စစ်ကောင်စီသည် သြဂုတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအစီအစဉ်ကို စွန့်လွှတ်လိုက်သောကြောင့် အတုအယောင် ရွေးကောက်ပွဲသည် တည်ငြိမ်မှုပေးမည်ဆိုသည့် ရိုးအသော မျှော်လင့်ချက်များ ပျက်စီးသွားသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု လပေါင်းများစွာ ကြွေးကြော်ပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သူသည် ရွေးကောက်ပွဲ ကျင်းပနိုင်လောက်အောင် နိုင်ငံကို လုံလုံလောက်လောက် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဝန်ခံပြီး စစ်ကောင်စီ၏ တရားမဝင်အုပ်ချုပ်ရေးကို နောက်ထပ် ခြောက်လ တိုးချဲ့လိုက်သည်။ ရွေးကောက်ပွဲအတုများသည် မြန်မာကိုတည်ငြိမ်စေမည်ဟု ရိုးအစွာ ယုံကြည်နေသည့် နိုင်ငံတကာအသိုက်အဝန်းမှ လူများအတွက် ထိုဖြစ်ရပ်သည် ဆုတ်ယုတ်မှု ဖြစ်သည်။
နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း စစ်ကောင်စီက တရားဝင် ဝန်ခံခြင်းသည် စစ်အစိုးရကို ပြန်လည် အသက်သွင်းရန် ၎င်း၏ရည်မှန်းချက် မအောင်မြင်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲများ မသေချာမရေရာသောကြောင့် ဗိုလ်ချုပ်များသည် အာဏာတည်မြဲရေးအတွက် ဖြစ်နိုင်ခြေရှိသော အခြားလမ်းကြောင်းများ ရှာဖွေလာသည်။
ယခင် စစ်အာဏာသိမ်းမှုများတွင် အမြဲဖြစ်နေသည့် ပုံစံအတိုင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လိမ်လည်သော ရွေးကောက်ပွဲများသည် ယခုတကြိမ်တွင်လည်း နိုင်ငံအတွက် တည်ငြိမ်မှုဖြစ်စေမည်ဟု ယူဆသူများရှိသည်။
ယခင် စစ်အာဏာသိမ်းမှုများတွင် အမြဲဖြစ်နေသည့် ပုံစံအတိုင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လိမ်လည်သော ရွေးကောက်ပွဲများသည် ယခုတကြိမ်တွင်လည်း နိုင်ငံအတွက် တည်ငြိမ်မှုဖြစ်စေမည်ဟု ယူဆသူများရှိသည်။ ထိုသူများက စစ်ကောင်စီ၏ ရွေးကောက်ပွဲများသည် မြန်မာတွင် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းတခုဖြစ်သည်ဆိုသည့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသော နိုင်ငံတကာအသိုက်အဝန်းမှ လူများဖြစ်သည်။ ယခုတကြိမ်တွင် အခြေအနေသည် ကွဲပြားခြားနားကြောင်း မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံသူတိုင်း ရှင်းလင်းစွာသိကြသည်။
အကြမ်းဖက်သွေးခွဲရန် ရည်ရွယ်သည့် လူသတ်မာဖီးယား စစ်ကောင်စီနှင့် ရင်ဆိုင်ရသော်လည်း လွန်ခဲ့သော ဆယ်နှစ်အတွင်း နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်မှုသည် ဆုံးဖြတ်ချက်ပြတ်သားသည့် လှုပ်ရှားမှု၏ အခြေခံဖြစ်သော ပြည်သူများအတွက် ကြီးမားသော အင်အားများကို နှိုးဆွပေးခဲ့သည်။ မြန်မာတွင် ငြိမ်းချမ်းတည်ငြိမ်မှုအတွက် လက်တွေ့ကျသောလမ်းကြောင်းမှာ ခုခံတော်လှန်ရေး အားထုတ်မှုများကို ထောက်ခံပြီး စစ်ကောင်စီကို ထောက်ခံရန်မဟုတ်ကြောင်း နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သိရှိသင့်သည်။
