အခုတလော မြန်မာနိုင်ငံရေးမှာ အထူးသဖြင့် သတံမန်ရေးအသွားအလာ ခပ်စိပ်စိပ်ဖြစ်လာတာကိုကြည့်ရင် မြန်မာနိုင်ငံရေးမှာ အလှုပ်အရွေ့တခုခုတော့ ဖြစ်နေပြီဆိုတာ အလွယ်တကူမှန်းဆနိုင်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီ ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံကိုရောက်လာတာ၊ နောက်ဆက်တွဲ တရုတ်နိုင်ငံရေးခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံရောက်လာတာတွေက ထူးခြားချက်တခုပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမလာခင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စာလှယ် မစ္စ နိုလင်းဟေဇာနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ကုသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ကြိုတင်အသိပေးခြင်းမရှိ ရောက်လာတာတွေက မြန်မာ့အရေးကို သံတမန်နည်းအရ ဖြေရှင်းဖို့ ကြိုးစားရာမှာ လမ်းကြောင်စုံသုံး (Muti-Tracked Diplomacy) ကို ကျင့်သုံးလာတာ တွေ့ရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ လုပ်ခဲ့တဲ့ Track 1.5 Dialogue ဆိုတာလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အစိုးရကိုယ်စားလှယ်တွေ၊ နိုင်ငံတကာအစိုးရကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ ပါဝင်တက်ရောက်ကြတယ်လို့ ဆိုပါတယ်။ ဘာတွေဆွေးနွေးသလဲဆိုတာကို မသိရတဲ့အပြင် ဘယ်လိုပုဂ္ဂိုလ်တွေ တက်ရောက်ဆွေးနွေးနေသလဲဆိုတာ မသိရပါဘူး။ ဒီလိုမသိရတာကလည်း Track 1.5 ရဲ့ ထူးခြားတဲ့ဝိသေသတခုလို့ ဆိုနိုင်ပြီး တခြားနိုင်ငံတွေမှာ ကျင့်သုံးတဲ့အခါမှာလည်း အခုလိုပဲ ဘယ်သူတွေပါတယ်၊ ဘာတွေဆွေးနွေးဆိုတာ ထုတ်ပြန်လေ့မရှိပါဘူး။
Track 1.5 Dialogue ဆိုတာ အာဆီယံပြင်ပ နည်းလမ်းရှာတယ်လို့ သုံးသပ်လို့ရပြီး အဲ့ဒီဆွေးနွေးပွဲက ဘယ်ကိုဦးတည်နေသလဲ ဘာအတွက် ဒီဆွေးနွေးပွဲဖြစ်လာတာလဲဆိုတာ စဉ်းစားဆွေးနွေးဖို့ ကောင်းပါတယ်။ Track 1.5 ကတော့ ပဋိပက္ခဖြေရှင်းတဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
Track 1.5 Dialogue ဆိုတာ အာဆီယံပြင်ပ နည်းလမ်းရှာတယ်လို့ သုံးသပ်လို့ရပြီး အဲ့ဒီဆွေးနွေးပွဲက ဘယ်ကိုဦးတည်နေသလဲ ဘာအတွက် ဒီဆွေးနွေးပွဲဖြစ်လာတာလဲ
Track 1.5 ဆိုတာကို နားလည်ဖို့ Track 1 နဲ့ Track 2 ဆိုတာ ဘာလဲဆိုတာကို အရင်းဦးဆုံး ရှင်းပြဖို့လိုပါလိမ့်မယ်။ Track 1 ကို Formal Meeting ဒါမှမဟုတ် Settlement-Oriented Negotiations လို့လည်း သုံးကြပါတယ်။ နိုင်ငံခေါင်းဆောင်တွေအချင်းချင်း တရားဝင်အခင်းအကျင်း (setting) မှာ တရားဝင် ပြောဆိုဆွေးနွေးကြပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုလည်း တရားဝင် ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ Track 1 ရဲ့ အဓိကအားသာချက်ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က တရားဝင်ဆွေးနွေးကြတာကို ပြည်သူတွေက သိနိုင်တဲ့အပြင် ဘယ်ဘက်ကတော့ ဘယ်ခြေလှမ်းကို လှမ်းနေတယ်ဆိုတာ တရားဝင် သိနိုင်ပါတယ်။
