မြန်မာအရေးနှင့် တရုတ်တို့ခြေလှမ်းများ
မြန်မာစစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်တာကာလအတွင်း တရုတ်တို့ဘက်မှ ထူးခြားသည့် သဘောထားနှင့် ခြေလှမ်း မတွေ့ရပါ။ နှစ်နှစ်တာမျှ ငြိမ်သက်နေသည်မှာ မြန်မာ့အရေးကို စောင့်ကြည့်နေသည်လော၊ သို့မဟုတ် တရုတ်ပြည်တွင်း ပါဝါပြဿနာကို ဖြေရှင်းရန် ကိုဗစ်ကိုအကြောင်းပြု၍ lockdown ပြုလုပ်ပိတ်ဆို့ထား၍လော မကွဲပြားခဲ့ချေ။ သို့သော် တရုတ်ပြည်၏ ပိတ်ဆို့မှုများကို ဖွင့်လှစ်လိုက်ပြီးနောက် မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်တို့၏ ခြေလှမ်းများကို ခပ်စိပ်စိပ်တွေ့ရတော့၏။
ပထမဦးဆုံးအနေနှင့် အာရှရေးရာတရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်း၏ ခရီးစဉ်ဖြစ်၏။ နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌနှင့် လာရောက်တွေ့ဆုံသကဲ့သို့ မြောက်ပိုင်းတရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း တွေ့ဆုံသည့် လွန်းပျံခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ပြီးခဲ့သည့်မတ်လအထိ သူ၏လှုပ်ရှားမှုများကို တွေ့ရ၏။ မစ္စတာ တိန့်ရှီကျွန်းသည် မြောက်ပိုင်းအဖွဲ့များအား စစ်ကောင်စီကို မတိုက်ခိုက်ရန် ဗြောင်အတိအလင်း တိုက်တွန်းခဲ့ပြီး စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။
ထို့အတူ စစ်ကောင်စီအား မည်သည့်ကတိကဝတ်များ ပေးသည်ကို အခိုင်အမာ မသိရသော်လည်း မစ္စတာ တိန့်ရှီကျွန်းနှင့် တွေ့ဆုံပြီးနောက် စစ်ကောင်စီသည် တရုတ်နယ်စပ်တွင် ချထားသည့် တပ်အများအပြား ထုတ်နုတ်ပြီး တောင်ပိုင်းတွင် ပိုမိုအားဖြည့် စစ်ဆင်နိုင်ခဲ့သည်ကို တွေ့ရ၏။ တရုတ်အထူးသံ၏ ခရီးစဉ်ကြောင့် စစ်ကောင်စီအတွက် စစ်ရေးအရ စစ်မျက်နှာတခုတွင် ဖိအားလျော့ပါးစေသည်ကတော့ လက်တွေ့ဖြစ်၏။
စစ်ကောင်စီအား မည်သည့်ကတိကဝတ်များ ပေးသည်ကို အခိုင်အမာ မသိရသော်လည်း မစ္စတာ တိန့်ရှီကျွန်းနှင့် တွေ့ဆုံပြီးနောက် စစ်ကောင်စီသည် တရုတ်နယ်စပ်တွင် ချထားသည့် တပ်အများအပြား ထုတ်နုတ်ပြီး တောင်ပိုင်းတွင် ပိုမိုအားဖြည့် စစ်ဆင်နိုင်ခဲ့သည်
ဒုတိယအနေနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီလည်းဖြစ်၊ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူးလည်း ဖြစ်သူ မစ္စတာ ဝမ်နင်၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ခရီးစဉ်ဖြစ်၏။ မစ္စတာ ဝမ်နင်၏ ခရီးစဉ်အတွင်း ယူနန်အစိုးရနှင့် မြန်မာအစိုးရကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ ရေးထိုးခဲ့သည်ကို တွေ့ရ၏။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ခြေလှမ်းစတင်လိုက်ခြင်း ဖြစ်၏။
တတိယအနေနှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီး၊ အာရှဗျူရို ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖုန်ရှုဘင်၏ ခရီးစဉ်ဖြစ်၏။ မစ္စတာ ဖုန်ရှုဘင်၏ ခရီးစဉ်အတွင် ဦးသန်းရွှေ၊ ဦးသိန်းစိန်စသည့် စစ်ဗိုလ်ဟောင်းများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ပြင် တရုတ်ပါတီကိုယ်စားလှယ်သည် တိုင်းရင်းသားပါတီ ငါးပါတီနှင့်တွေ့ဆုံရန် တောင်းဆိုကြောင်း၊ တိုင်းရင်းသားပါတီ ငါးပါတီမှ ကိုယ်စားလှယ်များအား တရုတ်ပြည်သို့ ဖိတ်ခေါ်ကြောင်း သတင်းများလည်း ကြားသိရ၏။ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့နှင့်တွေ့ဆုံပြီး မြန်မာပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာရန် လမ်းစရှာသကဲ့သို့ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ နိုင်ငံရေးအရ အဖြေရှာရန် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလည်း ကြိုးစားပုံရ၏။
ချင်ကန်း၏ လှုပ်ရှားမှုများ
စတုတ္ထအနေနှင့် လှုပ်ရှားလာသည်မှာ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ကိုယ်တိုင်ဖြစ်၏။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နိုမာ ဆူဒီနှင့် ဂျကာတာ၌တွေ့ဆုံရာတွင် မစ္စတာ ချင်ကန်းက မြန်မာ့အရေး ဖြေရှင်းရေးနှင့်ပတ်သက်၍ အာဆီယံ၏ မူ ၅ ချက်ကို ထောက်ခံဆွေးနွေးခဲ့သကဲ့သို့ “အာဆီယံဥက္ကဋ္ဌ အနေဖြင့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှု စတင်မည်ဖြစ်ကာ အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲတရပ် ဖြစ်လာနိုင်ခြေကို ဖွင့်လှစ်ရန် ရည်ရွယ်ချက်ဖြင့် စတင်မည်” ဟု မစ္စ ရက်နို မာဆူဒီက ပြောကြားပြီး လုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို အင်ဒိုနီးရှားက ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
တဖန် ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာနှင့် ဘေကျင်း၌ တွေ့ဆုံခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာနှင့် ဘေကျင်း၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာ ချင်ကန်း ပြောကြားသည့် အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်၏။
-ပြည်တွင်းပြည်ပ အကြောင်းတရားများ ရောယှက်နေသဖြင့် မြန်မာနိုင်ငံပြဿနာသည် ရှုပ်ထွေးပြီး ဖြတ်လမ်းနည်းဖြင့် အမြန်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း၊
-နိုင်ငံတကာအသိုင်းအဝန်းအနေနှင့် မြန်မာ့အချုပ်အခြာအာဏာကို လေးစားလိုက်နာရန် လိုကြောင်း၊
-ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန်၊
-အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဖြန်ဖြေပေးမှုကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လေးစားလိုက်နာသင့်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံ၏ မူ ၅ ရပ်ကို တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရန်တို့ ဖြစ်၏။
မစ္စတာ ချင်ကန်း၏ ပြောကြားချက်မှတွေ့ရသည့် မြန်မာ့အရေးနှင့် ပတ်သက်သည့် တရုတ်တို့၏ မူဝါဒမှာ ပြည်ပမှဝင်ရောက်စွက်ဖက်မှုကို လက်မခံ၊ နိုင်ငံရေးဆွေးနွေးမှုမှ နိုင်ငံရေးအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြန်သွားရန်၊ ထိုနိုင်ငံရေးအသွင်ပြောင်းမှုကို၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှသွားရန် ဖြစ်၏။
