မြန်မာ့နိုင်ငံရေးလောကတွင် မြောက်ပိုင်းသုံးဖွဲ့သည် လက်ရှိကာလ လူသိများသည့်အဖွဲ့ဖြစ်သည်။ ၂၀၁၅-၂၀၁၆ ခန့်မှစ၍ မြန်မာနိုင်ငံရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် မြန်မာပြည်ပြည်တွင်းစစ်တွင် လူသိများလာပြီး မြောက်ပိုင်းသုံးဖွဲ့ဟူသည့် နာမည်တလုံးရလာခဲ့၏။
၎င်းတို့၏ ရန်သူတော် မြန်မာစစ်တပ်လော်ဘီများက မျောက်သုံးကောင်ဟု သရော်ခနဲ့သည်ကိုလည်း တွေ့ရ၏။ မည်သို့ဆိုစေ မြောက်ပိုင်းသုံးဖွဲ့သည် မြန်မာပြည်နိုင်ငံရေးနှင့် ပြည်တွင်းစစ်တွင် အရေးပါသော နေရာတနေရာ ရယူထားနိုင်ခဲ့ပြီဖြစ်သည်ကမူ ငြင်းပယ်၍ မရနိုင်တော့ပြီဖြစ်၏။
တရုတ်နယ်စပ်က မြောက်ပိုင်းသုံးဖွဲ့
မြောက်ပိုင်းသုံးဖွဲ့ဟု လူသိများကြသည့်အဖွဲ့သုံးဖွဲ့မှာ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ဆိုသည့် ကိုးကန့်တပ်ဖွဲ့တို့ဖြစ်၏။ ထိုအဖွဲ့ သုံးဖွဲ့တွင် တူညီချက်အချို့ရှိ၏။
ထိုအဖွဲ့သုံးဖွဲ့သည် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြသည့် အဖွဲ့သစ်များဖြစ်ကြ၏။ ကိုးကန့် MNDAA သည် ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်၏ အလုံးအရင်းနှင့် တိုက်ထုတ်မှု၊ ဖြိုခွဲမှုကိုခံရပြီးနောက် သုံး၊ လေးနှစ်ခန့် အချိန်ယူ၍ ပြန်လည်စုစည်းဖွဲ့စည်းခဲ့ရသော တပ်ဖွဲ့ဖြစ် သည်။
မြောက်ပိုင်းသုံးဖွဲ့ဟု လူသိများကြသည့်အဖွဲ့သုံးဖွဲ့မှာ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ဆိုသည့် ကိုးကန့်တပ်ဖွဲ့တို့ဖြစ်၏။
AA နှင့် TNLA သည်လည်း ယခင် ရခိုင်နှင့်တအာင်းတို့၏ တော်လှန်ရေးအမွေ ဆက်ခံသည်ဆိုသော်လည်း AA က ၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ TNLA က ၂၀၁၁ တွင်လည်းကောင်း အင်အား ဆယ်ဂဏန်းဖြင့် ပြန်လည်လေ့ကျင့်စုဖွဲ့ပြီး အစပြုခဲ့ရသည့် တပ်ဖွဲ့များဖြစ်၏။ အဆိုပါ သုံးဖွဲ့သည် ၂၀၁၀ ဝန်းကျင်တွင် မတိမ်းမယိမ်း ဖွဲ့စည်းခဲ့ကြသကဲ့သို့ ၎င်းတို့ ဖွဲ့စည်းအခြေပြုကြသည်မှာလည်း မြန်မာပြည်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တွင် ဖြစ်၏။ ထိုအဖွဲ့အစည်း သုံးခုကို ခေါင်းဆောင်စုဖွဲ့ကြသည့်သူများမှာလည်း အသက် ၃၀၊ ၄၀ တန်း လူငယ်ခြေတက်များ ဖြစ်ကြ၏။
သို့ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့တွင် အစဉ်အလာကြီးပြီး ဝါရင့်သက်ကြီးပိုင်းလူကြီးများ ခေါင်းဆောင်ကြသည့် KNU, KIA, KNPP, SSPP, RCSS, UWSA, NDAA စသည့် အစဉ်အလာရှိသည့်၊ ဝါရှိသည့် အဖွဲ့အစည်းများနှင့် မတူသည့်ကွဲပြားချက်ကိုလည်း တွေ့ရသည်။ အဆိုပါ အစဉ်အလာရှိသည့် တိုင်းရင်းသားအဖွဲ့များက အိန္ဒြေကြီးမားသည့် မိန်းမပျိုများသဖွယ်ဟု တင်စားလျှင် မြောက်ပိုင်းသုံးဖွဲ့ကတော့ ရဲတင်းဖြတ်လတ် သွက်လက်သည့် ခေတ်၏သမီးပျိုများဟု တင်စားရမည်ဖြစ်၏။
ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့၏ ထူးခြားချက်မှာ ဆယ်စုနှစ်တစုအတွင်း အင်အားတောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့တခုကို တည်ထောင်ခဲ့ကာတွင် တူညီကြ၏။ မတူညီသော အခြေအနေအောက်တွင် တဖွဲ့နှင့်တဖွဲ့ အင်အားမတူညီကြသော်လည်း သုံးဖွဲ့လုံးသည် အင်အားတောင့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိသည့်၊ စစ်လက်နက်ခဲယမ်းပြည့်စုံစွာ တပ်ဆင်နိုင်သည့်၊ စနစ်တကျဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တည်ဆောက်နိုင်ခဲ့ကြ၏။
အနှိမ်ခံ သုံးဖွဲ့
မြောက်ပိုင်းသုံးဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီးနောက် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကူညီပေး၍ လက်တွဲခေါ်ခဲ့ကြသော်လည်း မြန်မာစစ်တပ်က အထင်အမြင်သေးခဲ့၊ လက်မခံခဲ့သည်ကို တွေ့ရ၏။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးရေးတွင် မြောက်ပိုင်းသုံးဖွဲ့သည် UNFC အနေနှင့် ပါဝင်ခဲ့ကြသော်လည်း မြန်မာစစ်တပ်က မြောက်ပိုင်းသုံးဖွဲ့အား NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် တွေ့ရ၏။
ထို့ပြင် ၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် မြောက်ပိုင်းသုံးဖွဲ့အနေနှင့် လက်နက်စွန့်ရမည်ဟု မြန်မာစစ်တပ်က ထပ်မံကြေညာခဲ့၏။ မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေးပွဲစားများကလည်း အင်အား လောက်လောက်လားလား မရှိသော မြောက်ပိုင်းသုံးဖွဲ့အား လက်နက်ချရန်၊ လက်နက်မချပါက ဖြတ်လေးဖြတ်နှင့် ချေမှုန်းခံရမည်ဖြစ်ကြောင်း ဖိအားပေးခဲ့၏။
မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေးပွဲစားများကလည်း အင်အား လောက်လောက်လားလား မရှိသော မြောက်ပိုင်းသုံးဖွဲ့အား လက်နက်ချရန်၊ လက်နက်မချပါက ဖြတ်လေးဖြတ်နှင့် ချေမှုန်းခံရမည်ဖြစ်ကြောင်း ဖိအားပေးခဲ့၏။
ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရေးအတွက် မြောက်ပိုင်းသုံးဖွဲ့အနေနှင့် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ထုတ်ပြန်ကြေညာရမည်ဟု မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဖိအားပေးခံခဲ့ရပြီး “ငြိမ်းချမ်းရေးညီလာခံ တက်ချင်တိုင်း တက်ရအောင် တောင်ပြုံးပွဲ မဟုတ်ဘူး” ဟု ပြောဆိုခြင်းပင် ခံခဲ့ရ၏။
မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့အား အထင်အမြင်သေးမှုနှင့် စော်ကားမှုအား တုန့်ပြန်သည်မှာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်သည့် ရှမ်းမြောက် မုန်းကိုးဒေသ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးဖြစ်၏။ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအစွမ်းအစကို ပြသနိုင်ခဲ့ပြီး မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း ပြတ်တောက်ခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့အားလည်း စတင်၍ လူအများ သတိပြုလာစေခဲ့၏။
ထို့ပြင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် ပန်ဆန်းအစည်းအဝေးများနှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဖွဲ့စည်းရာတွင်လည်း မြောက်ပိုင်းသုံးဖွဲ့သည် နိုင်ငံရေးမဟာမိတ်အနေဖြင့် ပါဝင်သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့သည်လည်း စစ်ရေးမဟာမိတ်အနေဖြင့် ပေါ်ထွက်လာခဲ့၏။
အဓိကအားဖြင့် ၂၀၁၅ ခုနှစ် မှစတင်ခဲ့သည့် ကိုးကန့်အဖွဲ့၏ တိုက်ပွဲများ၊၂၀၁၄ မှ ၂၀၂၀ ပြည့်နှစ်အထိ တနှစ်လျှင် တိုက်ပွဲ ၂၀၀ မှ ၃၀၀ ကြားတိုက်ခိုက်ခဲ့သည့် TNLA ၏ တိုက်ပွဲများ၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ရခိုင်ပြည်နယ်တွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော AA ၏ တိုက်ပွဲများက မြောက်ပိုင်းသုံးဖွဲ့၏ အခန်းကဏ္ဍအား ပေါ်လွင်လာစေသည်။
ထို့ပြင် ဆယ်နှစ်တာကာလအတွင်း တပ်ရင်း ၁၀၀ ခန့် အင်အား ၃ သောင်းခန့်ရှိလာသည့် AA တပ်ဖွဲ့၊ တပ်မဟာ ခုနစ်ခုနှင့် အင်အား ၈,၀၀၀ ခန့်ရှိလာသည့် TNLA တပ်ဖွဲ့၊ တပ်မဟာ လေးခုနှင့် အင်အား ၆,၀၀၀ အထက်ရှိလာသည့် ကိုးကန့် MNDAA တပ်ဖွဲ့များသည့် အင်အားအရ၊ တိုက်ရည်ခိုက်ရည်အရ ထည့်မတွက်၍ မရသည့်အပြင် မြန်မာပြည် ပြည်တွင်းစစ်တွင် အရေးပါသော အင်အားစုတစုအဖြစ် ပေါ်ထွက်လာ၏။ မြောက်ပိုင်းသုံးဖွဲ့ပေါင်းအင်အားသည် ၄၅,၀၀၀ မှ ၅၀,၀၀၀ ကြားတွင် ရှိလာ၏။
မြောက်ပိုင်းသုံးဖွဲ့သည် သူတို့အား မြန်မာစစ်တပ်က အထင်အမြင်သေးမှုများကို ကောင်းစွာချေဖျက်ပြနိုင်ခဲ့၏။ သူတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ခဲ့၏။ သူတို့၏အင်အားကို တည်ဆောက်နိုင်ခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့သည် သူတို့အား မြန်မာစစ်တပ်က အထင်အမြင်သေးမှုများကို ကောင်းစွာချေဖျက်ပြနိုင်ခဲ့၏။ သူတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ခဲ့၏။ သူတို့၏အင်အားကို တည်ဆောက်နိုင်ခဲ့၏။
လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးတွင် NUG နှင့် အတိအလင်း ပူးပေါင်းတိုက်ပွဲဝင်နေသည့် K 3 C ဟုသိကြသည့် KNU, KIA, KNPP, CNF စသည့် အစဉ်အလာရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကဲ့သို့ပင် မြောက်ပိုင်းသုံးဖွဲ့သည်လည်း နွေဦးတော်လှန်ရေးအင်အားစုများကို ကူညီပံ့ပိုးပေးနေသည့် အင်အားစုတရပ်ဖြစ်၏။
