မြန်မာ့အရေးကို သက်ဆိုင်သူအားလုံးပါဝင်၍ နိုင်ငံရေးဆွေးနွေး အဖြေရှာရန်အတွက် အာဆီယံမူ ၅ ချက်ချမှတ်ထားသည်မှာ နှစ်နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ်၏။ ကုလသမဂ္ဂနှင့် အရှေ့၊ အနောက်နိုင်ငံကြီးများက အာဆီယံမူ ၅ ချက်ကို ထောက်ခံထားကြသည်။ အဓိကအားဖြင့် မြန်မာပြည်ပြဿနာကို စစ်ပွဲနှင့်မဖြေရှင်းဘဲ ပေါ်လက်တစ်ကယ် ဒိုင်ယာလော့ (ခေါ်) နိုင်ငံရေးဆွေးနွေးပွဲဖြင့် ဖြေရှင်းရန်၊ စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းရန် တွန်းအားပေးကြခြင်းဖြစ်၏။
သို့သော် ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်း မြန်မာပြည်တွင် မြင်တွေ့ရသည်က စစ်ပွဲသာဖြစ်၏။ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲ၊ အညှာအတာကင်းမဲ့သော စစ်ပွဲ၊ လူသန်းချီ၍ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်စေခဲ့သည့် စစ်ပွဲကိုသာ မြန်မာလူထု ရင်ဆိုင်ခဲ့ရ၏။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း အောင်မြင်မှုမရခဲ့ပေ။
၂၀၂၂ ခုနှစ်တွင်း အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့သော ကမ္ဘောဒီးယား၏ မြန်မာနိုင်ငံ ခရီးစဉ်များမှာလည်း အချည်းနှီးသာဖြစ်ခဲ့၏။ ၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူသော အင်ဒိုနီးရှား၏ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း ၅ လကျော်ကြာသည်အထိ တရားဝင် စတင်နိုင်ခြင်းမရှိပေ။
နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အဓိကနိုင်ငံရေးအတိုက်အခံ အင်အားစုများကို မြန်မာစစ်ကောင်စီက အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ခေါ်ဆိုသမုတ်ပြီး နိုင်ငံရေးဆွေးနွေးရန် ငြင်းပယ်ထားခဲ့၍ ဒိုင်ယာလော့ ဖြစ်မလာခဲ့ပေ။ စစ်ပွဲသည်သာ အားကောင်းခဲ့၏။
အဓိကမှာ မြန်မာပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရေး စစ်ကောင်စီက လက်မခံ၍ဖြစ်၏။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အဓိကနိုင်ငံရေးအတိုက်အခံ အင်အားစုများကို မြန်မာစစ်ကောင်စီက အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ခေါ်ဆိုသမုတ်ပြီး နိုင်ငံရေးဆွေးနွေးရန် ငြင်းပယ်ထားခဲ့၍ ဒိုင်ယာလော့ ဖြစ်မလာခဲ့ပေ။ စစ်ပွဲသည်သာ အားကောင်းခဲ့၏။ ဒိုင်ယာလော့လမ်းစ ပျောက်နေခဲ့၏။
သို့သော် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် မေလများတွင် မြန်မာ့ပြည်နိုင်ငံရေး၌ ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းတို့၏ မြန်မာနိုင်ငံခရီးစဉ်များ၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံမှုများ အာရုံစိုက်စရာဖြစ်လာ၏။
ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီ၏ ခရီးစဉ်အပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရန် အားထုတ်သည့် အနေဖြင့် မြန်မာမှ ဒီမိုကရေစီလိုလားသော စင်ပြိုင်အစိုးရ၊ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိတ်တဆိတ် ထိတွေ့ဆက်ဆံနေသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက Reuters သတင်းဌာနသို့ ပြောကြားလိုက်သည်။
