စိတ်ဓာတ်စစ်ဆင်ရေး [PSYOPS ခေါ် psychological operations] ဆိုသည်မှာ ရန်သူ သို့မဟုတ် အတိုက်အခံတို့ကို လှည့်စားရန်ရည်ရွယ်၍ သုံးသော နည်းဗျူဟာများ ဖြစ်ကြသည်။ ဥပမာ- ရန်သူကို လှည့်စားရန် ဝါဒဖြန့်ချိခြင်း၊ သတင်း အတုအယောင်များဖြန့်ခြင်း သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေးအားဖြင့် အာရုံလွှဲခြင်းတို့ ဖြစ်သည်။
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကနဦးအကြံအစည်မှာ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖယ်ရှားကာ စစ်တပ်၏ ထိန်းချုပ်နိုင်မှုကို ပိုမို တောင့်တင်းအောင်လုပ်၍ နှစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ်ကျင်းပလျက် သမ္မတရာထူးကို ရယူရန်ဖြစ်သည်။ ထိုအကြံအစည်မှာ အခြေမလှဘဲ ပျက်စီးခဲ့လေပြီ။
စစ်တပ်သည် ယခုအချိန်တွင် ရွေးကောက်ပွဲကို အတုအယောင်မျှပင်ဖြစ်စေ ကျင်းပပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေပုံ မရ။ စစ်တပ်က ဆောင်ရွက်နေသမျှမှာ စစ်ကို အခြားနည်းလမ်းများအားဖြင့် ဆက်တိုက်ရန်သာ ဖြစ်သည်။
ရွေးကောက်ပွဲကို အယောင်ပြလှည့်စားနေသည်မှာ သူတို့၏ စစ်ဆင်ရေး တိုက်ပွဲများအပေါ် လူအများ အာရုံမကျရောက်စေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းသာဖြစ်သည်။ ပြည်သူကို သတင်းအမှားပေးပြီး စိတ်ရှုပ်ထွေးသွားအောင် ပြုခြင်းထက် မပိုပါ။ အချိန်ဆွဲသောနည်းကိုသုံးကာ အတိုက်အခံကို ဖြိုချနေခြင်းသာဖြစ်သည်။ မကြာသေးခင်က NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့်အတူ အခြားပါတီ ၃၈ ခုကို ဖျက်သိမ်းခဲ့ခြင်းသည်ပင် ၎င်းတို့၏ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများ၏ အစိတ်အပိုင်းတခုသာ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ငါးနှစ်လောက်ကြာလျှင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှေးမှိန်သွားလောက်ပြီဟု ကြံရွယ်ကာ ထိုမေ့လောက်ချိန်မှ တဖန် ရွေးကောက်ပွဲကျင်းပရန် နောက်ထပ် အစီအစဉ်တစ်ခုကို ရေးဆွဲနေပြန်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ငါးနှစ်လောက်ကြာလျှင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှေးမှိန်သွားလောက်ပြီဟု ကြံရွယ်ကာ ထိုမေ့လောက်ချိန်မှ တဖန် ရွေးကောက်ပွဲကျင်းပရန် နောက်ထပ် အစီအစဉ်တစ်ခုကို ရေးဆွဲနေပြန်သည်။
သို့ဖြစ်ရာ စစ်ကောင်စီက ပြောနေသော ရွေးကောက်ပွဲကိစ္စများသည် အချိန်မကြာကြာအောင် ဆွဲနေခြင်းသာ ဖြစ်ပေသည်။ ၎င်းတို့ ကြေညာထားသော အချိန်ကာလအတွင်း ရွေးကောက်ပွဲကို ကျင်းပမည့်ပုံလည်း မမြင်ပေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) (၎င်းတို့ဖာသာ ပေးထားသောအမည်) သည် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ဟန်ရေးမျှသာ ပြနေကာ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့အပါအဝင် နိုင်ငံခြားတိုင်းပြည်များထံမှ အသိအမှတ်ပြုမှုကို ရရှိအောင် ကစားနေခြင်းမျှသာ ဖြစ်သည်။ စစ်ကောင်စီသည် မကြာခင်အချိန်ကာလအတွင်း ရွေးကောက်ပွဲ အောင်မြင်ရန် မဆိုထားနှင့် အတုအယောင်မျှကိုပင် ကျင်းပနိုင်စရာ မမြင်ပေ။
စစ်ကောင်စီသည် ၂၀၂၃ တွင် ရွေးကောက်ပွဲကို မကျင်းပနိုင်တော့သည်မှာ သေချာလှပေသည်။ ရွေးကောက်ပွဲအစား စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သန်းခေါင်စာရင်းကောက်မည်ဟူသော အစီအစဉ်ကိုဆွဲထုတ်လာပြီး မဲစာရင်းနှင့် သန်းခေါင်စာရင်းကိစ္စကို ဆက်စပ်ပြနေသည်။ သန်းခေါင်စာရင်းကို အကြောင်းပြကာ သူ့လူများထံသို့ လည်းကောင်း၊ မြန်မာအိမ်နီးချင်းများထံသို့ လည်းကောင်း ဆင်ခြေများ ချပြရန် ကြိုးစားနေခြင်းသာဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် သန်းခေါင်စာရင်းကို ကောက်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြုလာနိုင်သည်။
အချိန်ဆွဲကစားနေခြင်းအားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက မျှော်လင့်နေသည်မှာ
၁) ဤကာလအတွင်း အချိန်ဆွဲခြင်း နည်းလမ်းအားဖြင့် တော်လှန်ရေးအင်အားကို ပွန်းပဲ့အောင် ဖြိုခွင်းပစ်ရန်
၂) အချိန်ဆွဲခြင်းအားဖြင့် ထိုင်း၊ တရုတ်နှင့် အခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို ထိန်းထားရန်
(တရုတ်သည် စကစကို ရွေးကောက်ပွဲအမြန် ကျင်းပရန် ဖိအားပေးနေသောနိုင်ငံဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာကို လာအိုသို့ အင်ဒိုနီးရှားက လက်ပြောင်းပေးသည့် အတောအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် တိုက်တွန်းခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။)
၃) ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ပြည်သူများက စိတ်သိပ်မလှုပ်ရှားတော့သည့် အချိန်ကို စောင့်ဆိုင်းနေရန်
( ပြည်သူတို့သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ခံစားချက် ပြင်းထန်သည်။ လောလောဆယ် ကျင်းပမည့်ရွေးကောက်ပွဲကို မည်သို့မျှ ဝင်ပါချင်ကြလိမ့်မည် မဟုတ်ပေ။ ၂၀၂၅ လောက်တွင်မူ လူအချို့၊ အထူးသဖြင့် မြို့နေလူထုသည် “ဘာမှ မဖြစ်တာထက်စာရင် အရွေ့တခုခုတော့ ရှိလာကောင်းရဲ့” ဟူသော သဘောထားဖြင့် ရွေးကောက်ပွဲကို ဝင်ပါကောင်းပါလာနိုင်သည်ဟု မျှော်လင့်နေပုံရသည်။)
၄) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် သက်တမ်း ကုန်ဆုံးပြီဖြစ်ရာ ဤရွေးကောက်ပွဲရလဒ်မှာ အကျုံးမဝင်တော့၊ ၂၀၂၅ တွင် နောက်တကြိမ်လုပ်မည့် အချိန်ကျပြီဟု ဆင်ခြေပေးလာနိုင်ရန်