မြောက်ပိုင်းသုံးဖွဲ့အား လူလတ်ပိုင်း၊ လူငယ်ပိုင်းခေါင်းဆောင်များ ဦးစီးနေကြပြီး အစဉ်အလာ ဝါရင့်အဖွဲ့အစည်းများနှင့် စဉ်းစားပုံကွဲပြားသည်၊ လုပ်နည်းလုပ်ဟန် ကွဲပြားသည်ကို တွေ့ရ၏။ မြောက်ပိုင်းသုံးဖွဲ့သည် UWSA, SSPP, NDAA အဖွဲ့များနှင့်လည်း နီးနီးကပ်ကပ် ဆက်စပ်မှုရှိရာ နွေဦးတော်လှန်ရေးတွင် အလေးထား စောင့်ကြည့်ရမည့် အင်အားစုတရပ်ဖြစ်၏။
မြောက်ပိုင်းသုံးဖွဲ့နှင့် တရုတ်
၂၀၁၆ ခုနှစ် မုန်းကိုးတိုက်ပွဲနောက်ပိုင်း တရုတ်နှင့် မြောက်ပိုင်းသုံးဖွဲ့ ဆက်ဆံရေးကို သိသိသာသာ မြင်လာရ၏။ တရုတ်နယ်စပ်တွင် တိုက်ခိုက်နေကြပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သော၊ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် နယ်မြေများတွင် လှုပ်ရှားစိုးမိုးနေသော မြောက်ပိုင်းသုံးဖွဲ့အား တရုတ်တို့အနေနှင့် သူ၏အကျိုးစီးပွားအခြေခံပေါ်မှ ကြည့်မြင်ပြီး နီးနီးကပ်ကပ်ဆက်ဆံသည်ဟု ဆိုရမည်။
၂၀၁၆ ခုနှစ် မုန်းကိုးတိုက်ပွဲနောက်ပိုင်း မြောက်ပိုင်းသုံးဖွဲ့နှင့် မြန်မာစစ်တပ်ကြား တွေ့ဆုံဆွေးနွေးရေးကို ဖိအားပေးလာခဲ့၏။ မြန်မာစစ်တပ်က NCA တွင် ပါဝင်လက်မှတ်ထိုးခွင့်မပြုရန် ကန့်သတ်ခဲ့ပြီး လက်နက်စွန့်ရန် တောင်းဆိုထားသည့် မြောက်ပိုင်းသုံးဖွဲ့အား ဒုတိယအကြိမ်နှင့် တတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခွင့်ရရှိရန် တရုတ်တို့ ဖိအားပေးနိုင်ခဲ့သည်။ တရုတ်တို့၏ ဖိအားကြောင့် မြန်မာစစ်တပ်က မလိုလားသော်လည်း ခွင့်ပြုပေးခဲ့ရ၏။ သို့သော် ဒုတိယအကြိမ် ညီလာခံတက်လာသည့် မြောက်ပိုင်းသုံးဖွဲ့အား မြန်မာစစ်တပ်ခေါင်းဆောင်များက တွေ့ဆုံခြင်းမပြုဘဲ ၎င်းတို့ လိုလားမှုမရှိကြောင်း ပြသခဲ့၏။
သို့နှင့် ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၃ အထိ တရုတ်တို့ သည် မြောက်ပိုင်းသုံးဖွဲ့နှင့် မြန်မာစစ်တပ် တွေ့ဆုံဆွေးနွေးရေးအား တလျှောက်လုံး တွန်းအားပေး တိုက်တွန်းခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် မြောက်ပိုင်းသုံးဖွဲ့အပါအဝင် UWSA, SSPP, NDAA အဖွဲ့ ခြောက်ဖွဲ့နှင့် မြန်မာစစ်တပ်ကိုယ်စားလှယ်များ မိုင်းလား၌ တွေ့ဆုံရေးအား တရုတ်တို့ စီစဉ်ပေးခဲ့၏။
တရုတ်ဘက်မှ ယူနန်ကိုယ်စားလှယ် ကော့ပေါင်း တက်ရောက်ခဲ့၏။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြောက်ပိုင်းသုံးဖွဲ့အား စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုရန်၊ မြန်မာစစ်တပ်နှင့် ဆွေးနွေးရန် တရုတ်တို့ တဆင့်တိုး၍ ဖိအားပေးခဲ့သည်ကို တွေ့ရ၏။
လေသံပြောင်းသွားတဲ့ မြန်မာစစ်တပ်