၂၀၀၈ စစ်ဖွဲ့စည်းပုံကို ပြန်လည်တီထွင်ခြင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြေညာချက်မတိုင်မီတွင် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) က မည်သည့် ဥပဒေကြောင်းဖြင့်မျှ သက်သေပြခြင်းမရှိဘဲ မြန်မာနိုင်ငံသည် ပုံမှန်အခြေအနေ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် မင်းအောင်လှိုင်သည် စစ်ကောင်စီအုပ်ချုပ်ရေးကို သက်တမ်းတိုးရန် အကြောင်းပြချက်ရသွားသည်။
တနိုင်ငံလုံးတွင် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် စစ်အုပ်ချုပ်ရေး တနှစ်တာကာလ ကျော်လွန်သောအခါ အရေးပေါ်အခြေအနေကို တကြိမ်လျှင် ခြောက်လစီနှင့် နှစ်ကြိမ်တိုးချဲ့ရန် ၂၀၀၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ က NDSC ကို ခွင့်ပြုထားသည်။ (စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထို နှစ်နှစ်တာကာလ ကုန်ဆုံးသောအခါ ခြောက်လအတွင်း ရွေးကောက်ပွဲများ ကျင်းပရမည်ဖြစ်သည်။ သို့သော် နိုင်ငံတွင်ဖြစ်နေသည့် အခြေအနေသည် ပုံမှန်အခြေအနေ မဟုတ်သောကြောင့်ဟုဆိုကာ NDSC က ၎င်းတို့တွင် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လတိုးခွင့်ရှိသည်ဟု အငြင်းပွားဖွယ်ရာ ဆုံးဖြတ်လိုက်သည်။
ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် စစ်အုပ်စုသည် ၎င်းတို့ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ပြန်လည် ချိုးဖောက်ခြင်းသည် အသစ်အဆန်းမဟုတ်ပေ။ မြန်မာစစ်အာဏာရှင်စနစ် ဖခင်ကြီး ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသည်။ ထိုမတိုင်မီက ထိုအခြေခံဥပဒေကို သစ္စာစောင့်သိမည်ဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။ အလားတူစွာပင် ၁၉၈၈ ခုနှစ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ကလည်း စစ်တပ်သည် ဗိုလ်ချုပ်နေဝင်း၏ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကို လိုက်နာကြောင်း ပြောသော်လည်း ထိုဖွဲ့စည်းပုံသည် ၎င်းတို့အကျိုးအတွက် အသုံးမဝင်တော့သည့် အချိန်ဖြစ်သည့် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းသောအခါ ဖွဲ့စည်းပုံကို ဖျက်သိမ်းသည်။ မြန်မာမှ နောက်ဆုံး အာဏာသိမ်းခေါင်းဆောင်ကလည်း ၎င်းတို့၏ခြေရာကို နင်းသည်။
ရိုးအသောမျှော်မှန်းချက်များ ပျောက်ကွယ်
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ခဲ့ကာ ထိုရွေးကောက်ပွဲသည် ၎င်းတို့အာဏာသိမ်းခြင်းကို တရားဝင်စေပြီး ခုခံတော်လှန်ရေး အင်အားစုကို ဖြိုခွဲနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများသည် အဆိုပြုထားသော ရွေးကောက်ပွဲများ၏ အရေးပါမှုကို အလေးထားဖော်ပြပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို အမွှမ်းတင်ကာ နိုင်ငံတကာအသိုက်အဝန်းအတွင်း ဆွေးနွေးမှုများ၏ ဗဟိုချက်ဖြစ်အောင် လုပ်သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ခဲ့ကာ ထိုရွေးကောက်ပွဲသည် ၎င်းတို့အာဏာသိမ်းခြင်းကို တရားဝင်စေပြီး ခုခံတော်လှန်ရေး အင်အားစုကို ဖြိုခွဲနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ရွေးကောက်ပွဲသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ထွက်ပေါက်ပေးမည်ဟု နိုင်ငံတကာလေ့လာသူအချို့က ယုံကြည်ပြီး