ထို့နောက် မေလ ၂ ရက်နေ့တွင် မစ္စတာ ချင်ကန်း၏ မြန်မာနိုင်ငံခရီးစဉ် စတင်သည်။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကြီးတနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်တဦး၊ တရုတ်ပြည်၏ ထိပ်ပိုင်းခေါင်းဆောင်တဦး၏ ခရီးစဉ်ဖြစ်၏။ မစ္စတာ ချင်ကန်းသည် သူ၏ မြန်မာပြည်ခရီးစဉ်မစမီ တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည်သည်ကို တွေ့ရပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသာမက မြန်မာနိုင်ငံကို ဖြတ်သန်းမည့် စင်္ကြံလမ်းသည် တရုတ်တို့အတွက် လွန်စွာအရေးပါသည်ကိုလည်း ပြသခဲ့၏။ တရုတ်-မြန်မာနယ်စပ်ခရီးစဉ်သည် တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးတဦး၏ ရှားပါးသည့်ခရီးစဉ်ဟု ဆိုရမည်။
မေလ ၂ ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော မစ္စတာ ချင်ကန်းသည် ယခင် မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံခဲ့၏။ အဓိကအားဖြင့် တရုတ်ဝန်ကြီး မစ္စတာ ချင်ကန်းသည် အားလုံးပါဝင်သည့် မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည် ပေါင်းစည်းရေးအား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ ပြုလုပ်သွားရန် အဓိက တိုက်တွန်းပြောဆိုသွားသည်ကို တွေ့ရ၏။ တရုတ်ထိပ်တန်းခေါင်းဆောင်တဦးမှ မြန်မာပြည်နိုင်ငံရေးပဋိပက္ခနှင့် ပတ်သက်၍ အတိအလင်း လာရောက်ပြောဆိုခြင်း ဖြစ်သကဲ့သို့ မြန်မာ့အရေးအတွက် ဝင်ရောက်စေ့စပ်ခြင်းလည်း ဖြစ်သည်ဟုဆိုရမည်။
တရုတ်ထိပ်တန်းခေါင်းဆောင်တဦးမှ မြန်မာပြည်နိုင်ငံရေးပဋိပက္ခနှင့် ပတ်သက်၍ အတိအလင်း လာရောက်ပြောဆိုခြင်း ဖြစ်သကဲ့သို့ မြန်မာ့အရေးအတွက် ဝင်ရောက်စေ့စပ်ခြင်းလည်း ဖြစ်သည်ဟုဆိုရမည်။
တရုတ်သည် တဖက်က မြန်မာစစ်တပ်ကို လက်ရှိအနေအထားမှ အားလုံးပါဝင်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ရန် တိုက်တွန်းသကဲ့သို့ မြန်မာစစ်တပ် လက်ခံနိုင်အောင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်တွင်းမှ လုပ်ဆောင်ရန် ပြောဆိုသည်ကို တွေ့ရ၏။ ဤအချက်မှာ မစ္စတာ ချင်ကန်း၏ မြန်မာခရီးစဉ်တွင် ထိပ်ရောက်နေသော အကြောင်းအရာဖြစ်သည်။ ကျန်အကြောင်းအရာများ ဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသလုံခြုံတည်ငြိမ်ရေး စသည်တို့ကို သာမန်သံတမန်ရေးရာဆိုင်ရာ စကားလုံးများအဖြစ် တွေ့ရသော်လည်း မစ္စတာ ချင်ကန်း၏ ခရီးစဉ်အတွင်း မည်သည့်စာချုပ်၊ သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာမှ လက်မှတ်ရေးထိုးသည်ကို မတွေ့ရပါ။