မြန်မာစစ်တပ်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်မှ အင်အားဆယ်ဂဏန်းနှင့် ဖွဲ့စည်းခဲ့သည့် မြောက်ပိုင်းသုံးဖွဲ့အား အထင်သေးခဲ့ကြပြီး အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ယုံကြည်ခဲ့ကြသကဲ့သို့ အမြစ်ပြတ်ချေမှုန်းရန်သာ စဉ်းစားလုပ်ဆောင်ခဲ့ကြ၏။
သို့သော်လည်း လက်တွေ့တွင် မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့အား မချေမှုန်းနိုင်သည်သာမက ၎င်းတို့သာ အလဲလဲအကွဲကွဲဖြင့် အထိနာခဲ့၏။ AA တပ်များ လက်နက်စွန့်ရမည်၊ AA တပ်များ ရခိုင်မှာ အခြေချခွင့်မရှိဘူး၊ လိုင်ဇာပြန်ရမည် မှသည် AA တပ်များ လက်ခံထားလျှင် လိုင်ဇာကိုတိုက်မည် စသည်ဖြင့် မြန်မာစစ်တပ်သည် မူမရှိဘဲ ပါးစပ်ထဲရှိရာ လက်တန်းပြောရင်း AA နှင့် အပစ်ရပ်ရရန် ကြိုးစားရသည့် အပေးအယူပြုရသည့် အခြေအနေသို့ ဆိုက်သွား၏။
လက်တွေ့တွင် မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့အား မချေမှုန်းနိုင်သည်သာမက ၎င်းတို့သာ အလဲလဲအကွဲကွဲဖြင့် အထိနာခဲ့၏။
မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်သော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် AA နှင့် အပစ်ရပ်ခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်တွင်လည်း တပြည်လုံးအနှံ့ လက်နက်ကိုင်ပုန်ကန်မှုကို ကြုံတွေ့ရသည့်အချိန်တွင် မြန်မာစစ်တပ်သည် ပြည်မဒီမိုကရက်တစ်အင်အားစုများ၊ PDF များကို ဦးတည် တိုက်ခိုက်ချေမှုန်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအား အချိုသတ်ပြီး အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားရန် ရည်ရွယ်လာခဲ့၏။
သို့ဖြင့် မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် အပစ်ရပ်ရန် ကြိုးစားလာခဲ့၏။ ယခင်က တရုတ်၏ တိုက်တွန်းချက်ကြောင့် မြောက်ပိုင်းသုံးဖွဲ့အား လက်မခံချင်ဘဲ လက်ခံခဲ့ရသော်လည်း ယခု ၎င်းတို့၏ ခွဲခြားရေးဗျူဟာအတွက် မြောက်ပိုင်းသုံးဖွဲ့ကို တွေ့ဆုံဆွေးနွေးပြီး အခွင့်အရေးအချို့ပေးကာ အပစ်အခတ်ရပ်စဲရန် ကြံရွယ်လာသည်။
သို့နှင့် မြောက်ပိုင်းသုံးဖွဲ့နှင့် မြန်မာစစ်တပ်ကြား အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် မြန်မာစစ်တပ်တို့သည် ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် အတိုင်အဖောက်ညီလာခဲ့ကြသည်ကို တွေ့ရ၏။
မိုင်းလားဆွေးနွေးပွဲ
ဤသို့သော အခြေအနေအောက်တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ အစည်းအဝေးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် NDAA ဒေသ မိုင်းလားတွင် ကျင်းပခဲ့သည်ကို တွေ့ရ၏။