အာဏာသိမ်းခေါင်းဆောင်သည် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် အသုံးမချဘဲ ခုခံတော်လှန်ရေး အင်အားစုများကို သွေးခွဲရန်၊ သူ၏စစ်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်နှင့် ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ရန် သုံးနေသည်ဆိုသည့် များပြားလှသော အထောက်အထားများကို ဂရုမစိုက်ဘဲ ထိုသို့ ယုံကြည်ခြင်း ဖြစ်သည်။ အချို့က အနှစ်သာရကင်းမဲ့သည့် ဥပဒေရေးရာဆင်ခြေများပေးပြီး စစ်ကောင်စီသည် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပရန်မှတပါး အခြားရွေးစရာလမ်း မရှိတော့ကြောင်း ပြောသည်။ ထိုသို့သော ဆင်ခြေများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုကို မသိကျိုးကျွံပြုသည့် ဆင်ခြေများဖြစ်သည်။
စစ်တပ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သရုပ်ဖော်ရန် အကြိမ်ကြိမ် ကြိုးစားမှုများရှိသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်များက သူသည် အာဏာကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရန် အသင့်ရှိကြောင်း ပြသနေသည်။ စစ်အာဏာမသိမ်းမီ ရက်အနည်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ပြင်ဆင်ထားကြောင်း လူသိရှင်ကြား ပြောဆိုခဲ့သည်။
ဆက်လက်တည်မြဲရေးဖြင့် စေ့ဆော်ထားသော စစ်တပ်
ခေတ်သစ်မြန်မာ့သမိုင်းသည် အာဏာငမ်းငမ်းတက်နေသော စစ်တပ်က သူ့ကိုယ်သူ ပုံဖျက်ပြီး လိုအပ်သည့် မည်သည့်နည်းလမ်းဖြင့်မဆို အာဏာကို ဆုပ်ကိုင်ထားရန် အစီအစဉ်များကိုပြောင်းသည့် မှောင်မိုက်သော သမိုင်းမှတ်တမ်းပင် ဖြစ်သည်။ အာဏာကို လက်လွှတ်ဆုံးရှုံးခြင်းသည် ၎င်းတို့ကိုယ်တိုင်နှင့် စစ်တပ်အတွက် သေဒဏ်ကျရောက်ခြင်းဖြစ်ကြောင်း စစ်တပ်အတွင်းမှ အများအပြား ယုံကြည်နေသောကြောင့် ထိုအချက်သည် ယခုအချိန်တွင် အမှန်ကန်ဆုံးဖြစ်သည်။
အာဏာငမ်းငမ်းတက် ဗိုလ်ချုပ်များအတွက် အဓိက စေ့ဆော်မှုမှာ နိုင်ငံတော်အာဏာကို အကြွင်းမဲ့ ထိန်းချုပ်ရေး အားထုတ်မှုသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးမှုကို ကာကွယ်ရန်နှင့် တည်ငြိမ်မှုရအောင်လုပ်ရန်၊ အများပြည်သူဘဝ သာယာစိုပြေစေရန် မဟုတ်ပေ။ ဗိုလ်ချုပ်များသည် နိုင်ငံတော်သာယာစိုပြေရေးအတွက် မလုပ်ဘဲ နိုင်ငံတော်နှင့်ပြည်သူများ မည်မျှထိခိုက်သည်ကို ဂရုမစိုက်သော၊ ၎င်းတို့ဆက်လက်တည်တံ့ရေး ကိုယ်ကျိုးစီးပွားကိုသာ အလေးထားသည့် မာဖီးယားများဖြစ်သည်ဟု နားလည်ထားလျှင် ပိုမိုကောင်းသည်။
အာဏာငမ်းငမ်းတက် ဗိုလ်ချုပ်များအတွက် အဓိက စေ့ဆော်မှုမှာ နိုင်ငံတော်အာဏာကို အကြွင်းမဲ့ ထိန်းချုပ်ရေး အားထုတ်မှုသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးမှုကို ကာကွယ်ရန်နှင့် တည်ငြိမ်မှုရအောင်လုပ်ရန်၊ အများပြည်သူဘဝ သာယာစိုပြေစေရန် မဟုတ်ပေ။
