“ကြောင်ဖြူဖြူမည်းမည်း ကြွက်ခုပ်ဖို့ပဲ” ဆိုသော ပြဿနာလည်း ဖြစ်သည်။
စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းလေ့ရှိသော ပြည်တွင်းအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သူများနှင့် ဒုက္ခရောက်သူများကို ထောက်ပံ့ကူညီရန် ရန်ပုံငွေ လိုအပ်ပါသည်။ ကုလသမဂ္ဂ (UN) နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း များ (INGOs) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများတွင် ရန်ပုံငွေများစွာ ရှိကြသော်လည်း စီမံကိန်း အများအပြားကို စီမံဆောင်ရွက်ရန် လက်လှမ်းမမှီနိုင်သလို လုပ်ဆောင်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းသည် အလေ့အထတခုဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးလည်း ဖြစ်သည်။
သို့ရာတွင် အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများက စစ်အုပ်စုထံ မှတ်ပုံတင်ထားလျှင် နောက်ဆက်တွဲ မည်သို့ ဖြစ်လာမည်နည်း။ ဒီနေရာတွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာရှိနေပါသည်။ ထို့ ကြောင့် အဆိုပါ မှတ်ပုံတင်ထားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ခြင်း၏ လူသိနည်းသော နောက်ဆက်တွဲ အကျိုးဆက်များကို အရပ်ဘက်အဖွဲ့အစည်းများ( CSOs) သိရှိရန် လိုအပ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်အုပ်စုထံတွင် စာရင်းသွင်းခြင်း၊ MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ဝါဒဖြန့်ချိရေးဓာတ်ပုံများ ရိုက်ခြင်းဖြင့် စစ်အုပ်စု၏ တရားဝင်မှုကို မရည်ရွယ်ဘဲ ထောက်ခံနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။
တချိန်တည်းမှာပင် လိုအပ်နေသော ဒုက္ခသည်များထံသို့ ကုလသမဂ္ဂ (UN) မှ ဝင်ရောက်ထောက်ပံ့ကူညီမှုသည် အလွန်အမင်း ပိတ်ပင်ခံထားရပြီး တော်လှန်ရေးနယ်မြေများတွင် ဝင်ရောက်ထောက်ပံ့ကူညီမှု မရှိသလောက် ဖြစ်နေသည်။ သို့ရာတွင် CSO များ အနေဖြင့် UN၊ INGO များနှင့် စာချုပ်မချုပ်ဆိုမီ လုပ်ဆောင်ရမည့် အကြောင်းရင်းများနှင့် လက်တွဲ လုပ်ဆောင်မှုကို ပြန်လည် စဉ်းစားသင့်သည့် အကြောင်းရင်းများစွာ ရှိသေးသည်။
နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်အုပ်စုထံ ခြောက်လ တကြိမ် ပုံမှန် အသိအမှတ်ပြု စာရင်းစစ် ထုတ်ပြန်ချက်များ ပေးရမည်ဖြစ်ပြီး စစ်အုပ်စု၏ အထူးစုံစမ်းမေးမြန်းမှုများအားလုံးကိုလည်း ဖြေဆိုပေးရမည် ဖြစ်သည်။ ထိုအချက်နှင့် ပရောဂျက်များ၏ ခေါင်းဆောင် အမည်များကို ဖြေဆိုရန် လိုအပ်ချက်သည် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများကို အန္တရာယ်ဖြစ်စေနိုင်သည်။
အခြေခံအားဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော မည်သည့်အဖွဲ့အစည်းမဆို ဝင်ငွေခွန်၊ ပစ္စည်းခွန်တို့ကို ပေးဆောင်ရမည်ဖြစ်ပြီး အဖွဲ့အစည်းမှတ်ပုံတင် သက်တမ်းတိုး နောက်ကျပါကလည်း ဒဏ်ငွေပေးဆောင်ရသည်။ ၎င်းငွေများသည် စစ်အုပ်စုမှ စိတ်ကြိုက်သုံးစွဲရန်အတွက် ဘဏ္ဍာထဲသို့ ရောက်သည်။
ပိုဆိုးသည်မှာ စစ်အုပ်စု၏ ပုံသေငွေလဲနှုန်းနှင့် ပေးဆောင်ရခြင်းဖြစ်သည်။ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြစ်သော်လည်း စစ်အုပ်စု၏ တရားဝင်နှုန်းထားမှာ ၂၁၀၀ ကျပ် ဖြစ်သည်။ စစ်အုပ်စု၏ ပုံသေငွေလဲနှုန်းသည် မှောင်ခိုဈေးကွက်တွင် နိုင်ငံခြားငွေ နှုန်းရှင် လဲလှယ်မှု အရောင်းအဝယ်ကို ဖြစ်စေသည်။
ထို့ပြင် ပေးဆောင်ရသောအခွန်သည် စစ်ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့မှုကို ဖြစ်စေသည်။ ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များကဲ့သို့ ပစ္စည်းများရရှိရန်အတွက် အသုံးချနိုင်စေပါသည်။
အဖွဲ့ဝင် ၃၀ သို့မဟုတ် ၃၀ ထက်ပိုသော ကန်ထရိုက်တာအများစုသည် ဝင်ငွေခွန်၊ ပစ္စည်းခွန်စသော အခွန်အခများအတွက် နောက်ကျကြေး( ရက်လွန်ကြေး) များအပါအဝင် မှတ်ပုံတင် သက်တမ်းတိုးရန် ဒဏ်ငွေ ဒေါ်လာတသိန်းနီးပါး ပေးဆောင်ရမည်ဖြစ်ပါသည်။ သို့သော် USAID နှင့် အလှူရှင်များက ထိုငွေကြေးပမာဏကို ပေးဆောင်နိုင်သည့်အတွက် INGO များအနေဖြင့် စိုးရိမ်စရာ မရှိပါ။