NSPNC မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ တြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ ၊ ဗိုလ်မှူးကြီး ကျော်ဇင်လတ် (ကျိုင်းတုံ စရဖ)၊ ဗိုလ်မှူးကြီး အောင်သူရ (ကကကြည်း) နှင့် ဦးဝင်းနိုင် (ကိုးကန့် – Asia World ကုမ္ပဏီ) တို့ တက်ရောက်ကြပြီး AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့်အဖွဲ့၊ TNLA မှ ဒုဥက္ကဋ္ဌ တာခူးလန်နှင့်အဖွဲ့၊ MNDAA မှ ဒုဥက္ကဋ္ဌ ရန်ဝေကျုံးနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ တရုတ်ဘက်မှ ယူနန်ပြည်နယ်အစိုးရ နိုင်ငံခြားရေးအထူးသံတမန် ကော့ပေါင်း တက်ရောက်ခဲ့၏။
ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဗိုလ်ရာပြည့်က လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်အနေဖြင့် အာဏာသိမ်းခြင်း မဟုတ်ဘဲ၊ အာဏာထိန်းထားတာသာ ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပသွားမည်ကို ထောက်ခံပေးရန်နှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အား ဆွေးနွေးရန် NCA လမ်းကြောင်းအတိုင်း၊ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့ညှိနှိုင်းသဘောတူထားသည့်အတိုင်း ဖမ်းဆီးခံထားရသော ၎င်းတို့တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး၊ မတရားအသင်းမှ ပယ်ဖျက်ပေးရေးတို့ကို တသံတည်း တောင်းဆိုခဲ့၏။ AA က မိုခါမုန်တိုင်းဒဏ် ခံနေရသူများအား အကူအညီပေးနိုင်ရေး လမ်းကြောင်းဖွင့်ပေးရန် ဆွေးနွေးခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့ညှိနှိုင်းသဘောတူထားသည့်အတိုင်း ဖမ်းဆီးခံထားရသော ၎င်းတို့တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး၊ မတရားအသင်းမှ ပယ်ဖျက်ပေးရေးတို့ကို တသံတည်း တောင်းဆိုခဲ့၏။
ကျန်အချက်များနှင့်ပတ်သက်၍ ၎င်းတို့သုံးဖွဲ့အနေနှင့် မြန်မာစစ်တပ်သဘောထားကို လာရောက် နားထောင်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်သဘောထားအား ၎င်းတို့အဖွဲ့အသီးသီး၏ ဗဟိုကော်မတီများသို့ တင်ပြသွားမည်ဟု တုန့်ပြန်ခဲ့ပြီး ပြန်လည်ဆွေးနွေးမှု မရှိသဖြင့် မိုင်းလားဆွေးနွေးပွဲသည် ဆက်လက် ဆွေးနွေးစရာမရှိဘဲ ရပ်တန့်သွား၏။ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းတွင် အဖြစ်သဘော ခေတ္တတွေ့ခဲ့သော်လည်း ဆွေးနွေးစရာ မရှိခဲ့ပေ။ သို့နှင့် မိုင်းလားဆွေးနွေးပွဲသည် မည်သည့်ရလဒ်မှ မရရှိဘဲ ပြီးဆုံးသွား၏။
သုံးပွင့်ဆိုင် ပြဿနာ
တရုတ်တို့အဖို့ပြောရလျှင် တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းစေချင်သည်။ မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းစေချင်သည်။ သို့မှသာ တရုတ်တို့၏ မြန်မာနှင့်ကုန်သွယ်ရေး တိုးမြှင့်ရေးနှင့် မြန်မာပြည်တွင် တိုးမြှင့် ရင်းနှီးမြှုပ်နှံမှုရမည်။ ဤသို့သော တရုတ်အကျိုးစီးပွားအတွက် ဆွေးနွေးဖြေရှင်းရေးကို တရုတ်တို့ လိုလားသည်။ မြန်မာစစ်တပ်ကို စစ်တိုက်ခြင်းမပြုရန် တရုတ်တို့လိုလားသည်။