ဗိုလ်ချုပ်များသည် တန်ဖိုးမတန်တဆ ပေးဆပ်ရပြီး အောင်ပွဲရမည်ဆိုလျှင် မည်မျှ တရားမဝင်သည်ဖြစ်စေ၊ မည်မျှ သွေးချောင်းစီးသည်ဖြစ်စေ၊ မည်မျှ အကန့်အသတ်ရှိသည်ဖြစ်စေ ထိုအောင်ပွဲက ၎င်းတို့ ဆက်လက် ရပ်တည်ရှင်သန်မှုကို အာမခံပါက လက်ခံရန် အသင့်ရှိကြသည်။ ထိုဗိုလ်ချုပ်များသည် ယဉ်ကျေးသော ကမ္ဘာမှ သီးခြားဖြစ်သော ၎င်းတို့၏ အသိုက်အဝန်းတွင်သာ နေထိုင်ကြသည်။ ၎င်းတို့သည် မရိုးသားသော အတ္တ၊ အာဏာငမ်းငမ်းတက်ခြင်း၊ တယူသန်ခြင်း၊ မလုံခြုံမှု၊ ရန်လိုမှုနှင့် ၎င်းတို့တည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားတို့က အခြေခံအားဖြင့် မောင်းနှင်သည့် မာဖီးယားစိတ်ဓာတ်ကို ကိုယ်စားပြုသည်။ ခုခံတော်လှန်ရေး အင်အားစုများကို သွေးခွဲခြင်းနှင့် လူထုငြိမ်သက်သွားစေရန် လူအစုလိုက်အပြုံလိုက် ဒုက္ခရောက်အောင် လုပ်ဆောင်ခြင်းဖြင့်သာ ၎င်းတို့ဆက်လက်ရှင်သန်ရပ်တည်နိုင်မည်ဟု စစ်ကောင်စီက ယုံကြည်သည်။
ထို့ကြောင့် စစ်အုပ်ချုပ်ရေးသည် မည်သည့်အခါမျှ မတည်ငြိမ်ဘဲ လက်ရှိခုခံတော်လှန်မှုတွင် တိုက်ရိုက် မပါဝင်သူများကပင် စစ်တပ်ကို အပြင်းအထန် ဝေဖန်နေကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ မြန်မာတွင် တည်ငြိမ်ရေးအတွက် လမ်းကြောင်းတခုကို စဉ်းစားသောအခါ ပြည်သူ့ဆန္ဒကသာ အဆုံးအဖြတ်ပေးသင့်သည်။ ပြည်သူများအပေါ် ၎င်းတို့ ရက်စက်ကြမ်းကြုတ်များ ကျူးလွန်နေသည်မှာ နှစ်နှစ်ကြာပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်ကာ အရည်အချင်း ကင်းမဲ့သော စစ်တပ်သည် အနာဂတ်အစိုးရတွင် မည်သို့ပါဝင်နိုင်မည်နည်း။
နိုင်ငံတကာတုံ့ပြန်မှုကို မောင်းနှင်နေသော မှားယွင်းသည့် အယူအဆများ
နိုင်ငံတကာအသိုက်အဝန်းမှ မူဝါဒချမှတ်သူ အများအပြားသည် မြန်မာစစ်တပ်ကို ရှုမြင်ရာတွင် မဲဆန္ဒနယ်တခုနှင့် အမျိုးသားအကျိုးစီးပွားကို တာဝန်ခံရန် တာဝန်ရှိသည့် အစိုးရဇာတ်ကောင်များဖြစ်သည့် ၎င်းတို့၏အတွေ့အကြုံကို အခြေခံပြီး ရှုမြင်သည်။ စစ်ကောင်စီသည် မည်မျှ သွေးချောင်းစီးအောင်လုပ်ပြီး မည်မျှ ယုတ်မာရိုင်းစိုင်းစေကာမူ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်းများက စစ်ကောင်စီခေါင်းဆောင်များသည် ဖျောင်းဖျပြောဆိုနိုင်သောသူများ ဖြစ်နိုင်သည်ဆိုသည့် မျှော်လင့်ချက်ကို တွယ်ဖက်ထားသည်။ နိုင်ငံတကာအသိုက်အဝန်းက ဗိုလ်ချုပ်များကို “ဆင်ခြင်တုံတရားရှိသော နိုင်ငံတော်ဇာတ်ကောင်” များအဖြစ် မှားယွင်းစွာရှုမြင်ပြီး ၎င်းတို့သည် မြန်မာ့အကျိုးစီးပွားအတွက် လုပ်ဆောင်မည်ဟု မျှော်လင့်နေသည်။
စစ်တပ်ကို ထိုသို့မြင်ခြင်းသည် နက်ရှိုင်းသည့် နားလည်မှုလွဲမှားခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာကြာသည့် စစ်ပွဲက အစွန်းရောက်အောင်နှင့် စိတ်ဒဏ်ရာရအောင်လုပ်ထားသည့် စစ်မြေပြင်တွင် မာကြောအောင်လုပ်ထားသော အမျိုးသားရေးအစွန်းရောက်များ၏ စိတ္တဇအုပ်စုသာ ဖြစ်သည်။ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ၂၀၁၀ ပြည့်နှစ် မတိုင်မီအထိ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အစိုးရသည် “ထုံထိုင်း မိုက်မဲသည်” ဟု ပြောခဲ့ဖူးပြီး စစ်အုပ်စုနှင့် ဆက်ဆံရခြင်းသည် “လူသေများကို စကားပြောခြင်း” နှင့် တူသည်ဟုလည်း ပြောခဲ့သည်။ မြန်မာသည် အထီးကျန်ပြီး ကမ္ဘာ့နိုင်ငံရေးတွင် အရေးမပါသောကြောင့် နှိုင်းယှဉ်ချက်အားဖြင့် အနည်းငယ်မျှသော ပြည်ပအစိုးရများသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် ပတ်သက်သည့် အတွေ့အကြုံရှိကြသည်ကို နားလည်ရန်လိုသည်။ လူတောမတိုးသည့် စစ်ခေါင်းဆောင်များနှင့် အတွေ့အကြုံဆိုလျှင် ပို၍ပင် နည်းမည်ဖြစ်သည်။
