ်းကျင်သည့် စစ်အရာရှိ မဟုတ်သူများကို တာဝန်လွှဲပေးရန်ဖြစ်သည်။ ထို့ပြင် သူ၏ပြောဆိုချက်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်ရိုက်ရည်ရွယ်ပုံ ရသည်။
မေးသင့်သော မေးခွန်းမှာ စစ်ကောင်စီခေါင်းဆောင် နုတ်ထွက်လျှင် (သို့မဟုတ် ထုတ်ပစ်ခံရလျှင်) ASEAN နှင့် ကျန်ကမ္ဘာက တမျိုးတဖုံ တုံ့ပြန်လာမည်လားဆိုသည့် မေးခွန်းဖြစ်သည်။ သမိုင်းသည် သူ့အလိုလို တပတ်လည်တတ်ပြီး (၂၀၁၀ ပြည့်နှစ်များက မြန်မာတွင် ဖြစ်တတ်သည့်အတိုင်း) မင်းအောင်လှိုင်ကို ပိုမို အလယ်အလတ်ကျသော၊ စစ်တပ်မှမဟုတ်သော ခေါင်းဆောင်တဦးဖြင့် အစားထိုးမည်ဆိုလျှင် နိုင်ငံတကာ အသိုက်အဝန်းက လက်ခံမည့် ပထမခြေလှမ်း ဖြစ်ပါသလားဆိုသည့် မေးခွန်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကြေညာခဲ့ပြီး နှစ်ကြိမ်သက်တမ်းတိုးခဲ့သည့် အရေးပေါ်အခြေအနေသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ စစ်ကောင်စီသည် အမည်ပြောင်းလဲနိုင်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိန်းချုပ်မှုကို ဆက်လက်ဆုပ်ကိုင်ထားမည် ဖြစ်သော်လည်း “အသွင်ကူးပြောင်းရေး ကောင်စီ” တခုကို ဖွဲ့စည်းနေပြီး ခေတ္တသမ္မတ ဦးမြင့်ဆွေ အာဏာပိုရလာမည်ဟု ဧရာဝတီသတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။ ခေတ္တသမ္မတ ဦးမြင့်ဆွေသည် စစ်အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်က ခေတ္တသမ္မတ ၉ ရက်လုပ်ဖူးသည့် စစ်ခေါင်းဆောင်တဦး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကြေညာခဲ့ပြီး နှစ်ကြိမ်သက်တမ်းတိုးခဲ့သည့် အရေးပေါ်အခြေအနေသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ စစ်ကောင်စီသည် အမည်ပြောင်းလဲနိုင်သည်။
“အသွင်ကူးပြောင်းရေး ကောင်စီ” သည် သဘောသဘာဝအရ စစ်တပ်မဆန်ဘဲ အရပ်သားဆန်ပါက ASEAN သည် များစွာ ပိုမိုခွင့်လွှတ်နိုင်ကြောင်း အချို့အရှေ့တောင်အာရှ အရာရှိများက စစ်ကောင်စီ အရာရှိများသို့ ပုဂ္ဂလိကအမြင်အဖြစ် ပြောကြားထားသည်ဟု စာရေးသူ စိတ်ကူးယဉ်လျှင် မှားနိုင်ပါသလား။ (ယခုလ အစောပိုင်းတွင် မစ္စတာ လူဟတ်က အထက်ပါ ပြောဆိုချက်ကို ပြောသောအခါ သူ၏စိတ်တွင် ထိုသို့သော စိတ်ကူးရှိနိုင်ပါသလား။)
ထိုဖြစ်ရပ်များအားလုံးသည် စစ်ကောင်စီက ယခုနှစ်တွင် သြဂုတ်လတွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပွားမည့် ဖြစ်ရပ်များဖြစ်သည်။ ပြည်သူက ဆုံးဖြတ်သည့် မည်သည့်ရလဒ်ကိုမဆို လက်ခံမည်ဟု စစ်ကောင်စီက ပြောသော်လည်း စစ်မှန်သော ဒီမိုကရေစီသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည့် အလားအလာမရှိသလို လွတ်လပ်မျှတသည့်ပုံစံဖြင့် ကျင်းပမည့် အလားအလာလည်း မရှိပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်” ကို ဖန်တီးပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုလအစောပိုင်းတွင် လိမ်လည်ခဲ့သည်။
မာရီကော်လာဟန်က Frontier Myanmar တွင် “ထို ဇာတ်ဝင်ခန်းသရုပ်ဖော်ခြင်း (ရွေးကောက်ပွဲ) သည် မည်သို့ဖြစ်လာသည်ဖြစ်စေ ထိုကိစ္စသည် စစ်တပ် ထိပ်တန်းခေါင်းဆောင်များအတွက် ‘ထွက်ပေါက် သေနင်္ဂဗျူဟာ’ မဖြစ်နိုင်သလို ငြိမ်းချမ်းရေးရရန် အားထုတ်မှုလည်း မဟုတ်ပေ” ဟု ရေးသားထားသည်။