အဓိကအချက်မှာ မြန်မာနိုင်ငံအတွင်းသို့ စီးဝင်သော မည်သည့်ဒေါ်လာမဆို စစ်အုပ်စုအား နိုင်ငံခြားအရန်ငွေ တိုးရန်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။ အလှူရှင်များအနေဖြင့် ထိုသို့ဖြစ်လာနိုင်သည်ကို မယုံကြည် သို့မဟုတ် ထိုဖြစ်စဉ်ကို မတွေးတောနိုင် ဖြစ်နေပုံရသည်။
ကိုယ်တိုင် ပါဝင်သိရှိသော ဆုံးဖြတ်ချက် ချနိုင်စေရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများသည် ၎င်းတို့ကို လာရောက် ထောက်ပံ့ရန် ဖြစ်နိုင်ခြေရှိသော ငွေကြေးထောက်ပံ့မည့်သူတို့ကို မေးမြန်းရန် လိုအပ်ပါသည်။ အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များဖြင့် ဆုံးဖြတ်ချက် ချခဲ့ကြသည် (ကိုယ်ကျိုးစီးပွားများဖြင့်ဟုလည်း ဆိုနိုင်သည်)။ သို့သော် ပြည်တွင်းအဖွဲ့အစည်းများသည် ကောင်းကျိုး ဆိုးကျိုးများကို ချိန်ဆကာ အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် သင့် မသင့် ဆုံးဖြတ်ချက်များ ချရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် INGO နှင့် UN ကဲ့သို့သော ကန်ထရိုက်တာများသည် လက်ရှိအချိန်တွင် ၎င်းတို့၏ အလောင်းအစားများကို အကာအကွယ်ပေးနေကြသည်။ ၎င်းတို့၏ ဦးစားပေးမှာ ၎င်းတို့၏ “အနာဂတ်ဈေးကွက်ကို ထိန်းသိမ်းခြင်း” ဖြစ်သည်။ စစ်အုပ်စု တရားဝင်အစိုးရဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြသော်လည်း အလှူရှင်များနှင့် စာချုပ်များ အနာဂတ်တွင် မချုပ်ဆိုနိုင်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့၏ MoU နားလည်မှုစာချွန်လွှာများကို သက်တမ်းတိုးမည်ဖြစ်သည်။
စိတ်မကောင်းစွာပင် USAID ကဲ့သို့သော အလှူရှင်များသည် ယင်းဖြစ်စဉ်ပေါ်တွင် ခိုင်မာသောရပ်တည်ချက်မျိုး မရှိခဲ့ပါ။ နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်အုပ်စုထံ အသိအမှတ်ပြုမှတ်ပုံတင် မလုပ်ထားပါက စုံစမ်းစစ်ဆေးခံရနိုင်သော အန္တရာယ်ရှိသည်ဟု အများသဘောတူ လက်ခံထားသော်လည်း တကယ့်မေးခွန်းမှာ ၎င်းတို့သည် နိုင်ငံထဲတွင် အမှန်တကယ်ရှိရန် လိုအပ်ပါသလား ဆိုသောမေးခွန်းဖြစ်သည်။
အမှန်စင်စစ် အလှူရှင်များသည် အမေရိကန်လွှတ်တော်မှ အတည်ပြုခဲ့သော “ Burma Act ” တွင် ဖော်ပြထားသည့်အတိုင်း NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် CSO များကို ရန်ပုံငွေထောက်ပံ့ရန် နည်းလမ်းနောက်တခုရှိကြောင်း သိသင့်ပြီး ထိုနည်းလမ်းကို အသုံးပြုသင့်သည်။ ကံမကောင်းစွာပင် အလှူရှင်များစွာသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ လုံလောက်သော သတင်းအချက်အလက် မရရှိကြသောကြောင့် ၎င်းတို့အတွက် ပိုမိုလွယ်ကူသော UN(ကုလသမဂ္ဂ) မှတဆင့် မျက်စိစုံမှိတ် ရန်ပုံငွေ ထောက်ပံ့ကြသည်။
ကုလသမဂ္ဂ မှတဆင့် မြန်မာနိုင်ငံသို့ရောက်သွားသော ရန်ပုံငွေများနှင့် စစ်အုပ်စုမှ အမြတ်ထုတ်မှုတို့၏ အကျိုးအပြစ်အပေါ် ဘက်မလိုက်ဘဲ သီးခြား ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။ တချိန်တည်းမှာပင် အရပ်ဘက်အဖွဲ့အစည်းများကလည်း မှန်ကန်သောမေးခွန်းများကို မေးမြန်း၍ မိမိတို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါသည်။
( ပေါလ် ဂရင်းနီးသည် အာရှနိုင်ငံခြောက်နိုင်ငံတွင် ကုလသမဂ္ဂအေဂျင်စီခြောက်ခုနှင့် INGO လေးခုအတွက် လုပ်ဆောင်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသည့် ကုလသမဂ္ဂ အကြီးတန်းအရာရှိဟောင်းတဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar Civil Society Organizations Face a Moral Conundrum on Funding ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
စစ်ကောင်စီနဲ့ ဆက်လက်အကျိုးဖြစ်ထွန်းနေတဲ့ IOM
သက်ဆိုင်သူများ မပါသည့် အကူအညီပေးရေး လုပ်ငန်းစဉ် ရပ်ရန် NUG နှင့် EAOs သုံးဖွဲ့တိုက်တွန်း
ကူညီရေးအဖွဲ့များ ရခိုင်သို့ သွားခွင့်ပြုဟု စစ်ကောင်စီဆိုသော်လည်း သွားလာခွင့်မရသေး