၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း တရုတ်အထူးသံတမန်အသစ် ထွက်ပေါ်လာခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အမေရိကန်အစိုးရ၏ Burma Act တို့နှင့် တချိန်တည်းဖြစ်ရာ နိုင်ငံရေးအရ သာမန်တိုက်ဆိုင်မှုမဟုတ်ဟု အများက သုံးသပ်ကြ၏။
တရုတ်အထူးသံ တိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် မြောက်ပိုင်းအဖွဲ့များအား တရုတ်နယ်စပ်မြို့များတွင် ခေါ်ယူတွေ့ဆုံပြီးနောက် နေပြည်တော်သို့ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့၏။ ထို့နောက် တလ မကြာသည့် အချိန်အတွင်းမှာပင် တရုတ်အထူးသံတမန်သည် လိုင်ဇာ၊ ပန်ဆန်း၊ မိုင်းလားစသည့် မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့များ၏ ဌာနချုပ်များသို့ သွားရောက်တွေ့ဆုံခဲ့၏။ ဤအကြိမ် သွားရောက်ခဲ့ရာတွင် ယခင်အခါများနှင့် မတူသည့် ထူးခြားချက်များကို တွေ့ရသည်။
နိုင်ငံရေး
တချက်မှာ တရုတ်အထူးသံ၏ အဖွဲ့ဝင်အဖြစ် မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန် ပါဝင်လာသည်ကို တွေ့ရ၏။ ထိုမန္တလေးကောင်စစ်ဝန်သည် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း မရှိဟု သိရ၏။ မန္တလေးကောင်စစ်ဝန်အား ခေါ်ဆောင်လာခြင်းသည် မြန်မာပြည်နှင့် ပတ်သက်၍ ကျွမ်းကျင်သူအဖြစ် ခေါ်ဆောင်လာခြင်းဖြစ်သလော၊ သို့တည်းမဟုတ် နယ်စပ်ဒေသစီးပွားရေး၊ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာဒေသများ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ စူးစမ်းလေ့လာလိုသောကြောင့် ပါဝင်လာခြင်းဖြစ်သလော၊ သို့တည်းမဟုတ် မြန်မာပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ဆက်စပ်၍ ပါဝင်လာခြင်းလော စိတ်ဝင်စားဖွယ်ဖြစ်၏။
မန္တလေးကောင်စစ်ဝန်အား ခေါ်ဆောင်လာခြင်းသည် မြန်မာပြည်နှင့် ပတ်သက်၍ ကျွမ်းကျင်သူအဖြစ် ခေါ်ဆောင်လာခြင်းဖြစ်သလော၊ သို့တည်းမဟုတ် နယ်စပ်ဒေသစီးပွားရေး၊ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာဒေသများ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ စူးစမ်းလေ့လာလိုသောကြောင့် ပါဝင်လာခြင်းဖြစ်သလော၊ သို့တည်းမဟုတ် မြန်မာပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ဆက်စပ်၍ ပါဝင်လာခြင်းလော
ဒုတိယတချက်မှာ လိုင်ဇာကဲ့သို့သော စစ်ဘေးဒုက္ခသည်စခန်းများရှိသည့် နေရာများတွင် ထိုစခန်းများကိုပါ သွားရောက်ကြည့်ရှုသည်ဟုဆို၏။ ထို့နောက် ထိုဒုက္ခသည်များအပြင် တိုင်းရင်းသားအဖွဲ့များအား တရုတ်က ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်မည်ဆိုသည့် သတင်းစကားပါ ထွက်ပေါ်လာ၏။ ဤအချက်မှာလည်း ယခင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် တရုတ်တို့ကြားတွင် မရှိဘူးသေးသည့် ဆက်ဆံရေးအသစ်ဖြစ်သည်ကို တွေ့ရသည်။