ရှင်းလင်းစွာတွေ့ရသည်မှာ တွေ့ဆုံဆွေးနွေးရေးကို တရုတ်တို့ တိုက်တွန်းလှုံ့ဆော်နေသည်မှာ တရုတ်အကျိုးစီးပွားအတွက် ဖြစ်၏။ လက်ရှိ မြန်မာပြည်အခြေအနေအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် သင့်လျော်၍ တိုက်တွန်းနေခြင်း မဟုတ်ပေ။ လက်ရှိ မြန်မာပြည်အခြေအနေသည် စစ်တိုက်ရမည့်အချိန်လော၊ ဆွေးနွေးရမည့်အချိန်လောဟူ၍ တရုတ်တို့ စိတ်မဝင်စားပေ။
အလားတူ မြောက်ပိုင်းသုံးဖွဲ့လိုလားသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း တရုတ်တို့ စိတ်မဝင်စားပေ။ တရုတ်တို့လိုလားသည်မှာ မြန်မာပြည်တည်ငြိမ်မှ တရုတ်အကျိုးစီးပွား ဖြစ်ထွန်းမည် ဆိုခြင်း၌သာ အာရုံပြု၏။ တရုတ်တို့သည် မြန်မာပြည်၏ နာတာရှည်ရောဂါကို ဆေးမြီးတိုနှင့် အမြန်ပျောက်စေရန် မန်းမှုတ်နေသည်နှင့်တူ၏။
မြန်မာစစ်တပ်သည်လည်း မြောက်ပိုင်းသုံးဖွဲ့နှင့် အပစ်ရပ်ရေးသည် မဟာဗျူဟာပြဿနာတရပ် ဖြစ်၏။ စုစုပေါင်းအင်အား ၄၅,၀၀၀ မှ ၅၀,၀၀၀ နီးပါးရှိပြီး တိုက်ရည်ခိုက်ရည်ရှိသော မြောက်ပိုင်းအဖွဲ့များနှင့် အပစ်ရပ်ထားမှသာ၊ ပြည်မလက်နက်ကိုင် ဒီမိုကရက်တစ်အင်အားစုနှင့် ခွဲထုတ်နိုင်မှသာ တပြည်လုံးတွင် စစ်မျက်နှာ ဖွင့်ထားရသော မြန်မာစစ်တပ်အတွက် အသက်ရှူချောင်မည်။ ပြည်မ ဒီမိုကရက်တစ်အင်အားစု၊ နွေဦးတော်လှန်ရေး အင်အားစုနှင့် PDF များကို အာရုံစိုက်ချေမှုန်းနိုင်မည်။ ထိုအင်အားစုများနှင့် မြောက်ပိုင်းသုံးဖွဲ့ကို ခွဲထုတ်နိုင်မည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြဿနာများကို NCA, ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး စသည်တို့နှင့် အချိန်ဆွဲရန် ပြင်ဆင်ထားသည်။
မြောက်ပိုင်းသုံးဖွဲ့အဖို့ သူတို့ဘဝပေးအသိအရ သူတို့တွင် လက်နက်ကိုင်တပ် မရှိပါက မည်သည့်အခွင့်အရေးမှ မရနိုင်သည်ကို ကောင်းစွာသိပြီးဖြစ်၏။ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်သည်ကို ကြုံခဲ့ရပြီးဖြစ်သည့်အပြင် အခွင့်အလမ်းရသည်နှင့် မြောက်ပိုင်းသုံးဖွဲ့အား ပိတ်ဆို့ချေမှုန်းရန် ကြိုးစားသည့် မြန်မာစစ်တပ်ကို ယုံကြည်မှုမရှိ။
မြောက်ပိုင်းသုံးဖွဲ့အဖို့ သူတို့ဘဝပေးအသိအရ သူတို့တွင် လက်နက်ကိုင်တပ် မရှိပါက မည်သည့်အခွင့်အရေးမှ မရနိုင်သည်ကို ကောင်းစွာသိပြီးဖြစ်၏။
လက်ရှိ မိုခါမုန်တိုင်းကဲ့သို့ သဘာဝဘေးဒဏ် ကျရောက်နေစဉ်တွင်ပင် ကယ်ဆယ်ကူညီမှုများကို ပိတ်ဆို့နေသည့် မြန်မာစစ်တပ်ကို ယုံကြည်နိုင်စရာ မရှိပေ။ ထို့ပြင် အကယ်၍ ပြည်တွင်းဒီမိုကရက်တစ် အင်အားစုများကိုသာ မြန်မာစစ်တပ်က အသာစီးရသွားပါက မြန်မာစစ်တပ်၏ မြားဦးသည် မြောက်ပိုင်းသုံးဖွဲ့ဖက်သို့ လှည့်လာမည်ကို ကောင်းစွာသိပြီးဖြစ်၏။
