မြန်မာအကျပ်အတည်းအတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်သူ မည်သူမဆို မေးကြည့်ရမည့် မေးခွန်းတခု ရှိသည်။ ထိုမေးခွန်းမှာ စစ်ကောင်စီသည် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံရန် စိတ်အားထက်သန်မှု ရှိပါသလားဆိုသည့် မေးခွန်းဖြစ်သည်။
တိကျသည့်အဖြေမှာ ၎င်းတို့အကြိမ်ကြိမ် ဆက်လက်ကျူးလွန်နေသည့် ရက်စက်ကြုမ်းကြုတ်မှုများက ဖော်ပြနေသည့်အတိုင်း တာဝန်ခံလိုစိတ်မရှိ ဆိုသည့်အဖြေသာ ဖြစ်သည်။ အမျိုးသမီးများနှင့် ကလေးများကို အရှင်လတ်လတ် မီးရှို့သတ်ခြင်းများ အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမရှိဘဲ မြန်မာပဋိပက္ခအတွက် နိုင်ငံရေးအဖြေ မရှိနိုင်ပေ။
စစ်အာဏာသိမ်းမှု အစောပိုင်းလများကပင် မြန်မာပြည်သူများသည် ထိုအချက်ကို လက်ခံထားပြီး စစ်ကောင်စီကလည်း ၎င်းတို့ကို လက်နက်ကိုင်တော်လှန်ရေးသို့ အတင်းအကျပ်တွန်းပို့ခဲ့သည်။ စစ်ကောင်စီဘက်က အကြီးအကျယ် ထိခိုက်သေဆုံးမှုများ ဖြစ်လာသောကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ပါဝင်သော ခုခံတော်လှန်ရေး အင်အားစုများသည် ပိုမို ရဲတင်းလာကြပြီး နေပြည်တော်က လက်နက်ချကာ စစ်တပ်ကို နိုင်ငံရေးမှ လုံးဝဖယ်ထုတ်နိုင်သည်အထိ ဆက်လက်တိုက်ရန် ဆုံးဖြတ်ထားကြသည်။ ထိုစနစ်မှာ ၁၉၆၂ ခုနှစ်ကတည်းက ပျက်ဆီးသွားခဲ့ပြီး ပြန်ကျင့်သုံးလိုနေကြသည်။
စိတ်ဓာတ်ကြံ့ခိုင်မှု နိမ့်ကျခြင်း၊ အမိန့်မနာခံမှု ကြီးထွားလာခြင်း၊ အဖွဲ့အစည်း စီမံအုပ်ချုပ်မှု မထိရောက်ခြင်းနှင့် အမြဲတမ်းပေါ်ပေါက်နေသည့် အဂတိလိုက်စားခြင်းတို့ကို ပေါင်းစပ်လိုက်သောအခါ စစ်တပ်သည် ထိရောက်သော ထိုးစစ် မလုပ်နိုင်စွမ်းသည့် အကျပ်အတည်း ဆိုက်နေသည်။ ရလဒ်မှာ စစ်မြေပြင်တွင် အရှက်တကွဲ အကျိုးနည်းသော ဆုံးရှုံးမှုများကို တသီတတန်း ခံလာရခြင်းပင်ဖြစ်သည်။ စစ်တပ်သည် နယ်မြေထိန်းချုပ်မှု အလျင်အမြန် ကျဆင်းနေပြီး စစ်ကောင်စီ စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် စစ်တပ်က ရွေးချယ်သော ပါတီများအနိုင်ရအောင် ကြံဖန်လုပ်လျှင်ပင် ထိုရွေးကောက်ပွဲသည် အဓိပ္ပာယ် ကင်းမဲ့နေမည်ဖြစ်သည်။
စိတ်ဓာတ်ကြံ့ခိုင်မှု နိမ့်ကျခြင်း၊ အမိန့်မနာခံမှု ကြီးထွားလာခြင်း၊ အဖွဲ့အစည်း စီမံအုပ်ချုပ်မှု မထိရောက်ခြင်းနှင့် အမြဲတမ်းပေါ်ပေါက်နေသည့် အဂတိလိုက်စားခြင်းတို့ကို ပေါင်းစပ်လိုက်သောအခါ စစ်တပ်သည် ထိုးစစ်ထိရောက်မှု အကျပ်အတည်း ဆိုက်နေသည်။
ဆင်ခြင်တုံတရားရှိသော မည်သည့်အစိုးရ၊ လုပ်ငန်းကမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် မပေးနိုင်သော ကိုယ့်ကိုယ်ကိုယ် အာဏာပိုင်ခန့်ထားသူများရှိသည့် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားပါက အခြေအနေ ပိုမိုဆိုးရွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဥပဒေအရ စစ်ကောင်စီသည် တရားဝင်မှုရရန် မျှော်လင့်ချက် မရှိဘဲ ဒီမိုကရေစီလိုလားသော ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကုလသမဂ္ဂတွင် မြန်မာကို ကိုယ်စားပြုခွင့် ဆက်လက်ရရှိနေသည်။
