စစ်ကောင်စီသက်တမ်း နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ စစ်အစိုးရကက်ဘိနက်ကို ပြင်ဆင်ဖွဲ့စည်းတဲ့ အမိန့်ကြေညာစာတွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ အိမ်စောင့်အစိုးရလို့ သူတို့ကိုယ်သူတို့ သမုတ်ကြတဲ့ စစ်အစိုးရအဖွဲ့အတွင်း သိသာတဲ့ ရာထူးပြောင်းလဲမှုတချို့ ရှိခဲ့ပါတယ်။
အဲဒီထဲမှာ ထင်ရှားတာက စစ်အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်ရာထူးနေရာ တိုးချဲ့တာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရကို စတင်ဖွဲ့စည်းစဉ် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်ကတည်းက ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းတဦးတည်း ဒီရာထူးကို တာဝန်ယူထားရာက ဒုဝန်ကြီးချုပ်သစ် လေးဦး ထပ်မံခန့်အပ်လိုက်တာကြောင့် ငါးဦးအထိ ဖြစ်လာခဲ့ပါတယ်။
အသစ် ခန့်အပ်လိုက်တဲ့ ဒုဝန်ကြီးချုပ် လေးဦးမှာ အရပ်သား တဦးနဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိ သုံးဦး ပါဝင်လာပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ နံပါတ် ၃ ဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာက ဖယ်ရှားခံရပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အာဏာသိမ်းစကတည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနေရာ ပို့တာ ခံခဲ့ရတဲ့ ရေတပ်ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီကတည်းက ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကတော့ စစ်ဘက်က ဒုဝန်ကြီးချုပ်သစ် သုံးယောက်အနေနဲ့ ပါဝင်လာခဲ့တာပါ။ စစ်ဘက်ကမဟုတ်တဲ့ ဒုဝန်ကြီးချုပ်ကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက စစ်ကောင်စီ အစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ် ရာထူးနေရာကို ဘာကြောင့် အများအပြား တိုးချဲ့ရသလဲ ဆိုတာပါ။ ဒီလို ခန့်အပ်မှုကို သုံးသပ်ရရင် ယေဘုယျ အကြောင်းရင်း နှစ်ချက်ကို တွေ့နိုင်ပါတယ်။ ပထမတချက်က တာဝန်ခွဲဝေမှုလိုအပ်ချက်အရ ဖြစ်ပြီး ဒုတိယတချက်ကတော့ ဆုပေးချွေးသိပ်မှု ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို ပြန်ကြည့်ရင် ပါလီမန်ခေတ်တလျှောက်မှာ ဝန်ကြီးချုပ်က အရေးအပါဆုံးဖြစ်ပြီး သူ့လက်အောက်မှာတော့ အရေးပါတဲ့ ဝန်ကြီးတချို့ကို ဒုဝန်ကြီးချုပ် ခန့်အပ်မှုတွေ ရှိခဲ့ပါတယ်။ အရေးပါတဲ့ဝန်ကြီး ဆိုရာမှာ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးတို့ ဖြစ်ပြီး လွတ်လပ်ရေးရစကတည်းက ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် လကျာ်က ဒုဝန်ကြီးချုပ်တာဝန် ယူခဲ့တာကို တွေ့ရပါတယ်။
နောက်ပိုင်းမှာလည်း ပါလီမန်ခေတ်လက်ထက်တလျှောက် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေနဲ့ ဗိုလ်ချုပ်နေဝင်း၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၊ စီမံဘဏ္ဍာဝန်ကြီး သခင်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုတို့က ဒုဝန်ကြီးချုပ်ရာထူးနေရာကို ရယူခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ ဝန်ကြီးချုပ်စနစ်မှာ တာဝန်များပြားတာကြောင့် ကက်ဘိနက်အတွင်း အလုပ်ခွဲဝေမှုလို့ မှတ်ယူစရာရှိပေမယ့် ယခု စစ်ကောင်စီမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကသာ အရာရာကြိုးကိုင်နေတာကြောင့် တာဝန်ခွဲဝေမှုအရ ရာထူးနေရာ ချဲ့ထွင်တယ်လို့ သုံးသပ်ရဖို့ ခက်ပါတယ်။ တဘက်မှာလည်း ဒီလို ရာထူးတိုးမြှင့်ပေးမှုတွေဟာ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအကြား အဆောင်အယောင်နဲ့ သူကောင်းပြု ချီးမြှင့်နှစ်သိမ့်တာသာ ဖြစ်တယ်လို့ ယူဆချက်လည်း ရှိပါတယ်။
အခု ခန့်အပ်လိုက်တဲ့ စစ်ကောင်စီဒုဝန်ကြီးချုပ်တွေထဲက ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်း တို့ဟာ တပ်ပိုင်းဆိုင်ရာ ရာထူးတွေက သက်ဆင်းလျောကျခဲ့ပြီးမှ ယခုလို ရာထူးရရှိလာတဲ့အတွက်လည်း ဒီလိုရာထူးပေးတာဟာ ချွေးသိပ်တာ ဖြစ်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခု ရာထူးတိုးချဲ့မှုဟာ စစ်ခေါင်းဆောင်ရဲ့ စစ်တပ်အတွင်း သွေးသစ်လောင်းမှုနဲ့လည်း ဆက်စပ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်လွှဲပေးခဲ့တဲ့ စစ်တပ်ကို ၂၀၁၁ ခုနှစ်မှာ တာဝန်ယူခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ၂၀၁၆ ခုနှစ်ကစပြီး တပ်တွင်း ထိပ်ပိုင်းရာထူးတွေနဲ့ အရေးပါတဲ့ စစ်တိုင်းမှူးနေရာတွေမှာ သူ့စိတ်ကြိုက် ရာထူးခန့်အပ်မှုတွေကို တောက်လျှောက်ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်တွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူယုံ စစ်ဗိုလ်ချုပ်တွေအစား မင်းအောင်လှိုင်ဟာ သူ့သြဇာကိုခံမယ့် စစ်ဗိုလ်ချုပ်တွေကို အစားထိုး ထည့်သွင်းလာတာကို တွေ့ရပြီး တပ်ရဲ့ အရေးပါတဲ့ စစ်ရေး၊ စစ်ထောက်၊ ကစထမှူး နေရာတွေမှာ သူနဲ့ အပတ်စဉ်ကွာပြီး အသက်ငယ်တဲ့ မျိုးဆက်သစ် ဗိုလ်ချုပ်တွေက နေရာယူလာခဲ့ပါတယ်။
အထင်ရှားဆုံးအနေနဲ့ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကို ခန့်အပ်မှုတွေက သက်သေခံနေပါတယ်။ ဒါက စစ်တပ်ကို သူ့လက်သူ့ခြေ တည်ဆောက်မှုလို့ ဆိုရမှာဖြစ်ပြီး တပ်အတွင်းက ဗိုလ်သန်းရွှေရဲ့ သြဇာကို ဖြိုချမှုလည်း ဖြစ်ပါတယ်။
ဒီလို တပ်တွင်းဩဇာ တည်ဆောက်ထားခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ယခုလို စစ်တပ် ထိပ်သီးဗိုလ်ချုပ်တွေကို အစိုးရအဖွဲ့ရဲ့ ဒုတိယဝန်ကြီးချုပ်နေရာတွေ တိုးမြှင့်ပေးလိုက်တာက တပ်နဲ့ ဝေးရာ ပို့လိုက်တာလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒီလို ပုံစံတူဖြစ်ရပ်မျိုးတွေကို နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာလည်း တွေ့ခဲ့ရဖူးပါတယ်။
၁၉၉၂ ခုနှစ် နောက်ပိုင်းမှာ နဝတ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရယူပြီးတဲ့နောက် မဆလခေတ် လက်ကျန် ရေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး မောင်မောင်ခင်နဲ့ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး တင်ထွန်းတို့ကို အစိုးရအဖွဲ့ ဒုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး တပ်နဲ့အလှမ်းဝေးကွာစေခဲ့ပါတယ်။
အထင်ရှားဆုံး ဥပမာ အနေနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို နအဖ အတွင်းရေးမှူး ၁ နေရာကနေ နိုင်ငံတော်ဝန်ကြီးချုပ်နေရာအထိ တိုးမြှင့်ပေးပြီး တပ်ရာထူးနဲ့ ဝေးကွာစေခဲ့ကာ အရာကျစေခဲ့ပါတယ်။
ဒီလို ဥပမာတွေကို ချိန်ထိုးကြည့်မယ်ဆိုရင် အခု စစ်ကောင်စီ အစိုးရအဖွဲ့တွင်းက နေရာပေးမှုမှာ နိုင်ငံရေးရည်ရွယ်ချက်တွေ ရှိနေမလားဆိုတာ တွေးစရာဖြစ်ပါတယ်။ ဒီလို ရာထူးတိုးချဲ့မှုဟာ ချွေးသိပ်ပေးမှုသက်သက်လား၊ အာဏာချိန်ခွင်လျှာ ညှိတာလား၊ ဒုဝန်ကြီးချုပ်နေရာကရော စစ်တပ်အာဏာနိုင်ငံရေးရဲ့ ချောင်ထိုးခံဆက်ဖြစ်မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် သေချာတာကတော့ သူတို့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေး ပါရမီဖြည့်ပေးနေသူတွေလို့ ဆိုရင် မှားမယ်မထင်ပါ။
You may also like these stories :
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
မိုက်မဲသော အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ ကျဆုံးရမည်