တတိယအချက်မှာ ထိုဆွေးနွေးပွဲများတွင် တရုတ်အထူးသံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရေး၊ NCA လက်မှတ်ရေးထိုးရေးတို့ကို ပြောကြားသော်လည်း စစ်ကောင်စီဥက္ကဋ္ဌ၏ ကူညီပြောပေးရန် တောင်းဆိုမှုအရ ပြောဆိုခြင်းဖြစ်သည်ဟု ထည့်သွင်းပြောသည်ကို ကြားသိရ၏။ ယခင် တရုတ်သံတမန် ဆွန်ကော့ရှန်လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရေး၊ NCA လက်မှတ်ရေးထိုးရေးတို့အား တရုတ်သဘောထားအဖြစ် ပြောဆိုခဲ့သော်လည်း ယခုအခါ ပြောင်းလဲပြောဆိုသည်ကို တွေ့ရသည်။
အမေရိကန်၏ အကူအညီများ NUG နှင့် တိုင်းရင်းသားအဖွဲ့များကို ပေးမည်ဟု ဆုံးဖြတ်ချက် ထွက်လာပြီးနောက် တရုတ်တို့၏ခြေလှမ်းနှင့် အခိုင်အမာလုပ်ဆောင်ချက်မှ တွေ့ရသည်မှာ အမေရိကန်၏ အကူအညီနှင့်ဩဇာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များထံ အရောက်မခံနိုင်ဟူသည့် တရုတ်တို့သဘောထားကို ရှင်းလင်းစွာမြင်တွေ့ရ၏။ ဤအချက်သည် ယေဘုယျကျသည်ဟု ဆိုနိုင်သော်လည်း ၁၉၄၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်တို့ သတိကြီးစွာထား၍ ကိုင်တွယ်သည့်ပြဿနာဖြစ်သည်။
ကူမင်တန်များ စစ်ရှုံးပြီး မြန်မာပြည်တွင်းသို့ ဆုတ်ခွာလာပြီးကတည်းက ကူမင်တန်တပ်များနှင့် အမေရိကန် CIA တို့ ပူးပေါင်းပြီး တရုတ်-မြန်မာနယ်စပ်တလျှောက် အခြေပြုပြီး သူလျှိုလုပ်ငန်းများ၊ ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့သည်ကို လည်းကောင်း၊ မန္တလေး၊ လားရှိုးတလျှောက် မြို့များပေါ်တွင် အခြေပြုပြီး ထိုင်ဝမ်ကူမင်တန်တို့က “တာ့လုကုန်းဇော့တွေ့” ခေါ် ပြည်မကြီးအလုပ်အဖွဲ့အနေဖြင့် တရုတ်ပြည်မကြီးအား ထိုးဖောက်ထောက်လှမ်းသည်ကို လည်းကောင်း ကြုံခဲ့ရပြီးဖြစ်၏။
၂၀၁၈ ခုနှစ်ခန့်က UWSA ထိန်းချုပ်ရာ ‘ဝ’ နယ်မှတဆင့် တရုတ်နယ်စပ်ကို ဖြတ်ကျော်လာခဲ့သည့် ခရစ်ယာန်ဘာသာရေးအဖွဲ့တခု၏ ထိုးဖောက်မှုနှင့် သူလျှိုလုပ်မှုကို ကြုံခဲ့ရ၏။ ထိုစဉ် တရုတ်ပြည်တွင်း ကိုင်တွယ်မှုကို အများမသိခဲ့ကြသော်လည်း ‘ဝ’ ဒေသတွင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့မှုက အများသတိပြုစရာ ဖြစ်ခဲ့သည်။