အာဆီယံ၏ ယခုနှစ်အတွက် ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှားသည် မြန်မာအကျပ်အတည်း လျော့ကျစေရန် နောက်ကွယ်မှ လုပ်ကိုင်နေကြောင်း မစ္စ ရက်နိုက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောကြားသောကြောင့် မြန်မာပဋိပက္ခမှ အဓိကကျသူများကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် အင်ဒိုနီးရှား လုပ်နေကြောင်း ပထမဆုံးအကြိမ် မီးမောင်းထိုး ပြောကြားလိုက်ခြင်းဖြစ်သည်။
မစ္စ ရက်နိုက သက်ဆိုင်သူအသီးသီးနှင့် ဆွေးနွေးချက်အသေးစိတ်များကို ပြောကြားရန် ငြင်းဆန်သော်လည်း အင်ဒိုနီးရှားသံတမန်များသည် သက်ဆိုင်သူအားလုံးနှင့် ထိတွေဆက်ဆံဆွေးနွေးမှု အကြိမ်ပေါင်း ၆၀ ကျော် ပြုလုပ်ပြီးကြောင်း ပြောသည်။ လွန်ခဲ့သော နှစ်နှစ်က စစ်ကောင်စီခေါင်းဆောင်နှင့် အာဆီယံအကြား သဘောတူထားသည့် ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် စစ်ကောင်စီက ပျက်ကွက်ခြင်းနှင့်ပတ်သက်ပြီး အာဆီယံအတွင်း စိတ်ပျက်နေစဉ် အထက်ပါ လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။
“ဘုံသဘောတူညီချက်က အခွင့်အာဏာပေးထားတဲ့အတိုင်း သက်ဆိုင်သူအားလုံး၊ စစ်ကောင်စီ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် အားလုံးနီးပါးနဲ့ ထိတွေ့ဆက်ဆံနေတယ်” ဟု အင်ဒိုနီးရှားက ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းနှင့် တွေ့ဆုံခဲ့သော အင်ဒိုနီးရှားဝန်ကြီးသည် တရုတ်ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် မြန်မာ့အရေး ထိတွေ့ဆက်ဆံမှုများကို ထုတ်ဖော်ပြောကြားလိုက်သည်မှာ တိုက်ဆိုင်မှုသက်သက်တော့ မဖြစ်နိုင်ပေ။
စစ်ကောင်စီခေါင်းဆောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက အားလုံးပါဝင်သည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြုလုပ်ရန် တိုက်တွန်းပြောကြားမှု၊ မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်းများ လှုပ်ရှားမှု၊ တရုတ်၏ မြန်မာစစ်တပ်အပေါ် ဩဇာသက်ရောက်မှု၊ အင်ဒိုနီးရှား၏ လှုပ်ရှားဆောင်ရွက်မှုတို့အရ မြန်မာ့နိုင်ငံရေးတွင် ဒိုင်ယာလော့ ပေါ်လာမည်လောဆိုသည့် မေးခွန်းပေါ်လာတော့၏။
ဒိုင်ယာလော့ ဖြစ်၊ မဖြစ် တွက်ဆကြည့်ပါက ဒိုင်ယာလော့ကို ငြင်းဆန်နေသည့် စစ်ကောင်စီသည် နိုင်ငံရေးအရ၊ စီးပွားရေး၊ စစ်ရေး ဘက်စုံအကြပ်အတည်းက ပိုဆိုးဝါးလာနေသည်။
ဒိုင်ယာလော့ ဖြစ်၊ မဖြစ် တွက်ဆကြည့်ပါက ဒိုင်ယာလော့ကို ငြင်းဆန်နေသည့် စစ်ကောင်စီသည် နိုင်ငံရေးအရ၊ စီးပွားရေး၊ စစ်ရေး ဘက်စုံအကြပ်အတည်းက ပိုဆိုးဝါးလာနေသည်။ နိုင်ငံရေးအရ ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရန်မှာလည်း ထွက်ပေါက်ပိတ်နေ၏။ စီးပွားရေးအရလည်း ပြည်ပရင်းနှီးမြှုပ်နှံမှု မရှိ၊ ပြည်ပချေးငွေ မရှိ၊ နိုင်ငံခြားငွေ မရှိ၍ သွင်းကုန်များစွာ ကန့်သတ်နေရသည့်အပြင် ဘတ်ဂျက်၏ သုံးပုံတပုံကိုလည်း စစ်စရိတ်အသုံးပြုနေရ၏။