ကော်လာဟန် ရေးသားသည့် အတိုင်းဆိုပါက မင်းအောင်လှိုင်သည် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ ထပ်ဖြစ်မည်ကိုလည်း စိုးရိမ်နေသည်။ ထိုစဉ်က စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီ အနိုင်ရသော်လည်း “လက်ရွေးစင် ဗိုလ်ချုပ် အနည်းငယ်က မမျှော်လင့်သော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသို့ မောင်းနှင်သွားခဲ့သည်။”
သို့သော် အလိမ်အညာ ရွေးကောက်ပွဲဖြင့် ကျားကန်ထားပေးသည့် စစ်တပ်ဆန်မှု အနည်းငယ်သာ လျှော့နည်းသွားသော အသွင်ကူးပြောင်းရေး ကောင်စီသည် ထွက်ပေါက်ဖြစ်သည်ဟု ပြည်ပအမြင်တွင် လက်ခံနိုင်ပါသလား။ စစ်ကောင်စီသည် အာဏာသိမ်းပြီး တလ၊ နှစ်လအတွင်း နိုင်ငံတဝန်း အာဏာချုပ်ကိုင်ရေးဆိုသည့် အဓိကပန်းတိုင်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ (သမ္မတ ပူတင်က ကိယက်ဗ်ကို ရက်ပိုင်းအတွင်း သိမ်းပိုက်ရန် မအောင်မြင်သကဲ့သို့ပင် ဖြစ်သည်)။ မင်းအောင်လှိုင်သည် အဆောင်အယောင် အခန်းကဏ္ဍမှ ပါဝင်ကောင်းပါဝင်နိုင်သည်။ အမည်သစ်ပြောင်းထားသည့် စစ်ကောင်စီသည် စစ်တပ်ဆန်မှု လျော့နည်းကောင်း လျော့နည်းသွားနိုင်သည်။
အလိမ်အညာ ရွေးကောက်ပွဲဖြင့် ကျားကန်ထားပေးသည့် စစ်တပ်ဆန်မှု အနည်းငယ်သာ လျှော့နည်းသွားနိုင်သော “အသွင်ကူးပြောင်းရေး ကောင်စီ” သည် မြန်မာ အာဏာသိမ်းစစ်တပ်အတွက် ထွက်ပေါက်ဟု ပြည်ပအမြင်တွင် လက်ခံနိုင်ပါသလား။
မြန်မာအကျပ်အတည်းကို ပိုမိုအလေးအနက်ထားပြီး စစ်ကောင်စီကို ပိုမိုပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု အင်ဒိုနီးရှားက ကတိပြုထားသော်လည်း ထိုအချက်သည် လတ်တလော ခန့်မှန်း ပြောဆိုသည့် သဘောသာ ဖြစ်နေသေးသည်။ ထိုလမ်းကြောင်းဘက်သို့ တစုံတရာဦးတည်သည့် လှုပ်ရှားမှု ရှိနိုင်သည်။
ယခုလအစောပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးသစ်ကို ထူထောင်လိုက်သည်။ သို့သော် အင်ဒိုနီးရှား (နှင့် မလေးရှား) သည် မြန်မာတွင် ဖြစ်ပွားနေသည်များကို လျစ်လျူရှုထားလိုသည့် အခြားအဖွဲ့ဝင်များ၏ ဆန္ဒကို ချိုးဖျက်ရန် ခက်ခဲမည်ဖြစ်သည်။ ASEAN အစိုးရအချို့က အလျင်စလို လက်ခံလိုသော သြဂုတ်လရွေးကောက်ပွဲ အပြီးတွင် ပိုမိုခက်ခဲမည်ဖြစ်သည်။
ASEAN နှင့် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံမှ ဖြစ်ရပ်များကို ဇာတ်အိမ်ဖွဲ့ရာတွင် အဆုံးအဖြတ်ပေးနိုင်ခွင့်ရှိပါက စစ်ကောင်စီသည် အောင်မြင်မှုအချို့ ရရှိမည်ဖြစ်သည်။ မစ္စတာ လူဟတ် ထင်ဟပ်ပြောဆိုသကဲ့သို့ စစ်သားများများ မပါသည့် စစ်အစိုးရ (“အသွင်ကူးပြောင်းရေး ကောင်စီ” သည် ထိုပုံစံဖြစ်နိုင်သည်) နှင့် လိမ်လည်သော ရွေးကောက်ပွဲအပြီး တရားဝင်မှုရရန် စစ်ကောင်စီ၏ စိတ်ကူးယဉ်မှုတို့ ဖြစ်သည်။
စာရေးသူယခင်က ဆွေးနွေးခဲ့သည့်အတိုင်း မြန်မာအကျပ်အတည်းသည် စစ်ကောင်စီ၏ ပြတ်ပြတ်သားသား အောင်ပွဲ သို့မဟုတ် စစ်ကောင်စီဆန့်ကျင်သူများ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မဟာမိတ် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်များ၏ ပြတ်ပြတ်သားသား အောင်ပွဲဖြင့် အဆုံးသတ်သွားနိုင်သည်။ စစ်မဖြစ်မီက အခြေအနေသို့ ပြန်လည် ရောက်ရှိတော့မည် မဟုတ်ပေ။
