၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ်က အာဏာသိမ်းသည့်နေ့မှစ၍ မြန်မာပြည်သည် နိုင်ငံရေးအကြပ်အတည်းတခုသို့ ဆိုက်ရောက်သွားသည်ကို ငြင်းပယ်၍မရပေ။ ယခုအခါ မြန်မာစစ်တပ်က အာဏာသိမ်းသည့်ကာလသည် နှစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် လျော့ကျသွားသည်မရှိဘဲ ပို၍ ဆိုးဝါးလာသည်။
ဤအချက်မှာ စွပ်စွဲပြောဆိုမှုမျိုး မဟုတ်ပေ။ စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် အာဏာသိမ်းခဲ့သည့် နှစ်နှစ်ပြည့်ကာလတွင် မြို့နယ်ပေါင်း ၁၀၀ ကျော် စိတ်ချမှုမရှိဟု ဝန်ခံခဲ့ရပြီး စစ်အုပ်ချုပ်ရေးမြို့နယ်ပေါင်း ၃၇ မြို့နယ်ကို ထပ်မံကြေညာခဲ့ရသည်။ တဖက်တွင်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ၊ လေကြောင်းတိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ အရှိန်မြှင့်လာသကဲ့သို့ EAO နှင့် PDF တို့၏ တုန့်ပြန်တိုက်ခိုက်မှုများသည်လည်း မြန်မာပြည်အနှံ့တွင် ပို၍အရှိန်မြင့်လာသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက “မြန်မာပြည်မှာ နှစ်ဖက်စလုံးက အင်အားသုံးအနိုင်ယူဖို့ ရည်ရွယ်ထားကြပြီး စေ့စပ်ညှိနှိုင်းကြေအေးကြမယ့် အလားအလာမရှိပါ ” ဟု ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အစီရင်ခံသွားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက “မြန်မာပြည်မှာ နှစ်ဖက်စလုံးက အင်အားသုံးအနိုင်ယူဖို့ ရည်ရွယ်ထားကြပြီး စေ့စပ်ညှိနှိုင်းကြေအေးကြမယ့် အလားအလာမရှိပါ ” ဟု ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အစီရင်ခံသွားသည်။
လက်ရှိ စစ်ရေးအခြေအနေမှာ မြန်မာစစ်တပ်က EAO နှင့် PDF များကို အနိုင်တိုက်ရန် မဆိုထားနှင့် အခြေအနေကို ထိမ်းသိမ်းနိုင်ရန်ပင် မလွယ်။ တဖက်ကလည်း EAO နှင့် PDF များသည် စစ်ကောင်စီကို ကောင်းစွာထိုးနှက်နိုင်သော်လည်း တပြည်လုံးကို မထိန်းချုပ်နိုင်သေး။ သို့ဖြစ်ရာ ဤသို့သောအခြေအနေအတိုင်း ဆက်လက်တိုက်ခိုက်ပြီး စစ်ရေးအရဖြေရှင်းနေပါက မြန်မာပြည်အခြေအနေသည် ပိုဆိုးလာပြီး ဒေသတွင်း တည်ငြိမ်မှု ထိခိုက်လာသည့် ကျရှုံးနိုင်ငံ ဖြစ်လာနိုင်သည်။
ထို့ကြောင့် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများသည် မြန်မာပြည်ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် ကြိုးစားလာကြသည်။ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများ၏ လှုပ်ရှားမှု၊ မြန်မာပြည်နှင့်ပတ်သက်သည့် စဉ်းစားလုပ်ကိုင်မှုများကို တွေ့မြင်နေ၏။
အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့က အာဆီယံဘောင်ထဲကသာ လှုပ်ရှားသော်လည်း ထိုင်းကမူ အာဆီယံဘောင်ပြင်ပကပါ လှုပ်ရှားသည်။ မြန်မာပြည်နှင့် စီးပွားရေးဆက်စပ်မှု ရှိနေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်ပွဲများဖြစ်ပွားနေခြင်း၊ စစ်ဘေးဒုက္ခသည်များ လက်ခံထားရခြင်း၊ စစ်ကောင်စီကို အန်တုသည့် အတိုက်အခံနိုင်ငံရေးသမားများအား လက်ခံထားရခြင်း၊ မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများ အလုံးအရင်းနှင့် ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောက်လာခြင်းတို့ကို ရင်ဆိုင်နေရသည့် ထိုင်းအနေနှင့် အာဆီယံနိုင်ငံဘောင်အပြင်ဘက်မှ စဉ်းစားလုပ်ကိုင်သည်မှာ မထူးဆန်း။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိသည့်အပြင် ပထဝီနိုင်ငံရေးအရ အရေးပါသည့် မြန်မာပြည်အား သေနင်္ဂဗျူဟာ အမြင်ထားရှိသည့် တရုတ်တို့သည်လည်း ယူနန်အစိုးရမှ တဆင့်သော်လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ တဆင့်သော်လည်းကောင်း ဆက်ဆံရေးလမ်းကြောင်း ဖောက်သည်။
သူတို့သည် မြန်မာပြည်ပြည်တွင်းစစ်အား အမြန်ဆုံးရပ်တန့်ပြီး မြန်မာပြည်နိုင်ငံရေးပြဿနာကို အလျင်မြန်ဆုံး ပြီးဆုံးစေချင်သည်။ ဆန္ဒအပြင်းပြဆုံး တိုင်းပြည်နှစ်ခုမှာ တရုတ်နှင့်ထိုင်းဟု ဆိုရပါမည်။ အာဆီယံနိုင်ငံများထဲမှ တရုတ်နှင့် နီးစပ်သော လာအိုနှင့် ကမ္ဘောဒီးယားတို့သည် တရုတ်နှင့် တတွဲတည်းပါနေသည်ကို တွေ့ရသည်။
သူတို့သည် မြန်မာပြည်ပြည်တွင်းစစ်အား အမြန်ဆုံးရပ်တန့်ပြီး မြန်မာပြည်နိုင်ငံရေးပြဿနာကို အလျင်မြန်ဆုံး ပြီးဆုံးစေချင်သည်။ ဆန္ဒအပြင်းပြဆုံး တိုင်းပြည်နှစ်ခုမှာ တရုတ်နှင့်ထိုင်းဟု ဆိုရပါမည်။
လက်တွေ့တွင်လည်း မြန်မာနိုင်ငံ၏ သွေးထွက်သံယို အကျပ်အတည်းများအား ဖြေရှင်းရန်အတွက် “Track 1.5” ဟု အမည်ပေးထားသည့် လျှို့ဝှက်အစည်းအဝေးကို ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် အိန္ဒိယတွင် ဧပြီလတွင်း၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အာဆီယံလက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ အလယ်အလတ်ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုကြ၏။ ထိုဆွေးနွေးပွဲကို တတိယအကြိမ်အဖြစ် လာအိုတွင် ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။
တဖက်တွင်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျပ်အတည်းကို ကြုံတွေ့နေရသည့် မြန်မာစစ်ကောင်စီသည်လည်း ထိုအကျပ်အတည်းမှ ရုန်းထွက်ရန် နည်းလမ်းရှာလျက်ရှိသည်။ တရုတ်၊ ထိုင်း၊ အိန္ဒိယသံတမန်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်သည့်အပြင် The Elders အဖွဲ့မှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းကိုပင် ဖိတ်ခေါ်၍ သံတမန်ရေးအရ ကြိုးစားမှုပြုနေသည်။
မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေး ရှိသော်လည်း ရုရှားသည် မြန်မာပြည်ပြဿနာ နိုင်ငံရေးအရ ဖြေရှင်းရေးတွင် အခန်းကဏ္ဍမရှိပေ။ ထို့ကြောင့် စစ်ကောင်စီသည် အာဆီယံမှ ဘေးဖယ်ခံရချိန်တွင် ထိုင်း၊ တရုတ်တို့နှင့်ဆက်ဆံ၍ နည်းလမ်းရှာနေသည်ကို တွေ့ရသည်။ ဂျပန်မှ ဆာဆာကာဝါ၊ ဝါတာနာဘေးတို့နှင့် စစ်ကောင်စီ အဆင်ပြေသော်လည်း ဂျပန်အစိုးရ၏ ထောက်ခံမှု မရသဖြင့် ထင်သလောက် အဆင်မပြေခဲ့ဟု ဆိုရမည်။
ယခုနောက်ဆုံး စစ်ကောင်စီ ချဉ်းကပ်သည်မှာ The Elders အဖွဲ့မှ မစ္စတာ ဘန်ကီမွန်းဖြစ်သည်။ သို့သော် မစ္စတာ ဘန်ကီမွန်းက စစ်ခေါင်းဆောင်များနှင့် လာတွေ့ခြင်းသည် စစ်ကောင်စီက ချဉ်းကပ်သည်လော၊ စစ်ကောင်စီကို ချဉ်းကပ်သည်လော၊ နှစ်ခုလုံးတိုက်ဆိုင်၍လော ဆိုသည်ကတော့ ပိုင်းခြားရန် ခက်ခဲသည်။
ဤနေရာတွင် တရုတ်၊ ထိုင်း စသည့်နိုင်ငံများက ချဉ်းကပ်သည်မှာ မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရေးတွင် မြန်မာစစ်တပ်ကို မဖြစ်မနေ ထည့်သွင်းတွက်ချက်သကဲ့သို့ မြန်မာစစ်တပ်ကလည်း နိုင်ငံရေးအကျပ်အတည်းမှ ရုန်းထွက်ရန် စစ်တပ်ကို ဗဟိုပြုစဉ်းစားသည်ဖြစ်ရာ အခြေခံတူသည်။
ထို့ပြင် မြန်မာပြည်ပြဿနာ ဖြေရှင်းရေးနှင့်ပတ်သက်ပြီး ကြည့်မြင်ကြရာတွင် မြန်မာစစ်တပ်ကို ထည့်သွင်းတွက်ချက်ရန် လိုသည်ဟု ကြည့်မြင်သည်များ ရှိသကဲ့သို့ အချို့ဆိုလျှင် မြန်မာပြည်ပြဿနာကို ဖြေရှင်းရေး မြန်မာစစ်တပ်ကို မဏ္ဍိုင်ထား ကြည့်မြင်သည်ကို တွေ့ရသည်။
မည်သို့ပင် ကြည့်မြင်သည်ဖြစ်စေ မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် မြန်မာစစ်တပ် ပါရန် လိုသည်ကို အသိအမှတ်ပြုပါက မြန်မာပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် မြန်မာစစ်တပ်ကပင် အစပြုရန် လိုအပ်သည်ကိုလည်း အသိမှတ်ပြုရန် လိုသည်။ ထို့ပြင် လက်တွေ့အရလည်း ယနေ့ဖြစ်နေသော မြန်မာနိုင်ငံရေး အထွေထွေအကျပ်အတည်းသည် အကြောင်းမဲ့ပေါ်ပေါက်လာသည် မဟုတ်ပေ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်လာသည်ဖြစ်ရာ ပြဿနာဖြေရှင်းရန်လည်း မြန်မာစစ်တပ်ကသာ အစပြုရပေလိမ့်မည်။ သို့ဖြစ်ရာ မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးဆိုသည်မှာ မြန်မာစစ်တပ်က အစမပြုပါက ဖြစ်နိုင်မည်မဟုတ်ပေ။
မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် မြန်မာစစ်တပ် ပါရန် လိုသည်ကို အသိအမှတ်ပြုပါက မြန်မာပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် မြန်မာစစ်တပ်ကပင် အစပြုရန် လိုအပ်သည်ကိုလည်း အသိမှတ်ပြုရန် လိုသည်။