စစ်ရေးအရလည်း တပြည်လုံးနီးပါး စစ်တိုက်နေရသော်လည်း သိသာသည့် စစ်ရေးအောင်မြင်မှု မရှိသည့်ပြင် ဆုံးရှုံးမှုက များနေသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများသည်ပင် ရှေ့တန်းစစ်မျက်နှာ ဖြစ်နေ၏။ စစ်ကောင်စီသည် ဤဘက်စုံအကြပ်အတည်းမှ ရုန်းထွက်ရေး ဒိုင်ယာလော့ရန် လက်ခံမည်လော။ သို့မဟုတ် မြန်မာစစ်တပ်၏ အတွေ့အကြုံအရ ဒိုင်ယာလော့ကို အသုံးချမည်လော ဆိုသည်ကတော့ စဉ်းစားဖွယ်ဖြစ်၏။
မြန်မာစစ်တပ်နှင့် ဒိုင်ယာလော့
အကြမ်းဖက်အဖွဲ့ ကြေညာထားသော ရက္ခိုင့်တပ်တော် (AA) ကို ဆွေးနွေးအပစ်ရပ်ပြီး အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းခဲ့သော စစ်ကောင်စီအနေဖြင့် အပြောင်းအလဲလုပ်ပြီး ဒိုင်ယာလော့လုပ်လျှင်လည်း အံ့ဩစရာတော့ ရှိမည်မဟုတ်ပေ။
တိုင်းရင်းသားအဖွဲ့များနှင့် NUG, PDF တို့ကြား မတူသည့် သဘောသဘာဝမှာ တိုင်းရင်းသားအဖွဲ့များ၏ အရေးအား သူ့ပြည်နယ်အတွင်း ကန့်သတ်ဖြေရှင်း၍ရ၏။ သူတို့သည် ဗဟိုအစိုးရနှင့် ပြည်မအာဏာကို ထိပါးကြခြင်း မရှိပေ။ NUG, PDF ကမူ ဗဟိုအစိုးရနှင့် ပြည်မအာဏာကို တိုက်ရိုက်ခြိမ်းခြောက်သည်ဖြစ်ရာ မြန်မာစစ်တပ်အဖို့ တိုင်းရင်းသားအဖွဲ့များနှင့်မတူသည့် သဘောထားရှိမည်မှာ ဧကန်ဖြစ်သည်။
သို့သော် မြန်မာစစ်တပ်အနေနှင့် လောလောဆယ် ဒိုင်ယာလော့ လုပ်မည်လောဟုဆိုလျှင် လုပ်နိုင်မည် မထင်ပါ။ ယခုနှစ်အတွင်းတွင် စစ်ရေးအရ ရုန်းကန်ဦးမည်သာဖြစ်၏။ ဖြည့်တင်းထားသော ကာကွယ်ရေး အသုံးစရိတ်များနှင့်အတူ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုပြီး စစ်ရေးအရ အသာစီးရနိုင်ရန် ရုန်းကန်မည်ဖြစ်၏။
တရုတ်၊ အာဆီယံနှင့် နိုင်ငံတကာဖိအားကို ရှောင်လွှဲနိုင်ရန် ဒိုင်ယာလော့နှင့် ပတ်သက်၍ အချိန်ဆွဲပြီး ဈေးဆစ်လိမ့်မည် သို့မဟုတ် ဒိုင်ယာလော့မှ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ရှာကြလိမ့်မည်
တဖက်ကလည်း တရုတ်၊ အာဆီယံနှင့် နိုင်ငံတကာဖိအားကို ရှောင်လွှဲနိုင်ရန် ဒိုင်ယာလော့နှင့် ပတ်သက်၍ အချိန်ဆွဲပြီး ဈေးဆစ်လိမ့်မည် သို့မဟုတ် ဒိုင်ယာလော့မှ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ရှာကြလိမ့်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာစစ်ကောင်စီဘက်က စစ်ရေးရလဒ်နှင့် ဒိုင်ယာလော့ကို အမြဲချိန်ဆ၍ တွက်ချက်နေမည်ဟု သုံးသပ်ရသည်။
၂၀၂၃ ခုနှစ်အတွင်း ကာကွယ်ရေးစရိတ် တိုးမြှင့်ထားမှု၊ လက်ရုံးတပ်များမှ စစ်အင်အားများ ထုတ်နုတ်ပြီး တိုက်ခိုက်ရေးတပ်များကို ဖြည့်တင်းနေမှုများအရ စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း ဒိုင်ယာလော့မည့် အလားအလာ နည်းပါး၏။
မြန်မာစစ်တပ်၏ ဒိုင်ယာလော့ဆိုသည်ကို ဦးစွာ ရှင်းရှင်းလင်းလင်း ကြည့်မြင် သဘောထားရန်လို၏။ ပြည်တွင်းစစ်သမိုင်း တလျှောက်တွင် စစ်တပ်၏ ဒိုင်ယာလော့ဆိုသည်မှာ သူ့အား လက်နက်ကိုင်တိုက်နေသည့် တပ်ဖွဲ့များ တပ်ဖျက် လက်နက်အပ်ရေး ဖြစ်၏။ ဤသည်မှာ သူ၏ ဦးစားပေးတောင်းဆိုမှု ဖြစ်၏။
