ဘန်ကောက်မြို့က သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ထဲကို ခြေချလိုက်မိတယ် ဆိုရင်ပဲ ကိုယ့်ကိုယ်ကိုယ် အမေဇုန်သစ်တောထဲကနေ မြို့တက်လာတဲ့ တာဇံတယောက်လို ခံစားလိုက်မိပါတယ်။ မီးရောင်စုံ လင်းပြီး တောက်ပြောင်နေတဲ့ လေဆိပ်အဆောက်အဦ၊ များပြားလာတဲ့ လူပင်လယ်ကြီးကြားထဲမှာ ဘယ်ကိုသွားလို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေပါတယ်။ တခါမှ မရောက်ဖူးတဲ့ နေရာတခုလို အူကြောင်ကြောင်နဲ့ ကြည့်နေမိပါတယ်။
တကယ်တော့လည်း အခုလို နိုင်ငံပြင်ပကို ခရီးမသွားဖြစ်တာ ကိုဗစ်ကပ်ဘေးကြီး စခဲ့တဲ့အချိန်ကဆို သုံးနှစ်ကျော်တောင် ရှိပါပြီ။ ပုံမှန်ချိန်ဆိုရင်တော့ ပြည်ပခရီးသွားရတာ အားပြည့်အင်ပြည့်နဲ့ စိတ်လှုပ်ရှားစရာ ကောင်းတတ်ပါတယ်။ လူအသစ်တွေ၊ နေရာအသစ်တွေနဲ့ အတွေးသစ် အမြင်သစ်တွေ ဆောင်ယူလာမြဲမို့ပါ။ စစ်အာဏာရှင်လက်အောက် ပြည်ပခရီးသွားရတာလည်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမယ့် မတူညီတာက ကြောက်ရွံ့မှု ကြီးစိုးနေတဲ့ စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနာရီလောက်ကဆိုရင် ရန်ကုန်လေဆိပ်ထဲမှာ ဂဏာမငြိမ် ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ လေဆိပ်ဝန်ထမ်းတွေနဲ့ ခရီးသွားတချို့သာ ရှိတဲ့အတွက် လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေတဲ့ လေဆိပ်ကြီးထဲမှာ သရဲကားရိုက်ရင် ကောင်းမလားလို့ ပေါက်ပေါက်ရှာရှာ တွေးပြီး ဇာတ်လမ်းဆင်နေခဲ့ပါတယ်။ ပေါက်ပေါက်ရှာရှာ ရယ်စရာ တွေးရတာကလည်း ကိုယ့်ကြောက်စိတ်ကို မသိမသာ ပြေအောင်ရယ်၊ လူမသိအောင်ရယ် ကိုယ့်ဖာသာ ကုစားနည်း တခုအနေနဲ့ သုံးနေရတာသာ ဖြစ်ပါတယ်။
လေဆိပ်ထဲကိုဝင်၊ လေဆိပ်ကောင်တာကိုဖြတ်၊ လုံခြုံရေးဂိတ်တွေကိုဖြတ်၊ လူဝင်မှုကြီးကြပ်ရေးကိုဖြတ်၊ ပြီးတော့ လေယာဉ်ပေါ်တက်ဖို့ စောင့်ရတဲ့ခန်းမထဲကို ရောက်အောင် လာရတာဟာလည်း စစ်ရေး မစ်ရှင်တခုလိုပါပဲ။ ဘယ်အချိန်မှာများ ငါ့ကို လာဖမ်းမလဲ၊ ငါ့နာမည်ကလည်း ငါမသိဘဲ စာရင်းပေါက်နေမှာလား။ ငါ့ဖုန်းကို စစ်ရင်း သူတို့ သဘောမကျတာ တွေ့သွားရင် ငါ့ကို ပြဿနာရှာမှာလား။ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။
ဒီတကြိမ်တော့ အောင်မြင်စွာ ဖြတ်သန်းပြီး လေယာဉ်ပေါ် တက်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ ဘေးနားက အိမ်နီးချင်း တိုင်းပြည်ဆီ ခြေချခွင့်ရခဲ့တယ် ဆိုပါတော့။ တချိန်တည်းမှာပဲ ကိုယ့်လို ဒီလမ်းကြောင်းက မဟုတ်ဘဲ၊ တိုင်းပြည်ရဲ့ နယ်စပ်ကတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ ဖြတ်ကျော်ရတဲ့ ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေအကြောင်းကို မတွေးဘဲ မနေနိုင်ပါဘူး။ နယ်စပ်မျဉ်းကို သူတို့ ကျော်ဖြတ်တဲ့အခိုက်မှာ သူတို့ရဲ့ ရင်ခုန်သံတွေလည်း ဘယ်လိုများ ရှိခဲ့ပါစ။