ရှင်းလင်းစွာပြောရပါက စစ်ကောင်စီသည် ရှုံးနိမ့်နေသည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာသော်လည်း စစ်ကောင်စီသည် အာဏာခိုင်မာအောင် တိုက်ပွဲကို မတိုက်နိုင်တော့ဘဲ ဆက်လက်ရှင်သန်ရေးကိုသာ တိုက်လာရသည်။ ယခုအခါ အခြားနိုင်ငံများ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီခေတ်လွန် မြန်မာမှ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် လုပ်ဆောင်ရတော့မည် ဖြစ်သည်။
အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာကို အပြန်အလှန်မှီခိုသည့် ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိကြသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနိုင်ငံများသည်ပင် ခုခံတော်လှန်ရေးအောင်ပွဲ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်ဆုံးနိုင်ငံများ ဖြစ်နေသည်။
စစ်ကောင်စီခေတ်လွန် အစိုးရသည် လူထုထောက်ခံမှုကို အခြေခံသည့် မူဝါဒများအား အကောင်အထည်ဖော်မည် ဖြစ်သည်။ လူထုထောက်ခံမှုမရှိသည့် အဓိကကျသော ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များသည် စာချုပ်ပါ လိုက်နာရန် တာဝန်များရှိစေကာမူ ဆန့်ကျင်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်ကောင်စီခေတ်လွန် နှစ်နိုင်ငံဆက်ဆံရေးများသည် နွေဦးတော်လှန်ရေးအတွင်း သက်ဆိုင်ရာနိုင်ငံများက ပေးခဲ့သော ထောက်ခံမှုအဆင့်နှင့် သဘောသဘာဝကို အခြေခံကာ အဆင့်သတ်မှတ် ခံရမည်ဖြစ်သည်။
စစ်ကောင်စီခေတ်လွန် နှစ်နိုင်ငံဆက်ဆံရေးများသည် နွေဦးတော်လှန်ရေးအတွင်း သက်ဆိုင်ရာနိုင်ငံများက ပေးခဲ့သော ထောက်ခံမှုအဆင့်နှင့် သဘောသဘာဝကို အခြေခံကာ အဆင့်သတ်မှတ် ခံရမည်ဖြစ်သည်။
မြန်မာ့အိမ်နီးချင်းများ ယခုလုပ်ရမည့်အလုပ်မှာ ခုခံတော်လှန်ရေး အင်အားစုများဘက်က အလေးသာအောင် ကူညီခြင်းဖြင့် လူထုအမြင်သဘောထား ကောင်းမွန်အောင် လုပ်ဆောင်ရေးသာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်း မပြုပါက ၎င်းတို့သည် သေနင်္ဂဗျူဟာကျပြီး အမြတ်အစွန်းများသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ အထူးသဖြင့် ကုန်ခန်းနေသည့် ဒေါ်လာအရန်ငွေကြေးကို အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်မည့်ကဏ္ဍများမှ အခွင့်အလမ်းများကို ဆုံးရှုံးပြီး ခုခံတော်လှန်ရေးကို ပြတ်ပြတ်သားသား ရက်ရက်ရောရော ထောက်ခံသည့် နိုင်ငံများသို့ ပေးအပ်မည်ကို ကြုံတွေ့ရနိုင်ကြောင်း မျှော်လင့်ထားရမည်ဖြစ်သည်။
တရုတ်
တရုတ်က စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံသည်။ သို့သော် တရုတ်သည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုအဆင့်ကို သိသိသာသာ လျှော့ချသည်။ လွန်ခဲ့သောနှစ်က လန်ချန်း-မဲခေါင် ထိပ်သီးဆွေးနွေးပွဲ ဖိတ်ကြားခြင်းကို မတုံ့ပြန်ဘဲနေခြင်းနှင့် မြန်မာစစ်ကောင်စီကို ပြစ်တင်ရှုတ်ချပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မကန့်ကွက်ခြင်းက ထိုအချက်ကို ဖော်ပြနေသည်။
