ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

ဝေမင်းထွန်း
အီတလီနိုင်ငံ Poggiardo မြို့က နံရံပန်းချီတခု

ကျွန်ုပ်တို့မြန်မာနိုင်ငံရေးတွင် အင်္ဂလိပ်ဝေါဟာရများ ကြားညှပ်အသုံးပြုလေ့ရှိသည့် ဟန်တမျိုးရှိပေရာ ကျွန်ုပ်လည်း ဤဆောင်းပါးတွင် အချို့ဝေါဟာရများကို အင်္ဂလိပ်လို ကြားညှပ်အသုံးပြုလိုပါသည်။ မြန်မာဘာသာဖြင့် အနက်ဖွင့်ရပါက ‘ဒိုင်ယာလော့’ ဆိုသည်က ‘တွေ့ဆုံဆွေးနွေးရေး’ ဟု အဓိပ္ပာယ်ရသည်။ ‘ဂိမ်းအိုဗာ’ ဆိုသည်က ‘ကစားပွဲပြီးပြီ’ ဟု ဆိုလိုခြင်းဖြစ်ပြီး ‘နယူးအက်တာ’ ဆိုသည်က ‘သရုပ်ဆောင်သစ်များ’ ဟု အနက်ရပါသည်။

ဒိုင်ယာလော့

မြန်မာပြည်နိုင်ငံရေးတွင် ဒိုင်ယာလော့ဆိုသည့် စကားတခွန်းကို တွင်တွင်ကျယ်ကျယ် သုံးလာသည်မှာ ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ကြားတွင် ဖြစ်သည်။ ဒိုင်ယာလော့ကြသည်နှင့်အတူ ဆွေးနွေးပွဲပေါင်းစုံ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သကဲ့သို့ ကြီးကျယ်ခမ်းနားသော ညီလာခံကြီးများသည်လည်း ပေါ်ပေါက်လာခဲ့သည်။ ဒိုင်ယာလော့သည်သာ မြန်မာနိုင်ငံရေးပြဿနာများ ဖြေရှင်းရေးအတွက် တခုတည်းသောနည်းလမ်းအဖြစ် ထိပ်တန်းရောက်ခဲ့သည့် အချိန်ကာလဖြစ်ခဲ့သည်။

ထိုဒိုင်ယာလော့ ထွန်းကားသည့်ကာလကို ပြန်လည်သုံးသပ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရပေသည်။ ပထမအကြောင်းအချက်မှာ ဗမာပြည် နိုင်ငံရေးအာဏာကို နှစ်ရှည်လများချုပ်ကိုင်ထားသည့် မြန်မာစစ်တပ်က ဖြေလျော့မှုပြုလုပ်သည်က အစပြုသည်ကို တွေ့ရသည်။

အကြောင်းအမျိုးမျိုးပြ၍ နှစ်ကာလရှည် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီများကို ထူထောင်ခွင့်ပေးခြင်း၊ အသင်းအပင်းများ ဖွဲ့စည်းခွင့်ပေးခြင်း၊ သတင်းမီဒီယာများ လွတ်လပ်မှုပေးခြင်း၊ စာပေထုတ်ဝေခွင့်နှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်း၊ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ပေးခြင်း၊ သပိတ်မှောက် ဆန္ဒပြခွင့်ပေးခြင်းတို့နှင့်အတူ စီးပွားရေးကဏ္ဍ၊ ဘဏ်နှင့်ငွေကြေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းရေးများကို ၂၀၁၀ မှစ၍ တဖြည်းဖြည်း ဖြေလျှော့မှုများ ပြုလုပ်လာရာက အစပြုသည်။

၂၀၁၀ မှစသည့် ဖြေလျှော့မှုများနှင့်အတူ ဒိုင်ယာလော့များ စတင်ခဲ့ခြင်းသည် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန်နှင့် အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ပို၍ရုပ်လုံးကြွလာသည်။ ထိုမှစ၍ ဒိုင်ယာလော့သည် ပို၍အသက်ဝင်လာသည်။ ပြည်မနိုင်ငံရေး အင်အားစုများအဖို့လည်း ဒိုင်ယာလော့အား နိုင်ငံရေးလမ်းကြောင်းတခုအဖြစ် ရှုမြင်လာသည်။

၂၀၁၀ မှစသည့် ဖြေလျှော့မှုများနှင့်အတူ ဒိုင်ယာလော့များ စတင်ခဲ့ခြင်းသည် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန်နှင့် အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ပို၍ရုပ်လုံးကြွလာသည်။ ထိုမှစ၍ ဒိုင်ယာလော့သည် ပို၍အသက်ဝင်လာသည်။ ပြည်မနိုင်ငံရေး အင်အားစုများအဖို့လည်း ဒိုင်ယာလော့အား နိုင်ငံရေးလမ်းကြောင်းတခုအဖြစ် ရှုမြင်လာသည်။

လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအဖို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၀၁၁ မှ စတင်လာခဲ့သော်လည်း သံသယဖြင့် စတင်ခဲ့ကြသည်။ သို့သော် ၂၀၁၂ ပြည်မနိုင်ငံရေး အပြောင်းအလဲများကို ကြည့်မြင်ပြီးနောက် ဖြစ်နိုင်ခြေကိုတွက်ဆပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ဒိုင်ယာလော့သည်လည်း ပို၍အသက်ဝင်လာသည်။ ထို့အတူ နိုင်ငံတကာကလည်း လူအား၊ ငွေအားဖြင့် ဒိုင်ယာလော့ကို အားပေးကြသည့်အတွက် ဒိုင်ယာလော့သည် အားကောင်းမောင်းသန် ဖြစ်လာတော့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး ၂၀၁၆ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အစိုးရအား အာဏာလွှဲပြောင်းပေးလိုက်သောအခါ ဒိုင်ယာလော့သည် အောင်ပွဲခံပေတော့သည်။ ‘ဒိုင်ယာလော့ဆိုသည်မှာ ဤအရာကိုခေါ်သည်’ ဟူ၍ ဒိုင်ယာလော့အစွမ်း အံ့မခန်းဖြစ်ကြတော့သည်။

သို့သော် ၂၀၁၅-၂၀၁၆ ခုနှစ်တွင်ပင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဒိုင်ယာလော့ကား ထင်သလောက် အောင်မြင်မှုမရပေ။ ၂၀၁၅ ခုနှစ် NCA အပစ်ရပ်လက်မှတ်ရေးထိုးခြင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးညီလာခံများ တခြိမ့်ခြိမ့်ကျင်းပခြင်းတို့သည် ဒိုင်ယာလော့၏ အောင်ပွဲခံ တဖက်မျက်နှာ ဖြစ်သော်လည်း NCA အား ကြေလည်မှုမရှိခြင်း၊ NCA တွင် အက်တာအားလုံး ပါဝင်ခွင့် မရှိခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားအများစုရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ NCA လက်မှတ် မရေးထိုးခြင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ တခြိမ့်ခြိမ့်ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင် နိုင်ငံရေးအရ ပါဝင်ဆွေးနွေးမှု မရှိခြင်းတို့သည် ဒိုင်ယာလော့ မအောင်မြင်ခဲ့သည့် မျက်နှာစာဟု ဆိုရမည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဒိုင်ယာလော့ခြင်းနှင့် ပတ်သက်၍ မအောင်မြင်ခဲ့သည်မှာ အချက်နှစ်ချက်ကြောင့် တွေ့ရသည်။ ပထမအချက်မှာ အလျှော့အတင်း မလုပ်နိုင်ခြင်း၊ ညှိနှိုင်းမှု မလုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ NCA နှင့် ပတ်သက်၍၊ NCA တွင်ပါဝင်ရေးနှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ ရပ်တည်ချက်သဘောထားက အလျှော့အတင်း မလုပ်နိုင်တော့သည့် အခြေအနေအရောက်တွင် ဆက်လက် ဒိုင်ယာလော့၍ မရတော့ပေ။

ဒုတိယအချက်မှာ ဒိုင်ယာလော့ဆိုသည်မှာ ပြည်မနိုင်ငံရေးတွင် သူ့အားထောက်ခံသည့် လူထုအင်အား တောင့်တင်းမှု‌အပေါ် မူတည်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွက် လက်နက်ကိုင်တပ်ဖွဲ့အင်အား တောင့်တင်းမှုအပေါ် မူတည်နေ၍ဖြစ်သည်။ သို့ဖြစ်ရာ လက်နက်ကိုင်တပ် အင်အားနည်းသော အဖွဲ့အစည်းများမှာ ဒိုင်ယာလော့ရာတွင် အားမရှိကြသကဲ့သို့ ဖိအားများစွာ ရင်ဆိုင်ကြရသည်။ သူတို့အတွက် ဒိုင်ယာလော့သည် ထင်တိုင်းမပေါက်သကဲ့သို့ ဒိုင်ယာလော့ ကစားကွင်း၌ နယ်ရုပ်လေးများ ဖြစ်နေ၏။ ဒိုင်ယာလော့အတွင်း အိမ်ဖြည့်များအဖြစ်သာ ရှိနေသည်။

ဒိုင်ယာလော့ဆိုသည်မှာ ပြည်မနိုင်ငံရေးတွင် သူ့အားထောက်ခံသည့် လူထုအင်အား တောင့်တင်းမှု‌အပေါ် မူတည်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွက် လက်နက်ကိုင်တပ်ဖွဲ့အင်အား တောင့်တင်းမှုအပေါ် မူတည်နေသည်။

၂၀၁၆ နောက်ပိုင်း ပြည်မနိုင်ငံရေး အင်အားစုများကြား ဒိုင်ယာလော့က ရေပန်းစားဆဲဖြစ်သော်လည်း လက်တွေ့ရလဒ်က ကောင်းလှသည်မဟုတ်ပေ။ NLD အစိုးရဘက်ကလည်း နိုင်သူအကုန်ယူ မူဝါဒကို ကျင့်သုံးသကဲ့သို့ မြန်မာစစ်တပ်ဘက်ကလည်း ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းက ပေးထားချက်နှင့် ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိပေ။

ဤနေရာတွင် ဒိုင်ယာလော့ကြရန်အတွက် ၂၀၀၈ ခြေ/ဥက ပေးထားသည့် ကာ/လုံဆိုသည့် ကွင်းကျဉ်းလေးတွင်လည်း ဝင်ရောက်ကစားရန် NLD ဘက်က ငြင်းပယ်ခဲ့ရာ ပြည်မနိုင်ငံရေးတွင် ဒိုင်ယာလော့သည် တဖြည်းဖြည်း အရှိန်လျော့လာသည်။ ၂၀၁၈-၂၀၁၉ တွင် လွှတ်တော်နိုင်ငံရေးကို ကြည့်ပါက အနီကထိုင်လျှင် အစိမ်းကထပြီး အစိမ်းကထိုင်လျှင် အနီကထသည်ကို တွေ့မြင်ရသည်။ မြန်မာစစ်တပ်သည် နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာမည့် အလားအလာများ မတွေ့ရတော့ပေ။

ဤအခြေအနေဖြစ်လာသည်နှင့် ပတ်သက်၍ ကာ/လုံကွင်းကျဉ်းတွင် ဒိုင်ယာလော့ မပြုလုပ်ခဲ့သည့် NLD အစိုးရအား စွပ်စွဲဝေဖန်သည်များကိုလည်း တွေ့ရသည်။ မြန်မာစစ်တပ်က အရပ်သားအစိုးရကို မနာခံ၍ဟုလည်း သုံးသပ်ကြသည်။ ထို့ပြင် မြန်မာစစ်တပ်က ၂၀၀၈ အခြေခံဥပဒေဘောင်ထက် ပိုကျော်လွန်ပြီး လိုချင်၍ဟုလည်း ဆန်းစစ်ကြသည်။ မြန်မာစစ်တပ်က သူတို့သည် မြန်မာနိုင်ငံ၏ Guardian (ကာကွယ်စောင့်ရှောက်သူ ဝါ အုပ်ထိန်းသူ) ဟု ခံယူထားခြင်းက အရင်းခံအကြောင်းတရားဖြစ်နေပြီး မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးအရ စွန့်ခွာရန် စဉ်းစားမှုလုံးဝမရှိသည်က အဓိကကျပေလိမ့်မည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒိုင်ယာလော့သည်မှာလည်း ၂၀၁၅ မှစ၍ ဆုတ်ယုတ်မှုဘက်သို့ သွားသည်။ ဒိုင်ယာလော့အတွင်း လက်နက်ကိုင်အင်အားနည်းသော အဖွဲ့အစည်းများ၏ အခြေအနေနှင့် ဒိုင်ယာလော့မှ ဖယ်ထုတ်ခံရသည့် အခြေအနေများအောက်တွင် ကိုယ့်အဖွဲ့အစည်း အင်အားတောင့်တင်းအောင် ပြုလုပ်လာကြရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ပိုမိုအင်အားတောင့်တင်းလာပြီး လက်နက်ကိုင်ပဋိပက္ခ ပိုတိုးလာသည်ကို တွေ့ရသည်။ ဤသည်မှာလည်း ဒိုင်ယာလော့၏ ဘေးထွက်ဆိုးကျိုးဟု ဆိုရပါမည်။ သို့နှင့် ၂၀၁၅ မှ ၂၀၂၀ အတွင်း တိုင်းရင်းသားဒေသ အနှံ့အပြားတွင် စစ်ပွဲများ တိုးသည်ထက်တိုး၍ ပိုမို ပြင်းထန်လာသည်ကို တွေ့မြင်ရပေတော့သည်။

ဂိမ်းအိုဗာ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဂိမ်းအိုဗာ ဟုဆိုရမည့် ကစားပွဲပြီးဆုံးသွား၏။ မည်သည့်ဂိမ်းဟု ညွှန်းဆိုရမည်ဆိုလျှင် ၂၀၀၈ ခြေ/ဥဘောင်အတွင်း၊၂၀၀၈ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက ဂိမ်းပြီးဆုံးသွားခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီး ရွေးကောက်ပွဲ မဲလိမ်သည်ဟု စွပ်စွဲ၍ NLD ပါတီ အနိုင်ရရှိမှုကို ပယ်ချသည့် နစက ခေါ် စစ်ကောင်စီ၏ အာဏာသိမ်းမှု ဝါ အာဏာထိန်းမှုဆိုခြင်းက ဂိမ်းနှင့်တကွ ဂိမ်း၏စည်းမျဉ်းစည်းကမ်းများကို ဖျက်ပစ်လိုက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီလ

ထိုအခြေခံပေါ်မှ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို လက်မခံနိုင်သော လူထု၏ ဆန့်ကျင်မှုက မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်သည်ကို တွေ့ရသည်။ လူထုဆန္ဒပြမှုများကို စစ်ကောင်စီက အင်အားသုံး ဖြိုခွဲလာပြီးနောက် လူထုက မည်သည့်ပါတီ၏ ဆုံးဖြတ်ချက်မှမပါဘဲ ရရာလက်နက် ကိုင်စွဲခုခံပုန်ကန်ကြတော့သည်။ ထိုအခါ လူထုထောက်ခံမှု အများစုရထားသည့် NLD ပါတီလည်း လူထုခုခံပုန်ကန်မှုကို အမီလိုက်၍ ခေါင်းဆောင်ရန် ကြိုးပမ်းရာမှ CRPH, NUG, PDFs စသည်များ ပေါ်ပေါက်လာသကဲ့သို့ အမည်နာမမျိုးစုံနှင့် ဒေသအလိုက် ခုခံပုန်ကန်သည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာတော့သည်။ ဤခုခံပုန်ကန်မှုများသည် မြို့ကြီးပြကြီးများမှသည် ကျေးလက်တောင်တန်းများဆီအထိ တခွင်တပြင် ပျံ့နှံ့သွားတော့သည်။

လူထုဆန္ဒပြမှုများကို စစ်ကောင်စီက အင်အားသုံး ဖြိုခွဲလာပြီးနောက် လူထုက မည်သည့်ပါတီ၏ ဆုံးဖြတ်ချက်မှမပါဘဲ ရရာလက်နက် ကိုင်စွဲခုခံပုန်ကန်ကြတော့သည်။ ထိုအခါ လူထုထောက်ခံမှု အများစုရထားသည့် NLD ပါတီလည်း လူထုခုခံပုန်ကန်မှုကို အမီလိုက်၍ ခေါင်းဆောင်ရန် ကြိုးပမ်းရာမှ CRPH, NUG, PDFs စသည်များ ပေါ်ပေါက်လာသည်။

အကျိုးဆက်ကား ပြုပြင်ပြောင်းလဲရေး အခင်းအကျင်းအားလုံးလိုလို ပျက်စီးသွားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား သောင်းချီ၍ ပြန်လည်ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူ ရာနှင့်ချီရှိခဲ့ကာ လေးဦးကို သေဒဏ်ပေးခဲ့ပြီးဖြစ်သည်။ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူ များစွာရှိသည်။ နိုင်ငံရေးသမားများ၊ ခုခံပုန်ကန်ကြသူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများစွာ ချိတ်ပိတ် သိမ်းဆည်းခံရသည်သာမက ဆွေမျိုးသားချင်းများပါ ဖမ်းဆီးခံရသည်။

နိုင်ငံရေးအသင်းအပင်း လွတ်လပ်စွာဖွဲ့စည်းခွင့်များ အကန့်အသတ်များစွာနှင့် ရင်ဆိုင်ရတော့သည်။ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်၊ ဆန္ဒပြခွင့်များ ပိတ်ပင်ခံရသည်။ သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးသွားသည်။ စီးပွားရေး လွတ်လပ်မှုများ၊ ငွေကြေးနှင့်ဘဏ်စနစ်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ တစ်ကပြန်စရမည့် အခြေသို့ဆိုက်သွားသည်။ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရှောင်လွှဲ၍မရတော့။ သမ္မတဦးသိန်းစိန်လက်ထက်က အစပြုခဲ့သည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားပြီး စမှတ်သို့ ပြန်လည်ရောက်ရှိသွားသည်။

တဖက်ကလည်း မြန်မာစစ်တပ်ကို ထောက်ခံသူများ၊ သတင်းပေးများ၊ အမာခံများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုး၍လာနေသည်။ မျက်လုံးတလုံးအတွက် မျက်လုံးတလုံး၊ သွားတချောင်းအတွက် သွားတချောင်း လက်တုန့်ပြန်ကြသည့်အခြေသို့ ဆိုက်ရောက်သွားသည်။ ဆိုရလျှင် ဒိုင်ယာလော့နှင့် ပတ်သက်သည့် အခင်းအကျင်းများအားလုံး ပျက်သုဉ်းသွားသည်ဖြစ်ရာ ဂိမ်းအိုဗာဖြစ်သွားသည်ဟု ဆိုရခြင်းဖြစ်သည်။

သို့ရာတွင် ဤအချက်၌ အမြင်မတူမှုရှိကြသည်။ ဂိမ်းအိုဗာဖြစ်သွားသည်ကို လက်မခံသူများက ဂိမ်းအဟောင်း၏ စည်းမျဉ်းစည်းကမ်းများနှင့် ဒိုင်ယာလော့ကို ဆက်သွားချင်ကြ၏။ တကယ်တော့ ဂိမ်းအသစ်စနေပြီဖြစ်ရာ ဂိမ်းအဟောင်း၏ စည်းမျဉ်းစည်းကမ်းနှင့် ဒိုင်ယာလော့၍ မရနိုင်တော့ပေ။

နယူးအက်တာများ

၂၀၂၁ ခုနှစ်တွင် ကြီးမားလှုပ်ခတ်သည့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် မြန်မာ့နိုင်ငံရေးနယ်ပယ်အတွင်း နယူးအက်တာများစွာ ပေါ်ပေါက်လာသည်။ ထိုနယူးအက်တာများသည် မြန်မာ့နိုင်ငံရေးတွင် တဖြည်းဖြည်း အင်အားကောင်းလာသကဲ့သို့ အရေးပါသည့်အခန်းတွင်လည်း ပါဝင်လာနေသည်။

သို့သော် ယခုအချိန်အထိ ထိုနယူးအက်တာများကို အကြမ်းဖက်ဟု သမုတ်ပြီး ဘေးဖယ်ထုတ်ရန် သဘောထားနေသည်။ ထိုနယူးအက်တာများကို မှန်မှန်ကန်ကန် အသိအမှတ်ပြုရန်လိုအပ်သည်။ ထိုနယူးအက်တာများသည် တနည်းအားဖြင့် မြန်မာပြည်နိုင်ငံရေးတွင် stakeholders များ ဖြစ်လာသည်ကို အသိအမှတ်ပြုရန် လိုသည်။ အာဆီယံ၏ ဆုံးဖြတ်ချက် အသုံးအနှုန်းအရဆိုရလျှင် ‘ပါဝင်သင့် ပါဝင်ထိုက်သူများ’ အဖြစ် အသိအမှတ်ပြုရန် လိုသည်။

နယူးအက်တာများကို မှန်မှန်ကန်ကန် အသိအမှတ်ပြုရန်လိုအပ်သည်။ ထိုနယူးအက်တာများသည် တနည်းအားဖြင့် မြန်မာပြည်နိုင်ငံရေးတွင် stakeholders များ ဖြစ်လာသည်ကို အသိအမှတ်ပြုရန် လိုသည်။ အာဆီယံ၏ ဆုံးဖြတ်ချက် အသုံးအနှုန်းအရဆိုရလျှင် ‘ပါဝင်သင့် ပါဝင်ထိုက်သူများ’ အဖြစ် အသိအမှတ်ပြုရန် လိုသည်။

အဘယ်ကြောင့် လိုအပ်သည်ဆိုခြင်းမှာ ထိုနယူးအက်တာများကို ဖယ်ထုတ်ပြီး ဒိုင်ယာလော့ရန် မဖြစ်နိုင်တော့၍ ဖြစ်သည်။ ပြီးခဲ့သော ၁၀ နှစ်တာ ဒိုင်ယာလော့ကြသည့် ကာလအတွင်း နယူးအက်တာများ ဖြစ်ကြသည့် ရခိုင် AA, တအာင်း TNLA, ကိုးကန့် MNDAA စသည့်အဖွဲ့များကို အချိန်ကာလတခုထိ ဖယ်ထုတ်ထားခဲ့ရာ ဒိုင်ယာလော့တွင် အကျိုးရလဒ် မရှိသည့်အပြင် နောက် သုံး၊ လေးနှစ်ကြာသောအခါ မဖြစ်မနေ ထိုနယူးအက်တာများကို အသိမှတ်ပြုရတော့သည့် အ‌ခြေသို့ ဆိုက်သည်ကို တွေ့ရခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နယူးအက်တာများသည် stakeholders များ ဖြစ်လာခဲ့၍ဖြစ်သည်။

ဤတွင် လေးနက်စွာ ထည့်သွင်းစဉ်စားရမည့်အချက်မှာ ‌သမိုင်းခေတ်တိုင်း၊ အချိန်ကာလတိုင်းတွင် နယူးအက်တာများ ပေါ်လာလေ့ရှိကြသည်သာ။ သို့သော် အချို့ အက်တာအသစ်များမှာ နိုင်ငံရေးစင်မြင့်တွင် သရုပ်ဆောင်နိုင်စွမ်းမရှိ၍ အချိန်တိုအတွင်း လွင့်ပျောက်သွားတတ်ကြသည်။ အချို့ကမူ အစွမ်းအစ ကောင်းစွာမပြနိုင်သော်လည်း ဒရွတ်တိုက် လိုက်ပါနေတတ်ကြသည်။ သို့သော် အချို့သော အက်တာသစ်များက ပစ်ပယ်ချန်လှပ်၍ မရသည့် stakeholders များ ဖြစ်လာကြသည်။

အညာဒေသမှ PDF များ

ဖြစ်လေ့ဖြစ်ထရှိသည်မှာ မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်းအတွင်းတွင် အက်တာသစ်များ ပေါ်လာသည်နှင့် stakeholders ဖြစ်နိုင်ခြေကို လျှော့တွက်ခြင်း၊ stakeholders ဖြစ်လာသော်လည်း အသိမှတ်မပြုခြင်းတို့ကို ယခင်ကတည်းက တွေ့ရသကဲ့သို့ ယခုကာလတွင်လည်း တွေ့နေရဆဲဖြစ်သည်။

ယနေ့ကာလတွင် စစ်တပ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်ဟု ကြေညာခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဟု ဝန်ခံခဲ့သည်။ ဤသို့ အောင်မြင်မှုမရခြင်းမှာ အက်တာအသစ်များကို stakeholders များအဖြစ် အသိအမှတ်မပြု၍ ဖြစ်သည်။ ယနေ့ကာလ ပြည်တွင်းငြိမ်းချမ်းရေးကို ဒိုင်ယာလော့လုပ်ကြမည်ဆိုလျှင် EAOs ဟုခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်သာ လုပ်၍မရနိုင်တော့။

ပြည်မတွင်လည်း အက်တာအသစ်များပေါ်နေသည်ကို အသိအမှတ်ပြုရန် လိုအပ်နေပြီဖြစ်သည်။အက်တာအသစ်များအနေနှင့် stakeholders များအဖြစ် ကူးပြောင်းလာပြီဖြစ်သည်ကို အသိအမှတ်ပြုမှသာ အမှန်တကယ် ဒိုင်ယာလော့နိုင်ပေလိမ့်မည်။

ဒိုင်ယာလော့၏ ဒိုင်ယာလော့

ဒိုင်ယာလော့ဟုဆိုသည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ သွေးထွက်သံယို အနည်းဆုံး နိုင်ငံရေးဖြေရှင်းသည့် နည်းလမ်းဖြစ်ရာ ဒိုင်ယာလော့သက်သက်ကို ငြင်းပယ်စရာ မရှိပေ။ ဒိုင်ယာလော့ ဆိုသည်ကို ကိုင်စွဲသူ နှစ်မျိုးတွေ့ရသည်။ တမျိုးမှာ မည်သည့် အခြေအနေအောက်တွင်မဆို ဒိုင်ယာလော့မှတပါး အခြားမရှိဟု ယူဆကြသူများဖြစ်သည်။ တမျိုးမှာ လက်ရှိမြန်မာပြည် အခြေအနေကို သုံးသပ်အကဲဖြတ်ရာ၌ လက်နက်ကိုင်လမ်းကြောင်းအတိုင်း သွားနေလျှင် အချိန်အကန့်အသတ်မရှိ ကြာမြင့်သွားနိုင်သည်ဟု ယူဆကြသူများဖြစ်သည်။

သို့သော် ဒိုင်ယာလော့ရန် လိုအပ်သည်ဆိုရုံမျှနှင့် ဒိုင်ယာလော့ဖြစ်မလာနိုင်ပေ။ ဒိုင်ယာလော့နိုင်ရန် လိုအပ်သည့် အခင်းအကျင်းများ ပြင်ဆင်ပေးရန် လိုအပ်သည်။ ဂိမ်းအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးရန် လိုသည်။ အသစ်ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေနှင့်အညီ အက်တာအသစ်များ ပေါ်ပေါက်လာသည်ကို လည်းကောင်း၊ stakeholders များဖြစ်လာသည်ကို လည်းကောင်း အသိအမှတ်ပြုရန် လိုအပ်သည်။ ထိုအချက်များပြည့်စုံပါမှ ဒိုင်ယာလော့နိုင်ကြပေလိမ့်မည်။

ဒိုင်ယာလော့ရန် လိုအပ်သည်ဆိုရုံမျှနှင့် ဒိုင်ယာလော့ဖြစ်မလာနိုင်ပေ။ ဒိုင်ယာလော့နိုင်ရန် လိုအပ်သည့် အခင်းအကျင်းများ ပြင်ဆင်ပေးရန် လိုအပ်သည်။ ဂိမ်းအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးရန် လိုသည်။

ဤနေရာတွင် အရေးကြီးသည့်အချက်မှာ ဖြေလျှော့မှုများနှင့် အခင်းအကျင်းသစ်များကို ပြင်ဆင်ပေးရန် အဓိက စ မှတ်သည် နိုင်ငံ့အာဏာကို အဓိကချုပ်ကိုင်ထားသည့် မြန်မာစစ်တပ်လက်ထဲတွင် ရှိနေသေးသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်ဘက်က မစတင်ဘဲ အခင်းအကျင်းသစ်များ ပေါ်မလာနိုင်ပေ။ ဒိုင်ယာလော့အစပြုနိုင်ရန် မြန်မာစစ်တပ်ဘက်က မည်သည့်ပြောင်းလဲမှုမှမရှိဘဲ ကျန်သူများကိုသာ ဒိုင်ယာလော့ကြရန် ပြောနေပါက မည်သည့်ရလဒ်မှ ရရှိလိမ့်မည်မဟုတ်ပေ။

လက်ရှိ မြန်မာပြည်နိုင်ငံရေးတွင် ဒိုင်ယာလော့ကြရန်အတွက် နိုင်ငံရေးအခင်းအကျင်းဟောင်းများ ပျက်စီးသွားပြီဖြစ်ရာ အခင်းအကျင်းသစ်များ ဖန်တီးပေးရန် လိုအပ်သည်။ ဂိမ်းအတွက် ၂၀၀၈ ဘောင်အောက်မှ စည်းမျဉ်းစည်းကမ်းများ ပျက်သုဉ်းသွားပြီဖြစ်ရာ စည်းမျဉ်းစည်းကမ်းအသစ်များ ပြန်လည်သတ်မှတ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံရေး အခင်းအကျင်းသစ်တွင် ပေါ်ပေါက်လာသော အက်တာအသစ်များအား stakeholders များအဖြစ် အသိအမှတ်ပြုပြီး ဒိုင်ယာလော့အတွင်း ထည့်သွင်းရန်လိုသည်။ ထိုအချက်များကို မဖန်တီးနိုင်၊ အသိမှတ်မပြုနိုင်ပါက ဒိုင်ယာလော့ စတင်နိုင်လိမ့်မည် မဟုတ်ပေ။ မိမိပေါ်လစီ၊ မိမိသဘောထားကို လုံးဝလိုက်နာသောလူ အနည်းငယ်မျှနှင့်၊ အက်တာဟောင်းအချို့နှင့်သာ ဒိုင်ယာလော့နေပါက အနှီဒိုင်ယာလော့၊ ထိုဒိုင်ယာလော့သည် ဒိုင်ယာလော့ မည်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို ဒိုင်ယာလော့ဟု အတင်းခေါ်ဆိုနေပါကလည်း မည်သည့်ရလဒ်မှ ထွက်နိုင်မှာ မဟုတ်သည့် ဒိုင်ယာလော့ဟု ဆိုရမည်။

PDF ကို ထောက်ခံဆန္ဒပြသူများ

လက်ရှိ အာဆီယံ၏ မူ ၅ ချက်အရအရ သက်ဆိုင်သူအားလုံး ပါဝင် ဒိုင်ယာလော့ကြရန် အဆိုပြုခြင်းသည် အခြေခံကျပါသည်။ သို့သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည်မှာ ဒိုင်ယာလော့ရန်အတွက် လိုအပ်သည့် အခင်းအကျင်း မရှိခြင်း၊ အက်တာအသစ်များအား stakeholders များအဖြစ် အသိမှတ်မပြုခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရမည်။

ဤသည်နှင့် ဆက်စပ်ပြီး ဒိုင်ယာလော့ရန် ကြိုးစားသူနေသူများ၏ အယူအဆ နှစ်ခုကို တွေ့ရသည်။ တခုမှာ ပါဝင်နိုင်သောသူများ၊ အဖွဲ့အစည်းများနှင့် စတင်ရေးဖြစ်သည်။ နောက်တခုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စတင်နိုင်ရေးဖြစ်သည်။ ပါဝင်နိုင်သူများနှင့် စတင်နိုင်ရေးသည် အလုပ်မဖြစ်ခဲ့ကြောင်း ပြီးခဲ့သော ငြိမ်းချမ်းရေးညီလာခံ ကာလများတွင် လည်းကောင်း၊ စစ်တပ်အာဏာသိမ်းကာလ နှစ်နှစ်အတွင်းတွင် လည်းကောင်း တွေ့ခဲ့ရပြီး ဖြစ်သည်။

ဒုတိယအချက်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စတင်နိုင်ရေးဆိုသည်မှာလည်း လက်ရှိကာလတွင် အက်တာအသစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် အပြန်အလှန် တယောက်အားကို တယောက်ပြန်ယူ၍ ရပ်တည်နေသည်ဖြစ်ရာ အက်တာအသစ်များကို ဖယ်ထုတ်ပြီး စဉ်းစားမရနိုင်၍ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စတင်နိုင်ရေးဆိုသည်မှာလည်း လက်ရှိကာလတွင် အက်တာအသစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် အပြန်အလှန် တယောက်အားကို တယောက်ပြန်ယူ၍ ရပ်တည်နေသည်ဖြစ်ရာ အက်တာအသစ်များကို ဖယ်ထုတ်ပြီး စဉ်းစားမရနိုင်

ထို့ပြင် ဒိုင်ယာလော့နှင့်ပတ်သက်၍ မြန်မာပြည်အတွေ့အကြုံအရ မြန်မာစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါ နှစ်ပေါင်းဆယ်နှင့်ချီ၍ အတွေ့အကြုံရှိကြပြီး ဖြစ်သည်။ ထိုဒိုင်ယာလော့ခဲ့ကြသည်များကို ပြန်လည်သုံးသပ်ပါက တိုင်းပြည်အတွက် အဖြေတခုရရှိရေး ဆိုသည်ထက် မိမိအဖွဲ့အစည်း နိုင်ငံရေးရည်မှန်းချက်အတွက် အလျှော့အတင်း၊ အတိုးအဆုတ် ပြုလုပ်ရန်၊ အချိန်ဆွဲရန်အတွက် အသုံးချနိုင်ရေး ဒိုင်ယာလော့နေကြသည်။ ထို့ကြောင့် နှစ်ပေါင်းဆယ်ချီ၍ ဒိုင်ယာလော့ကြသော်လည်း ယနေ့တိုင် ကမ်းမမြင်လမ်းမမြင် ဖြစ်နေကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဒိုင်ယာလော့နှင့်ပတ်သက်၍ ပြောဆိုနေသူများ အနေနှင့်လည်း ဒိုင်ယာလော့ဖြစ်နိုင်မည့် အခင်းအကျင်းများကို သဘောပေါက်ရန် လိုသကဲ့သို့ ဒိုင်ယာလော့ ဖြစ်နိုင်မည့် အခင်းအကျင်းများကို ဖန်တီးရန်လိုသည်။

ထိုသို့မဟုတ်ပါက အနှီဒိုင်ယာလော့၊ ထိုဒိုင်ယာလော့သည် ရေပေါ်ဆီ ဒိုင်ယာလော့သာ ဖြစ်နေမည်သာမကဘဲ လက်တွေ့ပြသနာ မဖြေရှင်းနိုင်သည့် အပေါ်ယံ‌ရွှေမှုန်ကြဲသည့် ဒိုင်ယာလော့သာ ဖြစ်နေလိမ့်မည်။ ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်မည့် ဒိုင်ယာလော့ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဒိုင်ယာလော့ဟု ဆိုနေသူများသည် ဒိုင်ယာလော့၏ သဘောသဘာဝ အစစ်အမှန်ကို နားလည်ရန် လိုအပ်လှပေသည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

ဘာလဲဟဲ့ တွေ့ဆုံဆွေးနွေးရေး

နိုင်ငံရေး ဇာတ်ပျက်များ သတိထား

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး

NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ

Loading