နိုင်ငံရေးသက်သက် ညှိနှိုင်းဆွေးနွေးမှုကို အဓိကထားပြုလုပ်သည့် ခရီးစဉ်ဟုဆိုရမည်။ တရုတ်တို့၏ အဆိုအရ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဟု ဆိုပါသည်။ မစ္စတာ ချင်ကန်း ခရီးစဉ်သည် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးခရီးစဉ် ဖြစ်သည့်အပြင် မြန်မာစစ်တပ်နှင့် မပတ်သက်ဘဲ မြန်မာပြဿနာကို အဖြေရှာဖို့ လက်တွေ့မကျဟု ယူဆကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီ၊ အရှေ့တောင်အာရှ လေ့လာရေးစင်တာမှ ဒါရိုက်တာ ရှုလီပင်းက ကာကွယ်ပြောဆိုသည်ကို South China Morning Post တွင် တွေ့ရ၏။
မစ္စတာ ချင်ကန်းနှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံပြီး နောက်တနေ့ မစ္စတာ ချင်ကန်း မြန်မာပြည်တွင် ရှိနေစဉ်မှာပင် အကျဉ်းထောင်အသီးသီး၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးအား ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကြောင်းနှင့် သေဒဏ်ကျအကျဉ်းသား ၃၈ ဦးအား တသက်တကျွန်းသို့ လျှော့ပေါ့ပေးကြောင်း မေလ ၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများသက်သက်ကို ပြန်လွှတ်ပေးသည့် ထူးခြားဖြစ်စဉ်တရပ်လည်း ဖြစ်၏။ မစ္စတာ ချင်ကန်း၏ မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ရသည့် ထူးခြားချက်ဖြစ်၏။ သာမန်တိုက်ဆိုင်မှုသာဟု ယူဆ၍မရနိုင်ပေ။
စစ်ကောင်စီက ပုဒ်မ ၅၀၅ သမားများ ပြန်လွှတ်ပေးခြင်းသည် နိုင်ငံရေးပုဒ်မနှင့် ဖမ်းထားသူများကို ပြန်လွှတ်ပေးသည်ဟု အကြောင်းပြချက်ကောင်း လိုချင်၍လည်းဖြစ်၏။ ကျန်အတော်များများကို အကြမ်းဖက်ဥပဒေနှင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။
တုတ်နှင့်မုန့် တဖက်စီကိုင်ထားသော တရုတ်
တကယ်တမ်းတွင် မြန်မာ့စစ်တပ်သည်လည်း အကျပ်အတည်းထဲက ရုန်းထွက်ချင်သည်။ သို့သော် သူ့စိတ်ကြိုက်ပုံစံနှင့်ဖြစ်သည်။ သို့ဖြစ်ရာ တခြား ညှိနှိုင်းသူများနှင့်ဆိုလျှင် မြန်မာစစ်တပ်က တင်းမာလေ့ရှိ၏။ သို့သော် တရုတ်နှင့်ဆိုလျှင် မြန်မာစစ်တပ်သည် အခြားသူများကဲ့သို့ မမာရဲပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် လက်တဖက်တွင် မုန့်ကိုင်ထားပြီး အခြားတဖက်တွင် တုတ်ကိုင်ထား၍ဖြစ်၏။
တရုတ်နှင့်ဆိုလျှင် မြန်မာစစ်တပ်သည် အခြားသူများကဲ့သို့ မမာရဲပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် လက်တဖက်တွင် မုန့်ကိုင်ထားပြီး အခြားတဖက်တွင် တုတ်ကိုင်ထား၍ဖြစ်၏။
တရုတ်လက်ထဲကမုန့်မှာ ရင်းနှီးမြှုပ်နှံမှုကြီးများ၊ ချေးငွေများဖြစ်၏။ လက်ရှိအချိန်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုနှင့်ချေးငွေကို စစ်ကောင်စီသည် တရုတ်ထံမှလွဲ၍ အခြားမည်သူထံမှ မရရှိနိုင်ပေ။ ကမ္ဘာဘဏ်၊ IMF, ADB တို့မှလည်း ချေးငွေမရနိုင်။ ရုရှားထံမှလည်း မရရှိနိုင်ပေ။ ထိုအချက်ကို မြန်မာစစ်တပ်လည်း ကောင်းစွာသိ၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မကြာမီ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌခန့်ပြီး အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ရင်းနှီးမြှုပ်နှံမည့် တရုတ်တို့၏ မီးလင်းချိုင့်စီမံကိန်းကို ချက်ချင်း ခွင့်ပြုပေးခဲ့၏။ သို့သော် တရုတ်တို့ ယနေ့တိုင် ဝင်ရောက်ခြင်းမရှိပေ။ တရုတ်-မြန်မာစင်္ကြံလမ်းစီမံကိန်းမှ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ရှိသည်။ ထို့ပြင် နိုင်ငံရေးအရ မြန်မာစစ်ကောင်စီကို တရုတ်တို့၏ ကာကွယ်ပေးနိုင်မှုရှိ၏။ ဤကား တရုတ်လက်ထဲကမုန့် ဖြစ်၏။