ယခုအခါ စစ်ကောင်စီသည် ဆက်လက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသည်ကို တရုတ်က သတိထားမိမည် ဖြစ်သည်။ တရုတ်သည် စစ်ကောင်စီခေတ်လွန် မြန်မာမှ ၎င်းတို့၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန် လုပ်ဆောင်ရတော့မည် ဖြစ်သည်။ တရုတ်အတွက် ဆုံးရှုံးမည့်အလားအလာ ကြီးမားလှသည်။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရစေပြီး မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာလိုဘဲ သေနင်္ဂဗျူဟာအန္တရာယ် လျှော့ချပေးမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ဖြတ်သန်းကာ ထိုဒေသမှ ယူနန်အထိ ဆက်သွယ်သည့် ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ရထားလမ်း၊ အရေးပါသည့် သံဖြူနှင့် ကြေးနီတင်သွင်းမှုများ၊ တရုတ်လျှပ်စစ်ပစ္စည်းနှင့် ကာကွယ်ရေးလုပ်ငန်းအတွက် အရေးပါသည့် မြေရှားသတ္တုများ စသည်တို့ ပါဝင်သည်။
သို့သော် တရုတ်အပေါ် လူထုအမြင် ဆက်လက် ကျဆင်းယိုယွင်းနေပါက နွေဦးတော်လှန်ရေးအတွင်း ခြံစည်းရိုးခွနေသော ဘေဂျင်းအပေါ် ဒေါသထွက်နေသည့် လူထုကို တရုတ် ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
ပထမဆုံးအချက်အနေဖြင့် တရုတ်သည် စစ်ကောင်စီ အဆင့်မြင့်အရာရှိများနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းသင့်သည်။ ဒုတိယအချက်အနေဖြင့် မြန်မာပြည်သူများအကြား ပျံ့နှံ့နေသည့် အမြင်မှာ ရုရှားသည် တရုတ်ကိုယ်စား ထိတွေ့ဆက်ဆံပေးနေကာ ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ဖိနှိပ်ရန် လက်နက်နှင့် နည်းပညာများ ထောက်ပံ့နေသည်ဆိုသည့် အမြင်ဖြစ်သည်။
ယူကရိန်း ကျူးကျော်မှုစတင်ပြီး တရုတ်ကို ပိုမိုမှီခိုလာရသည့် ရုရှားသည် တရုတ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက်လာမည်ဟု ယူဆနိုင်သည်။ အထူးသဖြင့် တရုတ်၏ အိမ်နီးချင်းနိုင်ငံတခုနှင့် ပတ်သက်သော ကိစ္စများတွင် တရုတ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ရုရှားအနေဖြင့် အန္တရာယ် ကြီးမားသည့် စစ်ကောင်စီနှင့် ဆက်ဆံရေး ရပ်ဆိုင်းရန် ဘေဂျင်းက ရုရှားကို ဖျောင်းဖျပြောဆိုရမည် ဖြစ်သည်။
နောက်ဆုံး အချက်မှာ ခုခံတော်လှန်ရေး အင်အားစုများကို နယ်စပ်မှတဆင့် လက်နက် ရောင်းချလွှဲပြောင်းပေးခြင်းကို အားပေးပြီး လေယာဉ်ပစ်လက်နက်များအထိ တိုးချဲ့ပေးရန် ဖြစ်သည်။ တော်လှန်ရေးအင်အားစုများသို့ လေယာဉ်ပစ်လက်နက်များ ထောက်ပံ့ခြင်းသည် ခုခံတော်လှန်ရေး အောင်မြင်စေရန် အဓိကကျသည့် လက်နက်ဖြစ်ပြီး တရုတ်အပေါ် မြန်မာလူထုအမြင်တွင် အမှတ်များစွာရစေမည့် လက်နက်ဖြစ်သည်။
အိန္ဒိယ
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် အိန္ဒိယ၏ လက်ရှိမူဝါဒသည် ရှုပ်ထွေးမှုများကိုသာ ဖြစ်စေသည်။ မြန်မာနှင့်ဆက်ဆံရေးတွင် ဦးစားပေးမှာ အရှေ့မြောက်ဒေသ လုံခြုံရေးဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာက မြန်မာထိပ်တန်းသံတမန်တဦးကို ပြောခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိအရှေ့မြောက်ဒေသတွင် ဒေသခံသူပုန်များသည် အိန္ဒိယစစ်တပ်ကို မကြာခဏ တိုက်ခိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခိုအောင်းနေတတ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နယ်စပ် ချင်းပြည်နယ်မှ ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန်အတွက် အိန္ဒိယသူပုန်များကို အသုံးချနေသည်ဆိုသည့်သတင်းများ ထွက်ခဲ့ဖူးသည်။ သို့သော် အိန္ဒိယသည် ၎င်းတို့အကျိုးစီးပွားကို တက်ကြွစွာ ဆန့်ကျင်လုပ်ကိုင်နေသည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး အကျိုးမဲ့သော မူဝါဒကို ဆက်လက် ကျင့်သုံးနေသည်။