ဒုတိယအချက်မှာ မြန်မာ့နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းလိုပါက ပါဝင်ရန် လိုအပ်သူအားလုံး ပါဝင်ခွင့်ပြုရန်၊ ပါဝင်သင့်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်။ ထိုအချက်သည် အဓိကကျသောအချက်ဖြစ်ပြီး မြန်မာစစ်တပ်က အသိမှတ်ပြုလိုက်နာရန် လိုအပ်သောအချက်ဖြစ်၏။
လက်ရှိ စစ်ကောင်စီ (ဝါ) မြန်မာစစ်တပ်က နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းလိုသည်ဟု ရပ်ခံနေသည့်မူမှာ “EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်။ သို့သော် CRPH, NUG, PDF များကတော့ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း မပြုနိုင်။ အမြစ်ပြတ်ချေမှုန်းရမည်။ ထို့ပြင် ထိုအကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH, NUG, PDF တို့နှင့် ဆက်စပ်ပတ်သက်နေသည့်၊ အားပေးကူညီနေသည့် EAO များအားလည်း တိုက်ခိုက်ချေမှုန်းသွားမည်” ဟုဆိုသည်။
မြန်မာစစ်တပ်သည် တရုတ်၊ ထိုင်း၊ အာဆီယံတို့နှင့်သာမက မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံရာတွင်လည်း CRPH, NUG, PDF တို့သည် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည်ကို ပုံဖော်သည့် နိုင်ငံရေးရပ်တည်ချက်ဖြင့် ရပ်ခံသည်။ မြန်မာစစ်တပ်၏ ဤအမြင်၊ ဤရပ်တည်ချက် ပြောင်းလဲခြင်းမရှိပါက မြန်မာနိုင်ငံရေးပြဿနာအား တွေ့ဆုံဆွေးနွေးဖြေရှင်းရေး၊ နိုင်ငံရေးနည်းအရ ဖြေရှင်းရေးသည် မည်သို့မှ ဖြစ်နိုင်မည် မဟုတ်ပေ။ အပြုတ်တိုက်ရေး၊ အမြစ်ပြတ်ချေမှုန်းရေးသာ ဖြစ်ပေလိမ့်မည်။ ထိုသို့ လက်တွေ့မြန်မာပြည်ပြဿနာကို မဖြေရှင်းနိုင်သော မြန်မာစစ်တပ်၏အမြင်နှင့် ရပ်တည်ချက်ကို နိုင်ငံတကာက အထူးသတိပြုရန်လို၏။
မြန်မာစစ်တပ် အခြေခံလွဲချော်နေသည်မှာ သူတို့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတိုင်း နိုင်ငံတကာက လက်ခံရမည်ဟု ယူဆခြင်းဖြစ်သည်။ လက်ရှိအကြမ်းဖက်အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားခြင်းကို နိုင်ငံတကာက မြန်မာပြည်တွင်း နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ကြသည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများ မဆိုထားနှင့် ထိုင်းကဲ့သို့ အာဆီယံနိုင်ငံများသည်ပင် မြန်မာစစ်တပ်က ကြေညာထားသူများကို အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီး၍ မြန်မာပြည်သို့ လွှဲအပ်ခြင်းမပြုကြပေ။
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ကြေညာပြီး တနှစ်ခန့် မကြာမီပင် အပစ်အခတ်ရပ်စဲကာ အကြမ်းဖက်အဖွဲ့စာရင်းမှ ပြန်လည်ဖျက်သိမ်းခဲ့သည်ဖြစ်ရာ မြန်မာစစ်တပ်က ကြေညာသော အကြမ်းဖက်အဖွဲ့ဆိုသည်မှာ မူဝါဒမရှိဘဲ ပြည်တွင်းနိုင်ငံရေးပြဿနာတရပ်သာ ဖြစ်သည်ကို ပေါ်လွင်စေသည်။