ချက်ချင်းတောင်းဆို၍မရလျှင် အချိန်ကာလတခုကြာပါက အတင်းအကြပ်အင်အားသုံး၍ တပ်ဖျက် လက်နက်အပ်ခိုင်းသည်ခြင်း၊ စစ်ရေးအရတိုက်ခိုက်သည်ခြင်းကို တွေ့ရ၏။ လက်နက်ကိုင်တပ်မရှိသည်နှင့် ထိုအဖွဲ့၏ နိုင်ငံရေးသဘောထားသည် ဘေးဖယ်ချောင်ထိုးခံရပြီး စစ်တပ်ပြောဆိုလုပ်ကိုင်သမျှကို နာခံရေးဖြစ်သွားတော့သည်။
စစ်တပ်သည် ၁၉၈၈ ခုနှစ်မတိုင်မီက တပ်ဖျက် လက်နက်အပ်ရေးမူကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းတွင် ဆွေးနွေးအပစ်ရပ်ပြီး အချိန်ယူပြီးမှ တပ်ဖျက်လက်နက်အပ်ရေး၊ နိုင်ငံရေးအရ ၎င်းတို့သဘောထားကို နာခံရေးအား ဆောင်ရွက်သည်ကို တွေ့ရ၏။
၁၉၈၈ မတိုင်မီ ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲဟု ခေါ်ရမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် စစ်တပ်သည် “လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေး”၊ “လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေး”၊ “လက်နက်စွန့်၍ ဥပဒေဘောင်တွင် ဝင်ရေး” စသည့် စကားအလှများသုံး၍ လက်နက်စွန့်ရေးကို ခပ်မြန်မြန်ပြုလုပ်လေ့ရှိပြီး အချိန်ဆွဲလေ့မရှိပေ။
စစ်တပ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နိုင်ငံရေးဒိုင်ယာလော့ကို ၎င်းတို့၏ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် နည်းဗျူဟာတခုအဖြစ် ပြောင်းလဲကျင့်သုံးခဲ့သည်ကို တွေ့ရ၏။ ပြဿနာကို အမှန်တကယ် ဆွေးနွေးဖြေရှင်းမှုမျိုး ရှိခဲ့သည်ကို မတွေ့ရပေ။
သို့သော် စစ်တပ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နိုင်ငံရေးဒိုင်ယာလော့ကို ၎င်းတို့၏ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် နည်းဗျူဟာတခုအဖြစ် ပြောင်းလဲကျင့်သုံးခဲ့သည်ကို တွေ့ရ၏။ ပြဿနာကို အမှန်တကယ် ဆွေးနွေးဖြေရှင်းမှုမျိုး ရှိခဲ့သည်ကို မတွေ့ရပေ။
ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စစ်တပ်၏ သဘောထားကို နာခံရေး၊ လိုက်နာရေးဖြစ်၏။ မြန်မာစစ်တပ်က သဘောမတူလျှင် မည်သည့်အချက်မှ ခွင့်မပြုဆိုသည့်မူဖြင့် ဆောင်ရွက်ခဲ့သည်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၅ နှစ်တာကာလတွင် ကောင်းစွာတွေ့မြင်ရ၏။
စစ်တပ်သည် ဒိုင်ယာလော့ကို နည်းဗျူဟာတရပ်အဖြစ် ကျင့်သုံးပြီး အချိန်ဆွဲ၍ တဖက်က တိုင်းရင်းသားအဖွဲ့များအား နိုင်ငံရေးအရ ဖိအားပေးခြင်း၊ သွေးခွဲခြင်း၊ စီးပွားရေးမက်လုံးများပေးခြင်းတို့ ပြုလုပ်သကဲ့သို့ တဖက်က ၎င်း၏စစ်တပ်ကို အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ပြီး အချိန်တခုရောက်လျှင် အင်အားသုံး၍ ၎င်းတို့သဘောကို နာခံစေခြင်းသည် မြန်မာစစ်တပ်၏ ဒိုင်ယာလော့နည်းဗျူဟာ ဖြစ်၏။