ဒါ့အပြင် အခုလို Track 1 ပုံစံကိုသုံးပြီး ပဋိပက္ခဖြေရှင်းရေးကို လုပ်တာက အားသာချက်တွေရှိပေမဲ့ ပြောဆိုဆွေးနွေးတဲ့ဘက်နှစ်ဘက်က Formal Setting မှာ ပြောဆိုဆွေးနွေးရတဲ့အတွက် ဆွေးနွေးတဲ့ပုံစံ၊ အကြောင်းအရာတွေကလည်း ကြိုတင်စီစဉ်ထားပြီးသားဖြစ်သလို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့လည်း ခက်တဲ့အပြင် ရလဒ်ထွက်ဖို့လည်း ခက်ပါတယ်။ ဒါ့အပြင် အင်အားသာတဲ့ဘက်တဘက်က တခြားတဖက်ကို လွှမ်းမိုးမှု (Power Influence) ရှိနေနိုင်တာမို့ ပဋိပက္ခကိုဖြေရှင်းရေးမှာ အဖုအထစ်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Formal meeting တွေမစခင်မှာ Back Channel တွေကနေတဆင့် အရင်ဦးဆုံး လမ်းစရှာပြီးမှ Track 1 အထိ သွားဖို့စဉ်းစားကြပါတယ်။ Track 1.5 နဲ့ Track 2 Process တွေက အဲ့ဒီ Back Channel လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။
နောက်ထပ် ပဋိပက္ခဖြေရှင်းရေးနည်းလမ်းတခုဖြစ်တဲ့ Track 2 ဆိုတာက အစိုးရဘက်က ပုဂ္ဂိုလ်တွေ လုံးဝမပါဝင်ဘဲ မင်းပေါက်စိုးပေါက်ရှိတဲ့ပုဂ္ဂိုလ်တွေ (Influential Citizens) ချည်းပဲ တွေ့ဆုံကြတဲ့ပုံစံဖြစ်ပါတယ်။ သူတို့ကနေတဆင့် အစိုးရအရာရှိပုဂ္ဂိုလ်တွေကို နားချတဲ့ပုံစံဖြစ်ပါတယ်။ Track 1.5 ဆိုတာက ပြဿနာဖြေရှင်းရာမှာ အသုံးပြုလေ့ရှိတဲ့ ပုံစံ (format) တခုဖြစ်ပြီး ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စတွေမှာ အသုံးပြုပါတယ်။ နိုင်ငံအချင်းချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာ အသုံးများပြီး ပြဿနာဖြစ်နေတဲ့ဘက်နှစ်ဘက်က မျက်နှာချင်းဆိုင်တွေ့ဖို့ ခက်နေတဲ့အချိန်၊ တရားဝင် အဆက်အသွယ်တွေ ရှိမနေတဲ့အချိန်မှာ သုံးကြပါတယ်။
အစိုးရကိုယ်စားလှယ်တွေ၊ မူဝါဒရေးရာချမှတ်သူတွေရဲ့ ပါဝင်မှုက အလွတ်သဘော (Informal) ပါဝင်မှုသာ ဖြစ်ပါတယ်။ တဖက်ဖက်ကို ကိုယ်စားပြုနေပေမယ့် ပြဿနာဖြေရှင်းရေးမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးလို့ရနေတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
Track 1.5 လို့ခေါ်တဲ့ informal meeting ကို INGO နဲ့ ပြင်ပ ပါဝင်ပတ်သက်သူ (Actor) တွေက အဓိက စတင်ဖော်ဆောင်တတ်ပြီး ပဋိပက္ခဖြစ်နေတဲ့ဘက်နှစ်ဘက်ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်ချမှတ်သူတွေ၊ အစိုးရကိုယ်စားလှယ်တွေ ပါဝင်လေ့ရှိပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်စားလှယ်တွေ၊ မူဝါဒရေးရာချမှတ်သူတွေရဲ့ ပါဝင်မှုက အလွတ်သဘော (Informal) ပါဝင်မှုသာ ဖြစ်ပါတယ်။ တဖက်ဖက်ကို ကိုယ်စားပြုနေပေမယ့် ပြဿနာဖြေရှင်းရေးမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးလို့ရနေတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
Track 1 Process သို့မဟုတ် အာဆီယံဗဟိုပြု ဖြေရှင်းနည်း အလုပ်မဖြစ်ခဲ့
ပညာရှင်တချို့ရဲ့ သုံးသပ်ချက်အရ Track 2, Track 1.5 နဲ့ Track 1 လမ်းကြောင်းသုံးခုက အပြန်အလှန် ဆက်နွယ်မှုရှိနေတာဖြစ်ပြီး အဆင့်လိုက်ဖော်ဆောင်သွားဖို့ လိုပါတယ်။ Track 2 နဲ့ Track 1.5 လမ်းကြောင်းတွေကနေတဆင့် Track 1 အထိရောက်အောင် အဆင့်အဆင့် ဖော်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခု မြန်မာအရေးမှာ ထူးထူးခြားခြားပေါ်လာတဲ့ Track 1.5 Dialogue ဆိုတာ Track 1 အထိ သို့မဟုတ် တရားဝင်မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအထိ ဆွဲခေါ်သွားဖို့ ရည်ရွယ်ဟန်တူပါတယ်။