၅) နောက်ဆုံး အရေးကြီးသည့်အချက်မှာ ၎င်းတို့အတွက် အကြီးဆုံးရန်သူဟု မြင်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ပို၍ အိုမင်းလာကာ မစွမ်းတော့နိုင်တော့သည့် အချိန်သို့ ရောက်လာမည်၊ သို့မဟုတ် ထိုအချိန်မှ လွှတ်ပေးလိုက်လျှင်ပင် အန္တရာယ်မရှိလောက်တော့ပြီဟု မျှော်လင့်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
စစ်တပ်သည် အာဏာသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် အကြမ်းနည်းသုံးကာ သွေးထွက်သံယို နှိမ်နင်းသည့် လုပ်ရပ်များကို တရစပ်သုံးခဲ့သည်။ ထိုနည်းသည်လည်း မအောင်မြင်နေပေ။
စစ်တပ်သည် အာဏာသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် အကြမ်းနည်းသုံးကာ သွေးထွက်သံယို နှိမ်နင်းသည့် လုပ်ရပ်များကို တရစပ်သုံးခဲ့သည်။ ထိုနည်းသည်လည်း မအောင်မြင်နေပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကနဦး နှစ်နှစ်အပြီးတွင် ရွေးကောက်ပွဲကျင်းပမည်ဟူသော အစီအစဉ်သည် ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း စစ်တပ်ကိုယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ စစ်ကောင်စီသည် ယခုအခါ “ရွေးကောက်ပွဲ” ဟု အယောင်ပြ၍ လည်းကောင်း၊ “ရွေးကောက်ပွဲကို နောက်ဆုတ်ခြင်း” အားဖြင့် လည်းကောင်း၊ “မဲပေးမည့်လူစာရင်း ကောက်ခံခြင်း” ဖြင့် လည်းကောင်း၊ “သန်းခေါင်စာရင်း” အားဖြင့် လည်းကောင်း စိတ်ဓာတ်စစ်ဆင်ရေးလက်နက်အဖြစ် တဖန်သုံးနေပြီး လိုရာကြိုးဆွဲဖို့ ကြိုးစားနေပြန်သည်။
ထိုအရာများအားလုံးသည် ပြည်သူ၏ အာရုံကို လှည့်ဖျားရန် မီးခိုးဗုံးသဖွယ် သုံးနေခြင်းဖြစ်သည်။ ပြည်သူကို အတုအယောင် အချိန်ဇယားတခုပြကာ အကြောင်းပြချက်ပေးနေခြင်းသာ ဖြစ်ပေသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ စစ်တပ်က ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲသည် ၂၀၂၃ တွင်ဖြစ်စေ၊ ၂၀၂၄ တွင်ဖြစ်စေ၊ ၂၀၂၅ တွင်ဖြစ်စေ ရှိလာနိုင်မည်မဟုတ် ဆိုသော အချက်ပင်။
စစ်တပ်ကို တော်လှန်နေသော အင်အားစုများသည် တစတစ ပိုမိုအားကောင်းလာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင်ကအတိုင်း အာဏာကို ထိန်းချုပ်ထားဖို့ရန်မှာ မဖြစ်နိုင်တော့ပေ။ အကြမ်းနည်း ရန်ပြုသောအားဖြင့် သော်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ အစီအစဉ်များအားဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲ အတုအယောင်အားဖြင့် သော်လည်းကောင်း အာဏာကို ဆက်လက်တည်ဆောက်ထားရန် မဖြစ်နိုင်တော့ပေ။
ပြည်သူများအနေနှင့် ရွေးကောက်ပွဲကို လက်မခံသည့် အကြောင်းသက်သက်နှင့်ပင် ရွေးကောက်ပွဲသည် ရှိလာမည်မဟုတ်ပါ။ ပြည်သူတို့သည် ပါဝင်ပြီး မဲပေးကြမည် မဟုတ်ပေ။ လက်နက်ကိုင် နည်းအားဖြင့် သို့မဟုတ် လက်နက်ကိုင်မဟုတ်ဘဲ ဆန့်ကျင်လို့ရသည့် မည်သည့်နည်းနှင့်မဆို ရွေးကောက်ပွဲကို ငြင်းပယ်ကြမည်ပင်။ ထို့ကြောင့် ရွေးကောက်ပွဲသည် ဖြစ်လာစရာအကြောင်းမရှိပါ။