သို့သော်လည်း ဤအချက်ကို ပြန်လည်သုံးသပ်ခြင်းမရှိဘဲ လက်ရှိအချိန်တွင်လည်း မြန်မာစစ်တပ်သည် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရမည့်ဘက်များဖြစ်သည့် CRPH, NUG, PDF စသည်တို့ကို အကြမ်းဖက်စာရင်းသွင်း၍ တွေ့ဆုံဆွေးနွေးဖြေရှင်းမည့် လမ်းစကို ပိတ်ထားသည်။ မြို့ပေါ်တွင်လည်း ပါတီများအား မလိုအပ်ဘဲ၊ မည်သည့်အချိန်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရန် ပြဌာန်းပြီး NLD အပါအဝင် အတိုက်အခံ ဒီမိုကရက်ပါတီများ၊ တိုင်းရင်းသားပါတီများကို ဖျက်သိမ်းခဲ့ရာ တွေ့ဆုံညှိနှိုင်းနိုင်သည့် အခြေအနေများပို၍ ဝေးကွာသွား၏။
NLD အပါအဝင် အတိုက်အခံ ဒီမိုကရက်ပါတီများ၊ တိုင်းရင်းသားပါတီများကို ဖျက်သိမ်းခဲ့ရာ တွေ့ဆုံညှိနှိုင်းနိုင်သည့် အခြေအနေများပို၍ ဝေးကွာသွား၏။
မြန်မာစစ်တပ်က CRPH, NUG, PDF တို့ကို အကြမ်းဖက်အဖြစ် သဘောထား၍ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းမှ ဖယ်ရှားပြီး EAO များနှင့်သာ ဆွေးနွေးမည်ဆိုသည်မှာ ပြီးခဲ့သော နှစ်နှစ်အတွင်း အောင်မြင်မှု မရရှိခဲ့ပေ။
လက်ရှိမြန်မာပြည်တွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ CRPH, NUG, PDF တို့သည် မြန်မာပြည်ပြဿနာအား နိုင်ငံရေးအရ ဖြေရှင်းလိုပါက ဖယ်ရှား၍မရသည့် အင်အားစုများဖြစ်သည်ကို မလွဲမသွေ အသိအမှတ်ပြုရန် လိုအပ်ပေသည်။ အထူးသဖြင့် ဆွေးနွေးမှုဖြစ်မြောက်အောင် မြန်မာစစ်တပ်က အသိအမှတ်ပြုရန် လိုအပ်၏။ ဤအချက်ကို မြန်မာစစ်တပ်က အသိအမှတ်မပြုပါက မြန်မာ့နိုင်ငံရေးပြဿနာအား ဆွေးနွေးညိနှိုင်းအဖြေရှာရန် လမ်းပျောက်နေပေလိမ့်မည်။ ထိုသို့လမ်းပျောက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူမှာလည်း မြန်မာစစ်တပ်သာဖြစ်ပေလိမ့်မည်။
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလသည် ပြန်လည်ခွင့်လွှတ်ကြေအေးရန် လွန်စွာခက်ခဲသည့်၊ ပြန်လည်ရင်ကြားစေ့ရန် ခက်ခဲသည့် ကိစ္စရပ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့ပြဿနာကို ဆွေးနွေးဖြေရှင်းရန် လိုသည်၊ မည်သို့ပင် လက်နက်ကိုင်တိုက်ခိုက်နေသည်ဖြစ်စေ နောက်ဆုံးတွင် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးဖြေရှင်းရမည်၊ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရန်အတွက် စစ်တပ်ကို ဖယ်ချန်၍မရနိုင် စသည်ဖြင့် အမြင်ရှိသူများ၊ လက်တွေ့လည်း ကြိုးပမ်းနေသူများအနေဖြင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်ရှိရန်အတွက် မြန်မာစစ်တပ်၏ အမြင်ကို ပြောင်းလဲရန် လို၏။
မြန်မာ့နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းရန် လိုအပ်သူများကို စားပွဲဝိုင်းဆီသို့ ခေါ်ဆောင်နိုင်ခြင်းမရှိဘဲ ဆွေးနွေးဖြေရှင်း၍ မရနိုင်ပေ။ ဆွေးနွေးဖြေရှင်းရန် လိုအပ်သူများကို စားပွဲဝိုင်းတွင် ပါဝင်ခွင့်အား လက်မခံသည်မှာ မြန်မာစစ်တပ်ဖြစ်နေသည်။