စစ်တပ်၏ ဒိုင်ယာလော့နည်းဗျူဟာကို ရင်ဆိုင်ကြသည့် တိုင်းရင်းသားအဖွဲ့များတွင် မိမိအင်အားကို တောင့်တင်းအောင် တည်ဆောက်နိုင်သည့်၊ အင်အားလွန်စွာ မတောင့်တင်းသော်လည်း နိုင်ငံရည်ရွယ်ချက်ကို ခိုင်မာအောင် တည်ဆောက်နိုင်သည့် တိုင်းရင်းသားအဖွဲ့များသည် မြန်မာစစ်တပ်၏ ဒိုင်ယာလော့နည်းဗျူဟာကို ကောင်းစွာ ပြန်လည်ရင်ဆိုင်နိုင်ကြ၏။
မိမိအင်အားနှင့် နိုင်ငံရေးရည်ရွယ်ချက်များကို ခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသည့် အဖွဲ့များကမူ ပြိုဆင်းသွားလေ့ရှိကြ၏။
၁၉၈၈ နောက်ပိုင်း မြန်မာစစ်တပ်နှင့် ဒိုင်ယာလော့ခဲ့သည့်အဖွဲ့များကို သုံးသပ်ကြည့်ပါက နိုင်ငံရေးအရ ဆွေးနွေးအောင်မြင်သည့်အဖွဲ့ မရှိပေ။ မြန်မာစစ်တပ်၏ လက်အောက်ခံဖြစ်သွားသည့် အဖွဲ့နှင့် အနှစ် ၃၀ ကျော် ဆွေးနွေး၍ မဆုံးနိုင်သည့်အဖွဲ့များသာ ရှိ၏။ ထို့ကြောင့်လည်း စစ်တပ်သည် ၎င်းရည်မှန်းချက်အတွက် ၎င်းတို့၏ စစ်အင်အားပေါ် အခြေပြုပြီး ဒိုင်ယာလော့ကို နည်းဗျူဟာအဖြစ်သာ သုံးစွဲသည်ကို ရှင်းလင်းစွာ မြင်နိုင်ပါသည်။
ဒိုင်ယာလော့အတွက် ပြင်ဆင်ခြင်း
သို့ဖြစ်ရာ လက်ရှိကာလတွင်လည်း တရုတ်၊ အာဆီယံတို့၏ ဖိအားနှင့်အတူ နိုင်ငံရေးဒိုင်ယာလော့ဟု ဆိုလာပြန်ပြီ ဖြစ်၏။ အဆိုပါ ဒိုင်ယာလော့နှင့်ပတ်သက်၍ စစ်ကောင်စီက အပြတ်ငြင်းဆိုလိမ့်မည်ဟု တွက်ဆမထားသင့်ပေ။ စစ်တပ်သည် ဒိုင်ယာလော့အား ၎င်းတို့ရည်မှန်းချက် အောင်မြင်ရေးအတွက် နည်းဗျူဟာတခုအဖြစ် ကျင့်သုံးခဲ့ဖူးသူများဖြစ်ရာ ထပ်မံကျင့်သုံးရန် ဝန်လေးမည်မဟုတ်ပေ။ အချိန်အခါနှင့်နေရာသာ ရွေးချယ်မည်ဟု သုံးသပ်ရပေသည်။
NUG, PDF, EAO စသည့် လက်ရှိမြန်မာစစ်တပ်အား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့် စစ်တပ်အား ရွေးကောက်ပွဲ၊ လွှတ်တော်၊ ဥပဒေတွင်းနိုင်ငံရေးနှင့် စစ်မြေပြင်တို့တွင် မတူကွဲပြားစွာ ရင်ဆိုင်ခဲ့သကဲ့သို့ ဒိုင်ယာလော့ကွင်းတွင်လည်း ကောင်းစွာရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရပေလိမ့်မည်။
နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့် ဒိုင်ယာလော့ရန် ခက်ခဲသော်လည်း အာဆီယံ၏ ဒိုင်ယာလော့ကမ်းလှမ်းချက်အား ဘူးတလုံး ခံ၍ငြင်းပယ်ရန် မဖြစ်နိုင်။
လက်ရှိစစ်တပ်သည် တပြည်လုံးအနှံ့ မြေလှန်စနစ်ကျင့်သုံးပြီး လူထုကိုပါ ပစ်မှတ်ထားကာ ရက်စက်ကြမ်းကြုတ်စွာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေ၏။ စစ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်နေ၏။ ဤသို့သော အချိန်ကာလမျိုးတွင် နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့် ဒိုင်ယာလော့ရန် ခက်ခဲသော်လည်း အာဆီယံ၏ ဒိုင်ယာလော့ကမ်းလှမ်းချက်အား ဘူးတလုံး ခံ၍ငြင်းပယ်ရန် မဖြစ်နိုင်။
အာဆီယံ၏ နိုင်ငံရေးဒိုင်ယာလော့ရန် ကမ်းလှမ်းချက်ကို အပြုသဘောဖြင့် လက်ခံရမည်။ သို့ရာတွင် မည်သို့လက်ခံမည်ဆိုသည်နှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ်ရန်လိုအပ်၏။