တချိန်တည်းမှာပဲ ကိုယ့်လို ဒီလမ်းကြောင်းက မဟုတ်ဘဲ၊ တိုင်းပြည်ရဲ့ နယ်စပ်ကတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ ဖြတ်ကျော်ရတဲ့ ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေအကြောင်းကို မတွေးဘဲ မနေနိုင်ပါဘူး။ နယ်စပ်မျဉ်းကို သူတို့ ကျော်ဖြတ်တဲ့အခိုက်မှာ သူတို့ရဲ့ ရင်ခုန်သံတွေလည်း ဘယ်လိုများ ရှိခဲ့ပါစ။
တိုင်းပြည်ပြင်ပကို ထွက်မယ်ဆို အရင်ဆုံးသွားကြရတာက ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံဘက်ကို အခေါက်ခေါက်အလီလီ ရောက်ဖူးပေမယ့် ကြားထဲမှာ မရောက်တာ ကြာသွားတဲ့အခါရယ်၊ ကိုယ့်တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေခဲ့တာတွေကြောင့်ရယ်၊ အဆက်ပြတ်သလို ဖြစ်နေခဲ့ပါတယ်။ ဒီတခေါက် ပြန်ရောက်ရတဲ့အခါ ကိုယ့်တိုင်းပြည်ရဲ့ နောက်ပြန်ဂီယာထိုးနေတဲ့ အနေအထားကြောင့်ရော၊ သူ့တိုင်းပြည်ရဲ့ အရှိန်အဟုန်နဲ့ ရှေ့ကိုသွားတာကြောင့်ရောကြောင့် အခြေအနေတွေဟာ မှင်သက်မိလောက်စရာအထိ ကွာဟသွားသလိုမျိုး မြင်ရပါတယ်။ နဂိုကတည်းက ကွာဟပြီးသားကို ပိုလိုပိုလို့ ခြားနားလာတဲ့သဘော ဖြစ်ပါတယ်။ စာဖွဲ့ပြစရာတွေများလွန်းလို့ ဘာကို ပြောရမှန်းတောင် မသိအောင်ပါပဲ။
ဒီလို အကြောင်းအရာတွေ များစွာထဲကမှ ကျနော့်စိတ်ကို အဖမ်းစားနိုင်ဆုံး၊ ကိုယ်စိတ်ဝင်စားမိဆုံး ကိစ္စကတော့ ငွေပေးချေမှုစနစ်ရဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်က အခြေအနေနဲ့ မတူဘဲ တမူထူးခြားပြီး သိသာလာတာကတော့ မအံ့ဩဘဲ မနေနိုင်အောင်ပါပဲ။ ထိုင်းနိုင်ငံရဲ့ “ငွေသားမဲ့ စနစ် – cashless society” တည်ဆောက်နေတာကို ကြည့်ပြီး ကိုယ့်တိုင်းပြည်ရဲ့ “ငွေသားမဲ့ စနစ် – cashless society” ဖြစ်နေရတဲ့ အဖြစ်ကို နှိုင်းယှဉ်ကြည့်မိပါတယ်။
ယေဘုယျအားဖြင့်တော့ မြန်မာပြည်မှာတော့ ငွေသားမဲ့သွားသူ အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တမျိုးက ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲမှာ ငွေရှိနေပါလျက် ထုတ်ယူမရ၊ အလွယ်တကူ လည်ပတ်ဖို့ ခက်ခဲလို့ ငွေသားခက်ခဲသူနဲ့ တချို့ကတော့ တိုင်းပြည်စီးပွားရေးပျက်၊ စစ်ဘေးသင့်ရတာကြောင့် ဆင်းရဲတွင်းထဲရောက်ပြီး ငွေမရှိတော့တဲ့သူတွေ ဖြစ်ပါတယ်။
မြန်မာပြည်ကလူတွေ ပြည်ပကိုရောက်ရင် အဓိက လုပ်ဆောင်ကြတာက ထိုင်းဘဏ်အကောင့်တခု ဖွင့်နိုင်ဖို့ ဖြစ်ပါတယ်။ တချို့ဆိုရင် ဘဏ်အကောင့် ဖွင့်နိုင်ဖို့ သက်သက်အတွက်ကို နိုင်ငံပြင်ပ ထွက်သူတွေလည်း ရှိပါတယ်။ ကိန်းဂဏန်းအချက်အလက် အတိအကျ မရှိတဲ့အတွက် လူဦးရေ ဘယ်လောက်များများ ဘဏ်အကောင့်တွေ လုပ်ထားနိုင်သလဲ မသိရပေမယ့် လူမှုကွန်ရက်ပေါ်က အေးဂျင့်တွေရဲ့ ကြော်ငြာစာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေကြားက အချက်အလက်တွေအရတော့ တော်တော်လေးကို များတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ ဘာကြောင့် နိုင်ငံပြင်ပမှာ ဘဏ်အကောင့်တွေ ဖွင့်ကြတာလဲ။ အကြောင်းတရား အမျိုးမျိုး ရှိနိုင်တဲ့အထဲက တချက်ကတော့ မြန်မာငွေအပေါ် မယုံကြည်ကြတော့တာက အဓိကတချက် ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍ ယိုယွင်းပျက်စီးသွားပုံက ဒဏ္ဍာရီဆန်လွန်းသလို ဝမ်းနည်းကြေကွဲဖွယ်ရာလည်း ကောင်းလှပါတယ်။ စစ်အာဏာမသိမ်းခင် မြန်မာပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍဟာ အလားအလာကောင်းတွေ အများကြီးနဲ့ အဆက်မပြတ် တိုးတက်နေခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍ ယိုယွင်းပျက်စီးသွားပုံက ဒဏ္ဍာရီဆန်လွန်းသလို ဝမ်းနည်းကြေကွဲဖွယ်ရာလည်း ကောင်းလှပါတယ်။ စစ်အာဏာမသိမ်းခင် မြန်မာပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍဟာ အလားအလာကောင်းတွေ အများကြီးနဲ့ အဆက်မပြတ် တိုးတက်နေခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်အထိ ဘဏ်အကောင့်ရှိစရာ မလိုဘဲ မိုဘိုင်းဖုန်းကနေ ငွေလွှဲငွေထုတ် လုပ်လို့ရတဲ့ (mobile wallet) ဟာ အလွန်မှကို အဆင်ပြေပြီး လူသုံးများခဲ့ပါတယ်။ ATM အသုံးပြုမှု၊ ATM ကတ်အသုံးပြုပြီး ဒစ်ဂျယ်တယ် ငွေပေးချေမှုတွေဟာ လူကြိုက်များလာပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေးကာလမှာ မိုဘိုင်းငွေလွှဲငွေထုတ်ဟာ သိသိသာသာကြီးကို ထိုးတက်သွားခဲ့ပါတယ်။
ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေဟာလည်း မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုဟာ ၂၀၂၀ အစောပိုင်းမှာ ၄၈ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၂၃ မှာ ၆၀ ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့ ခန့်မှန်းခဲ့ကြပါသေးတယ်။ အာဏာသိမ်းလိုက်တာကြောင့် ဘဏ်တွေ လည်ပတ်မှု ရပ်ဆိုင်းသွားတာကစလို့ ဒီအရှိန်အဟုန်တွေ အားလုံးဟာ ရုတ်တရက် ရပ်ဆိုင်းသွားရပါတယ်။
အာဏာသိမ်းပြီးပြီးချင်းမှာ ဘဏ်ဝန်ထမ်းတွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ စစ်ကောင်စီဟာ ပြည်သူတွေ ဘဏ်တွေကနေ ငွေထုတ်ယူမှုကို ကန့်သတ်လိုက်ပါတယ်။ ATM စက်တွေရှေ့မှာ လူတန်းရှည်ကြီးတွေ တန်းစီပြီး ငွေသားထုတ်ယူရတဲ့ အခြေအနေကို ရောက်လာပါတယ်။ အာဏာသိမ်းပြီး နှစ်လခန့် ကြာပြီးတဲ့အခါမှာတော့ ATM စက်တွေရဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင် ငြိမ်သက်သွားပါတယ်။ အခု နှစ်နှစ်ကျော် ကြာတဲ့အထိ အရင်လို ပုံမှန် ပြန်မဖြစ်တော့ပါဘူး။