တရုတ်နယ်စပ်တွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိ၏။ ထိုခုနစ်ဖွဲ့သည် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် စစ်အင်အား၊ စစ်လက်နက်အင်အား တောင့်တင်းသည်။ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မန္တလေး PDF ၏ တိုက်ပွဲများကို နောင်ချိုနှင့် ပြင်ဦးလွင်ကြားထဲတွင် တွေ့ရ၏။ ထိုတိုက်ပွဲများတွင် မန္တလေး PDF ၏ တိုက်စွမ်းရည်ကို တွေ့ရသကဲ့သို့ ရက် ၂၀ ခန့်ကြာမြင့်အောင် တိုက်ခိုက်နိုင်သည့် မန္တလေး PDF ၏ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်စွမ်းကို ထူးခြားစွာတွေ့ရ၏။ မန္တလေး PDF များသည် နောင်ချိုတဝိုက်တွင် တအာင်း TNLA နှင့်အတူ ရပ်တည်နေသည်ဖြစ်ရာ မန္တလေး PDF ၏ လက်နက်ဝယ်ယူဖြည့်တင်းနိုင်ရာ လမ်းကြောင်းသည် မြောက်ပိုင်းအဖွဲ့များမှလွဲ၍ အခြားမဖြစ်နိုင်ဟု တွက်ဆရ၏။ ဤသည်ကား မြန်မာစစ်တပ် မဖြစ်မနေသတိပြုနေရသည့် တရုတ်၏လက်ထဲမှတုတ် ဖြစ်၏။
တရုတ်တို့၏ တုတ်နှင့်မုန့်ကြားတွင် မဖြစ်မနေ စဉ်းစားရွေးချယ်ရမည်က မြန်မာစစ်တပ် ဖြစ်၏။ တရုတ်တို့လိုချင်သည်မှာ ၎င်းတို့၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာပြည် တည်ငြိမ်မှုဖြစ်၏။ ဦးစွာ မြန်မာပြည်တည်ငြိမ်အောင် မြန်မာစစ်တပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်ဖြစ်၏။ ထို့အရာကို တရုတ်တို့က ပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းရေးဟုဆိုခဲ့သည်။ အသွင်ကူးပြောင်းရေးပြုလုပ်ရန် စစ်တပ်အားပေးထားသည့် မက်လုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ အသွင်ကူးပြောင်းရေး ဖြစ်၏။ ထိုမက်လုံးကို မယူပါက မြန်မာစစ်တပ်ရင်ဆိုင်ရမည်မှာ ကြီးမားသည့်စစ်ပွဲဖြစ်၏။ မုန့်မလိုချင်ပါက တုတ်နှင့်တွေ့ရမည့်သဘော ဖြစ်၏။
သမ္မတ ဦးသိန်းစိန်၏ ဝန်ကြီးတဦးဖြစ်သူ ဦးအောင်မင်းက ကျနော်တို့ တရုတ်ကိုကြောက်ရပါတယ် ဆိုသည်မှာ အကြောင်းမဲ့ ပြောခဲ့ခြင်းမဟုတ်ပေ။
သမ္မတ ဦးသိန်းစိန်၏ ဝန်ကြီးတဦးဖြစ်သူ ဦးအောင်မင်းက ကျနော်တို့ တရုတ်ကိုကြောက်ရပါတယ် ဆိုသည်မှာ အကြောင်းမဲ့ ပြောခဲ့ခြင်းမဟုတ်ပေ။ မြန်မာစစ်တပ်က တရုတ်ကို စိတ်ကြိုက်မတွေ့၍ တရုတ်ကိုရှောင်ရန် ရုရှားကို ဆရာတင်ခဲ့သည်။ သို့သော် ရုရှားကိုယ်တိုင် တရုတ်ကို မှီခိုနေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေဖြင့် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား ရွေးရတော့မည် ဖြစ်၏။
တရုတ်ပေါ်လစီ အလုပ်ဖြစ်မည်လော
