ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအနေနဲ့ လက်နက်တွေ လာအပ်ပြီး တရားဥပဒေအောက်မှာ ခိုလှုံနေထိုင်ဖို့ဆိုတဲ့ ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်စွဲနဲ့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ချက်ဟာ အသစ်တော့လည်း မဟုတ်ပါဘူး။ မနှစ် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကနေစပြီး အခါအားလျော်စွာ ထုတ်ပြန်နေခဲ့တာပါ။ ပြီးတဲ့အခါ သူတို့သတင်းစာတွေမှာလည်း PDF တွေ လက်နက်စွန့် အလင်းဝင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း မကြာခဏ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ “ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်” ဆိုတဲ့ သတင်းခေါင်းစဉ်တွေကို တွေ့ရပါလိမ့်မယ်။
အခုနောက်ဆုံးထုတ်ပြန်ချက် မတိုင်မီ မေလ ၈ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ပူတာအို၊ နောင်မွန်နဲ့ ဝိုင်းမော်ဒေသတွေက PDF ၁၅ ဦး (ကျား ၁၄၊ မ ၁) ကို ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ သူတို့ရဲ့ မိဘတွေဆီကို အပ်နှံပေးခဲ့တယ်လို့ ကြွားလုံးထုတ်ထားပါတယ်။
ဒီတခါထုတ်ပြန်ချက်မှာ အရင်အကြိမ်တွေနဲ့ မတူကွဲပြားမှုတွေရှိနေပြီး အပြောနဲ့လက်တွေ့ မညီတာတွေကို တွေ့နေရပါတယ်။
ဒီတခါထုတ်ပြန်ချက်မှာ အရင်အကြိမ်တွေနဲ့ မတူကွဲပြားမှုတွေရှိနေပြီး အပြောနဲ့လက်တွေ့ မညီတာတွေကို တွေ့နေရပါတယ်။
အခုထုတ်ပြန်ချက်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ သူတပါးအပေါ် ထိခိုက်နစ်နာစေမှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာမျိုး ရှိရင်တော့ အဲဒီအမှုတွေအတွက် တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရဦးမှာဖြစ်ပြီး အခြေအနေတွေပေါ် မူတည်ပြီးလည်း စစ်ကောင်စီအနေနဲ့ လိုအပ်သလို ဖြေလျှော့ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါက အရင်အကြိမ် ထုတ်ပြန်ချက်တွေမှာ မပါဝင်ပါဘူး။
ပိုပြီးထူးခြားတာက လက်နက်နဲ့ ခဲယမ်းတွေ၊ တိုက်ပွဲသုံးပစ္စည်းတွေ အပ်နှံတဲ့အခါ အမျိုးအစားအလိုက် ဆုကြေးပေးမယ်ဆိုတာပါ။ ဥပမာ ရိုင်ဖယ်တလက်ကို ကျပ်သိန်း ၅၀၊ ပစ္စတိုဆိုရင် သိန်း ၂၀၊ စိန်ပြောင်း၊ လောင်ချာနဲ့ RPG တို့ဆိုရင် ၇၅ သိန်း၊ လက်ပစ်ဗုံးက သုံးသိန်း။ ထုတ်ပြန်ချက်ဟာ လက်နက်အဝယ်ဒိုင်ရဲ့တခုရဲ့ ကြော်ငြာနဲ့တောင် တူနေပါသေးတယ်။
စစ်ကောင်စီအတွက် တစ္ဆေလိုခြောက်လှန့်နေတဲ့ ဖောက်ခွဲရေးသုံး ဒရုန်းတွေကိုလည်း တစင်းကို ကျပ်သိန်း ၅၀ နဲ့ ပြန်ဝယ်နေပါတယ်။ ပြင်ပပေါက်ဈေး ဒါမှမဟုတ် မှောင်ခိုဈေးကွက်မှာ ဘယ်လောက်ပေါက်နေသလဲ ဆိုတာတော့ မပြောတတ်ပါဘူး။ ဒီလိုမျိုး ငွေကြေးတန်ဖိုးသတ်မှတ်ပြီး ဆန့်ကျင်ဘက်အုပ်စုတွေဆီကနေ လက်နက်တွေ ပြန်သိမ်းတာမျိုးဟာ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒါဟာ ပထမဆုံးဖြစ်လေမလားပါပဲ။