ဒါပေမဲ့ အိန္ဒိယမှာလုပ်တဲ့ ဆွေးနွေးပွဲရော၊ ထိုင်းမှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ ဘက်ပေါင်းစုံပါဝင်မှုရှိနေလား၊ မရှိနေလားဆိုတာကိုတော့ အခုထိ သေသေချာချာ မသိရနေပါဘူး။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ ပါဝင်လာဖို့ စီစဉ်သူတွေက ဆန္ဒရှိနေတယ်ဆိုတဲ့ ပြောစကားမျိုးသာ တွေ့ရပါတယ်။
အထက်မှာပြောခဲ့သလိုပဲ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေ (Parties) ကို တနေရာထဲမှာစုပြီး ပဋိပက္ခဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အခါမှာ အဆင့်အဆင့်လုပ်ဆောင်ဖို့ လိုပါတယ်။ Track 1.5 ဒါမှမဟုတ် Track 2 ကနေမှတဆင့် Track 1 အဆင့်အထိရောက်အောင် ဆွဲခေါ်သွားကြဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံပြဿနာကို စတင်ဖြေရှင်းကြတုန်းက အခုပုံစံနဲ့ပြောင်းပြန် Track 1 ကနေ စခဲ့ကြတာ ဖြစ်ပါတယ်။ အကျိူးဆက်အနေနဲ့ ပြဿနာဖြေရှင်းဖို့လမ်းစ ပိတ်သွားခဲ့ပါတယ်။ အမြင်သာဆုံးဆိုရင် အာဆီယံဗဟိုပြု ပြဿနာဖြေရှင်းရေးနည်းလမ်း ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဘက်ပေါင်းစုံရဲ့ လိုလားချက်တွေ၊ နောက်ခံအခြေအနေတွေ သေချာသုံးသပ်ခြင်းမရှိဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဂျကာတာဆွေးနွေးပွဲအထိ ဖိတ်ပြီး ပြဿနာဖြေရှင်းဖို့ ကြိုးစားတာက အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရာမှာ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပြီး အမှားကြီးမှားသွားခဲ့ပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ ဘက်ပေါင်းစုံရဲ့ လိုလားချက်တွေ၊ နောက်ခံအခြေအနေတွေ သေချာသုံးသပ်ခြင်းမရှိဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဂျကာတာဆွေးနွေးပွဲအထိ ဖိတ်ပြီး ပြဿနာဖြေရှင်းဖို့ ကြိုးစားတာက အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရာမှာ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပြီး အမှားကြီးမှားသွားခဲ့ပါတယ်။
အကျိူးဆက်အနေနဲ့ အာဆီယံကို ဘက်ပေါင်းစုံရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နောက်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်လိုက်ရပြီး အာဆီယံအတွင်း မြန်မာ့အရေးကြောင့် အကွဲအအက်သံ စတင်ကြားလာရပါတယ်။
အကျိုးဆက်ကတော့ အာဆီယံ မြန်မာ့အရေးဖြေရှင်းဖို့ လမ်းစပိတ်သွားခြင်းပဲဖြစ်ပြီး အာဆီယံကိုယ်တိုင် အကျပ်အတည်းဆီ ဦးတည်သွားရတဲ့အခြေအနေ ဖြစ်သွားစေပါတယ်။ ဒါကခုနက ပဋိပက္ခဖြေရှင်းရေး လမ်းကြောင်းအရ ကြည့်မယ်ဆို အာဆီယံရွှေ့လိုက်တဲ့လမ်းကြောင်း မှားယွင်းခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။
Track 1.5 Dialogue သို့မဟုတ် ကန့်လန့်ကာနောက်ကွယ်မှ ဆွေးနွေးဝိုင်း