ဆိုလိုသည်မှာ အမေရိကန်၏ အကူအညီများနှင့်အတူ ပါလာမည့် အမေရိကန်၏ ဩဇာသက်ရောက်မှုအပြင် အမေရိကန်၏ သူလျှိုလုပ်မှု၊ ထောက်လှမ်းမှုအား ခေတ်အဆက်ဆက် တရုတ်တို့ သတိထားသကဲ့သို့ ယခုလည်း သတိထားမည်ဖြစ်၏။ ယနေ့ကာလ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ကြား တင်းမာမှု မြင့်တက်နေချိန်တွင် ပို၍သတိထားမည်ဖြစ်သည်။ ထို့ကြောင့်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား တရုတ်တို့က ယခင်ကထက် ပို၍နီးနီးကပ်ကပ် ဆက်ဆံခြင်း၊ စစ်ရေးမဟုတ်သည့် အကူအညီပေးခြင်းတို့ကို တိုး၍ပြုလုပ်လာမည့်ခြေလှမ်းဟု သုံးသပ်ရ၏။
အမေရိကန်၏ အကူအညီများနှင့်အတူ ပါလာမည့် အမေရိကန်၏ ဩဇာသက်ရောက်မှုအပြင် အမေရိကန်၏ သူလျှိုလုပ်မှု၊ ထောက်လှမ်းမှုအား ခေတ်အဆက်ဆက် တရုတ်တို့ သတိထားသကဲ့သို့ ယခုလည်း သတိထားမည်ဖြစ်၏။ ယနေ့ကာလ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ကြား တင်းမာမှု မြင့်တက်နေချိန်တွင် ပို၍သတိထားမည်
ဤနေရာတွင် ပြဿနာတခုမှာ တရုတ်တို့သည် မြောက်ပိုင်းအဖွဲ့များအား လက်ရှိ စစ်ကောင်စီနှင့် တိုက်ခိုက်နေသည်ကို ရပ်တန့်ခိုင်းရန် ဖိအားပေးမည်လော၊ ပြည်မ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီအား တိုက်ခိုက်နေခြင်းကို တားဆီးမှုပြုမည်လားဆိုသည်ကတော့ မြန်မာလူထု စိတ်ဝင်စားသည့် ပြဿနာဖြစ်၏။
ထိုပြဿနာနှင့်ပတ်သက်လျှင် တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်သည်ထက် ပို၍စိတ်ဝင်စားသည့် ပြဿနာဖြစ်သည်။ သို့သော် တရုတ်တို့ မည်သို့ သဘောထားသည်ဖြစ်စေ မြောက်ပိုင်း ခုနစ်ဖွဲ့အနက် UWSA နှင့် NDAA မိုင်းလား နှစ်ဖွဲ့သာ ထိန်းချုပ်နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်သည့် နယ်မြေ သတ်သတ်မှတ်မှတ် ရှိ၏။ ကျန် ငါးဖွဲ့မှာ ထိုနှစ်ဖွဲ့ကဲသို့ အခြေတကျမရှိဘဲ ပြောက်ကျား လှုပ်ရှားထိန်းချုပ်မှုသာရှိရာ လက်ရှိအဆင့်နေရာနှင့် ရပ်တန့်နေ၍မရပေ။
ထို့ပြင် စစ်ကောင်စီ၏ သဘောထားမှာ တပ်ဖျက် လက်နက်အပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးသာဖြစ်ရာ နိုင်ငံရေးရည်မှန်းချက် ကြီးစွာထားရှိပြီး စစ်အင်အားတစုံတရာ တောင့်တင်းသည့် KIA, SSPP, AA, TNLA, MNDAA တို့အတွက် လက်သင့်ခံနိုင်သည့် အခြေအနေတွင် မရှိပေ။ သို့ဖြစ်ရာ တရုတ်အထူးသံ၏ လှုပ်ရှားမှုအတွင်း ဤအချက်နှင့်ပတ်သက်၍ အလေးထားစောင့်ကြည့်ဖွယ် ဖြစ်၏။
စီးပွားရေး
တရုတ်အထူးသံလှုပ်ရှားမှုနှင့် မြန်မာပြည်တွင်း တရုတ်သံအမတ်၊ ကောင်စစ်ဝန်တို့၏ လှုပ်ရှားမှုနှင့်အတူ တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့ပြန်လည် သက်ဝင်လှုပ်ရှားလာသည်ကို တွေ့ရ၏။ ပထမတခုမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်၏။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှ ရွာ ရှစ်ရွာခန့်အား စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်ရှင်းလင်းခြင်းများ ပြုလုပ်သည်နှင့် တပြိုင်နက် လမ်းလုံခြုံရေးယူပြီးနောက် မုံရွာမှ ခရီးသည်တင်ကားကြီး ငါးစီးဖြင့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်များဟု ယူဆရသူ ၁၅၀ မှ ၂၀၀ ကြား ကြေးနီစီမံကိန်းနယ်မြေသို့ ရောက်ရှိလာသည်ဟု သတင်းများ ကြားသိရ၏။
ထိုကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက စီမံကိန်းလုပ်ငန်းများ ရပ်နားထားကြောင်း၊ ဝန်ထမ်းများကို အခြေခံလစာပေးပြီး မိုင်းတွင်းများတွင် ပတ်ဝန်းကျင် မထိခိုက်စေရန် အရေးကြီးသည့် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်သည့်အဖွဲ့တဖွဲ့သာရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ မေလတွင် သတင်းထုတ်ပြန်ထားခဲ့၏။ ယခု တရုတ်အလုပ်သမားများ ဝင်ရောက်လာခြင်းနှင့်အတူ မြန်မာအလုပ်သမားများအား အလုပ်ဆင်းရန် ဆက်သွယ်ခေါ်ယူနေသည့် သတင်းများကြားရ၏။ ကြေးနီစီမံကိန်းကုမ္ပဏီက NUG ကို အခွန်ဆောင်သည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် ကြေးနီစီမံကိန်းပြန်စမည့် အခြေအနေများ တွေ့ရှိရခြင်းဖြစ်၏။
ယခု တရုတ်အလုပ်သမားများ ဝင်ရောက်လာခြင်းနှင့်အတူ မြန်မာအလုပ်သမားများအား အလုပ်ဆင်းရန် ဆက်သွယ်ခေါ်ယူနေသည့် သတင်းများကြားရ၏။ ကြေးနီစီမံကိန်းကုမ္ပဏီက NUG ကို အခွန်ဆောင်သည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် ကြေးနီစီမံကိန်းပြန်စမည့် အခြေအနေများ တွေ့ရှိရခြင်းဖြစ်၏။
ဒုတိယတခုမှာ ရခိုင်ပြည်နယ်ရှိ အမ်း၊ သံတွဲ၊ ဂွ စသည့်နေရာ သုံးခုတွင် လေအားလျှပ်စစ်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တရုတ်တို့နှင့် သဘောတူစာချုပ် ချုပ်ခြင်းဖြစ်၏။ စီမံကိန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အနိမ့်ဆုံးစတင်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟုဆို၏။
ထိုသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် တက်ရောက်သည်ကို တွေ့ရပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တရားဝင်ကြေညာသည့် တခုတည်းသော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်၏။ ထို့ပြင် ဤစီမံကိန်းသည် ရခိုင်တွင် အပစ်ရပ်ထားသည့် အခြေအနေပေါ်တွင် ပေါ်ပေါက်လာသည့် စီမံကိန်းလည်း ဖြစ်၏။
တတိယတခုမှာ Frontier Myanmar သတင်းဌာနတွင် ဖော်ပြသည့် ရွှေလီ-မန္တလေး-ကျောက်ဖြူ မီးရထားလမ်း တည်ဆောက်ရေးဖြစ်၏။ တရုတ်တို့၏ ခေတ်သစ်ပိုးလမ်းမတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ထိုရထားလမ်းနှင့် ပတ်သက်၍ တရားဝင်ကြေညာမှုတော့ မရှိပေ။ သို့သော် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁-၂၀၂၂ အတွင်း အဆိုပါမီးရထားလမ်းဆိုင်ရာ သဘာပတ်ဝန်းကျင်ထိခိုက်မှု (EIA) ကို တရုတ်ကုမ္ပဏီနှင့် မြန်မာစစ်ကောင်စီတို့ ပူးတွဲလုပ်ဆောင်ခဲ့ပြီး ဆက်လက်၍လည်း မီးရထားလမ်း၏ ပထမအပိုင်းအဖြစ် ရွှေလီနှင့်မန္တလေးကြား မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု Frontier Myanmar သတင်းဌာနက မြန်မာ့မီးရထားအကြီးတန်း အရာရှိများအား ကိုးကား သတင်းဖော်ပြသည်ကို တွေ့ရ၏။ ဤရင်းနှီးမြှုပ်နှံမှုမှာလည်း မြောက်ပိုင်းအဖွဲ့များအား အပစ်ရပ်ရန်၊ စစ်ကောင်စီနှင့်ဆွေးနွေးရန် တိုက်တွန်းသည်နှင့် ဆက်စပ်နေ၏။
ဤသည်မှာ ၂၀၂၃ ခုနှစ်အတွင်း တွေ့ရသည့် တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခြေလှမ်းများဖြစ်၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချက်ချင်းဆိုသလို ခွင့်ပြုပေးခဲ့သည့် ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းဂျိုင်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်တို့ဘက်မှ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့ပြန်လည်လှုပ်ရှားလာခဲ့သည်ကို ယခုနှစ်အတွင်း တရုတ်အထူးသံ၏ လှုပ်ရှားမှုနှင့်အတူ တွေ့ရခြင်းသည် သာမန်တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ပေ။
စစ်ရေး
ရှမ်းမြောက် တရုတ်နယ်စပ်တလျှောက်သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေဖြစ်၏။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ထိုနယ်မြေတွင် ရမခ တိုင်းတပ်များ၊ ရမခ အခြေပြု စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် (စကခ) ၁ နှင့်စကခ ၁၆ တို့အပြင် အခြားမှ တပ်မ ၉၉၊ စကခ ၂၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့ အားဖြည့်ထားရာ ရမခ တိုင်းတပ်များအပြင် တပ်မနှင့် စကခ ခုနစ်ခု ရှိ၏။ နယ်မြေအလိုက် တပ်အင်အားစုဖွဲ့တွင် အများစုဖြစ်၏။
သို့သော်၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ စကခ ၂ တခုလုံးနှင့် စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့မှ တပ်အချို့စီ စုစုပေါင်း စကခ သုံးခုခန့်အား ရမခ နယ်မြေမှ ပြန်လည်ထုတ်နုတ်သည်ကို တွေ့ရ၏။ ထူးဆန်းသည်မှာ ၂၀၂၃ နှစ်ဆန်းတွင် MNDAA မှ အင်အား တထောင်ကျော် သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးသည့် ကာလတွင် ရမခ နယ်မြေမှ စကခ သုံးခုစာ၊ တပ်ရင်း ၃၀ ခန့် ထုတ်နုတ်သွားခြင်းသည် အံ့ဩဖွယ်ဖြစ်၏။
၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ စကခ ၂ တခုလုံးနှင့် စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့မှ တပ်အချို့စီ စုစုပေါင်း စကခ သုံးခုခန့်အား ရမခ နယ်မြေမှ ပြန်လည်ထုတ်နုတ်သည်ကို တွေ့ရ၏။ ထူးဆန်းသည်မှာ ၂၀၂၃ နှစ်ဆန်းတွင် MNDAA မှ အင်အား တထောင်ကျော် သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးသည့် ကာလတွင် ရမခ နယ်မြေမှ စကခ သုံးခုစာ၊ တပ်ရင်း ၃၀ ခန့် ထုတ်နုတ်သွားခြင်းသည် အံ့ဩဖွယ်ဖြစ်၏။
ဤတွင် မည်သည့်အချက်နှင့် ဆက်စပ်နေပါသနည်းဆိုသည်မှာ စဉ်းစားဖွယ်ဖြစ်၏။ ရွှေလီ၊ မန္တလေး ရထားလမ်း ဖောက်လုပ်နိုင်ရေးအတွက် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စစ်ရှိန်လျှော့ချရန် တရုတ်တို့ ရည်ရွယ်ထား၍လော။ စစ်ကောင်စီအနေနှင့် ထိုအချက်ကို ဆုပ်ကိုင်၍ ရှမ်းမြောက်ရှိ သူ၏တပ်ဖွဲ့များကို ထုတ်နုတ်ခြင်းလောဆိုသည်မှာ ပဟေဠိတပုဒ်ဖြစ်နေ၏။
မည်သို့ပင်ဖြစ်စေ ရှမ်းမြောက်မှ တပ်များထုတ်နုတ်နိုင်ခြင်းသည် စစ်ကောင်စီအတွက် အကျိုးရှိခဲ့သည်။ ရှမ်းမြောက်မှ ထုတ်နုတ်ခဲ့သော စကခ ၂ အား ကယား (ကရင်နီ) ပြည်နယ်သို့ စေလွှတ်ပြီး စစ်အင်အား ဖြည့်နိုင်ခဲ့၏။ ထို့ပြင် ရှမ်းမြောက်မှ ထုတ်နုတ်လာသော တပ်နံပါတ် စိစစ်ဆဲတပ်အချို့အား PDF နှင့် KNDF တိုးချဲ့လှုပ်ရှားနေသော ရေတာရှည်နှင့် ပင်လောင်းနယ်များသို့ စေလွှတ်လှုပ်ရှားနိုင်ခဲ့၏။ ထို့ပြင် ရှမ်းမြောက်မှ ထုတ်နုတ်လာခဲ့သည့် စကခ ၁၂ မှ တပ်အများစုကို ကရင်ပြည်နယ်တွင် အင်အားဖြည့်ပြီး ကရင်တွင် လှုပ်ရှားနေသည့် စကခ ၂၀ အား ကမ်းရိုးတန်းတိုင်းသို့ ပြန်လည်စေလွှတ်ကာ စစ်ဆင်ရေးများ ပြုလုပ်လာနိုင်ခဲ့၏။
နိဂုံး
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အမေရိကအစိုးရက ပြဌာန်းလိုက်သည့် Burma Act နှင့် တရုတ်အထူးသံတမန်၏ လှုပ်ရှားမှုတို့နှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ပြောင်းလဲမှုများသည် စိတ်ဝင်စားဖွယ်ဖြစ်၏။ အမေရိကန်နှင့် အနောက်သာမက မြန်မာစစ်ကောင်စီအား မျက်စေ့စုံမှိတ်ထောက်ခံပြီး မြန်မာပြည်တွင် ခြေကုပ်ယူရန် ကြိုးစားနေသော အိန္ဒိယအမျိုးသားရေးဝါဒီ အစိုးရ၏ ခြေလှမ်းများကိုလည်း တရုတ်တို့ ထည့်သွင်းတွက်ချက်ပေလိမ့်မည်။
မြန်မာစစ်ကောင်စီသည်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်ရော၊ ရုရှားပါ မဲမပေး၊ ဗီတိုအာဏာမသုံးသည့်နောက် မြန်မာ့ပြည်နှင့်ပတ်သက်၍ အရေးပါသော ဆုံးဖြတ်ချက်များတွင် ရုရှားသည် တရုတ်ကို လွန်ဆန်လိမ့်မည်မဟုတ် ဆိုသည်ကို နားလည်သွား၏။ ထို့နောက် မြန်မာစစ်ကောင်စီသည် ရုရှားနှင့် တဖက်သတ် ပေါင်းသင်းရာမှ တရုတ်ဘက်သို့ ပြန်လည်မျက်နှာမူလာ၏။ မြန်မာသည် တရုတ်၏ အိမ်နီးချင်းကောင်းပါဟု ဆိုလာ၏။