ဤအချက်ကို မဖြေရှင်းဘဲ၊ မြန်မာစစ်တပ်၏ သဘောထားအမြင် မပြောင်းလဲဘဲ မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်း၍ မရနိုင်ပေ။ လက်ရှိ မြန်မာစစ်တပ်ခေါင်းဆောင်များ၏ အမြင်ပြောင်းလဲခြင်း သို့မဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်ခြင်းဖြင့်သာ ဤလမ်းကြောင်းကို စတင်၍ ရပေမည်။
လက်ရှိ မြန်မာစစ်တပ်ခေါင်းဆောင်များ၏ အမြင်ပြောင်းလဲခြင်း သို့မဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်ခြင်းဖြင့်သာ ဤလမ်းကြောင်းကို စတင်၍ ရပေမည်။
ထို့ကြောင့်လည်း မစ္စတာ ဘန်ကီမွန်းက Military must take the first step. မြန်မာစစ်တပ်ဘက်က ဦးစွာစတင်ရန် လိုသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာပြည် နိုင်ငံရေးအကျပ်အတည်းအား စစ်ပွဲနှင့်ဖြေရှင်းပါက အချိန်ကြာမည်။ ဒေသတွင်းနိုင်ငံများပါ ထိခိုက်နိုင်မည်။ သို့ဖြစ်ရာ ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်စေရန် စေ့စပ်ညှိနှိုင်းဆွေးနွေးရန် လိုသည်ဟု ဆိုကြသော်လည်း လက်ရှိ ဖြစ်နိုင်ခြေနှင့် ဖြစ်နေသည်ကိုလည်း ထည့်သွင်းတွက် ချက်ရန်လိုသည်။
လက်ရှိ မြန်မာစစ်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ်ကို တိုင်းပြည်ဘတ်ဂျက်၏ သုံးပုံတပုံခန့် သုံးစွဲထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေဘီလီယံ ၃,၇၀၀ ကျော်သာ သတ်မှတ်ခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးအသုံးစရိတ်အား ကျပ်ငွေ ဘီလီယံ ၅,၆၀၀ အထိ တိုးမြင့်သတ်မှတ်ခဲ့သည်။
မြန်မာစစ်တပ်သဘောထား အပြောင်းအလဲမရှိဘဲ သို့မဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဘဲ မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် မဖြစ်နိုင်ပေ။
ဤအချက်မှ တွေ့ရသည်မှာ ယခုနှစ်အတွင်း မြန်မာစစ်တပ်သည် စစ်ရေးကို အားထည့် အရှိန်မြှင့်တော့မည် ဖြစ်ကြောင်း တွေ့မြင်နိုင်၏။ ၂၀၂၃ ခုနှစ် မတ်လ၊ ဧပြီလများအတွင်း လေကြောင်းတိုက်ခိုက်မှု မရှိသည့်နေ့ရက်ဟူ၍ မရှိသလောက်ဖြစ်သည်ကို တွေ့ရ၏။ အရပ်သားကျေးရွာများကို မီးလိုက်မရှို့သည့်နေ့ မရှိပေ။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းရေး ဆိုသည်မှာလည်း ဝေးကွာနေဆဲဖြစ်သည်။ ချုပ်၍ဆိုလျှင် မြန်မာစစ်တပ်သဘောထား အပြောင်းအလဲမရှိဘဲ သို့မဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဘဲ မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် မဖြစ်နိုင်ပေ။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်