ပထမအချက်အနေနှင့် မြန်မာစစ်တပ်အနေနှင့် တရုတ်ပြောသမျှ၊ တောင်းဆိုသမျှကို မြန်မာစစ်တပ်က လက်ခံမည် မဟုတ်သော်လည်း အလျှော့အတင်းလုပ်ရမည့် အခြေအနေကိုတော့ ရှောင်လွှဲ၍မရတော့ပေ။ သို့သော် တဖက်ကလည်း စစ်မြေပြင်တွင် ကြမ်းရမ်းသည်များကို မြန်မာစစ်တပ် ချက်ချင်းလျှော့ရန် အကြောင်းမရှိပေ။ တရုတ်နှင့် မြန်မာစစ်တပ်ကြား အပေးအယူ အလျော့အတင်းပြုလုပ်မည့် ဆက်ဆံရေးတရပ်၊ ကစားပွဲတရပ်ကို မြင်ကြရတော့မည်ကတော့ သေချာပါသည်။ သေချာသည်မှာ မြန်မာစစ်ဘက်က ရနိုင်သလောက် တင်းခံမည်။ လောလောဆယ် စစ်ရေးတိုက်ခိုက်မှုများကို လျှော့ချဖွယ်မမြင်ပါ။
ဤဘတ်ဂျက်နှစ်တွင် တိုးမြှင့်သတ်မှတ်ထားသည့် စစ်ရေးဘတ်ဂျက်ကုန်အောင် အစွမ်းကုန် တိုက်ခိုက်ကြည့်ဦးမှာ သေချာ၏။ လတ်တလော စစ်မြေပြင်တွင်၊ အရပ်သားလူထုအပေါ်တွင် ကြမ်းဦးရမ်းဦးမည်ကတော့ သေချာ၏။ စစ်ရေးအသာစီးရယူပြီး ဆွေးနွေးပွဲတွင် အသာစီးရရန် ကြိုးပမ်းမည်သာ ဖြစ်၏။ တရုတ်ဝန်ကြီး ချင်ကန်းနှင့် ဆွေးနွေးသည့် မေ ၂ ရက်နေ့ညနေတွင်ပင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာအား လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရသူများ ရှိခဲ့သည်ကို တွေ့ရ၏။
ဒုတိယအချက်အနေနှင့် ၂၀၀၈ အခြေခံဥပဒေသည် ကိုယ်လိုရာဘက်ကိုဆွဲ၍ အဓိပ္ပာယ်ဖွင့်၍ရသည်ဖြစ်ရာ မြန်မာစစ်တပ်သည် သူစိတ်ကြိုက် အဓိပ္ပာယ်ဖွင့်ဦးမည်ဖြစ်၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ခက်ခဲမည်။ လက်ရှိ အာဏာသိမ်းသည်ဆိုသည့် ကာလကိုပင် “သာမန်အခြေအနေ မဟုတ်သည့်အောက်တွင်” ဟူသည့် ဝေါဟာရတလုံးကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုပြီး နှစ်အကန့်အသတ်မရှိ အာဏာရယူထားရန် ဆောင်ရွက်နေသည်ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေဖြင့် မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင် ဆိုသည်ကတော့ အဖြေမရှိသည့် ပုစ္ဆာတပုဒ်ဖြစ်၏။
တတိယအချက်အနေနှင့် NUG, CRPH, PDF တို့သည် ၂၀၀၈ အခြေခံဥပဒေအား ဖျက်သိမ်းကြောင်း ကြေညာထားခဲ့ကြပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးလိုလိုမှာလည်း ၂၀၀၈ အခြေခံဥပဒေနှင့် ဘောင်မဝင်ပေ။ ၂၀၀၈ အခြေခံဥပဒေ အပြင်ဘက်တွင် ရှိ၏။ သို့ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှ ပြဿနာကို ဖြေရှင်းရန် ဖြစ်နိုင်ခြေနည်းသည်ဟု ဆိုရမည်။
စတုတ္ထအချက်အနေနှင့် ၂၀၀၈ အခြေခံဥပဒေအရ ဆိုပါက ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အဆုံးအဖြတ်သည် ရွေးကောက်ပွဲကော်မရှင်ဖြစ်သည်ဟု ရေးဆွဲပြဌာန်းထားသည်ဖြစ်ရာ မြန်မာစစ်တပ်အာဏာသိမ်းမှုသည် ၂၀၀၈ အခြေခံဥပဒေနှင့် မညီညွတ်ပေ။ မြန်မာစစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့သကဲ့သို့ စိတ်ကြိုက်လည်း ဖျက်ဆီးခဲ့ပြီဖြစ်၏။ ထို့ပြင် ၂၀၀၈ အခြေဥပဒေ၏ လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှုတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ အမျိုးသားသင့်မြတ်ရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးကိုဖြေရှင်းရန် ခက်ခဲမည်ဖြစ်၏။