ဒီထုတ်ပြန်ချက်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး စတဲ့ ထိပ်တန်းရာထူးရှင်တွေ အပါအဝင် နိုင်ငံတကာသံတမန်တွေ နေပြည်တော်မှာ ခြေရှုပ်ခဲ့ပြီးတဲ့နောက် မကြာခင်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ တရုတ်အပါအဝင် နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက ဝိုင်းဝန်းတောင်းဆို၊ လိုလားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးတဲ့ ပြယုဂ်တခုအဖြစ် စစ်ကောင်စီက ထုတ်ပြလာတာလားရယ်လို့ တွေးတောဖွယ်ပါပဲ။ ဒါ့အပြင် ထုတ်ပြန်ချက်ဟာ အာဆီယံထိပ်သီးအစည်းအဝေးတွေ ကျင်းပနေချိန်နဲ့ အချိန်ကိုက် ထွက်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်က စစ်ကောင်စီဟာ အရပ်သားတွေ လက်နက်ကိုင်ဆောင်တာနဲ့ ပတ်သက်လို့ သက်တမ်း ၄၅ နှစ်လောက်ရှိပြီဖြစ်တဲ့ ဥပဒေဟောင်းတခု (လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ) ကို ပြန်ဆွဲထုတ်၊ ဖုန်သုတ်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီဥပဒေအရ လူတယောက်ဟာ သေနတ်သုံးလက်အထိ ကိုင်ဆောင်ခွင့် ရနိုင်နေပါတယ်။
အခုနောက်ဆုံး ထုတ်ပြန်တဲ့ PDF တွေ လက်နက်လာအပ်ဖို့ ထုတ်ပြန်ချက်နဲ့အတူ နောက်ထပ် ထုတ်ပြန်ချက်တခုကိုလည်း ပူးတွဲထုတ်ပြန်ခဲ့ပါသေးတယ်။ လူထုအတွင်းမှာ လုံခြုံရေးစိုးရိမ်စိတ်နဲ့အတူ လက်နက်တွေဟာ နည်းမျိုးစုံနဲ့ ရောက်ရှိနေပါတယ်။ အဲဒါတွေကို လိုင်စင်လျှောက်ထားကြဖို့ ဆော်ဩထားပါတယ်။ လိုင်စင်လျှောက်တဲ့အခါ ကိုယ့်မှာရှိနေတဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ပြသပြီး လျှောက်ထားရမှာဖြစ်ပေမယ့် ဘယ်လိုဘယ်ပုံ ရရှိခဲ့တယ်ဆိုတဲ့ နောက်ကြောင်းကိုတော့ စစ်ဆေးမေးမြန်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အဲဒီထုတ်ပြန်ချက်နှစ်ခုဟာ ဆက်စပ်နေပေမဲ့ လားရာက ကွဲပြားနေပါတယ်။
လိုင်စင်လျှောက်တဲ့အခါ ကိုယ့်မှာရှိနေတဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ပြသပြီး လျှောက်ထားရမှာဖြစ်ပေမယ့် ဘယ်လိုဘယ်ပုံ ရရှိခဲ့တယ်ဆိုတဲ့ နောက်ကြောင်းကိုတော့ စစ်ဆေးမေးမြန်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပက ဆားဘီးယားနိုင်ငံမှာ လူအစုအလိုက်အပြုံလိုက် ပစ်ခတ်ခံခဲ့ရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်အဖြစ် သန်းနဲ့ချီတဲ့ သေနတ်တွေဟာ ဆားဘီးယားပြည်သူတွေကြားမှာ စာရင်းမရှိ အင်းမရှိ ပျံ့နှံ့ပါတယ်။ လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု နှစ်ကြိမ်ဆက်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အစိုးရအနေနဲ့ ခေါင်းကြီးသွားခဲ့ပြီး လက်နက်တွေ လာအပ်ဖို့ ကြေညာပါတယ်။ လာအပ်တဲ့အခါမှာလည်း ဘယ်ပုံဘယ်နည်း ရရှိထားတယ်ဆိုတာကို နောက်ကြောင်းလိုက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကြေညာချက်ကလည်း အဲဒါနဲ့ ခပ်ဆင်ဆင်ရှိပေမဲ့ မတူတာက PDF တွေကိုပဲ အပ်ခိုင်းတာဖြစ်ပြီး သူစိတ်ချရတဲ့သူတွေကိုတော့ လိုင်စင်ချပေးမှာ ဖြစ်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ကို ဘယ်လိုလူတွေကိုပဲ ပေးမယ်ဆိုတာကတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး တွေးကြည့်စရာ လိုမယ်မထင်ပါဘူး။
နောက်တခုက ဘာလဲဆိုတော့ လက်နက်ကိုင် ဆန့်ကျင်ခဲ့သူတွေအနေနဲ့ လက်နက်ပြန်အပ်ရုံနဲ့ အေးချမ်းလုံခြုံစွာ နေထိုင်ခွင့်ပေးမယ်ဆိုတာက လက်တွေ့အခြေအနေတွေနဲ့ ချိန်ထိုးကြည့်ရင် ကျိုးကြောင်းဆီလျော်မှု မရှိတာပါ။