အယောင်ဆောင်လှည့်စားမည့် ရွေးကောက်ပွဲဆိုသော ဟန်ပြလုပ်ဇာတ်ကို ဖြစ်နေခြင်းကြောင့်ပင် ဆန့်ကျင်ကန့်ကွက်မှုများသည် မလုပ်ကောင်းသော ကိစ္စများ မဟုတ်ပေ။
ဒွန်ဘာ့စ်နယ်ကို ရုရှားများ သိမ်းခဲ့စဉ်က ပြည်သူများ သဘောတူ၊ မတူ ရုရှားအစိုးရက ပြည်သူ့ဆန္ဒခံယူပွဲလုပ်လျှင် လက်ခံကြရမည်ဟု ရုရှားက စီစဉ်သောအခါ ယူကရိန်းနိုင်ငံသားများက ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်ကြသလို ထိုအကြံအစည် မပျက်ပျက်အောင် ကြိုးစားခဲ့ကြပါသည်။ ဤအခြေအနေ၌ ယူကရိန်းနိုင်ငံသားများထံတွင် ထိုကဲ့သို့ ကန့်ကွက်ခွင့်ရှိသလောဟု မည်သူမျှ မေးခွန်းမထုတ်နိုင်ပါ။
အယောင်ဆောင် လှည့်စားသော ရွေးကောက်ပွဲကို စင်ဆောက်ပြီဆိုသည်နှင့်တပြိုင်နက် တရားမဝင်ကြောင်းပြသရန်၊ စစ်တပ်၏အကြံ အရေးနိမ့်ရာနိမ့်ကြောင်း ဆောင်ရွက်ကြရန် လိုပါသည်။
မြန်မာ့နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် တော်လှန်ရေး ဘက်တော်သားများသည် တရံမလပ် နိုးကြားသတိရှိနေကြရမည် ဖြစ်သည်။ အယောင်ဆောင် လှည့်စားသော ရွေးကောက်ပွဲကို စင်ဆောက်ပြီဆိုသည်နှင့်တပြိုင်နက် တရားမဝင်ကြောင်းပြသရန်၊ စစ်တပ်၏အကြံ အရေးနိမ့်ရာနိမ့်ကြောင်း ဆောင်ရွက်ကြရန် လိုပါသည်။
သို့ဖြစ်ရာ ယခုအချိန်တွင် “၂၀၂၃၊ ၂၀၂၄ နှင့် ၂၀၂၅ တနှစ်နှစ်တွင် စစ်တပ်က ပြင်ဆင်ထားသော ရွေးကောက်ပွဲ ပုံစံတခုခု ရှိလာလိမ့်မည်လား” ဟူသော မေးခွန်းမှာ မေးခွန်းအမှား ဖြစ်ပေသည်။ လက်ရှိ မြေပြင်ပကတိတရားများနှင့် ထင်ဟပ်မိသော အဖြေကို ရနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင် မေးကြရမည့် မေးခွန်းမှာ တော်လှန်ရေးတပ်များ၏ ဖိအားကြောင့် မြန်မာစစ်တပ် မပြိုကျနိုင်သေးခင် ကာလအတွင်း မြန်မာ၏အိမ်နီးချင်းများနှင့် အာဆီယံနိုင်ငံများ အနေဖြင့် မင်းအောင်လှိုင်နှင့် စကစကို မည်မျှကြာကြာအထိ တိုင်းပြည်ကို ဖျက်ဆီးခွင့်ပြုထားပြီး ပြည်သူအပေါ် အကြမ်းဖက်ခွင့် ပေးထားမည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။
တခုတည်းသော နောက်မေးခွန်းတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသမိုင်း၏ အဆိုးဆုံး၊ လူသတ်အကြမ်းဆုံး၊ လောဘအကြီးဆုံး၊ မအောင်မြင်ဆုံး အာဏာရှင်အဖြစ် သမိုင်းအမှိုက်ပုံးထဲသို့ ဂုဏ်ကျက်သရေကင်းမဲ့စွာ ကျဆင်းသွားမသွားမီ ကာလအတွင်း မည်မျှအထိ တိုင်းပြည်ကို ဖျက်ဆီးသွားဦးမည်နည်းဟူသော မေးခွန်းပင်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Myanmar Junta’s ‘Election Plan’ Is Just a PSYOPS Operation That Will Fail ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့
စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ
ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး
ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