စစ်တပ်နှင့်ပတ်သက်သည့် မှားယွင်းသောနားလည်မှုများကြောင့် မှားယွင်းသောကောက်ချက်များနှင့် အန္တရာယ်ရှိသော လုပ်ရပ်များကို ဖြစ်စေသည်။ စစ်ကောင်စီသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်တွင် သဘောရိုးဖြင့် ပါဝင်မည်ဆိုသည့် အတွေးအခေါ်ကို ထိုကောက်ချက်များနှင့် လုပ်ရပ်များက အလေးထားကြသည်။ ထိုကောက်ချက်များနှင့် လုပ်ရပ်များသည် လုံးဝအောင်မြင်မှု မရှိသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဘုံသဘောတူညီချက် ၅ ချက်အတွက် အခြေခံဖြစ်သည်။
အရေးပေါ်အခြေအနေကို စစ်ကောင်စီက မကြာသေးမီတွင် သက်တမ်းတိုးခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများက အကြမ်းဖက်မှုချက်ချင်းရပ်ရေး၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးရေးတို့ ပါဝင်သည့် ASEAN ၏ အစီအစဉ်ကို လှောင်ပြောင်လိုက်ခြင်းပင် ဖြစ်သည်။
ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ်ကပင် သဘောတူခဲ့သော်လည်း စစ်ကောင်စီက သဘောတူညီချက်၏ တရားဝင်မှု လျော့ကျအောင် ဖေဖော်ဝါရီလတွင် လုပ်ဆောင်ခဲ့ပြီး “ASEAN ဘုံသဘောတူညီချက် ၅ ချက်သည် လိုက်နာရန် ဥပဒေအရ တာဝန်မရှိသည့် သဘောတူညီချက်အဖြစ် မြန်မာက မြင်သည်” ဟု ပြောသည်။ အရေးပေါ်အခြေအနေကို စစ်ကောင်စီက မကြာသေးမီတွင် သက်တမ်းတိုးခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများက အကြမ်းဖက်မှုချက်ချင်းရပ်ရေး၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးရေးတို့ ပါဝင်သည့် ASEAN ၏ အစီအစဉ်ကို လှောင်ပြောင်လိုက်ခြင်းပင် ဖြစ်သည်။
တည်ငြိမ်မှုသို့ လမ်းကြောင်းများ
မြန်မာတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းရေးအတွက် အလားအလာကို စဉ်းစားရာတွင် နိုင်ငံတကာ ဇာတ်ဆောင်များသည် မာဖီးယားစိတ်ဓာတ်ရှိသော မြန်မာဗိုလ်ချုပ်များက အပေးအယူ၏တန်ဖိုးကို အသိအမှတ်မပြုဘဲ ရိုင်းစိုင်းသောအင်အားကိုသာ အသိအမှတ်ပြုသည်ဆိုသည့် အချက်ကို နားလည်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေများအောက်တွင် ဗိုလ်ချုပ်များသည် ညှိနှိုင်းဆွေးနွေးခြင်းထက် အဆုံးမရှိသော စစ်ကိုသာ ပိုမိုလိုလားကြသည်။ ၎င်းတို့သည် စစ်ရေးအရ ၎င်းတို့မနိုင်နိုင်တော့ကြောင်း သဘောပေါက်သောအခါမှသာ ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာမည်ဖြစ်သည်။
စစ်ရေးအရ တန်းတူသည်ဟု ၎င်းတို့ယူဆသောသူများနှင့်သာ စစ်အုပ်စုသည် တွေ့ဆုံဆွေးနွေးကြောင်း သမိုင်းတလျှောက်တွင် အကြိမ်ကြိမ်ပြခဲ့ပြီးဖြစ်သည်။ ဥပမာဆိုရပါက စစ်အုပ်စုသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ရက္ခိုင့်တပ်တော် (AA) ပါဝင်ခြင်းကို ငြင်းဆန်ခဲ့ပြီး AA က စစ်အင်အားနှင့်နယ်မြေ ထိန်းချုပ်နိုင်မှု ပြသလိုက်သောအခါမှသာ လက်ခံခဲ့သည်။