အဲဒါကြောင့် အခုလို Track 1.5 Dialogue ဆိုတာ ပေါ်လာရတယ်လို့ ယူဆလို့ရပါတယ်။ လမ်းကြောင်းပိတ်သွားတဲ့ အာဆီယံပြင်ပ ကြိုးပမ်းမှုတခုအနေနဲ့လည်း မှတ်ယူနိုင်ပါတယ်။ အခု Track 1.5 Dialogue ဆိုတာ အာဆီယံဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ စစ်ကောင်စီအတွက် ထွက်ပေါက်ဖွင့်ပေးဖို့သက်သက်ပဲ ဆိုရင်တော့ အချိန်ကုန်၊ ပိုက်ဆံကုန်တာကလွဲရင် ဘာမှအကျိုးရလဒ်မှ ထွက်မယ့်ပုံမရှိပါဘူး။ ဒါပေမဲ့ Track 1.5 Dialogue က စစ်ကောင်စီအလိုကျ ဖြစ်သွားတယ်လို့ပြောဖို့လည်း စောလွန်းတယ်လို့ ပြောလို့ရကောင်းရနိုင်ပေမဲ့ Track 1.5 Dialogue ဆိုပြီး လုပ်လာတာ အခုတကြိမ်နဲ့ဆို နှစ်ကြိမ်အထိရှိပါပြီ။
ပဋိပက္ခဖြေရှင်းရေးတွေမှာ Track 1.5 ဆိုတာကို သုံးရခြင်းမှာ ဘက်ပေါင်းစုံပါဝင်ဖို့က အဓိကအရေးကြီးပါတယ်။ နှစ်ကြိမ်အထိ ကျင်းပထားတဲ့ Dialogue တွေမှာ ဒီလိုဘက်ပေါင်းစုံပါဝင်မှုမျိုး မတွေ့ရသေးပါဘူး။ နောက် လာအိုမှာလုပ်မယ့် ဆွေးနွေးပွဲမှာလည်း အခုအတိုင်းပဲဆိုရင်တော့ Track 1.5 Dialogue ဆိုတာရဲ့ အလုပ်ဖြစ်နိုင်ခြေကို မေးခွန်းထုတ်ဖို့သင့်နေပါပြီ။
နိုင်ငံရေးနည်းလမ်းထက် စစ်ရေးနည်းလမ်းကို အားသန်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ်လိုညှိယူပေးကြမလဲ ဆိုတာကလည်း ပဋိပက္ခဖြေရှင်းရေး ရှုထောင့်ကနေကြည့်ရင် အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို ဖြစ်နိုင်ဖို့အလားအလာ ရှိရဲ့လား
နောက်ပြီး Track 1 Process နဲ့မတူတာက Track 1.5 Process မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ မျှော်လင့်ထားလို့မရဘဲ ပြင်ပ actors တွေနဲ့ ဝိုင်းဝန်းဆွေးနွေးတိုင်ပင်တဲ့သဘော၊ နည်းလမ်းသစ်တွေ ရှာဖွေတဲ့သဘော၊ တိုင်ပင်နားချတဲ့သဘောသာ ပိုပြီးဆန်နေပါလိမ့်မယ်။ ပဋိပက္ခဖြေရှင်းဖို့ ကြိုးစားတာထက် ပဋိပက္ခကို ဘယ်လိုဖြေရှင်းရင်းကောင်းမလဲဆိုပြီး သက်ဆိုင်ပတ်သက်သူတွေကို ပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ပြင်ပ actor တွေက ဝိုင်းဝန်းအကြံပေးကြတဲ့ပုံစံမျိုး ဖြစ်လေ့ရှိပါတယ်။
ဒါပေမဲ့ အခုချိန်ထိ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်မရှိသေးတာက အခုဆွေးနွေးပွဲတွေရဲ့ လားရာကို မေးခွန်းထုတ်သင့်ပါတယ်။ စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် ရှာပေးနေတာလား၊ မြန်မာ့နိုင်ငံရေးထွက်ပေါက်ကို ရှာပေးနေတာလားဆိုတာ အသေအချာ လေ့လာဆွေးနွေးသင့်ပါတယ်။ အကယ်၍ ဘက်ပေါင်းစုံ ပါဝင်အောင်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တောင် နိုင်ငံရေးနည်းလမ်းထက် စစ်ရေးနည်းလမ်းကို အားသန်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ်လိုညှိယူပေးကြမလဲ ဆိုတာကလည်း ပဋိပက္ခဖြေရှင်းရေး ရှုထောင့်ကနေကြည့်ရင် အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို ဖြစ်နိုင်ဖို့အလားအလာ ရှိရဲ့လားဆိုတာလည်း ကြိုတင်စဉ်းစားထားသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
(ရေချမ်းသည် နိုင်ငံတကာဆက်ဆံရေးပညာ ကျောင်းသားတယောက်ဖြစ်ပြီး CDM ပြုလုပ်ထားသူဖြစ်သည်။)
You may also like these stories:
မူပြောင်းမလား လူပြောင်းမလား စစ်ကောင်စီ တခုတော့ ရွေးရမည်
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့
သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