NUG နှင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုက လက်ရှိအခြေအနေကို “တော်လှန်ရေး” ဟု မြင်သည်။ စစ်အာဏာရှင်စနစ်ဟောင်း (စစ်တပ်) နှင့် ဒီမိုကရက်တစ် ငြိမ်းချမ်းရေး (NUG) အကြား စစ်ပွဲအဖြစ်မြင်သည်။ စစ်တပ်ကို လုံးဝ ပြုပြင်ပြောင်းလဲပစ်ရမည် ဖြစ်သည်။ (၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းက အင်ဒိုနီးရှားစစ်တပ်ကို ပြုပြင်ပြောင်းလဲသည့် ပုံစံနှင့် လွန်စွာကွဲပြား ခြားနားသည့် ပုံစံဖြင့် ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။) နိုင်ငံတော်ကို ဖက်ဒရယ် ပုံစံပြောင်းလဲပြီး အနာဂတ်တွင် မည်သည့်အာဏာသိမ်းမှုမျှ မရှိစေရန် အရာရာကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးဆန်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။
NUG နှင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုက လက်ရှိအခြေအနေကို “တော်လှန်ရေး” ဟု မြင်သည်။ စစ်အာဏာရှင်စနစ်ဟောင်း (စစ်တပ်) နှင့် ဒီမိုကရက်တစ် ငြိမ်းချမ်းရေး (NUG) အကြား စစ်ပွဲအဖြစ်မြင်သည်။ စစ်တပ်ကို လုံးဝ ပြုပြင်ပြောင်းလဲပစ်ရမည် ဖြစ်သည်။
အဖြေကို စာရေးသူမသိသော်လည်း အရေးပါသော မေးခွန်းတခုမှာ ရှည်လျားသော ပဋိပက္ခမှ မည်သူ အကျိုးဖြစ်ထွန်းမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ စစ်အာဏာသိမ်းမှုအလွန် ပဋိပက္ခသည် ယခုအခါ နှစ်နှစ်ပြည့်တော့မည် ဖြစ်သည်။ မြန်မာတွင် တိုင်းရင်းသားများနှင့် ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ အင်ဒိုနီးရှားထက် မြန်မာနှင့် ပိုမို နှိုင်းယှဉ်စရာ ဖြစ်သည့် ကမ္ဘောဒီးယားသည် ၂၀ ရာစုနှောင်းပိုင်းတွင် ဆယ်စုနှစ် သုံးခုကြာသော ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရသည်။
တဘက်တွင်လည်း NUG သည် သံတမန်ရေးတွင် ပိုမိုကောင်းလာနေပြီး ရန်ပုံငွေရှာသည့် ပိုမိုကောင်းမွန်သော နည်းလမ်းများလည်းရှိသည်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် စီးပွားရေးသည် ဆက်လက် ယိုယွင်းနေသောကြောင့် ပြည်တွင်းထောက်ခံမှု ပိုမိုရရှိလာနိုင်သည်။ လိမ်လည်သော ရွေးကောက်ပွဲ ပတ်ဝန်းကျင်တွင် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပိုမိုလှုံ့ဆော်ပေးနိုင်သည်။
အခြားတဘက်တွင်လည်း စီးပွားရေးသည် လုံးဝပျက်စီး မသွားပေ။ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ သို့သော် ထိုတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ပိုမိုအားနည်းနေသော်လည်း တိုးတက်နေသည်ဟု အနိမ့်ဆုံးအဆင့်အနေဖြင့် ဆိုနိုင်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာမှ မထွက်ခွာခဲ့သော ပြည်ပစီးပွားရေး လုပ်ငန်းများသည် လတ်တလော ထွက်ခွာကြမည်မဟုတ်ဘဲ မြန်မာသည် နိုင်ငံကို ပြန်လည်ဖွင့်လှစ်လာသော တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှုသစ်များကိုလည်း မျှော်လင့်နိုင်သည်။ လူထုထောက်ခံမှုကင်းမဲ့ပြီး ရေရှည်ပဋိပက္ခ အတွေ့အကြုံရှိသော စစ်ကောင်စီကို အနောက်နိုင်ငံများက မည်သို့သော အရေးယူမှုသစ်များ လုပ်နိုင်သည်ကို ရှုမြင်ရန် ခက်ခဲသည်။
