နွေဦးတော်လှန်ရေးကာလမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂ နှစ်တာကာလအတွင်းမှာ ရုန်းကန်ပေးဆပ်ရမှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေနဲ့အတူ တဖြည်းဖြည်း စနစ်ကျလာ စစ်ပါးဝလာကြတာကို ဝမ်းသာဖွယ်တွေ့မြင်လာရပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ မိမိကိုယ်ကို တော်လှန်ရေးစစ်သားတစ်ယောက်အဖြစ် ခံယူနိုင်ဖို့ အင်မတန်မှအရေးကြီးလှပါတယ်။ တော်လှန်ရေးစစ်သားတယောက်လို ခံယူကျင့်သုံးပြီး စစ်ကို စစ်နဲ့တူအောင်တိုက်နိုင်မှ ဒီတိုက်ပွဲက အောင်ပွဲရနိုင်မှာဖြစ်ပါတယ်။ ရေရှည်အတွက် မစဉ်းစားဘဲ ခံစားချက်သက်သက်နဲ့ လက်နက်ကိုင်နေတာပဲဆိုရင် ကျနော်တို့ အချိန်မီပြင်ဆင်ဖို့လိုပါပြီ။
ကျနော်ကိုယ်တိုင်လည်း အရင်က စစ်ဆန့်ကျင်ရေးကဗျာဆရာ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဘဝကနေ လက်နက်ကိုင်လမ်းစဉ်ကို ခက်ခက်ခဲခဲရွေးချယ်ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင် စစ်သားတယောက်လို လေ့ကျင့်ခံယူပြီး စစ်တပ်တစ်ခုကို ကြိုးစားတည်ဆောက်နေရင်း စစ်တပ်ယဉ်ကျေးမှုကို နားလည်လာမိတာတွေရှိခဲ့ပြီး ပြန်လည်ဝေမျှလိုတဲ့ ဆန္ဒလည်းဖြစ်မိပါတယ်။
ဒီဆောင်းပါးမှာတော့ တော်လှန်ရေးစစ်သားကောင်းတယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့အချက် ၃ ချက်ကို ပြန်လည်မျှဝေလိုပါတယ်။
၁။ အမိန့်နာခံမှုကောင်းခြင်း
အမိန့်လို့ပြောလိုက်ရင် လူငယ်တွေအနေနဲ့ လက်ခံဖို့ အတော်ခက်ခဲနေကြတာကို တွေ့ရတတ်ပါတယ်။
“မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘဲ အာခံဆန့်ကျင်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်” ဆိုတဲ့ Henry David Thoreau ရဲ့အယူအဆကို မှီငြမ်းပြီး ဟံသာဝတီဦးဝင်းတင်က “မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုပြီးပြောခဲ့တဲ့စကားက မြန်မာ့နိုင်ငံရေးလောကမှာ အတော်နာမည်ကြီးပါတယ်။ အဲ့ဒါကို တချို့လူငယ်တွေက လိုရာဆွဲအသုံးချပြီး “အာဏာရှင်ကိုမုန်းလို့ တော်လှန်ရေးလာလုပ်ပါတယ်ဆိုမှ အမိန့်တွေ အာဏာတွေနဲ့ လာချုပ်ကိုင်နေတယ်”ဆိုတာမျိုး ပြန်ပြောတတ်ကြပါတယ်။

အခုခေတ်မှာ လွတ်လပ်တဲ့ လူငယ်တိုင်းဟာ မိဘစကားတောင် နားထောင်ချင်မှ နားထောင်ကြတာဆိုတော့ ကျနော်အပါအဝင် ဘယ်သူကမှတော့ တစုံတယောက်က ကိုယ့်ကို အမိန့်ပေးစေခိုင်းနေတာမျိုး မနှစ်သက်ကြပါဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီဆိုရင်တော့ အမိန့်နာခံတဲ့ ရဲဘော်တွေဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်လာပါတယ်။
အမိန့်မနာခံဘဲ မသွားနဲ့ပြောထားတဲ့နေရာကို သွားလိုက်လို့ မိုင်းနင်းမိပြီး ခြေထောက်တွေဆုံးရှုံးသွားတဲ့ ရဲဘော်တွေ ရှိလာတယ်။ အင်အားမမျှလို့ ပြန်ဆုတ်ဖို့အမိန့်ပေးတာကို ခေါင်းဆောင်လုပ်ပြီး ကြောက်နေတာလားလို့ဆိုကာ ဆက်ပစ်နေလို့ ရန်သူ့လက်ထဲ အရှင်ဖမ်းမိသွားတဲ့ ရဲဘော်တွေရှိလာတယ်။