စစ်အာဏာ မသိမ်းမီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဗိုလ်ချုပ်တဦးက “ခင်ဗျားတို့က ကျနော်နဲ့ တန်းတူအဆင့် ဆွေးနွေးရအောင် အင်အားဘယ်လောက်ရှိလို့လဲ” ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုမှ ကိုယ်စားလှယ်အား ကြမ်းတမ်းစွာမေးသည်ကို စာရေးသူ တွေ့ခဲ့ဖူးသည်။
၁၉၈၁ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သွားသည့်ကိစ္စကို ပြန်ပြောရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်ဟောင်း ဘရန်ဆိုင်းက အောက်ပါအတိုင်း ကောက်ချက်ချခဲ့သည်။ “ကျနော်တို့က အားနည်းတဲ့ ဘက်အဖြစ် ဆွေးနွေးနေရတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေနဲ့ ညီညွတ်မှသာ (စစ်တပ်နဲ့ ဆွေးနွေးပွဲ) အောင်မြင်မယ်”ဟု ပြောခဲ့သည်။
စစ်တပ်၏ အကြမ်းဖက်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားနေရသော တိုင်းရင်းသားလူနည်းစု လူမှုအသိုက်အဝန်းများ ကဲ့သို့ပင် မြန်မာပြည်သူများသည်လည်း စစ်ဗိုလ်ချုပ်များ၏လက်တွင် နက်ရှိုင်းစွာ ခံစားကြရပြီး စစ်အုပ်စုသည် ၎င်းတို့အတွက် စစ်ရေးအောင်ပွဲ မမြင်တော့သည့် အခါမှသာ စစ်အင်အား တန်းတူသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သဘောပေါက်သည်။ ထို့ကြောင့် ပြည်သူများသည် စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ကိုင်ရေးအတွက် နာကျင်သော ဆုံးဖြတ်ချက်ကို ချမှတ်ရန် တွန်းပို့ခံလိုက်ရခြင်းဖြစ်သည်။
ဤသို့သော အခြေခံအချက်များကို လက်မခံပါက နိုင်ငံတကာ အသိုက်အဝန်းသည် စစ်ကောင်စီကို ဆက်လက် ထိတွေ့ဆက်ဆံ ထောက်ခံနေမည်ဖြစ်ကာ ၎င်းတို့ အောင်ပွဲခံနိုင်သည်၊ မြန်မာပြည်သူများ၏ နိုင်ငံကိုကယ်တင်ရန် အားထုတ်မှုကို အင်အားချိနဲ့သွားအောင်လုပ်နိုင်သည် ဆိုသည့် စစ်ကောင်စီ၏ ထင်ယောင်ထင်မှား ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။ စစ်ကောင်စီ အင်အားတောင့်တင်းစေသည့် အားထုတ်မှုအားလုံးသည် အကြမ်းဖက် ပဋိပက္ခကို ပိုမို၍သာ ရှည်ကြာစေပြီး မြန်မာပြည်သူများ ပိုမိုဒုက္ခခံစားရစေမည်ဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများကို အင်အားတောင့်တင်းစေရန် အားထုတ်မှုများကသာ ညှိနှိုင်း အဖြေရှာခြင်းရလဒ်များနှင့် ပိုမိုနီးစပ်စေမည်ဖြစ်သည်။
အစိုးရတွင် ထိုဗိုလ်ချုပ်များ ပါဝင်ပတ်သက်နေသမျှ မြန်မာနိုင်ငံတည်ငြိမ်ရန် လမ်းကြောင်း မရှိပေ။ ၎င်းတို့ကို ပြည်သူများက ဆန့်ကျင်ရှုတ်ချကြသည်။ ၎င်းတို့ အာဏာရနေသမျှ ကာလပတ်လုံး မတည်ငြိမ်မှုနှင့် အကြမ်းဖက် ပဋိပက္ခများသည် မြန်မာကို ထိခိုက်စေမည်ဖြစ်သည်။
(အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ Ye Myo Hein ၏ Myanmar’s Criminal Junta Will Do Anything to Consolidate Power ကို ဘာသာပြန် ဖော်ပြသည်။ ရဲမျိုးဟိန်းသည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ဧည့်ပညာရှင်နှင့် ဝီလ်ဆင်စင်တာတွင် သုတေသီဖြစ်သည်။)
You may also like these stories:
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ
မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်
“အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်”
စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