လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်
Crouching Tiger, Hidden Dragon (ချောင်းနေသော ကျားနှင့် ပုန်းနေသော နဂါး) ဆိုသည့် လူကြိုက်များ တရုတ်သိုင်းရုပ်ရှင်တကား ၂၀၁၆ ခုနှစ်က ရှိခဲ့ဖူးသည်။ ယခုတလောတွင်မှ Everything Everywhere All at Once ဇာတ်ကားဖြင့် အော်စကာဆုရရှိသွားသည့် နာမည်ကျော် မင်းသမီး မစ်ရှဲယိုနှင့် ချောင်ယုံဖတ် (ကြို့ယုံဖတ်)၊ ကျန်းကျိယီစသည့် နာမည်ကြီး တရုတ်မင်းသား မင်းသမီးများ ပါဝင်သည့် ရုပ်ရှင်ကားတကား ဖြစ်၏။ ရုပ်ရှင်စိတ်ဝင်စားသူများကတော့ မှတ်မိကြပေလိမ့်မည်။ တရုတ် သိုင်းသမားတို့၏ ကံကြမ္မာအား ချောင်းနေသော ကျားနှင့် ပုန်းနေသော နဂါးဟု ဖွဲ့ဆိုခဲ့၏။ လက်ရှိ မြန်မာပြည် “သိုင်းလောကသားများ”၏ ကံကြမ္မာကိုတော့ “လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်” ဟု ညွှန်းဆိုရမည် ထင်ပါသည်။
တရုတ်နဂါးနှင့် အမေရိကန်လင်းယုန်
တရုတ်နှင့် အမေရိကန်သည် လက်ရှိ ကမ္ဘာကြီးတွင် ပြိုင်ဘက်များဖြစ်ကြ၏။ ကမ္ဘာတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) အများဆုံး နိုင်ငံကြီးနှစ်ခု ဖြစ်သည်။ အဆိုပါနိုင်ငံနှစ်ခု၏ ဂျီဒီပီသည် အခြားနိုင်ငံများထက် သိသိသာသာ များပြား၏။ ထိုနိုင်ငံနှစ်ခုလုံးသည် ဓနအင်အား၊ စစ်အင်အား တောင့်တင်းသကဲ့သို့ ပြိုင်ဘက်များလည်း ဖြစ်ကြသည်။ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးမှစ၍ ကိစ္စရပ်အတော်များများတွင် သဘောထားကွဲပြားပြီး ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြသည့် အင်အားကြီးနိုင်ငံနှစ်ခု ဖြစ်၏။
လက်ရှိ တရုတ်နှင့်အမေရိကန် အနေအထားသည် သူက အဖြူဆို၊ ကိုယ်က အမည်းဟု ဆိုရမည့်အနေအထားဖြစ်၏။ သို့သော် ဤသို့သဘောထားကွဲပြားနေသည့် နိုင်ငံကြီးနှစ်ခုသည် မြန်မာအရေးနှင့်ပတ်သက်သည့် ယခု အငြင်းမပွားကြသည်ကို ထူးဆန်းစွာတွေ့ရ၏။
အထူးသဖြင့် တရုတ်က အမေရိကန်၏ ကမ္ဘာကြီးအား လွှမ်းမိုးမှုကို ဖြိုချရန် နည်းမျိုးစုံနှင့် ကြိုးပမ်းနေသည်ဖြစ်ရာ လက်ရှိ တရုတ်နှင့်အမေရိကန် အနေအထားသည် သူက အဖြူဆို၊ ကိုယ်က အမည်းဟု ဆိုရမည့်အနေအထားဖြစ်၏။ သို့သော် ဤသို့သဘောထားကွဲပြားနေသည့် နိုင်ငံကြီးနှစ်ခုသည် မြန်မာအရေးနှင့်ပတ်သက်သည့် ယခု အငြင်းမပွားကြသည်ကို ထူးဆန်းစွာတွေ့ရ၏။
လှုပ်နေသော နဂါး
၂၀၂၂ ခုနှစ် နှစ်ကုန်မှစ၍ ၂၀၂၃ ခုနှစ် မေလဆန်းထိ လေးလကျော် ကာလအတွင်း မြန်မာနှင့်ပတ်သက်သည့် တရုတ်တို့၏ ခြေလှမ်းများသည် သွက်လက်သည်။ မြန်ဆန်သည်။ ခြေလှမ်းစိပ်သည်။ စီမံကိန်းရှိပြီး ဘက်စုံမှ လှုပ်ရှားသည်ကို တွေ့ရ၏။ တရုတ်ဗဟိုအစိုးရ၊ ယူနန်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီ စသည့် တရုတ်ပြည်၏ အဖွဲ့အစည်းမျိုးစုံက ဟန်ချက်ညီ လှုပ်ရှားသည်ကို တွေ့ရ၏။
သို့သော် မြန်မာနှင့်ပတ်သက်သည့် လှုပ်ရှားမှုကို တရုတ်သည် တကိုယ်တော် မလှုပ်ရှားခဲ့ပေ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်၊ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားတို့နှင့် တွေ့ဆုံသကဲ့သို့ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ၏ ထောက်ခံမှု ရယူထားပုံရ၏။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း၏ မြန်မာပြည်ခရီးစဉ်တွင် ကျယ်ကျယ်လောင်လောင် ပြောသွားသည်က အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးဖြစ်၏။ ကုလသမဂ္ဂနှင့် အာဆီယံတို့ ချဉ်းကပ်ပြောဆိုနေဆဲဖြစ်သည့် အကြောင်းအရာကို တရုတ်က သူ၏အင်အား၊ သူ၏လုပ်ဆောင်နိုင်မှု၊ သူ၏ဩဇာနှင့် ရဲရဲပြောချလိုက်သည်။

မြန်မာစစ်ကောင်စီအနေဖြင့် တရုတ်၏ ပါဝါအနေအထားအရ မကြိုက်တောင်မှ အောင့်ကာနမ်းရသည့် အခြေအနေမျိုးဖြစ်၏။ ထို့ပြင် တရုတ်သည် မြန်မာစစ်တပ်တွင်း ဩဇာရှိသည်၊ အစဉ်အလာရှိသည်ဟု ယူဆခံရသည့် စစ်ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့အားလည်း ထိတွေ့နားလည်မှု၊ ထောက်ခံမှုရယူထားရာ တရုတ်၏ခြေလှမ်းသည် အကွက်စိပ်သည်ဟု ဆိုရပါမည်။
တရုတ်၏ ရည်ရွယ်ချက်
အာဆီယံက သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဟုသာ ဆိုသော်လည်း တရုတ်တို့က တိတိကျကျ ထပ်ဖြည့်သည်ကို တွေ့ရ၏။ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ နိုင်ငံရေး အသွင်ကူးပြောင်းရေး” ဟု ထပ်ဖြည့်သည်။ အနောက်တိုင်းနိုင်ငံများကဲ့သို့ ဒီမိုကရေစီဆိုသည့် စကားလုံးကို မသုံးသော်လည်း မြန်မာပြည်တည်ငြိမ်ရေးအတွက် နိုင်ငံရေးအသွင်ကူးပြောင်းမှုတခု လိုအပ်သည်ဆိုသည်ကို ရဲရဲတင်းတင်းပြောသကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု ထည့်သွင်းပြောဆိုခြင်းကြောင့် စစ်ကောင်စီနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများကြား ရင်ကြားစေ့ရေး လိုအပ်ကြောင်း၊ စစ်ကောင်စီအခန်းကဏ္ဍကိုလည်း အသိမှတ်ပြုကြောင်းကိုပါ တပါတည်း ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ အာဆီယံ၏ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် ယေဘုယျသဘောထားထက် ပိုသည့် မြန်မာပြည်ပြဿနာ ဖြေရှင်းရေးနှင့်ပတ်သက်ပြီး တရုတ်တွင် တိကျသော သဘောထားတခု၊ လမ်းကြောင်းတခု ရှိပုံရသည်။
အာဆီယံ၏ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် ယေဘုယျသဘောထားထက် ပိုသည့် မြန်မာပြည်ပြဿနာ ဖြေရှင်းရေးနှင့်ပတ်သက်ပြီး တရုတ်တွင် တိကျသော သဘောထားတခု၊ လမ်းကြောင်းတခု ရှိပုံရသည်။
တရုတ်တို့၏သဘောထားကို တိတိကျကျတွက်ဆရန် မလွယ်သော်လည်း တရုတ်တို့ပြောသည့် မြန်မာပြည် အသွင်ကူးပြောင်းရေးဆိုသည်တွင် စစ်ကောင်စီကို အသိအမှတ်ပြုထားသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖယ်ထုတ်၍မရဟု သတ်မှတ်ထားပုံရ၏။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းဟု ဆိုထားသော တရုတ်တို့အနေဖြင့် အများစဉ်းစားသကဲ့သို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပသည်ကို မြန်မာ့နိုင်ငံရေးထွက်ပေါက်ဟု သဘောထားသည်လော၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မည်သို့သဘောထားသနည်း ဆိုသည်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
မည်သို့ဖြစ်စေ တရုတ်တို့သည် မြန်မာနိုင်ငံရေးပြဿနာကို ကြည့်မြင်ရာတွင် အဓိကဇာတ်ရုပ်များအဖြစ် NLD နှင့် မြန်မာစစ်တပ်ကို ကြည့်မြင်သည်ကတော့ သေချာ၏။ စစ်ကောင်စီနှင့် NLD ကြား တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည်။ ၂၀၀၈ အခြေခံဥပဒေသည်လည်း အကောင်းဆုံး ဆေးတလက်ဟုလည်း ယူဆထားပုံရသည်။ မြန်မာပြည်တွင် စစ်အစိုးရက အုပ်ချုပ်သည်ထက် ရွေးကောက်ပွဲက တက်လာသည့် အရပ်သားတပိုင်းအစိုးရ အုပ်ချုပ်သည်က သို့မဟုတ် မြန်မာစစ်တပ်နှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများ စေ့စပ်ညှိနှိုင်းထားနိုင်ပါမှ မြန်မာပြည်ကို ပို၍ တည်ငြိမ်စေလိမ့်မည်ဟု ယူဆပုံရသည်။
တဖက်တွင်လည်း စစ်ပွဲနှင့်ဖြေရှင်းပါက တဖက်နှင့်တဖက် အချိန်တိုတွင်း ပွဲမပြတ်နိုင်ဘဲ အချိန်ကြာမြင့်စွာ တိုင်းပြည် မတည်မငြိမ်ဖြစ်နေမည်ဟု ရှုမြင်ထားပုံရ၏။ တရုတ်၏ စင်္ကြံလမ်းစီမံကိန်းအား အမြန်အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာပြည်ကို အမြန်တည်ငြိမ်စေနိုင်သည့် နည်းလမ်းရှာသည်လည်း ဖြစ်နိုင်၏။
ဤနေရာတွင် လေ့လာသူအချို့က တရုတ်သည် သူ၏အကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် ဆက်ဆံသည်၊ အသိအမှတ်ပြုသည်၊ အားပေးအားမြှောက်ပြုသည်ဟု ဆိုနေကြသော်လည်း တရုတ်တို့ကမူ ၎င်းတို့သည် စစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်၊ မြန်မာအရေးကို ဖြေရှင်းရန် လိုအပ်သည့် ထိတွေ့ဆက်ဆံမှု ပြုခြင်းသာဖြစ်သည်ဟု ရှင်းလင်းပြောဆိုထား၏။ ဤအချက်ကို လက်ခံသည်လည်း ရှိကြသကဲ့သို့ တရုတ်တို့၏ အကြောင်းပြချက်သက်သက်ဟု ယူဆကြသူများလည်း ရှိ၏။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီဥက္ကဋ္ဌအား တွေ့ဆုံခြင်းသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား အားပေးအားမြှောက် ပြုရာရောက်သည်ဟု ယူဆကြသူများရှိသကဲ့သို့ တရုတ်တို့ကမူ မြန်မာပြဿနာဖြေရှင်းရန် စစ်ကောင်စီနှင့် မတွေ့ဆုံဘဲ ဖြေရှင်းခြင်းမပြုနိုင်ဟု ဆိုကြသည်။
တရုတ်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်အစိုးရ၏ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းထားဆဲဖြစ်ပြီး မြန်မာနှင့် စီးပွားကုန်သွယ်မှုကို ယူနန်အစိုးရမှတဆင့်သာ ပြုလုပ်နေသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်တွင် မည်သည့်သဘောတူညီချက်၊ မည်သည့် နားလည်မှုစာချွန်လွှာမှ လက်မှတ်ထိုးခြင်း မတွေ့ရပေ။
ထို့ပြင် နယ်စပ်ဒေသမှ ခိုင်လုံသည့်သတင်းများအရ တရုတ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း တိတ်တဆိတ် ဆက်ဆံမှုရှိသည်ဟု ဆိုကြ၏။ လက်ရှိ တရုတ်နှင့်စစ်ကောင်စီ ဆက်ဆံရေးနှင့်ပတ်သက်၍ NUG ထံမှ ပြင်းထန်သည့် ကန့်ကွက်ချက် ထွက်ပေါ်လာခြင်း မရှိပါ။
နယ်စပ်ဒေသမှ ခိုင်လုံသည့်သတင်းများအရ တရုတ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း တိတ်တဆိတ် ဆက်ဆံမှုရှိသည်ဟု ဆိုကြ၏။ လက်ရှိ တရုတ်နှင့်စစ်ကောင်စီ ဆက်ဆံရေးနှင့်ပတ်သက်၍ NUG ထံမှ ပြင်းထန်သည့် ကန့်ကွက်ချက် ထွက်ပေါ်လာခြင်း မရှိပါ။
ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရန် အားထုတ်သည့် အနေဖြင့် မြန်မာမှ ဒီမိုကရေစီလိုလားသော စင်ပြိုင်အစိုးရ၊ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိတ်တဆိတ် ထိတွေ့ဆက်ဆံနေသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက Reuters သတင်းဌာနသို့ ပြောကြားလိုက်သည်။ တွေ့ဆုံမှုပေါင်း အကြိမ် ၆၀ ကျော်ရှိပြီဟု ဆိုခဲ့၏။ တရုတ်တို့ပြောနေသည့် အားလုံးပါဝင်သော နိုင်ငံရေးဒိုင်ယာလော့နှင့် ပတ်သက်ပြီး အာဆီယံကလည်း ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်နေသည်ကို ပြသလိုက်၏။
သို့ဖြစ်ရာ တရုတ်နဂါးကြီး၏ လှုပ်ရှားမှုမှတွေ့ရသည်မှာ ပထမအချက်က တရုတ်တို့သည် မြန်မာပြဿနာကို ကြည့်မြင်ရာတွင် ကမ္ဘာလုံးဆိုင်ရာ တရုတ်အကျိုးစီးပွားပေါ်က ကြည့်မြင်၏။ ဒုတိယအချက်မှာ ပြည်တွင်းပြည်ပအားများကိုယူ၍ တရုတ်တို့သည် မြန်မာပြည်အရေးကို ကိုယ်တိုင်ကိုယ်ကျ ဝင်ပါနေပြီဖြစ်သကဲ့သို့ သက်ဆိုင်သူအားလုံးနှင့် ဆက်ဆံမှုရှိ၏။ တတိယအချက်အနေနှင့် တရုတ်၏ချဉ်းကပ်မှုမှာ မြန်မာပြည်ပြဿနာ ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဒိုင်ယာလော့ ပြုလုပ်ရန်ဖြစ်၏။
ငြိမ်နေသော လင်းယုန်
မြန်မာစစ်တပ် အာဏာသိမ်းကတည်းက မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး ဒီမိုကရက်တစ်အင်အားစုများကို ထောက်ခံပံ့ပိုးသည့်နိုင်ငံမှာ အမေရိကန် လင်းယုန်ကြီးဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် Burma Act ပြဌာန်းခြင်းက အမြင့်ဆုံးဖြစ်၏။ အမေရိကန်အနေနှင့် မြန်မာစစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး NUG အား တရားဝင် ထိတွေ့ဆက်ဆံသော်လည်း၊ မြန်မာလူထု၏ မလွှဲမရှောင်သာ လက်နက်ကိုင်ခုခံခြင်းအား နားလည်မှုပေးသော်လည်း လက်နက်ကိုင်တိုက်ခိုက်ခြင်းကို တရားဝင်ထောက်ခံမှု မရှိပေ။
Burma Act အရ မြန်မာပြည်ကို ပေးမည့်အကူအညီတွင် လူကိုသေစေသည့် လက်နက်မပါဝင်ရဟု အတိအကျပြဌာန်းထား၏။ မြန်မာပြည်ပြဿနာကို ဖြေရှင်းရန် အာဆီယံမူ ၅ ချက်အား ထောက်ခံထား၏။ သက်ဆိုင်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံထားသည်။ တကယ်တော့ အမေရိကန်တို့ မြန်မာ့အရေး ဖြေရှင်းရေးနှင့်ပတ်သက်၍ ကြည့်မြင်သည်မှာလည်း နိုင်ငံရေးဒိုင်ယာလော့ပင်။

Burma Act ပြဌာန်းပြီးနောက် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် NUG တာဝန်ရှိသူများတွေ့၏။ အမေရိကန်အစိုးရ တာဝန်ရှိသူ၏ မြန်မာ့အရေးနှင့်ပတ်သက်သည့် အာရှခရီးစဉ်များကို တွေ့ရ၏။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက်ချိုလေးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ မှ ၁၈ ရက်ထိ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ မှ ၂၄ ရက်ထိ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ မှ ၁၇ ရက်များတွင် စင်ကာပူနှင့်တောင်ကိုရီးယားတို့သို့ ခရီးထွက်ခဲ့ပြီး သူ၏ခရီးစဉ်များတွင် မြန်မာ့အရေးသည် ဦးစားပေးကိစ္စတရပ်ဖြစ်ခဲ့၏။
Burma Act ဥပဒေပြဌာန်းပြီးနောက် အကောင်အထည်ဖော်ရန်အတွက် အမေရိကန်အစိုးရ တာဝန်ရှိသူများ ဆွေးနွေးကြသည့်အခါ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက Burma Act အကောင်အထည်ဖော်ရာတွင် တရုတ်နှင့် နားလည်မှုလွဲမှားမည်ကို စိုးရိမ်ပူပန်မှု ရှိသည်ဟု မြန်မာ့အရေးကိုင်တွယ်သော အမေရိကန်အစိုးရအရာရှိများကတဆင့် ကြားသိရ၏။ မစ္စတာ ဒဲရက်ချိုလေး၏ မြန်မာ့အရေးခရီးစဉ်များတွင် ဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များနှင့်တွေ့ပြီးနောက် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်သည် တရုတ်နှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လိုသည်ဟု ပြောဆိုသည်ကို တွေ့ရ၏။ မြန်မာပြည်တွင် အမေရိကန်သည် တရုတ်နှင့် မလိုလားအပ်သည့် ထိပ်တိုက်တွေ့မှုမျိုး မတွေ့လို။
Burma Act အကောင်အထည်ဖော်ရာတွင် တရုတ်နှင့် နားလည်မှုလွဲမှားမည်ကို စိုးရိမ်ပူပန်မှု ရှိသည်ဟု မြန်မာ့အရေးကိုင်တွယ်သော အမေရိကန်အစိုးရအရာရှိများကတဆင့် ကြားသိရ၏။
သေချာသည်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၏ နေပြည်တော်ခရီးစဉ်အပေါ် အမေရိကန်တို့ နှုတ်ဆိတ်၍နေသည်။ မြန်မာ့နိုင်ငံရေးဒိုင်ယာလော့ ဆိုသည်နှင့်ပတ်သက်ပြီး တရုတ်နဂါးနှင့် အမေရိကန်လင်းယုန်တို့ တသဘောတည်းဖြစ်ပုံရ၏။ ဆိုးသည် ကောင်းသည် ဆိုသံမကြားရပေ။
နိုင်ငံရေး ဒိုင်ယာလော့
မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း မြေပြင်အခြေအနေက ပို၍ပို၍ဆိုးဝါးလာနေ၏။ တဖက်နှင့်တဖက် ခွင့်လွှတ်ကြေအေးနိုင်ဖွယ်ရာမရှိသည့် အဖြစ်အပျက်များ၊ လုပ်ရပ်များက နေ့စဉ်လိုလို တိုးပွားလာနေသည်။ စစ်ရေးတိုက်ပွဲများက ပိုမိုပြင်းထန် ရက်စက်ကြမ်းကြုတ်နေ၏။ ဤအချိန်ကာလတွင် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အမေရိကန် စသည့် နိုင်ငံတကာက နိုင်ငံရေးဒိုင်ယာလော့ဟု ဆိုနေကြ၏။ နိုင်ငံရေးအသွင်ကူးပြောင်းရေးဟု ဆိုနေကြ၏။ သူတို့တွင် အင်ဒိုနီးရှား ဥပမာ၊ နီပေါ ဥပမာ၊ တောင်အာဖရိက ဥပမာ၊ ကိုလံဘီယာ ဥပမာ စသည်ဖြင့် ဥပမာပေါင်းစုံရှိကြ၏။ သူတို့၏ စာအုပ်စင်တွင် မြန်မာ ဥပမာကို ထပ်ဖြည့်လိုကြပုံရ၏။
၂၀၁၀ နှင့် ၂၀၂၀ ကြား ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များအရ လက်ရှိအခြေအနေကို ပြန်လည်တည့်မတ်ပေးပါက ပြုပြင်ပြောင်းလဲရေး၊ အသွင်ကူးပြောင်းရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့ အလုပ်ဖြစ်နိုင်သေးသည့် အခြေအနေရှိသည်ဟု ယူဆကြပုံရသည်။ စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် စဉ်းစားနည်း အလုပ်ဖြစ်ဦးမည်ဟု ယူဆကြပုံရ၏။
သို့သော် ၁၉၈၈ နောက်ပိုင်းမှစ၍ နိုင်ငံရေးဒိုင်ယာလော့ဆိုသည်ကို မြန်မာပြည်တွင် ပြုလုပ်လာကြသော်လည်း အောင်မြင်မှုမရသည့် အဓိကအကြောင်းမှာ အဓိကလက်နက်ကိုင်တပ်ဖွဲ့ ပြဿနာဖြစ်၏။ နိုင်ငံရေး ဆွေးနွေးသဘောတူညီချက်များကို အာမခံမည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် မြန်မာစစ်တပ်ကို တိုင်းရင်းသား EAO များက အယုံအကြည်မရှိကြသကဲ့သို့ မြန်မာစစ်တပ်ကလည်း ကျန်သော တပ်များအားလုံး ဖျက်သိမ်းရေးကို ဦးတည်၏။
ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပြင် PDF လက်နက်ကိုင်တပ်ဖွဲ့များပါ တိုးပွားလာသည့်အခြေအနေတွင် မြန်မာပြည်နိုင်ငံရေးဒိုင်ယာလော့ အောင်မြင်ရန် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာ ဖြေရှင်းရေးက အခက်ခဲဆုံးပုစ္ဆာတပုဒ် ဖြစ်နေ၏။
ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပြင် PDF လက်နက်ကိုင်တပ်ဖွဲ့များပါ တိုးပွားလာသည့်အခြေအနေတွင် မြန်မာပြည်နိုင်ငံရေးဒိုင်ယာလော့ အောင်မြင်ရန် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာ ဖြေရှင်းရေးက အခက်ခဲဆုံးပုစ္ဆာတပုဒ် ဖြစ်နေ၏။
တရုတ်တို့ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်တွင်းမှ ဖြေရှင်းရေးဆိုရာတွင် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဆိုသည့် ၂၀၀၈ အခြေခံဥပဒေကို အတိအလင်းဖောက်ဖျက်၍ အာဏာသိမ်းထားသည်မှာ မြန်မာစစ်တပ်ဖြစ်၏။ ထိုသို့သောအခြေအနေတွင် တရုတ်တို့ညွှန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သူက အာမခံမည်နည်းဆိုသည့် အချက်က ထိပ်ရောက်လာ၏။ ထို့ပြင် ကိုယ်လိုရာဆွဲ၍ အဓိပ္ပာယ်ဖွင့်၍ရနေသော ၂၀၀၈ အခြေခံဥပဒေသည် မြန်မာပြည် အသွင်ကူးပြောင်းရေးနှင့် ကိုက်ညီပါ၏လော။ အဓိကအတိုက်အခံ နိုင်ငံရေးအင်အားစုများကမူ ဖျက်သိမ်းသည်ဟု ကြေညာထား၏။
လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်တို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အတွေးတူနေကြသော်လည်း ပထမအချက် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာ၊ ဒုတိယအချက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ၊ တတိယ ခွင့်လွှတ်ကြေအေးရန် ခက်ခဲသည့်လုပ်ရပ်များ ဟူသော အချက် သုံးချက်ကို ဖြေရှင်းရန်နှင့်ပတ်သက်ပြီး နိုင်ငံရေးဒိုင်ယာလော့ပြုလုပ်ရန်၊ အောင်မြင်ရန် လွန်စွာခက်ခဲနေသည်ဟု ဆိုရမည်။
ထို့ပြင် ၂၀၂၃-၂၀၂၄ ဘတ်ဂျက်နှစ်တွင် စစ်စရိတ် တိုးမြှင့်ထားပြီး စစ်ရှိန်မြှင့်နေသည့် စစ်ကောင်စီတပ်ကလည်း အားလုံးပါဝင်သည့် နိုင်ငံရေးဒိုင်ယာလော့အား ယခုနှစ်တွင် လက်ခံမည့်အလားအလာ နည်းပါသည်။
၂၀၂၃ ခုနှစ် မြန်မာပြည်နိုင်ငံရေးတွင် စစ်ပွဲနှင့် ဒိုင်ယာလော့တို့ အားပြိုင်နေကြပေလိမ့်မည်။ နိုင်ငံရေးဒိုင်ယာလော့ဆိုသည်ကို မိမိရည်မှန်းချက် အောင်မြင်ရေးအတွက် နည်းဗျူဟာအဖြစ် အသုံးပြုနေကြသည့် မြန်မာပြည်တွင် ယခုနှစ်အတွင်း စစ်ပွဲကို အဓိကဆင်နွှဲ၍ ဒိုင်ယာလော့ပြင်ကြလိမ့်မည်
မစ္စတာ ဘန်ကီမွန်း လာစဉ်က CRPH, NUG, PDF တို့ကို အကြမ်းဖက်အဖြစ် ပုံဖော်ပြီး ရှင်းလင်းနေသည့် စစ်ကောင်စီသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ထိုသို့ ရှင်းလင်းသည်ကို မတွေ့ရသော်လည်း ထိုအဖွဲ့များနှင့် ယခုချက်ချင်း နိုင်ငံရေးဒိုင်ယာလော့ပြုလုပ်ရန် အသင့်ရှိပုံမရပေ။
သို့သော် ပြည်တွင်းပြည်ပ ဖိအားများအောက်တွင် ရောက်နေပြီး အကြပ်အတည်းပေါင်းစုံဆိုက်နေသော စစ်ကောင်စီအနေဖြင့် ဒိုင်ယာလော့ကို လုံးဝ ဘူးခံ၍ ပယ်ချရန် မဖြစ်နိုင်ပေ။ အလားတူပင် NUG, PDF, EAO များ သည်လည်း နိုင်ငံတကာ၏ စေ့စပ်ဆွေးနွေးဖြေရှင်းပေးလိုမှု၊ ကမ်းလှမ်းမှုများကို ဘူးခံ၍ငြင်းပယ်ရန် မဖြစ်နိုင်ပေ။
ဤသို့သော အခြေအနေအောက်၌ ၂၀၂၃ ခုနှစ် မြန်မာပြည်နိုင်ငံရေးတွင် စစ်ပွဲနှင့် ဒိုင်ယာလော့တို့ အားပြိုင်နေကြပေလိမ့်မည်။ နိုင်ငံရေးဒိုင်ယာလော့ဆိုသည်ကို မိမိရည်မှန်းချက် အောင်မြင်ရေးအတွက် နည်းဗျူဟာအဖြစ် အသုံးပြုနေကြသည့် မြန်မာပြည်တွင် ယခုနှစ်အတွင်း စစ်ပွဲကို အဓိကဆင်နွှဲ၍ ဒိုင်ယာလော့ပြင်ကြလိမ့်မည်ဟု မှန်းဆရပါသည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို
ရွေးကောက်ပွဲဖြင့် ကမ္ဘာသို့ လိမ်မည့် စစ်ကောင်စီအကြံ ကျဆုံးခန်း