အခြားဦးစားပေးများမှာ အိန္ဒိယရှိ တိုးတက်မှုနည်းသော အရှေ့မြောက်ဒေသအတွက် စီးပွားရေး တိုးတက်စေရန် ရည်ရွယ်သည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ဖြစ်သည်။ တည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင် မရှိလျှင် ထိုလမ်းကြောင်းများအတွက် လုံခြုံရေးအာမခံချက် မရှိပေ။ ဆက်လက်ရှင်သန်အောင် ရုန်းကန်နေရသည့် စစ်အစိုးရတရပ်က ထိုသို့ တည်ငြိမ်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်ကို ပေးနိုင်မည်မဟုတ်ပေ။
နောက်ဆုံးအချက်မှာ အိန္ဒိယသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မြန်မာမှ တရုတ်သြဇာကို တန်ပြန်လိုခြင်း ဖြစ်သည်။ စစ်တပ်က အုပ်ချုပ်သော မြန်မာတွင် အိန္ဒိယသည် တရုတ်သြဇာကို မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သောကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် ဆင်ခြင်တုံတရား မရှိသည့် နည်းပရိယာယ် ဖြစ်သည်။
နောက်ဆုံးအချက်မှာ အိန္ဒိယသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မြန်မာမှ တရုတ်သြဇာကို တန်ပြန်လိုခြင်း ဖြစ်သည်။ စစ်တပ်က အုပ်ချုပ်သော မြန်မာတွင် အိန္ဒိယသည် တရုတ်သြဇာကို မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သောကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် ဆင်ခြင်တုံတရား မရှိသည့် နည်းပရိယာယ် ဖြစ်သည်။
စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်ပေါင်းများအတွင်း တရုတ်က မြန်မာတွင် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုသည် သက်သေပြချက်ပင်ဖြစ်သည်။ စစ်ကောင်စီကို သို့မဟုတ် ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံမည့် ဆုံးဖြတ်ချက်သည် အိန္ဒိယအတွက် လွယ်ကူသော ရွေးချယ်မှု ဖြစ်သင့်သည်။ သို့သော် ဒေလီသည် ၎င်းတို့ကို ထိခိုက်နစ်နာစေမည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးမူကို ဆက်လက်ကျင့်သုံးနေသည်။
အိန္ဒိယသည် စစ်ကောင်စီနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံခြင်းကို ရပ်ဆိုင်းသင့်သည်။ လူသားချင်းစာနာမှု အကူအညီများကို တိုးမြှင့်ပြီး စစ်ကောင်စီ၏ ဖိနှိပ်သတ်ဖြတ်မှုများမှ ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးသင့်သည်။ ထောက်ပို့လမ်းကြောင်းများကို ပိုမို တောင့်တင်းကြံ့ခိုင်အောင်လုပ်ပြီး ခုခံတော်လှန်ရေး အင်အားစုများအတွက် လက်နက်များကို ဖြတ်သန်းခွင့် ပေးသင့်သည်။ အိန္ဒိယသည် ပိုမိုသတ္တိရှိပါက လေကြောင်း ကာကွယ်ရေး လက်နက်များ တော်လှန်ရေးအင်အားစုများထံသို့ ရောက်သွားသည်ကို ခွင့်ပြုသင့်သည်။
နောက်ဆုံးအချက်မှာ ခုခံတော်လှန်ရေး အင်အားစုများနှင့် အရေးပါသော ထောက်လှမ်းရေးသတင်းများ မျှဝေသင့်သည်။ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည်မှာ တရုတ်သာမက စစ်ကောင်စီကို လက်နက်နှင့် စစ်လေယာဉ်များ ရောင်းချပေးနေပြီး စစ်ဘက်ဆက်ဆံရေး တိုးမြှင့်နေသည့် ပါကစ္စတန်လည်း ပါဝင်သည်။
ထိုင်း
ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံထားပြီးဖြစ်သော်လည်း မြန်မာပြည်သူလူထု၏ ထိုင်းနိုင်ငံအပေါ်အမြင်သည် စစ်ကောင်စီနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံသည့် မီဒီယာသတင်းများနှင့်အတူ ပြောင်းလဲနေသည်။
ထိုင်းနိုင်ငံ၏ အခြေခံအကျိုးစီးပွားသည် မြန်မာမှ သဘာဝဓာတ်ငွေ့တင်သွင်းမှု ပုံမှန် စီးဆင်းရေး ထိန်းသိမ်းထားရန် ဖြစ်သည်။ ထိုင်းနိုင်ငံသည် စွမ်းအင်ကို လုံးလုံးလျားလျား နီးပါး တင်သွင်းနေရသော နိုင်ငံဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သည်။ မြန်မာမှ ရတနာဓာတ်ငွေ့လုပ်ကွက် တခုတည်းမှ တင်သွင်းသော ဓာတ်ငွေ့သည် ထိုင်းနိုင်ငံတွင် ဓာတ်ငွေ့သုံးစွဲမှု၏ ၁၁ ရာခိုင်နှုန်းရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံထားပြီးဖြစ်သော်လည်း မြန်မာပြည်သူလူထု၏ ထိုင်းနိုင်ငံအပေါ်အမြင်သည် စစ်ကောင်စီနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံသည့် မီဒီယာသတင်းများနှင့်အတူ ပြောင်းလဲနေသည်။
ထိုင်းနိုင်ငံ၏ အဓိက ဓာတ်ငွေ့ထုတ်လုပ်သော လုပ်ကွက်ဖြစ်သည့် ဧရာဝန် ဓာတ်ငွေ့လုပ်ကွက်မှ ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်မှုသည် သိသိသာသာ ကျဆင်းလာသည်။ ယူကရိန်းစစ်ကြောင့် ဓာတ်ငွေ့ဈေးများ တက်လာသောအခါ ထိုင်းနိုင်ငံသည် မြန်မာမှ ဓာတ်ငွေ့တင်သွင်းမှုကို ထိန်းသိမ်းထားနိုင်ရန် လိုသည်။ လျှပ်စစ်ဓာတ်အား ဈေးနှုန်းများသည် ယခုပင် ၁၄ ရာခိုင်နှုန်း တက်လာပြီးဖြစ်ကာ ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထရေး အားထုတ်မှုကို အဟန့်အတားဖြစ်စေသည်။
ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု အန္တရာယ်များကြောင့် ထိုင်းစွမ်းအင် လုပ်ငန်းကြီးဖြစ်သော PTT Plc တွင် မြှုပ်နှံထားသည့် နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို အခြားနေရာတွင် ပြောင်းလဲမြှုပ်နှံလိုက်သည်။ အနောက်တိုင်း အရေးယူမှု ထပ်မံချမှတ်ရန် ရှိနေသေးသောကြောင့် ဂုဏ်သိက္ခာနှင့် ဘဏ္ဍာရေးအန္တရာယ်သည် ပိုမိုများပြားလာမည် ဖြစ်သည်။
ထိုင်းနိုင်ငံသည်လည်း အလားတူပင် စစ်ကောင်စီနှင့် လူသိရှင်ကြားဆက်ဆံမှု ဖြတ်တောက်သင့်ပြီး အခြား ASEAN အသင်းဝင် နိုင်ငံများနှင့်အတူ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ရှုတ်ချသင့်သည်။ ဂုဏ်သိက္ခာနှင့် ဘဏ္ဍာရေး အန္တရာယ်ကို အနည်းဆုံးသို့ လျှော့ချရန်အတွက် စစ်ကောင်စီနှင့် စီးပွားရေး ဆက်ဆံခြင်းကို သတိထားသင့်သည်။ နယ်စပ်လုံခြုံရေး ထိန်းသိမ်းရန်နှင့် မြန်မာပြည်သူများ၏ ထောက်ခံမှုရရန် နယ်စပ်တလျှောက်မှ တော်လှန်ရေးအင်အားစုများကို လျှို့ဝှက်အကူအညီပေးသင့်သည်။
ကျဆုံးနေသည့် စစ်ကောင်စီကို အချည်းနှီးထောက်ခံရန် ကြိုးစားမည့်အစား မြန်မာ့အိမ်နီးချင်းများသည် တော်လှန်ရေးအင်အားစုများကို အလျင်အမြန်ကူညီပြီး မြန်မာပြည်သူများ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားကာ စစ်အာဏာရှင်စနစ် ပြိုကွဲသွားသောအခါ ၎င်းတို့၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန် လုပ်ဆောင်သင့်သည်။
(The Diplomat မှ Jordan Eriksson ၏ It’s Time for Myanmar’s Neighbors to Sideline the Military Junta ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာလက်နက်ကိစ္စ တရုတ်၊ အိန္ဒိယလုပ်ငန်းများနှင့် နော်ဝေးရန်ပုံငွေအဖွဲ့ လမ်းခွဲ
မြန်မာစစ်ကောင်စီနဲ့ တရုတ် ခွာပြဲကြပြီလား
မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