ထို့ပြင် တရုတ်နှင့် အိန္ဒိယကြား သူတို့အတွက် အကျိုးအမြတ်ရယူနိုင်ရန် စဉ်းစားလာပုံရသည်။ စစ်ကောင်စီသည် ၂၀၂၃ တွင် နိုင်ငံခြားရေးဝန်ကြီးကို လဲလှယ်ခဲ့၏။ ယခင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဦးသန်းဆွေအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်ကို တွေ့ရ၏။ ထို့ကြောင့် စစ်ကောင်စီသည် အမေရိကန်နှင့်စကားပြောရန်၊ ချဉ်းကပ်ရန် ပြင်ဆင်နေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာစစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ရှုပ်ထွေးသည့် သံတမန်ရေးလှုပ်ရှားမှုများကိုပါ တွေ့နေရ၏။ တဖက်တွင် NUG အစိုးရကလည်း သူတို့သာ တိုင်းပြည်၏တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မည်ဟု ဆိုနေ၏။
NUG နှင့် တိုင်းရင်းသားအဖွဲ့များကိုပါ တိုက်ရိုက်ဆက်ဆံနေသည့် အမေရိကန်နှင့် အနောက်တိုင်းအစိုးရများ၊ မြောက်ပိုင်း တိုင်းရင်းလက်နက်ကိုင် အဖွဲ့များနှင့်ရော စစ်ကောင်စီနှင့်ပါဆက်ဆံနေသော်လည်း NUG နှင့် ဆက်ဆံရေးအား ချိန်ဆနေသည့် တရုတ်၊ စစ်ကောင်စီဘက်သာ မျက်နှာမူထားသည့် ရုရှားနှင့်အိန္ဒိယတို့၏ သဘောထားနှင့် လှုပ်ရှားမှုများကို မပြတ်စောင့်ကြည့်ရန်လို၏။
NUG နှင့် တိုင်းရင်းသားအဖွဲ့များကိုပါ တိုက်ရိုက်ဆက်ဆံနေသည့် အမေရိကန်နှင့် အနောက်တိုင်းအစိုးရများ၊ မြောက်ပိုင်း တိုင်းရင်းလက်နက်ကိုင် အဖွဲ့များနှင့်ရော စစ်ကောင်စီနှင့်ပါဆက်ဆံနေသော်လည်း NUG နှင့် ဆက်ဆံရေးအား ချိန်ဆနေသည့် တရုတ်၊ စစ်ကောင်စီဘက်သာ မျက်နှာမူထားသည့် ရုရှားနှင့် အိန္ဒိယတို့၏ သဘောထားနှင့် လှုပ်ရှားမှုများကို မပြတ်စောင့်ကြည့်ရန် လို၏။
မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံပြီးသည့်နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တရုတ်အထူးသံ တိန့်ရှီကျွင်းသည် နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ၏။ စီးပွားရေးကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာ၏။ နယ်စပ်ဒေသနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်၏ ပါဝင်ဆောင်ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးကြ၏။ ယခင်တခေါက်ထက် ဆက်ဆံရေး ကောင်းလာပုံရ၏။ တိန့်ရှီကျွင်းနှင့် စစ်ကောင်စီဥက္ကဋ္ဌ နှစ်ယောက်တွဲပုံ ထွက်လာ၏။
တရုတ်တို့၏ မြန်မာအရေး ပါဝင်ပတ်သက်မှုသည် မြန်မာလူထုကို မျက်ကွယ်ပြုမည်လောဆိုသည်က အရေးကြီးပြဿနာဖြစ်၏။ တရုတ်တို့အနေဖြင့် အမေရိကန်နှင့် ယှဉ်ပြိုင်မှုကိုသာ ဇောင်းပေးပြီး မြန်မာလူထု၏ သဘောထားနှင့် တိုက်ပွဲဝင်မှုကို မျက်ကွယ်ပြုပါက အခြေအနေသည် တရုတ်တို့ ယူဆသလို ဖြစ်မလာဘဲ ပို၍ဆိုးဝါးသည့်အခြေအနေကို ရင်ဆိုင်ရနိုင်ပေသည်။