စစ်ကောင်စီဟာ သူ့ကို ကိုယ်ထိလက်ရောက်မဆိုထားနဲ့၊ နှုတ်အားဖြင့်၊ စာအားဖြင့် ဝေဖန်ထောက်ပြနေသူတွေကိုတောင် မထင်ရင် မထင်သလို ဖမ်းဆီးနှိပ်စက်၊ ထောင်ချနေတာမဟုတ်လား။ နှုတ်နဲ့၊ စာနဲ့တောင်မဟုတ်ဘဲ ဖေ့စ်ဘုတ်မှာ အနက်ရောင်ပုံတင်တာနဲ့ပဲ ဖမ်းဆီးခံရတဲ့ အနုပညာရှင်တွေ၊ သတင်းမီဒီယာဆရာတွေနဲ့ ပြည်သူတွေ ရှိနေပါသေးတယ်။ ဒီလိုမျိုးအခြေအနေမှာ တဖက်နဲ့တဖက် သူသေကိုယ်သေ တိုက်ခိုက်နေခဲ့တဲ့သူတွေဟာ စစ်ကောင်စီလက်အောက်မှာ ဘေးကင်းရန်ကင်း၊ စိတ်ချလက်ချ ဘယ်လိုနေနိုင်မလဲဆိုတာ အကြီးကြီး စဉ်းစားဖွယ်ရာ ရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ အမှန်တကယ်ပဲ နိုင်ငံတော်တည်ဆောက်ရေးကို အလေးထားတယ်ဆိုရင် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး လွှတ်ပေးသင့်တာပါ။ သူတို့ဟာ လောလောဆယ်မှာ လက်နက်ကိုင်ဆောင်ထားသူတွေ မဟုတ်ကြပါဘူး။
စစ်ကောင်စီအနေနဲ့ အမှန်တကယ်ပဲ နိုင်ငံတော်တည်ဆောက်ရေးကို အလေးထားတယ်ဆိုရင် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး လွှတ်ပေးသင့်တာပါ။ သူတို့ဟာ လောလောဆယ်မှာ လက်နက်ကိုင်ဆောင်ထားသူတွေ မဟုတ်ကြပါဘူး။
တချို့ဟာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ တချို့ဆိုရင် လက်လုပ်သေနတ်လုပ်ဖို့ ပစ္စည်းအတိုအစကလေးတွေ မိတာ၊ ငွေကြေးအနည်းငယ် ကူညီတာလောက်နဲ့ ပြစ်ဒဏ်ချထားပါတယ်။ တချို့က တော်လှန်ရေးမလုပ်ရသေးဘဲ သင်တန်းတက်ပြီး အိမ်ပြန်လာတုန်း အဖမ်းခံခဲ့ရတာတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေကိုတော့ စစ်ကောင်စီဟာ ပြန်မလွှတ်ပေးခဲ့ပါဘူး။
ဒီလိုအခြေအနေမှာ PDF ကို ဥပဒေဘောင်အတွင်း ပြန်ဝင်ဖို့ ငွေကြေးမက်လုံးနဲ့ မျှားခေါ်နေတာက ဟာသတခုလိုပါပဲ။ ဒါဟာ ဘာကို ဖော်ပြနေလဲဆိုရင် စစ်ကောင်စီဟာ သူ့လက်ထဲ ရောက်ပြီးသားလူတွေ၊ တနည်းအားဖြင့် သူနိုင်တဲ့သူတွေကိုတော့ ဖိထားမယ်၊ လှောင်ထားမယ်။ ‘ခြင်းထဲက ကြက်’၊ ‘လက်ခုပ်ထဲက ရေ’ သဘောမျိုးပါပဲ။ မနိုင်တဲ့သူတွေကိုတော့ မျက်နှာသာပေး၊ အရေးပေးမယ်ပြီး သူ့ခြင်းထဲ၊ သူ့လက်ခုပ်ထဲ ရောက်အောင် လုပ်ချင်တဲ့ အနေအထားပါပဲ။ ဒီအတွက် ငွေကြေးမက်လုံးကို အသုံးပြုလာပါတယ်။ တကယ်ရော အလုပ်ဖြစ်ပါ့မလား။ PDF တွေ လိုချင်နေတာ ငွေကြေးဟုတ်ရဲ့လားဆိုတာကို စစ်ကောင်စီဟာ သုံးစက္ကန့်လောက်တောင် တွေးကြည့်ဖူးပါရဲ့လား မသိပါဘူး။
ဒါတွေကိုကြည့်ရင် နိုင်ငံတော်တည်ဆောက်ရေးကို ရှေးရှုပါတယ်လို့ စစ်ကောင်စီက သူ့ထုတ်ပြန်ချက်မှာ ဘယ်လိုပဲဆိုဆို ဒါဟာ သူ့ရန်သူကို အင်အားချည့်နဲ့စေဖို့ ကြိုးပမ်းချက်တွေထဲက တခုထက်မပိုပါဘူး။ အဲဒီအဓိပ္ပာယ်ထက် ပိုမဆောင်ပါဘူး။
(ရင့်ပြည့်သည် နိုင်ငံရေးအကျဉ်းသား ဂျာနယ်လစ်တဦး ဖြစ်သည်။)
You may also like these stories:
မြန်မာလူထုအား လက်နက်ကူရန် အချိန်တန်ပြီ
တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်
ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
စစ်ကောင်စီ လက်နက်စက်ရုံတွေကြားက ပြည်သူ့တော်လှန်ရေးတပ်များ
ခုခံတော်လှန်သူများ၏ ဘဏ္ဍာနှင့် လက်နက်ခဲယမ်းပြဿနာ
PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