တရုတ်တို့၏ ဤသဘောထားသည် မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် အခြေခံပေါ်က လာသည်ဟု ဆိုရမည်။ တရုတ်တို့သည် လက်ရှိ မြန်မာအတိုက်အခံ အင်အားစုများ၏ လုပ်နိုင်စွမ်း၊ စုစည်းနိုင်စွမ်းအား သံသယရှိနေပြီး NUG, PDF, EAO စသည့် အင်အားစုများသည် တစည်းတလုံးတည်း စုစည်းနိုင်စွမ်းမရှိနိုင်ဟု ယူဆထားကြပုံရ၏။
တရုတ်တို့သည် လက်ရှိ မြန်မာအတိုက်အခံ အင်အားစုများ၏ လုပ်နိုင်စွမ်း၊ စုစည်းနိုင်စွမ်းအား သံသယရှိနေပြီး NUG, PDF, EAO စသည့် အင်အားစုများသည် တစည်းတလုံးတည်း စုစည်းနိုင်စွမ်းမရှိနိုင်ဟု ယူဆထားကြပုံရ၏။
ထို့ပြင် တဖက်နှင့်တဖက်လည်း အချိန်တိုအတွင်း အနိုင်တိုက်မည် မဟုတ်ဘဲ စစ်ရေးအရ ဆက်လက် တိုက်ခိုက်ပါက အချိန်ကြာမည်ဟု ယူဆပုံရသည်။ ထို့ကြောင့် မြန်မာပြည် တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်နှင့် အတိုက်အခိုက်အခံ အင်အားစုများကြား စေ့စပ်မှ၊ နိုင်ငံအရေဆွေးနွေးမှရမည်ဟု ယူဆပြီး တရုတ်တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပွဲထုတ်လာ၏။ ဦးသန်းရွှေကို ပြန်လည်ပွဲထုတ်လာ၏။ ဤအရာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်းက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် အသွင်ကူးပြောင်းရေးဟု ခေါ်ဆိုလိုက်၏။
သို့ သော် လွန်ခဲ့သော ၁၀ နှစ်ကျော်က အပြောင်းအလဲကို ၂၀၂၃ တွင် ပြန်လုပ်မည် ဆိုသည်ကတော့ မြန်မာသမိုင်းကို နောက်သို့ တပတ်ပြန်လည်ခိုင်းစေချင်ပုံရ၏။ တကယ့်သမိုင်းဆိုသည်မှာ ရှေ့ကိုသာ ဖြစ်ထွန်းတိုးတက်ရမည် မဟုတ်ပါလော။
ထို့ပြင် လက်ရှိ မြန်မာပြည်ဖွဲ့စည်းပုံ အခြေဥပဒေအား မြန်မာပြည်နိုင်ငံရေး ၉၆ ပါး ရောဂါပျောက်ဆေးအဖြစ် တရုတ်တို့ မှတ်ယူထားခြင်းကတော့ လွဲချော်နေ၏။ ၂၀၀၈ အခြေခံဥပဒေဆိုသည်မှာ ရမ်းကုတယောက်၏ ဆေးမြီးတိုမျှသာဖြစ်ရာ မြန်မာပြည်ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ မြန်မာ့အရေးတွင် တရုတ်၏ ပါဝင်ပတ်သက်မှုသည် မလွှဲမရှောင်သာဖြစ်၏။ တရုတ်တို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ လေးလကျော်ကာလအတွင်း လျင်မြန်သွက်လက်စွာ လုပ်ကိုင်နိုင်စွမ်းရှိသည်ကို အသိအမှတ်ပြုရမည် ဖြစ်၏။ ထို့ပြင် တရုတ်တို့သည် အင်အားကြီးနိုင်ငံတခုဖြစ်သည့်အားလျော်စွာ ခြေတံလက်တံရှည်သည်။
သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သူများ၊ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားအရေး တိုက်ပွဲဝင်သူများအနေနှင့် တရုတ်၏ ခြေလှမ်းများကို မပြတ်စောင့်ကြည့်ရန် လိုအပ်ပေလိမ့်မည်။ တရုတ်အနေနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ တရုတ်အကျိုးစီးပွားအပေါ် အခြေပြုသည့် မဟာဗျူဟာအမြင်နှင့် ကြည့်ရှုမည်သာဖြစ်ပြီး မြန်မာလူထုအတွက် စဉ်းစားမှုဆိုသည်ကတော့ တရုတ်တို့အတွက် လက်အောက်ခံပြဿနာသာ ဖြစ်ပေလိမ့်မည်။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ထူးထူးခြားခြား သွားရောက်
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား