ဗမာစစ်တပ်နဲ့ စစ်တပ်လော်ဘီတွေက ထိုင်းလည်း စစ်တပ်က အာဏာသိမ်းတာပဲလေလို့ မကြာခဏ ဆင်ခြေပေးလေ့ရှိကြတယ်။ အမှန်ပါပဲ၊ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းတာ အကြိမ် ၂၀ နီးပါးရှိပါပြီ။ ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ သုံးကြိမ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကွာခြားချက်က အကြီးကြီးပါ။ ဘာကွာခြားတာလဲဆိုရင် ရလဒ်ကွာခြားတာပါ။
စစ်တပ် ခဏခဏ အာဏာသိမ်းခံရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ထိုင်းလူထု စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေနဲ့ ဗမာပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ဗမာလူထုရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေ စတဲ့ ရလဒ်နှစ်ခုရဲ့ ကွာခြားချက် အရမ်းကြီးမားနေတာပါပဲ။
၁၉၆၂ ခုနှစ် ဗမာပြည်မှာ စစ်တပ်က အာဏာမသိမ်းခင်အထိ ဗမာပြည်က ထိုင်းကို စက်ဘီး၊ ထီး၊ နိုင်လွန်အင်္ကျီ၊ ဘီစကွတ်မုန့်ကအစ ပို့နေရတာပါ။ ဗမာပြည်က တက္ကသိုလ်၊ ဗမာပြည်က လေယာဉ်ကွင်းတွေဟာ ထိုင်းတွေအတွက် အတုယူစရာပါ။ မဟာတန်းတက်မယ့် ထိုင်းတွေ ရန်ကုန်တက္ကသိုလ်ကို လာတက်ရပါတယ်။
၁၉၆၂ ခုနှစ် ဗမာပြည်မှာ စစ်တပ်က အာဏာမသိမ်းခင်အထိ ဗမာပြည်က ထိုင်းကို စက်ဘီး၊ ထီး၊ နိုင်လွန်အင်္ကျီ၊ ဘီစကွတ်မုန့်ကအစ ပို့နေရတာပါ။ ဗမာပြည်က တက္ကသိုလ်၊ ဗမာပြည်က လေယာဉ်ကွင်းတွေဟာ ထိုင်းတွေအတွက် အတုယူစရာပါ။
၁၉၆၁ ခုနှစ် ဗမာပြည်ကို လာလည်တဲ့ ထိုင်းဝန်ကြီးချုပ်အပြန်မှာ ထိုင်းသတင်းထောက်တွေ အမေးကို ပြန်ဖြေရာမှာ ဗမာပြည်ကို မီဖို့ အနှစ် ၂၀ လောက် ကြိုးစားရမယ်လို့ ဖြေခဲ့ပါတယ်။ ပြောရရင် ၁၉၃၂ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ အနှစ် ၃၀ နီးပါးကြာတဲ့တိုင်အောင် ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ မြန်မာပြည်ကို စီးပွားရေးအရ၊ ပညာရေးအရ အမီမလိုက်နိုင်သေးပါဘူး။
ဗမာစစ်တပ် အုပ်ချုပ်ပြီး လေးနှစ်အကြာ
ဒါပေမဲ့ ထိုင်းတို့ အတွက်မှားသွားပါတယ်။ ၁၉၆၂ ခုနှစ် ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းပါတယ်။ ၁၉၆၄ ခုနှစ် ပြည်သူပိုင်သိမ်းရာကစပြီး ဗမာပြည်မှာ အစစအရာရာ ရှားပါးကုန်ပါတယ်။ ၁၉၆၆ ခုနှစ်ရောက်တော့ စားစရာ ဆန်တောင်မရှိလို့ ဆန်လုရတဲ့အဖြစ် ကြုံရပါတယ်။တလျှောက်လုံး နိုင်ငံခြားကို ဆန်ပို့နေရတဲ့ ဗမာပြည်ဟာ ဗမာစစ်တပ် အုပ်ချုပ်ပြီး လေးနှစ်အကြာမှာ စားစရာ ဆန်မရှိတဲ့အဖြစ် ကြုံပါတယ်။

လူသုံးကုန်ပစ္စည်းတွေ ရှားပါးကုန်လို့ မှောင်ခိုဆိုတာ ပေါ်လာပါတယ်။ ဗမာစစ်ဗိုလ်တွေ အုပ်ချုပ်ပြီး လေးနှစ်ခန့်အကြာမှာ ဗမာပြည် စုတ်ပြတ်သွားပါတယ်။ ၁၉၆၆/၆၇ လောက်ကစပြီး ထိုင်း လူသုံးကုန်ပစ္စည်းတွေ ဗမာပြည်စပို့ပါတယ်။ ဖိနပ်ကနေ ဦးထုပ်အထိ၊ ခြေဖျားကနေ ခေါင်းအထိ လိုအပ်တဲ့ပစ္စည်းအားလုံးကို ထိုင်းက သွင်းရပြီး ထိုင်းတွေလည်း စီးပွား စတက်လာပါတော့တယ်။
အဲဒီအချိန်က ထိုင်းမှာရော ဒီမိုကရေစီစနစ်လားဆိုတော့ မဟုတ်ပါဘူး။ ထိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းထားတာပါပဲ။ စစ်ဗိုလ်ချင်းတူပေမဲ့ အသက်ရှူချင်းကွဲပါတယ်။ စဉ်းစားပုံ လုပ်ပုံကိုင်ပုံလည်း ကွာပါလိမ့်မယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းမှုရဲ့ ရလဒ်ဖြစ်တဲ့ တိုင်းပြည်အခြေအနေနှစ်ခုကို ယှဉ်ပြောရရင် ထိုင်းက ဗမာပြည်ထက် ကိုး၊ ဆယ်ဆသာတယ်လို့ ပြောရပါမယ်။ ဒါဟာ ထိုင်းစစ်ဗိုလ်တွေက ဗမာစစ်ဗိုလ်တွေထက် ဆယ်ဆသာတယ်လို့လည်း ဆိုရာရောက်ပါမယ်။ တဖက်ကပြောရရင် တိုင်းပြည်ရလဒ်ပိုင်းအရကြည့်ရင် ဗမာစစ်ဗိုလ်တွေက ထိုင်းစစ်ဗိုလ်တွေထက် များစွာများစွာ ညံ့ဖျင်းပါတယ်။
တိုင်းပြည်အခြေအနေနှစ်ခုကို ယှဉ်ပြောရရင် ထိုင်းက ဗမာပြည်ထက် ကိုး၊ ဆယ်ဆသာတယ်လို့ ပြောရပါမယ်။ ဒါဟာ ထိုင်းစစ်ဗိုလ်တွေက ဗမာစစ်ဗိုလ်တွေထက် ဆယ်ဆသာတယ်လို့လည်း ဆိုရာရောက်ပါမယ်။
လက်တွေ့ သဘာဝကပေးတဲ့ အခြေအနေကို ယှဉ်ကြည့်ရင် တိုင်းပြည်နှစ်ခုက သိပ်မကွာပါဘူး။ ဗမာပြည်ဟာ ၆၇၆,၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး ထိုင်းက ၅၁၃,၁၂၀ စတုရန်းကီလိုမီတာ ကျယ်ပါတယ်။ ဗမာပြည်လူဦးရေက ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းခြေ ၅၇ သန်းခန့် ရှိပါတယ်။ ထိုင်းလူဦးရေကတော့ ၂၀၂၁ ခုနှစ် ခန့်မှန်းခြေ ၆၉ သန်းခန့် ရှိပါတယ်။ အခြေခံအားဖြင့် ဗုဒ္ဓဘာသာအများစု ရှိတာချင်းလည်း တူပါတယ်။ သဘာဝအရတော့ သိပ်မကွာဘူးလို့ ဆိုလို့ရပါမယ်။ တိုင်းပြည် ဂျီဒီပီချင်းယှဉ်ရင်တော့ အများကြီးကွာသွားပါပြီ။ ဗမာပြည်ရဲ့ ဂျီဒီပီက ၇၃ ဘီလီယံ ထဲရှိပေမဲ့ ထိုင်းရဲ့ ဂျီဒီပီက ၅၀၅ ဘီလီယံ ရှိပါတယ်။ တဦးချင်းဝင်ငွေကိုကြည့်ရင် ဗမာက ဒေါ်လာ ၁,၀၀၀ ကျော်ပဲ ရှိပေမဲ့ ထိုင်းက ဒေါ်လာ ၇၀၀၀ ကျော် ရှိပါတယ်။
အနိမ့်ဆုံးလုပ်ခကို ကြည့်ရင် ဗမာက တရက်လုပ်ခ ဗမာငွေ ၄,၈၀၀ ကျပ်ပဲရှိပေမဲ့ ထိုင်းက တရက်လုပ်ခ ဘတ် ၃၀၀ ကျော်ဆိုတော့ ဗမာငွေနဲ့တွက်ရင် ၂၅,၀၀၀ ကျော် ၃၀,၀၀၀ ကျပ် ဝန်းကျင်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုဟာ မဂ္ဂါဝပ် ၂၀,၀၀၀ ကျော်ရှိပါတယ်။ ဗမာပြည်မှာက NLD အစိုးရလက်ထက်မှာ မဂ္ဂါဝပ် ၄,၀၀၀ အထိ တက်လာပေမဲ့ စစ်ကောင်စီအာဏာသိမ်းပြီး ယနေ့အချိန်မှာတော့ မဂ္ဂါဝပ် ၂,၀၀၀ ခန့်အထိ ထိုးကျသွားတာ တွေ့ရပါတယ်။ တရက်အနိမ့်ဆုံးငွေနဲ့ လျှပ်စစ်ထုတ်လုပ်သုံးနိုင်မှုကို ကြည့်ရင် အဆများစွာ ကွာပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဗမာစစ်တပ်ရဲ့ အာဏာရှင်တွေဟာ ဗမာပြည်ကို တိုးတက်အောင်လုပ်ခဲ့ကြတာ မဟုတ်ဘဲ တယောက်တမျိုး ဖျက်ဆီးခဲ့ကြတယ်လို့ ပြောရပါမယ်။ ပထမ နေဝင်းဖျက်ခဲ့တာကတော့ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်တွေပါ။ အင်္ဂလိပ်ခေတ်ကတည်းက စနစ်တကျ တည်ဆောက်ထားခဲ့တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်နဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို စစ်ဗိုလ်တွေ ထင်ရာစိုင်း ဖျက်ဆီးခဲ့ကြပါတော့တယ်။
အဖျက်သမားများ
ယနေ့တိုင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှာ လည်ပတ်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေးစနစ်ကို ဗမာစစ်ဗိုလ်တွေရဲ့ နှုတ်ထွက်အမိန့်တွေနဲ့ အစားထိုးပစ်ခဲ့ပါတယ်။ အဲဒီလို တိုင်းပြည်ရဲ့ အခြေခံယန္တရားတွေ ဖျက်ဆီးပစ်တဲ့အပြင် ဗဟိုကချုပ်ကိုင်တဲ့ ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တဲ့အတွက် ဗမာပြည်စီးပွားရေးဟာ ချွတ်ခြုံကျခဲ့ပါတော့တယ်။
နေဝင်းခေတ်က စနစ်ကို ဖျက်ဆီးတယ်ဆိုရင် သန်းရွှေခေတ်ကတော့ အကျင့်စာရိတ္တကို ဖျက်ဆီးပစ်တဲ့ခေတ်လို့ ပြောရပါမယ်။
နေဝင်းခေတ်က စနစ်ကို ဖျက်ဆီးတယ်ဆိုရင် သန်းရွှေခေတ်ကတော့ အကျင့်စာရိတ္တကို ဖျက်ဆီးပစ်တဲ့ခေတ်လို့ ပြောရပါမယ်။ သန်းရွှေခေတ်မှာ အာဏာရှိသူ စစ်ဗိုလ်အဆင့်ဆင့်ဟာ ကိုယ်ရဲ့လုပ်ပိုင်ခွင့်ပေါ်ကနေ ကိုယ်ကျိုးစီးပွားရှာမှုဟာ ထိပ်ဆုံးကနေအောက်ခြေအထိ တရားဝင်နီးပါး ပေါ်ပေါက်ခဲ့ပါတော့တယ်။
အာဏာရှိလေ၊ လုပ်ပိုင်ခွင့်ရှိလေ၊ ကိုယ်ကျိုးစီးပွားရှာလို့ကောင်းလေ ဆိုတာကို ဗြောင်အတိအလင်း ဆောင်ရွက်ကြပြီး နိုင်ငံတော်ကပေးတဲ့လစာနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့ စစ်ဗိုလ်ဆိုတာ မရှိတော့သလို စစ်ဗိုလ်တွေ တာဝန်ယူနေတဲ့ အရပ်ဘက်ဌာန အားလုံးဟာလည်း လာဘ်ပေးလာဘ်ယူ ဗြောင်လုပ်ပြီး ကိုယ်ကျိုးစီးပွားရှာတာ၊ အကျင့်စာရိတ္တပျက်စီးတာတွေ ဖြစ်လာတာ သန်းရွှေခေတ်ပါပဲ။

သန်းရွှေခေတ်မှာ စီးပွားရေးအရ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတယ်ဆိုပေမဲ့ တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေ ထုတ်ရောင်းတာကို အားပြုတဲ့အပြင် အာဏာရှိတဲ့ စစ်ဗိုလ်တွေရဲ့ ကိုယ်ကျိုးစီးပွားရှာ၊ ကိုယ့်အိတ်ထဲ ထည့်ကြတာတွေကြောင့် သယံဇာတကရတဲ့ တိုင်းပြည်ဝင်ငွေတွေကို တိုင်းပြည်တည်ဆောက်ရေးအတွက် အသုံးမချနိုင်ပါဘူး။ တဆက်တည်းမှာ တိုင်းပြည်အတွက် ရေရှည်စီမံကိန်းများကို ချမှတ်လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။
မင်းအောင်လှိုင်ခေတ်ကတော့ နေဝင်းနဲ့ သန်းရွှေဖျက်လို့ ကျန်ခဲ့တာ အားလုံးကို ဖျက်ဆီးတယ်လို့ ပြောရပါမယ်။ ရှေ့ကနှစ်ယောက် ကျန်ခဲ့တဲ့စနစ်ရော အကျင့်စာရိတ္တပါ ထပ်ဖျက်တော့တာပဲ။ အဲဒီလိုပြောရင် စစ်ဗိုလ်တွေနဲ့ စစ်တပ်လော်ဘီတွေ ကြိုက်ကြလိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာသိမ်းတာချင်းတူပေမဲ့ တိုင်းပြည်တွေရဲ့ရလဒ် လုံးဝကွာခြားသွားတယ်ဆိုတာ မေ့ပျောက်ထားတာကတော့ ဗမာစစ်ဗိုလ်တွေနဲ့ သူတို့ရဲ့လော်ဘီတွေ ရူးချင်ယောင်ဆောင်ကြတာပါပဲ။
မင်းအောင်လှိုင်ခေတ်မှာဆိုရင် လျှပ်စစ်မီးတောင် မှန်အောင်မပေးနိုင်တော့တာ အများအမြင်ပါပဲ။ သိန်းစိန်ခေတ်မှာ လျှပ်စစ်မီးမမှန်နိုင်သေးပေမဲ့ လာချိန်နဲ့ ပျက်ချိန်တော့ မှန်ပါသေးတယ်။ ရှားရှားပါးပါး ငါးနှစ်တာ အုပ်ချုပ်ခဲ့တဲ့ NLD အရပ်သားအစိုးရ လက်ထက်မှာ မီးမှန်အောင်ပေးနိုင်ခဲ့တာ အားလုံးအသိပါပဲ။
ဒေါ်စုခေတ်တုန်းက ကြက်မတွန်လို့ မိုးမလင်းဘူးလို့ အော်ခဲ့ကြတဲ့ ချိတ်ထမီဝတ် ယောက်ျားရင့်မကြီးတွေဖြစ်တဲ့ စစ်ဗိုလ်တွေခေတ်မှာ မီးကို မလင်းတော့ပါဘူး။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး မလုံလောက်မှုဟာ ဆိုးဆိုးဝါးဝါးပြန်ကြုံရပြီး သိန်းစိန်ခေတ်ထက်တောင် ပိုပြီးဆိုးဝါးသွားတယ်ဆိုတာ အားလုံးမျက်မြင်ပါပဲ။ ဒေါ်စုခေတ်တုန်းက ကြက်မတွန်လို့ မိုးမလင်းဘူးလို့ အော်ခဲ့ကြတဲ့ ချိတ်ထမီဝတ် ယောက်ျားရင့်မကြီးတွေဖြစ်တဲ့ စစ်ဗိုလ်တွေခေတ်မှာ မီးကို မလင်းတော့ပါဘူး။
လက်ရှိ စစ်ကောင်စီသုံးစွဲတဲ့ ဘတ်ဂျက်အရ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ မယ်မယ်ရရ မရှိတာကြောင့် မင်းအောင်လှိုင်ခေတ်မှာ မီးလင်းဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာသိမ်းခါစက လျှပ်စစ်ရထားတို့၊ လျှပ်စစ်ကားတို့ ပါးစပ်ထဲတွေ့ရာပြောခဲ့တဲ့ မင်းအောင်လှိုင်ကိုယ်တိုင်က ၂၀၂၃ ခုနှစ်ထဲမှာ လျှပ်စစ်မီးကို ကိုယ်ဖာသာ တာဝန်ယူဖို့ ပြောဆိုလာတာကိုပင် တွေ့ရပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ သူတို့ တာဝန်ယူနိုင်စွမ်းမရှိဘူးဆိုတာ ဗြောင်အတိအလင်း ဝန်ခံတာပါပဲ။ တဆက်တည်းမှာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတခုဖြစ်တဲ့ လျှပ်စစ်မီးမရှိဘဲ ဒီတိုင်းပြည်တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ထိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းတာပဲလေလို့ ဆိုလေ့ရှိတဲ့ ဗမာစစ်ဗိုလ်တွေနဲ့ စစ်တပ်လော်ဘီတွေ ဖုံးကွယ်ထားတာကတော့ ရလဒ်မတူဘူးဆိုတာပါပဲ။ ဒီနေ့ခေတ်ကာလမှာ တိုင်းပြည်လူထုကို ထမင်းဝအောင်ကြွေးနိုင်ရင် ကြိုက်တဲ့စနစ်နဲ့ အုပ်ချုပ်လို့ရတယ်လို့တောင် ဆိုကြပါတယ်။ တိုင်းပြည်လူထုကို ထမင်းဝအောင် မကြွေးနိုင်ဘဲ၊ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခြင်းမရှိဘဲ ထိုင်းမှာလည်း အာဏာသိမ်းတာပဲလေလို့ ပြောနေတာဟာ ဗမာစစ်တပ်နဲ့ စစ်တပ်လော်ဘီတွေရဲ့ အပေါစားလော့ဂျစ် ဖြစ်ပါလိမ့်မယ်။
ထိုင်းကို လက်ညှိုးထိုးပြီး ပြောလို့မရတာက ဗမာစစ်တပ်နဲ့ ထိုင်းစစ်တပ်ကြား မတူတဲ့အချက်တခုကတော့ ထိုင်းမှာ ဘုရင်စနစ် အမြစ်တွယ်နေပြီး ထိုင်းစစ်တပ်နဲ့ ထိုင်းဘုရင်စနစ်ဟာ အပြန်အလှန် ထိန်းကြောင်းနေကြပါတယ်။ ဗမာပြည်မှာတော့ ဗမာစစ်တပ်ကို ထိန်းကြောင်းမယ့် အဖွဲ့အစည်းမရှိပါဘူး။ ဗမာစစ်တပ်ဟာ အကြွင်းမဲ့အာဏာကိုင်ပြီး ထင်ရာစိုင်းတဲ့အတွက် ပိုပြီး ရမ်းကား၊ ပိုပြီး ဗရမ်းဗတာဖြစ်တယ်လို့ ပြောရပါမယ်။
ဆိုင်ကယ်မစီးရ
ဒါ့အပြင် ဗမာစစ်ဗိုလ်ချုပ်တွေ စဉ်းစားလုပ်ကိုင်မှုတွေမှာ မူဝါဒမရှိဘဲ လက်တန်း ထင်ရာစိုင်းမှုတွေက များပါတယ်။ ၁၉၉၇/၉၈ လောက်က ထင်ပါတယ်။ ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်စီးနေတာ ရှုပ်တယ်၊ ဆိုင်ကယ်မစီးရလို့ စစ်ဗိုလ်ချုပ်တယောက်က အမိန့်ထုတ်ပါတယ်။ အမိန့်ထုတ်သူက ဒုချုပ် မောင်အေးလို့ ပြောကြပါတယ်။ အဲဒီဗမာစစ်ဗိုလ်ရဲ့အမိန့်ဟာ အတည်ဖြစ်ပြီး ဒီနေ့ကာလအထိ ရန်ကုန်မှာ ဆိုင်ကယ်မစီးရတော့တာ အနှစ် ၂၀ ကျော်ပါတယ်။
ဆိုင်ကယ်ဆိုတာ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေအတွက် အသုံးဝင်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပါ။ ရုံးသွားရုံးပြန်၊ ကျောင်းသွားကျောင်းပြန်ကစပြီး တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ သယ်ယူပို့ဆောင်ရေးမှာလည်း အဆင်ပြေပါတယ်။ ယနေ့ကာလလို delivery လို့ခေါ်တဲ့ ပစ္စည်းပို့ရာမှာဖြစ်ဖြစ်၊ လူသယ်ပို့ရာမှာဖြစ်ဖြစ် ဆိုင်ကယ်ဆိုတာ အဖိုးနည်းဝန်ပါဖြစ်သလို မြန်လည်းမြန်ပါတယ်။ တနေ့တခြား ကားကြပ်နေတဲ့ မြို့တော်ကြီးတွေမှာ ဆိုင်ကယ်နဲ့သွားတာ ပိုအချိန်ကုန်သက်သာစေပါတယ်။
ဗမာစစ်ဗိုလ်ချုပ်က ဘာမှမစဉ်းစားဘဲ ဆိုင်ကယ်မစီးရလို့ အမိန့်ထုတ်ပါတယ်။ ကျန်တဲ့စစ်ဗိုလ်တွေက ခေါင်းညိတ်ကြပါတယ်။ နောက်ပိုင်း ၂၀၁၁ ကစတဲ့ ပြုပြင်ပြောင်းလဲရေး ကာလတွေမှာတောင် အပြင်မခံပါဘူး။
ဗမာစစ်ဗိုလ်ချုပ်က ဘာမှမစဉ်းစားဘဲ ဆိုင်ကယ်မစီးရလို့ အမိန့်ထုတ်ပါတယ်။ ကျန်တဲ့စစ်ဗိုလ်တွေက ခေါင်းညိတ်ကြပါတယ်။ နောက်ပိုင်း ၂၀၁၁ ကစတဲ့ ပြုပြင်ပြောင်းလဲရေး ကာလတွေမှာတောင် အပြင်မခံပါဘူး။ ဗမာစစ်ဗိုလ်တွေက သူတို့စစ်ဗိုလ်ချုပ် စိတ်ကူးတည့်ရာ အမိန့်ထုတ်ခဲ့တာကို မှန်တယ်လို့ ထင်နေကြတုန်းပါပဲ။
ကားအကောင်းစားစီးနေကြတဲ့ ဗမာစစ်ဗိုလ်တွေကတော့ ဆိုင်ကယ်တွေရှိရင် ကားလမ်းရှုပ်တယ်လို့ တဖက်သတ်ယူထားပုံပါပဲ။ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေအတွက် ထည့်မစဉ်းစားကြပါဘူး။ သန်းပေါင်းများစွာရှိတဲ့ အခြေခံလူတန်းစားတွေ၊ လူလတ်တန်းစားတွေရဲ့ နေထိုင်စားသောက်ရေး၊ သွားလာရေးကို သူတို့ထည့်မတွက်ပါဘူး။ သူတို့ စိတ်ထဲထင်တဲ့ စိတ်ကူးတည့်ရာအမိန့်တွေ ထုတ်မယ်၊ ဒါကို လူတွေက လိုက်လုပ်ရတယ်ဆိုရင် ကျေနပ်နေပုံပါပဲ။

ဒီနေရာမှာ ထိုင်းစစ်ဗိုလ်တွေနဲ့ ကွာသွားပါပြီ။ ထိုင်းစစ်ဗိုလ်တွေက ဗမာစစ်ဗိုလ်တွေလို မြို့တော်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ ရူးကြောင်ကြောင် စိတ်ကူးပေါက်ရာအမိန့်တွေ မထုတ်ပါဘူး။ ဘန်ကောက်မြို့တော် လမ်းမတွေပေါ်မှာ ကားတွေပြည့်ကြပ်နေသလို ဆိုင်ကယ်တွေလည်း ပြည့်ကြပ်နေပါတယ်။ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေဟာ ခရီးသည်တွေ သွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးအတွက် မြန်ဆန် လွယ်ကူ သက်သာစေပါတယ်။
ဘန်ကောက်မြို့တော် လမ်းမကြီးတွေမှာ ဆိုင်ကယ်တွေရှိနေလို့ ဘန်ကောက်မြို့တော် သွားလာရေး အနှောင့်အယှက် မဖြစ်ပါဘူး။ လူတွေအတွက် ပိုပြီး မြန်ဆန် သက်သာစေတဲ့ သယ်ယူပို့ဆောင်ရေးတရပ် ရလို့ လူတွေအတွက် ပိုအကျိုးရှိပါတယ်။
အဲဒါဟာ ထိုင်းစစ်ဗိုလ်တွေနဲ့ကွာခြားတဲ့ ဗမာစစ်ဗိုလ်တွေရဲ့စဉ်းစားမှုနဲ့ လုပ်ပုံလုပ်နည်းပါပဲ။ အာဏာရှိရင် ရှေ့နောက် မစဉ်းစားဘဲ၊ ဆင်ခြင်တုံတရား မရှိဘဲ ထင်ရာလုပ်တာ ဗမာစစ်ဗိုလ်တွေရဲ့အကျင့်ပါပဲ။ စဉ်းစားပုံပါပဲ။ ဗမာစစ်ဗိုလ်တွေရဲ့ခေါင်းထဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားတိုးတက်ဖို့ဆိုတဲ့ စဉ်းစားချက် မရှိပါဘူး။ သုတို့အတွက် သူတို့ အာဏာတည်မြဲဖို့ကအဓိကပါပဲ။ သူတို့ခေါင်းထဲမှာ အာဏာရရင် အာဏာပြမယ်။ ထင်ရာလုပ်မယ်။ သူတို့လုပ်သမျှအမှန်လို့ ထင်ကြပါတယ်။
ရန်ကုန်မြို့တော်မှာ ဆိုင်ကယ်မစီးရဆိုတာ အသေးအမွှားပြဿနာ မဟုတ်ဘူး။ သယ်ယူပို့ဆောင်ရေး စနစ်တခုလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်မှာ ဆိုင်ကယ်မစီးရဆိုတာ အသေးအမွှားပြဿနာ မဟုတ်ဘူး။ သယ်ယူပို့ဆောင်ရေး စနစ်တခုလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
လူသန်းတချို့အတွက် လိုအပ်တဲ့ သွားလာရေး၊ သယ်ယူပို့ဆောင်ရေး ပြဿနာဖြစ်ပါတယ်။ ဒီလိုပြဿနာကို ဗမာစစ်ဗိုလ်ချုပ်တယောက်က လွယ်လွယ်ကူကူ အမိန့်ပေးပြီး ကန့်သတ်ခဲ့တာ၊ အဲဒီကန့်သတ်ချက်ကို သူ့ကို ဆက်ခံတဲ့ ဗမာစစ်ဗိုလ်တွေက သုံးသပ်ဆင်ခြင်မှုမရှိဘဲ လိုက်နာနေတာတွေ့ရပါတယ်။
ငွေအကြွေပြဿနာ
ဖဆပလ ခေတ်တလျှောက်လုံး ဗမာပြည်မှာ ငွေအကြွေဟာ အသုံးဝင်ပါတယ်။ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ပြား ၅၀၊ တကျပ်စေ့အထိ အကြွေတွေရှိပါတယ်။ အများနဲ့ဆိုင်တဲ့ အရောင်းအဝယ်တွေမှာ ငွေအကြွေဆိုတာ လွယ်လွယ်ကူကူ သုံးလို့စွဲလို့ရသလို အမ်းဖို့ပြုဖို့လည်း အဆင်ပြေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငွေအကြွေတွေ တဖြည်းဖြည်း ရှားပါးလာပါတယ်။ နောက်ပိုင်းဆို မထုတ်နိုင်တော့ပါဘူး။ ဗမာငွေတန်ဖိုး ကျလာတာလည်း ပါပါတယ်။ အကြွေမရှိတော့တဲ့နောက်ပိုင်းမှာလည်း တကျပ်တန်၊ ငါးကျပ်တန်ကို ငွေအကြွေအဖြစ် ထားသုံးရတဲ့ခေတ်ကနေ၊ ယနေ့လို ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်လို အကြွေအဖြစ် သုံးရတဲ့ခေတ်ရောက်လည်း အများသုံးအကြွေ ရှားပါးတာကို ဗမာလူထုတိုင်း ကြုံတွေဖူးပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ ၁ ဘတ်၊ ၂ ဘတ်၊ ၅ ဘတ်၊ ၁၀ ဘတ် အကြွေစေ့တွေ အခုထိသုံးတုန်းပါပဲ။ ထိုင်းမှာ အကြွေရှားတာ မတွေ့ရသလို နေရာတကာမှာ အကြွေကို ဖောဖောသီသီသုံးနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းလောက် လာတဲ့နိုင်ငံပါ။ ခရီးသွားတွေပြန်ရင် အမှတ်တရအနေနဲ့ဖြစ်စေ ထိုင်းအကြွေစေ့တွေ အနည်းနဲ့အများ ပါသွားတာပါပဲ။ ဒါပေမဲ့ ဒါကြောင့်လည်း ထိုင်းမှာ အကြွေရှားတာ မတွေ့ရဘူး။ အလျင်မီအောင်ထုတ်နိုင်တာ တွေ့ရပါတယ်။ ထိုင်းအကြွေစေ့တွေဟာ သာမန် အရောင်းအဝယ်မှာမက လူမလိုဘဲ စက်ပစ္စည်းတွေမှာ အကြွေစေ့ ထည့်သုံးနိုင်ပါသေးတယ်။ ဗမာစစ်ဗိုလ်တွေ ဗမာပြည် စအုပ်ချုပ်ကတည်းက ခုတိုင်အောင် မဖြေရှင်းနိုင်တာ ငွေအကြွေပြဿနာပါပဲ။ ဒါနဲ့များ ထိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းတာပဲလို့ သူတို့ပြောချင်ပါသေးတယ်။
ဒီလိုပြောနေလို့ ထိုင်းမှာ စစ်တပ်အာဏာသိမ်းတာ ကောင်းတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ထိုင်းမှာ ပထမဆုံး စစ်တပ်အာဏာသိမ်းပြီးနောက် အနှစ် ၃၀ ကြာသည်အထိ ဗမာပြည်ရဲ့နောက်မှာပါ။ ဗမာစစ်တပ် အာဏာသိမ်းပြီး လေး၊ ငါးနှစ်အတွင်းမှာမှ ဗမာစစ်ဗိုလ်တွေ အရမ်းညံ့ဖျင်းတဲ့အတွက် ဗမာပြည်ကို ကျော်ဖြတ်ခဲ့တယ်ဆိုတာ ပြောချင်တာပါ။
ထိုင်းမှာလည်း စစ်တပ်အာဏာသိမ်းတာပဲလို့ အလွယ်တကူလက်ညှိုးမထိုးပါနဲ့။ စစ်တပ်အာဏာ ခဏခဏသိမ်းတဲ့ ထိုင်းရဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာ ဗမာစစ်တပ် အာဏာသိမ်းခံထားရတဲ့ ဗမာပြည်ထက် ကိုး၊ ဆယ်ဆသာပါတယ်။
ထိုင်းမှာလည်း စစ်တပ်အာဏာသိမ်းတာပဲလို့ အလွယ်တကူလက်ညှိုးမထိုးပါနဲ့။ စစ်တပ်အာဏာ ခဏခဏသိမ်းတဲ့ ထိုင်းရဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာ ဗမာစစ်တပ် အာဏာသိမ်းခံထားရတဲ့ ဗမာပြည်ထက် ကိုး၊ ဆယ်ဆသာပါတယ်။ ထိုင်းနိုင်ငံဟာ သူ့တိုင်းသူပြည်သားတွေကိုသာမက ဗမာပြည်သား ငါးသန်းနဲ့အထက်ကို ဗမာပြည်မှာရတဲ့ အခြေခံလစာထက် ငါးဆ၊ ခြောက်ဆပေးပြီး အလုပ်ပေးထားနိုင်ပါတယ်။
၁၉၆၂ ခုနှစ် ဗမာစစ်တပ် အာဏာသိမ်းတဲ့အချိန် ထိုင်း-မြန်မာ ငွေလဲနှုန်းဟာ မြန်မာငွေ တကျပ်ကို ထိုင်းငွေ ၃၂ ဘတ် ဝန်းကျင် ရှိပါတယ်။ ဗမာစစ်တပ် အာဏာသိမ်းပြီး နှစ် ၆၀ ခန့်အကြာ ၂၀၂၁ နှစ်ဆန်းမှာ ထိုင်းငွေ တဘတ်ကို ဗမာငွေ ၄၀ ကျပ်ဝန်းကျင် ဖြစ်သွားပါတယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီး နှစ်နှစ်မပြည့်ခင်မှာတော့ တဘတ်ကို ဗမာငွေ ၈၀ ကျော်သွားပါတယ်။ ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးပြီး ဗမာငွေဈေးကျပြီးရင်း ကျနေပါတယ်။
ထိုင်းနဲ့ ဗမာပြည်ရဲ့ လက်တွေ့ရလဒ်တွေကို မကြည့်ဘဲ ထိုင်းမှာလည်း စစ်တပ် အာဏာသိမ်းတာပဲလေဆိုတဲ့ ဗမာစစ်ဗိုလ်တွေနဲ့ စစ်တပ်လော်ဘီတွေဟာ ဗမာစစ်ဗိုလ်တွေ အရည်အချင်းမရှိကြောင်း၊ ညံ့ဖျင်းကြောင်း၊ ပုစွန်ဦးနှောက်တွေဖြစ်ကြောင်း ဝန်ခံနေတာသာ ဖြစ်ပါလိမ့်မယ်။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ
အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ
ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့