ဒီလိုစစ်မြေပြင်မှာ ဖြစ်လာတဲ့ အမိန့်မနာခံမှုတွေဟာ သင်တန်းကာလမှာ စနစ်တကျ မလေ့ကျင့်ခဲ့ခြင်းနဲ့ နောက်တန်းစခန်းတွေမှာ အလေးအနက်ထား မနေထိုင်ခြင်း၊ မအုပ်ချုပ်ခြင်းကြောင့်ဖြစ်တာများပါတယ်။ တော်လှန်ရေးရဲဘော်တွေဖြစ်လာပြီဆိုရင်တော့ ဒါ ငါ့အမေအိမ်ရောက်နေတာမဟုတ်ဘူး၊ တော်လှန်ရေးတပ်တခုမှာ စစ်မှုထမ်းနေတာဖြစ်တယ်ဆိုတာကို ခေါင်းထဲထည့်ထားပြီး ဆင့်ကဲအုပ်ချုပ်မှုစနစ်ကို နားလည်ကာ အမိန့်နာခံတတ်တဲ့အလေ့အကျင့်တွေရှိလာဖို့ ကြိုးစားတည်ဆောက်ကြရမှာဖြစ်ပါတယ်။
၂။ နိုင်ငံရေးရည်မှန်းချက်ကို နားလည်သဘောပေါက်ခြင်း
မိမိတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်များကို ကောင်းစွာနားလည်သဘောမပေါက်တဲ့ ရဲဘော်တွေဟာ တော်ရုံအခက်အခဲများကြုံလိုက်ရုံနဲ့ ယိုင်နဲ့သွားတာမျိုး၊ နောက်လန်သွားတာမျိုး၊ နောက်ဆုံး တပ်ပြေးဘဝကို ခံယူလိုက်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
လူတွေက တကယ်ကို ခက်ခဲပင်ပန်းလာရင် အာဏာရှင်ကိုမုန်းတဲ့စိတ်တွေ ပျောက်သွားတတ်ပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့ဆိုရင် ကျနော်တို့ ဘာကြောင့်လက်နက်ကိုင်နေရတာဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ထားဖို့ တနည်းအားဖြင့် နိုင်ငံရေးအရကျေလည်ဖို့ လိုအပ်ပါတယ်။
နိုင်ငံရေးခံယူချက်တွေမပါဘဲ လက်နက်ကိုင်ထားရင် မလိုလားအပ်တဲ့ အမှားတွေဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီတပ်ဟာ ရေရှည်ခံလေ့မရှိဘဲ မာထန်ပြတ်သားမှုလည်း မရှိနိုင်တော့ပါဘူး။ နိုင်ငံရေးအသိ၊ တော်လှန်ရေးသတိ မရှိတဲ့အတွက် ဒလန်လို့ လွယ်လွယ်ခေါင်းစဉ်တပ်ပြီး ရှင်းလင်းတာ၊ စစ်သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေအပြင် အခြားသော အရပ်ဘက်၊ စစ်ဘက်ကျင့်ဝတ်တွေကို ချိုးဖောက်ကျုးလွန်မှုတွေ ရှိလာနိုင်ပါတယ်။
၃။ ပုဂ္ဂလိက ခံစားချက်များကို လျှော့ချနိုင်ခြင်း
တကိုယ်ရေစာ ရှေ့တန်းတင်မှုတွေရှိနေရင် တောထဲမှာရှိနေပေမယ့် တော်လှန်ရေးလုပ်နေတယ်လို့ ခေါင်းစဉ်တပ်လို့မရနိုင်ပါဘူး။ အများပြည်သူရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ကြရတဲ့အခါ တဦးချင်းလွတ်လပ်ခွင့်နဲ့ လိုဘတွေကို ချိုးနှိမ်နိုင်ဖို့ လိုအပ်ပါတယ်။
အဲ့ဒါကြောင့် ကျနော်တို့ကို ရက္ခိုင့်တပ်တော်ကပေးတဲ့ အခြေခံစစ်သင်တန်းမှာ “ရန်သူကို မတော်လှန်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံးတော်လှန်ရမယ်” လို့ အမြဲမပြတ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
အဝေးမှာကျန်ခဲ့တဲ့ မိသားစုနဲ့ ချစ်ခင်ရတဲ့သူတွေကို လွမ်းတာ၊ စိတ်မချဖြစ်တာတို့ကို နားလည်ပေးလို့ရနိုင်ပေမယ့် အဲ့ဒီခံစားချက်ကြောင့် တော်လှန်ရေးတာဝန်တွေ လစ်ဟင်းလာတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အဘက်ဘက်က ပြတ်သားနိုင်မှသာ ကျနော်တို့ ဒီတပွဲမှာ အနိုင်ရပါလိမ့်မယ်။
နောက်ပြီး စစ်တပ်တခုဖြစ်တဲ့အတွက် တဦးတယောက်တည်းအတွက် သီးသန့်ခွဲထုတ်စဉ်းစားပေးရတာမျိုး လုပ်လို့မရပါဘူး။ သို့သော် တာဝန်အကြီးအသေးပေါ်မူတည်ပြီး တပ်ကပြန်ပေးတဲ့ အခွင့်အရေးကတော့ ကွဲပြားသွားတာတွေ ရှိနိုင်ပါတယ်။ အဲ့ဒါကို တပ်တွင်းမှာ တန်းတူညီမျှမှုမရှိဘူးလို့ လိုရာဆွဲတွေးနေမိရင် စစ်သားတယောက်မဖြစ်သေးဘူးလို့ပဲ မှတ်ချက်ချရမှာဖြစ်ပါတယ်။

တပ်ထဲမှာ တန်းတူညီမျှဖို့အတွက်က တကယ်တော်တဲ့ တကယ်ဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲဘော်တွေကို ဖယ်ချန်မထားဘဲ တာဝန်ပေးနိုင်ဖို့သာ အဓိကဖြစ်ပါတယ်။ သူကတော့ တော်ပါတယ် ဒါပေမယ့် လူကြီးနဲ့ မရင်းနှီးဘူး၊ ငါ့ဆွေမျိုး ငါ့သူငယ်ချင်း ငါ့လူရင်းတွေပဲ နေရာပေးနေတာဆိုရင်တော့ တပ်ဖွဲ့အတွင်း တာဝန်ခွဲဝေမှုတွေကို ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။
ကြိုးစားတဲ့ရဲဘော်တိုင်း အရာရှိဖြစ်နိုင်မယ့် အခွင့်အလမ်းကို တရားမျှတစွာ ဖန်တီးပေးထားဖို့ပဲလိုအပ်ပါတယ်။ အရာရှိပဲဖြစ်ဖြစ်၊ ရဲဘော်ပဲဖြစ်ဖြစ် ပုဂ္ဂလခံစားချက်တွေကို ရှေ့တန်းမတင်မိကြဘဲ တပ်ဖွဲ့ဝင်အချင်းချင်း ကိုယ်ချင်းစာနားလည်ပေးနိုင်ကြဖို့၊ သဘောထားကြီးကြဖို့၊ အမြှော်အမြင်ကြီးကြဖို့ တိုက်တွန်းချင်ပါတယ်။
တခုခုဆိုရင် ကိုယ်ဘာကြောင့်တပ်ထဲဝင်လာခဲ့တာလဲဆိုတာကို အမြဲပြန်စဉ်းစားဖို့လိုပါတယ်။ တော်လှန်ရေးလုပ်ရတဲ့ မူလရည်ရွယ်ချက်နဲ့ ကိုယ့်ရဲ့လက်ရှိကိုယ့်ပုံစံနဲ့ ကွဲလွဲမှုတွေရှိနေပြီလား အမြဲမပြတ် သုံးသပ်ရပါမယ်။ လူဆိုတာ ဖောက်ပြန်တတ်တဲ့သဘောရှိပါတယ်။ သမိုင်းမှာ ဘယ်လောက်ပဲ အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါစေ၊ လက်ရှိအချိန်မှာ အကျိုးစီးပွားတွေကြောင့် ဖောက်ပြန်သွားကြသူတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါတယ်။
အနှစ်ချုပ်ရမယ်ဆိုရင် ကျနော်တို့ စစ်သားကောင်းတွေမဖြစ်ဘဲ တော်လှန်ရေးအောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လက်နက်ကိုင်ထားတဲ့သူ တဦးတယောက်ချင်းစီတိုင်းမှာ အမိန့်နာခံမှုကောင်းခြင်း၊ နိုင်ငံရေးရည်မှန်းချက်ကို နားလည်သဘောပေါက်ခြင်းနဲ့ ပုဂ္ဂလခံစားချက်များကို လျှော့ချနိုင်ခြင်းတွေ စတဲ့အရည်အချင်းတွေရှိဖို့ လိုအပ်လှပါတယ်။
တော်လှန်ရေးကို မကြာခင်ပြီးသွားမှာပဲဆိုတဲ့အတွေးမျိုးနဲ့ ခဏတာဧည့်သည်သဘော မလုပ်ကြဘဲ ရေရှည်အတွက် သေချာစဉ်းစားပြီး ခိုင်မာတည်ကြည်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်ကြရပါမယ်။ အဲ့ဒါဆိုရင် ကျနော်တို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကလည်း သိပ်မဝေးတော့ဘူးဆိုတာ သေချာပါတယ်။
(မောင်ဆောင်းခသည် စစ်အာဏာသိမ်းအပြီး ဖွဲ့စည်းပေါ်ပေါက်လာသော BPLA -ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တာဝန်ခံ တဦးဖြစ်သည်။)
You may also like these stories:
ဒဏ်ရာရသော်လည်း မာန်မလျှော့သော PDF များ
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
စစ်ကောင်စီ မာရှယ်လော ထုတ်တဲ့နောက်ကွယ်
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