မြန်မာလူထုအများစုအား မျက်ကွယ်ပြုထားဆဲဖြစ်သည့်၊ ပြည်မဒီမိုကရက်တစ် အင်အားစုများကို ဆက်ဆံခြင်းမပြုသည့်၊ မြန်မာ့အရေးတွင် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးအား တွေ့ဆုံရန် ပျက်ကွက်နေဆဲဖြစ်သည့် တိန့်ရှီကျွန်း၏ လှုပ်ရှားမှုများသည် စစ်ကောင်စီအား နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ စစ်ကောင်စီကို မဲတင်းပေးသကဲ့သို့ ဖြစ်ပါက မြန်မာလူထု၊ တိကျစွာပြောရလျှင် စစ်ကောင်စီအား လက်နက်ကိုင်ခုခံတွန်းလှန်နေသော လက်နက်ကိုင်မြန်မာလူထု လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် မြောက်ပိုင်းအဖွဲ့များနှင့် စစ်ကောင်စီဥက္ကဋ္ဌကြား တိန့်ရှီကျွန်း၏ လွန်းပျံခရီးများကို အထူးသတိပြုရန် လိုအပ်ပေးသည်။ များမကြာမီ တိန့်ရှီကျွန်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့ တစုတစည်းတည်း တတိယအကြိမ် ထပ်မံတွေ့ဆုံမည်ဟူသည့် ခိုင်လုံသည့်သတင်းလည်း နယ်စပ်မှကြားနေရ၏။
တရုတ်တို့အနေဖြင့် ASEAN ၏ မူငါးချက်ကို အတိအလင်းထောက်ခံထား၏။ ASEAN မူ ငါးချက်တွင် ပါဝင်သည့် အရေးကြီးသည့်အချက်မှာ သက်ဆိုင်သူအားလုံး ပါဝင်ရေးနှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေးဖြစ်၏။ သို့သော် တရုတ်အထူးသံသည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံမှုမရှိသေးပေ။
မြန်မာလူထုအများစုအား မျက်ကွယ်ပြုထားဆဲဖြစ်သည့်၊ ပြည်မဒီမိုကရက်တစ် အင်အားစုများကို ဆက်ဆံခြင်းမပြုသည့်၊ မြန်မာ့အရေးတွင် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးအား တွေ့ဆုံရန် ပျက်ကွက်နေဆဲဖြစ်သည့် တိန့်ရှီကျွန်း၏ လှုပ်ရှားမှုများသည် စစ်ကောင်စီအား နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ စစ်ကောင်စီကို မဲတင်းပေးသကဲ့သို့ ဖြစ်ပါက မြန်မာလူထု၊ တိကျစွာပြောရလျှင် စစ်ကောင်စီအား လက်နက်ကိုင်ခုခံတွန်းလှန်နေသော လက်နက်ကိုင်မြန်မာလူထု လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအတိုင်း ဆက်သွားပါက တိန့်ရှီကျွန်း၏ လှုပ်ရှားမှုသည် မြန်မာပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှုက ပိုများနိုင်သည်ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း တရုတ်ဆန့်ကျင်ရေး လေထုလည်း ပြန်လည်မြင့်တက်လာနိုင်ပြီး မလိုလားအပ်သည့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပေရာ အထူးသတိပြုကြရန် လိုအပ်ပေသည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်အထူးသံတမန်သစ် NUG နှင့် တွေ့ပါ
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၂