ဒီနောက်ပိုင်း ငွေသား အကြပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပြည်သူတွေဟာ ကိုယ့်ဘဏ်အကောင့်ထဲက ငွေကို ထုတ်ယူနိုင်ဖို့အတွက် အချိန်အကြာကြီး အလှည့်ကျစောင့်ရပြီး အကန့်အသတ်နဲ့သာ ထုတ်ယူလို့ရတော့တယ်။ ပြီးတော့ အခြားနည်းအဖြစ် အခြားသူတွေဆီကနေ ရာခိုင်နှုန်း အပိုပေးပြီး ငွေသားလဲလှယ်ယူရတဲ့ အခြေအနေဟာ အခုအချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ၁၀ ရာခိုင်နှုန်းအထိ အပိုထပ်ဆောင်း ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ “ဖောင်စီးရင်း ရေငတ်” ဆိုသလိုပဲ ကိုယ့်ငွေကို ထိုင်ကြည့်ရင်း ငွေသားမဲ့ဘဝကို ရောက်ကုန်ကြပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီကတော့ ပြည်သူတွေ ပိုမိုလွယ်ကူစွာ ငွေပေးချေနိုင်မယ့် ဒစ်ဂျယ်တယ် နည်းလမ်းတွေကို ကူညီရမယ့်အစား ပိုမိုဖိနှိပ် တင်းကြပ်လာပါတယ်။
ပြည်သူ့တော်လှန်ရေးသမားတွေကို ထောက်ပံ့နေတယ်ဆိုတဲ့ သံသယနဲ့ မရေတွက်နိုင်တဲ့ လူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ငွေလွှဲလုပ်ငန်းတွေကိုလည်း မှတ်တမ်းတွေ၊ ဒီနောက်မှာတော့ ဒစ်ဂျယ်တယ် နည်းလမ်းတွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းလာပြီး မဖြစ်မနေမှသာ သတိထား အသုံးပြုရတဲ့ အခြေအနေ ဖြစ်လာပါတယ်။
မြန်မာပြည်က မာစတာကတ်၊ ဗီဇာကတ်လိုဟာမျိုးတွေဟာ စစ်ကောင်စီရဲ့ ဒေါ်လာနဲ့မြန်မာငွေ ငွေလှဲနှုန်း ထိန်းချုပ်ထားမှုကြောင့် အလွယ်တကူ အသုံးပြုလို့မရဘဲ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ကုန်ပါတယ်။ ဒီအစား ပိုပြီး ဘေးကင်း၊ ယုံကြည်စိတ်ချရတဲ့ ဟွန်ဒီစနစ်ဟာ ပိုပြီး တွင်ကျယ်လာပါတယ်။
ငွေသားလည်ပတ်မှု အဆင်မပြေချိန် တပြိုက်နက်တည်းမှာပဲ တိုင်းပြည် စီးပွားရေး ကြပ်တည်းလာတာကြောင့် တိုင်းပြည်လူဦးရေ တဝက်နီးပါးဟာ ဆင်းရဲတွင်းထဲ ရောက်သွားမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ခန့်မှန်းထုတ်ပြန်ထားပြီး စစ်ဘေးရှောင် ဦးရေဟာလည်း တရိပ်ရိပ်တက်နေတာမှာ ၂ သန်းနီးပါးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒီအထဲက မိသားစုပေါင်း ထောင်သောင်းချီသူတွေကတော့ စစ်တပ်ရဲ့ မြေလှန်မီးရှို့မှုကြောင့် ပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလူတွေကတော့ လက်ထဲမှာ ခြူးတပြားမှ မရှိတော့တဲ့ “ငွေသားမဲ့ စစ်စစ်တွေ” ဖြစ်ပါတယ်။
ငွေသားလည်ပတ်မှု အဆင်မပြေချိန် တပြိုက်နက်တည်းမှာပဲ တိုင်းပြည် စီးပွားရေး ကြပ်တည်းလာတာကြောင့် တိုင်းပြည်လူဦးရေ တဝက်နီးပါးဟာ ဆင်းရဲတွင်းထဲ ရောက်သွားမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ခန့်မှန်းထုတ်ပြန်ထားပြီး စစ်ဘေးရှောင် ဦးရေဟာလည်း တရိပ်ရိပ်တက်နေတာမှာ ၂ သန်းနီးပါးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်မှာတော့ အိပ်မက်တွေ၊ အနာဂတ်တွေကို မျှော်မြင်ပြီး တည်ဆောက်နေကြပါတယ်။ ဒီ ၂၀၂၃ ခုနှစ်အတွင်းမှာ ငွေလွှဲမှု စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကို အွန်လိုင်းကနေသာ ငွေပေးချေတာမျိုးဖြစ်အောင် ရည်မှန်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ တကယ့် လက်တွေ့မှာလည်း တိုးတက်မှုဟာ မြင်နေရပါတယ်။