NUG ၏ ကံကြမ္မာသည် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်နေသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် အများစုသည် NUG ၏ အစီအစဉ်များအပေါ် လှိုက်လှိုက်လှဲလှဲ မရှိလှပေ။ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်မှ နစ်နာမှုများကို မကျေနပ်သော တိုင်းရင်းသားပါတီအချို့က အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရွေးချယ်လျှင် NUG သည် ပိုမိုများပြားသည့် ဖိအားများကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်မှ နစ်နာမှုများကို မကျေနပ်သော တိုင်းရင်းသားပါတီအချို့က အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရွေးချယ်လျှင် NUG သည် ပိုမိုများပြားသည့် ဖိအားများကို ရင်ဆိုင်ရမည်ဖြစ်သည်။
NUG အတွက် ထွက်ပေါက်မရှိပေ။ ပြတ်ပြတ်သားသား နိုင်လျှင်နိုင်၊ မနိုင်လျှင် အချည်းနှီးသာဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် နောက်ပြန်လှည့်မရတော့သော ကိစ္စဖြစ်သည်ဟု NLD က လူသိရှင်ကြား လက်ခံလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လွတ်ငြိမ်းခွင့်တောင်းခံကာ ရွေးကောက်ပွဲသို့ ပြန်သွားမည်ဟု စိတ်ကူးပုံဖော်ကြည့် နိုင်ပါသလား။ စစ်ကောင်စီတွင် ရွေးချယ်စရာ ပိုမိုများပြားနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နုတ်ထွက်နိုင်သည်၊ ရှေ့တန်းမှ နောက်ကွယ်သို့ ဆုတ်နိုင်သည်။ ရာထူးမှပင် ထုတ်ပယ်လို့ ရသည်။
“အသွင်ကူးပြောင်းရေး ကောင်စီ” သည် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” နောက်ထပ် ဇာတ်လမ်းတခုကို ASEAN က လက်ခံနိုင်လောက်မည့် ငါးစာ ချပေးနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ASEAN တွင်းမှ ကျန်နိုင်ငံများက မြန်မာကိစ္စကို အစီအစဉ်မှ ဖယ်ထုတ်ရန် အပြင်းအထန် လုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ ASEAN က မလှုပ်ပါက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့သည် ASEAN ကို ဆန့်ကျင်ပြီး ၎င်းတို့ဖာသာ ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ပေ။
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံတွင် လက်ဝေခံအခြေအနေမျိုးကို မမြင်လိုကြပေ။ ဘေဂျင်းသည် မြန်မာမှ ရွေးကောက်ပွဲရလဒ်များကို လက်ခံနိုင်ဖွယ် ရှိနေသည်။
မြန်မာပြည်သူများသည် ၎င်းတို့၏ ခုခံတော်လှန်မှုကို ဆက်လက် ပြုလုပ်မည်ဖြစ်သော်လည်း ASEAN နှင့် အနောက် ဒီမိုကရေစီနိုင်ငံများက စစ်ကောင်စီ၏ ထွက်ပေါက်ကို တိတ်ဆိတ်စွာ လက်ခံထားလျှင် ပိုမိုကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ပေသည်။
(The Diplomat မှ David Hutt ၏ How Does The Myanmar Crisis End? ကို ဘာသာပြန် ဖော်ပြသည်။ ဒေးဗစ်ဟတ်သည် သတင်းသမားနှင့် ဆောင်းပါးရှင်ဖြစ်သည်။ သူသည် Central European Institute of Asian Studies (CEIAS) မှ သုတေသီ၊ Diplomat တွင် ဆောင်းပါးရှင်နှင့် Asia Times ၏ သတင်းထောက်တဦး ဖြစ်သည်။)
You may also like these stories :
မင်းအောင်လှိုင်၏ သမ္မတရူးထမှု ဇာတ်ရှိန်မြင့်နေ
နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်