“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုသည်က ကြွေးကြော်သံဖြစ်ပြီး “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေး” သည် မဟာဗျူဟာအဖြစ် ထားရှိသကဲ့သို့ “နိုင်ငံရေးဒိုင်ယာလော့” ကိုလည်း နည်းဗျူဟာအဖြစ် စဉ်းစားထားရှိရန် လိုအပ်သည်။ ဤသို့သော အခြေအနေအောက်တွင် ဒိုင်ယာလော့ကွင်းအတွင်း မည်သည့်မူဝါဒ၊ မည်သည့်ပေါ်လစီများဖြင့် ရင်ဆိုင်သွားမည်၊ စစ်တပ်၏နည်းဗျူဟာကို မည်သို့ ပြန်လည်တုန့်ပြန်သွားမည်ကို ပြင်ဆင်ထားရပေမည်။
လက်နက်ကိုင်တပ်ဖွဲ့၏ အရေးပါမှု
လက်ရှိတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် အသွင်ကူးပြောင်းရေးဟု ဆိုကြသည်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်လျှင် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဆိုသော်လည်း စစ်တပ်က ချိုးဖောက်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေဖြစ်၏။
သို့ဖြစ်ရာ မည်သို့သော နိုင်ငံရေးအသွင်ကူးပြောင်းရေးဖြစ်စေ၊ ရွေးကောက်ပွဲမှ ရလဒ်အတိုင်း အစိုးရဖွဲ့စည်းနိုင်ရေးအတွက်ဖြစ်စေ စစ်တပ်ကို လုံးဝယုံကြည်စိတ်ချ၍ မရသည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ပြခဲ့ပြီးဖြစ်သည်။ ဤကား ပထမအချက်ဖြစ်၏။
ဒုတိယအချက်အနေနှင့် လက်နက်ကိုင်တပ် မရှိပါက မိမိ၏နိုင်ငံရေးသဘောထားကို အကောင်အထည်ဖော်ရန် မဆိုထားနှင့် ပြောခွင့်မရှိသည့်အခြေအနေတွင် နွေဦးတော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်တပ်ကို အင်အားတောင့်တင်းအောင် တည်ဆောက်ရမည်ဖြစ်၏။
မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့ဟုဆိုကြရာတွင် နွေဦးတော်လှန်ရေး အင်အားစုများအတွက် လက်နက်ကိုင်တပ်ဖွဲ့များ အင်အားတောင့်တင်းရေး၊ တိုက်စွမ်းရည်မြင့်မားရေးသည် အခရာကျသည်ဆိုသည်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားရန် လို၏။
တတိယအချက်အနေနှင့် မိမိတွင် လက်နက်ကိုင်အင်အားမရှိပါက မြန်မာစစ်တပ်က ဒိုင်ယာလော့လုပ်ရန်ပင် လက်ခံလိမ့်မည်မဟုတ်ပေရာ နွေဦးတော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်တပ်ဖွဲ့၊ PDF တပ်ဖွဲ့များ တောင့်တင်းအောင် တည်ဆောက်ရေးသည် ဒိုင်ယာလော့ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်၏။ အဓိက လိုအပ်ချက်လည်းဖြစ်၏။
သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့ဟုဆိုကြရာတွင် နွေဦးတော်လှန်ရေး အင်အားစုများအတွက် လက်နက်ကိုင်တပ်ဖွဲ့များ အင်အားတောင့်တင်းရေး၊ တိုက်စွမ်းရည်မြင့်မားရေးသည် အခရာကျသည်ဆိုသည်ကို စွဲမြဲစွာဆုပ်ကိုင်ထားရန်လို၏။ ဤသည်မှာ မြန်မာပြည်နိုင်ငံရေး ဒိုင်ယာလော့အတွက် အခြေခံဖြစ်၏။ တောင့်တင်းခိုင်မာသော လက်နက်ကိုင်တပ် မရှိသောသူသည် မြန်မာပြည်နိုင်ငံရေးစားပွဲဝိုင်းတွင် မည်သည့်အရာမှ မရနိုင်ပေ။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုကို AA မည်သို့အသုံးချသနည်း
နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်
မြန်မာစစ်တပ်နှင့် “ယူနီဖိုင်း” ပြဿနာ
ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