လမ်းဘေးက ဈေးသည်လေးဆီမှာ စားစရာဝယ်ပြီးတာနဲ့ မိုဘိုင်းထဲကနေ စကင်ဖတ်ပြီး ငွေပေးလို့ရတယ်။ ရထားလက်မှတ်ကို ဘယ်သူ့အကူအညီမှ မလိုဘဲနဲ့ စကင်ဖတ်ပြီး အလွယ်ဝယ်လို့ရတယ်။ အရင်လို အကြွေစေ့ ရှာရတဲ့ဒုက္ခ နည်းသွားပြီ ဖြစ်ပါတယ်။ အစားအသောက်တွေ ရောင်းတဲ့နေရာတွေ၊ စားသောက်ဆိုင်တွေမှာဆို ဒုက္ခခံပြီး ငွေသားနဲ့ ကတ်တခု ဝယ်စရာမလိုဘဲ စကင်ဖတ်ပြီး အလွယ်ပဲ ငွေပေးလို့ရတယ်။ လတ်တလော လေ့လာမှုတခုကလည်း ထိုင်းနိုင်ငံမှာ ၉၄ ရာခိုင်နှုန်းက ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းကို အသုံးပြုနေပြီလို့ ဆိုထားပြန်ပါသေးတယ်။
ဒီအချက်အလက်တွေဟာ အပေါ်ယံ လျှပ်တပြက် မြင်ရတဲ့ အချက်တွေပဲ ရှိပါသေးတယ်။ ဒီထက်ပိုပြီး လေ့လာရင် အခြေခံအဆောက်အဦ တည်ဆောက်ထားမှု၊ စနစ်တွေ လည်ပတ်နေမှုတွေဟာ ကွာချင်တိုင်း ကွာနေမှာ ဖြစ်ပါတယ်။ တိုင်းပြည်နှစ်ခု၊ လူ့အဖွဲ့အစည်း နှစ်ခုရဲ့ မတူညီတဲ့ ကံကြမ္မာကို အတိုင်းသား မြင်ခွင့်ရတဲ့ တဒင်္ဂလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ တိုင်းပြည်က အမှောင်ဘက်ထဲ တဟုန်ထိုး ကျဆင်းနေချိန်မှာ အိမ်ဘေးနားမှာတော့ အနာဂတ် နည်းပညာ စီမံကိန်းတွေနဲ့ စိတ်ကူးတည်ဆောက်နေကြပါတယ်။
တကယ်တော့ တိုင်းပြည်နှစ်ခုလုံးဟာ “ငွေသားမသုံးတဲ့ လူ့အဖွဲ့အစည်း – cashless society” ဖြစ်နေကြပါပြီ။ အဓိပ္ပာယ်နဲ့ ဖြစ်ရပ်တွေကတော့ ဖြောင့်ဖြောင့်ကြီးကို ပြောင်းပြန်ဖြစ်နေတာ တခုပါပဲ။ သူတို့က ဒစ်ဂျယ်တယ် နည်းပညာကြောင့် မသုံးတော့တာ ဖြစ်ပြီး ကျနော်တို့က သုံးစရာ ငွေမရှိတဲ့ဘဝ ရောက်သွားလို့ ဖြစ်ပါတယ်။
ဇာတ်လမ်းထဲက တာဇံကတော့ မြို့ပေါ်က လူနေမှုဘဝကို စိတ်ပျက်ပြီး လွတ်လပ်မှု ပြည့်ဝတဲ့၊ ဟန်ဆောင်မှု ကင်းတဲ့၊ အေးချမ်းတဲ့ တောအရပ်ဆီကို ပြန်သွားခဲ့ပါတယ်။ ကျနော်ကတော့ လွတ်လပ်မှု ပြည့်ဝသော၊ လုံခြုံအေးချမ်းသော၊ စည်ပင်ဝပြောပြီး လူပီပီသသ နေခွင့်ရသောနေရာမှာ ကာလတိုလေးသာ နေခွင့်ရလိုက်ပြီး ဒီအရာတွေအားလုံးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိုယ့်တိုင်းပြည်ထဲကို ပြန်လာခဲ့ရပါတယ်။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories:
အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
အင်တာနက်ဝန်ဆောင်မှုများ စစ်ကောင်စီ ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်လာ