ထိုထက်ပို၍ပို၍ အရေးကြီးသည်မှာ ၎င်းတို့လိုလားသော ကိုယ်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အလွယ်ကူဆုံးရည်ညွှန်းရလျှင် ‘ဝ’ ပြည်နယ်ကဲ့သို့ ရပ်တည်နိုင်ခွင့်ကို မြန်မာစစ်တပ်က ခွင့်ပြုနိုင်မည်မဟုတ်၊ ဤအချက်နှင့် ပတ်သက်ပြီး မြန်မာစစ်တပ်နှင့် ဆွေးနွေးပါက လေးသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ဆွေးနွေးလည်း ရနိုင်မည်မဟုတ်သည်ကို ကောင်းစွာ သိရှိပြီးဖြစ်၏။
AA တို့၏ အာရက္ခပြည်သူ့အစိုးရ၊ TNLA တို့၏ ပလောင်ပြည်နယ်၊ MNDAA တို့၏ ကိုးကန့်ဒေသ ပြန်လည် ထိန်းချုပ်နိုင်ရေးတို့အား မြန်မာစစ်တပ် လက်မခံနိုင်သည်ကို ကောင်းစွာသိကြသည်။ သို့သော် တရုတ်နယ်စပ်တွင် ရပ်တည်နေသည့် မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်နှင့် မကင်းရာမကင်းကြောင်း ရှိနေ၏။
မည်သည့်အဖြေမှတော့ ထွက်လိမ့်မည် မဟုတ်သည့်အပြင် အခြားတဖက်တွင် ဘက်အားလုံးသည် ကိုယ်စီရည်မှန်းချက်များကို ကြိတ်၍ ပြင်ဆင်နေကြပေလိမ့်မည်။
ထို့ကြောင့် တရုတ်ကလည်း မြောက်ပိုင်းသုံးဖွဲ့အား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ သွားရန် ဖိအားပေးတိုက်တွန်းနေမည်။ မြန်မာစစ်တပ်ကလည်း မြောက်ပိုင်းသုံးဖွဲ့အား အခွင့်အရေးတချို့ပေး၍ ဖဲ့ထုတ်နိုင်ရန် ကြိုးပမ်းနေမည်။ မြောက်ပိုင်းသုံးဖွဲ့ကလည်း တရုတ်ဖိအားကြောင့် ဆွေးနွေးပွဲသို့ မဖြစ်မနေ တက်ရောက်နေရလိမ့်မည်။
သို့သော် မည်သည့်အဖြေမှတော့ ထွက်လိမ့်မည် မဟုတ်သည့်အပြင် အခြားတဖက်တွင် ဘက်အားလုံးသည် ကိုယ်စီရည်မှန်းချက်များကို ကြိတ်၍ ပြင်ဆင်နေကြပေလိမ့်မည်။ မြန်မာပြည်နိုင်ငံရေး (ဝါ) မြန်မာပြည် ပြည်တွင်းစစ်အတွင်း မြောက်ပိုင်းသုံးဖွဲ့၊ မြန်မာစစ်တပ်နှင့် တရုတ်တို့၏ သုံးပွင့်ဆိုင် ဇာတ်လမ်းသည် ကြာကြာနေလျှင်တခါ ပေါ်လာဖွယ်ရှိသကဲ့သို့ သို့လောသို့လောလည်း တွေးစရာများလည်း ဖြစ်နေပေလိမ့်မည်။ ဤသုံးပွင့်ဆိုင်ဇာတ်လမ်း၊ ဇာတ်ကွက်သည် ရှည်လျားလှသော မြန်မာ့နိုင်ငံရေးပြဇာတ်၏ ဇာတ်ဝင်ခန်းတခု ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဇွန်လ ၁ ရက်နေ့ မိုင်းလားတွင် ဆွေးနွေးနေကြသော်လည်း ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကိုးကန့်ဒေသ၌ MNDAA နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ အံ့ဩဖွယ်မရှိပေ။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
တရုတ်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဆွေးနွေးမည်
EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း