မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု ဖိုရမ် (IHF) သည် ပြဿနာတခုဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်သော အဓိက ပူပန်စရာများအနက်တခုမှာ မြန်မာသို့ အကူအညီများပေးပို့ရာတွင် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA) ပါဝင်ပတ်သက်ခြင်း ဖြစ်သည်။
ထိုဌာနသည် အကူအညီများပေးပို့ရန် အတွေ့အကြုံမရှိသလို စွမ်းရည်လည်းမရှိဘဲ အရေးအကြီးဆုံးအချက်မှာ ထိုဌာနတွင် စစ်ကောင်စီကိုယ်စားလှယ်များ ပါဝင်နေခြင်းနှင့် မလွှဲရှောင်သာဘဲ စစ်ကောင်စီနှင့်အတူတကွ လုပ်ဆောင်ရခြင်းဖြစ်သည်။ ထို့ကြောင့် အကူအညီများကို ထိထိရောက်ရောက် ပေးပို့နိုင်မည်မဟုတ်ဘဲ စစ်ကောင်စီက ထိုအကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ၎င်းတို့ သေနင်္ဂဗျူဟာနှင့် နိုင်ငံရေး အကျိုးကျေးဇူးများအတွက် အသုံးချပြီး ခုခံတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသည့် နိုင်ငံအစိတ်အပိုင်း အများစုမှ ပြည်သူများ အကူအညီများကို မရနိုင်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် အင်ဒိုနီးရှားတို့က ထိုအစီအစဉ်တွင် AHA က ဦးဆောင်စေလိုသည်ဟု စာရေးသူ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် IHF တွင် ပါဝင်သည့် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) က AHA ပါဝင်ပတ်သက်ခြင်းကို အပြင်းအထန် သဘောထားကွဲလွဲသည်။
NUG နှင့် EAOs တို့က အဆိုပြုထားသည့် IHF ၏ ရည်မှန်းချက်မှာ NUG နှင့် EAO ထိန်းချုပ်ဒေသများ အပါအဝင် စစ်ဒဏ်ကြောင့် အပြင်းအထန်ထိခိုက်သူများသို့ အကူအညီပေးရေးအတွက် လမ်းကြောင်းသစ်ရှာဖွေရေး ဖြစ်သည်။
AHA မှဖြစ်စေ၊ ကုလသမဂ္ဂမှဖြစ်စေ အကူအညီများပေးပို့ပါက အကူအညီများသည် ထိုသူများထံရောက်မည် မဟုတ်ပေ။ မြေပြင်မှအခြေအနေမှာ အကူအညီလိုအပ်သူအများစုရှိသည့် ပြည်တွင်းစစ်ဘေးရှောင် (IDP) များရှိသော နေရာများတွင် အကူအညီအရေးပေါ် လိုအပ်နေပြီး ထိုနေရာများသို့ အကူအညီမရောက်ပါက ဒေသတခုလုံးအတွက် ဆိုးရွားသော အကျိုးဆက်များဖြစ်လာမည် ဖြစ်သည်။ ကုလသမဂ္ဂက ဖော်ပြခဲ့သည့်အတိုင်း စစ်ကောင်စီထိန်းချုပ်ဒေသ မဟုတ်သောနေရာများမှ အလိုအပ်ဆုံးသူများထံသို့ အကူအညီရောက်မည် မဟုတ်ပေ။ ထိုအချက်သည် လွန်စွာထင်ရှားပြီး ဖော်ပြရန်ပင် မလိုတော့သော်လည်း ကုလသမဂ္ဂသည် ထိုအတိုင်းပင် ဆက်လက် လုပ်ကိုင်နေသည်။
IHF သည် ရွေးချယ်စရာနည်းလမ်း သုံးခုတွေ့ရှိထားပြီး ၎င်းတို့အနက် တတိယနည်းလမ်းသည်သာ အဓိပ္ပာယ် ပြည့်ဝသည်။ ပထမနည်းလမ်းမှာ စစ်ကောင်စီက လူသားချင်းစာနာမှုအတွက် တိုက်ပွဲရပ်ပြီး IHF မှတဆင့် NUG နှင့် EAO ထိန်းချုပ်ဒေသများသို့ အကူအညီများ လွတ်လပ်စွာ စီးဆင်းခွင့်ပေးခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် လွန်စွာရယ်စရာကောင်းပြီး ဘင်္ဂလားပင်လယ်အော်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော ဖြန့်ကျက်ကာ လေကြောင်း မပျံသန်းရဇုန် ထူထောင်သကဲ့သို့ပင်ဖြစ်သည်။
အခြားနည်းလမ်းတခုမှာ အလှူရှင်များ၊ မြန်မာ၏အိမ်နီးချင်းများနှင့် သဘောတူညီမှုရရှိပြီး အကူအညီများကို NUG နှင့် EAO ထိန်းချုပ်ဒေသများသို့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် ပထမနည်းလမ်းလောက် ရယ်စရာမကောင်းသော်လည်း အိမ်နီးချင်းနိုင်ငံများက ထိုကိစ္စကို တရားဝင် သဘောတူမည် မဟုတ်ပေ။ လက်ရှိအချိန်အထိ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က စစ်ကောင်စီကို ထောက်ခံကြောင်း ဖော်ပြနေသည်။
နောက်ဆုံးနည်းလမ်းတခုသာလျှင် လက်တွေ့ကျပြီး ဖြစ်နိုင်သော နည်းလမ်းဖြစ်သည်။ NUG နှင့် EAO ထိန်းချုပ်ဒေသများမှ အကူအညီအလိုအပ်သူများထံ အကူအညီများ အလျင်အမြန်နှင့် ကုန်ကျစရိတ်မများဘဲ ရောက်ရန် အလှူရှင်များက အရေးပါသောအကူအညီများကို ဒေသခံကွန်ရက်များမှတဆင့် ငွေကြေးလွှဲပြောင်းပေးခြင်း၊ အစီရင်ခံခြင်းနှင့် အခြားလက်ရှိ မည်သည့်စနစ်ကိုမဆို ကျင့်သုံးခြင်း အပါအဝင် ပိုမိုပျော့ပျောင်းသောနည်းဖြင့်ပေးရန် သဘောတူခြင်းဖြစ်သည်။
IHF ကို NUG, EAOs နှင့် CSOs များက ထောက်ခံသည်ဟု ယူဆရပြီး အင်ဒိုနီးရှားနှင့် OCHA တို့က မထောက်ခံပေ။ ၎င်းတို့က AHA ပါဝင်ပတ်သက် ဦးဆောင်စေလိုသည်။ ထိုသို့ဖြစ်ရခြင်းမျာ လူသားချင်းစာနာမှု အကျိုးစီးပွားအရ မဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားကြောင့်သာ ဖြစ်နိုင်သည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Paul Greening ၏ Proposed Inclusive Humanitarian Forum for Myanmar Should Not Include ASEAN ကို ဘာသာပြန်သည်။ Paul Greening သည် ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် IOM အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တရားမဝင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ထိခိုက်ရသူများကို အကူအညီပေးနေသည်။)
You may also like these stories :
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
စစ်ကောင်စီနဲ့ ဆက်လက်အကျိုးဖြစ်ထွန်းနေတဲ့ IOM
သက်ဆိုင်သူများ မပါသည့် အကူအညီပေးရေး လုပ်ငန်းစဉ် ရပ်ရန် NUG နှင့် EAOs သုံးဖွဲ့တိုက်တွန်း
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်