၂၀၂၁ ခုနှစ်အစောပိုင်းတွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် အန္တရာယ်များသည့် ထိန်းချုပ်မရတော့သော အခြေအနေသို့ ရောက်သွားသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် ငြိမ်းချမ်းသော လူထုဆန္ဒပြပွဲနှင့် စတင်ခဲ့သော လှုပ်ရှားမှုသည် လက်နက်ကိုင် ခုခံတော်လှန်ရေးအဖြစ် ပေါက်ကွဲထွက်ပြီး နိုင်ငံ၏ အစိတ်အပိုင်းအများအပြားတွင် အသစ်တဖန် ပြန်လည် ပြင်းထန်လာသော ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားသည်။
ပိုမိုသစ်လွင်သော ဒီမိုကရေစီ အင်အားစုများသည် ဗဟိုအာဏာပိုင်ကို တော်လှန်တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲကာ စစ်အုပ်စုကို တိုက်ခိုက်ကြသောကြောင့် ထိုပဋိပက္ခသည် ရေရှည်စစ်အဖြစ် ပြောင်းလဲသွားသည်။ သေနင်္ဂဗျူဟာ အကျပ်အတည်း ကြီးထွားနေသည့် လက္ခဏာများအကြား စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအင်အားစု နှစ်ဘက်လုံးက ဆက်လက် တိုက်ခိုက်ကြရန် ဆုံးဖြတ်ထားပုံရသည်။ အိမ်နီးချင်းနိုင်ငံများက ကြားဝင် ဆောင်ရွက်ပေးနေကြသော်လည်း ညှိနှိုင်းဖြေရှင်းသည့် ငြိမ်းချမ်းရေးကို လတ်တလော မမြင်နိုင်သေးပေ။
အင်အားကြီးနိုင်ငံများအကြား ပြင်းထန်သော တင်းမာမှုဖြစ်နေစေကာမူ လွန်ခဲ့သော နှစ်နှစ်အတွင်း အချိန်အများအပြားတွင် မြန်မာအကျပ်အတည်းသည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်၏ အာရုံစိုက်မှု အနည်းငယ်သာ ရရှိသည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောသော်လည်း ပထဝီနိုင်ငံရေးဆိုင်ရာ စဉ်းစားသုံးသပ်ချက်များကြောင့် စစ်ကောင်စီကို အတင်းအကျပ် အရေးယူရန် စိတ်အားထက်သန်မှု အကန့်အသတ်ဖြင့်သာ ရှိနေသည်။ ဘေဂျင်းသည်လည်း အချို့အချက်များတွင် စစ်အာဏာရှင်စနစ်ကို ပိုမိုနှစ်သက်သော်လည်း ကနဦးတွင် အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
သို့သော် အဆိုပါ အင်အားကြီးနိုင်ငံများ ဆက်လက်ပြီး ထိုသို့ ထိန်းထိန်းသိမ်းသိမ်း ဆက်မနေနိုင်တော့ပေ။ ဖြစ်ပေါ်တိုးတက်မှု အများအပြားကြောင့် ဘေဂျင်းက စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသည် အမေရိကန်လက်ဝေခံများ ဖြစ်သည်ဟု မှားယွင်းနားလည်ပြီးနောက် စစ်ကောင်စီကို ထောက်ခံရန် ပိုမိုဆုံးဖြတ် လှုပ်ရှားလာသည်။ ရလဒ်မှာ စစ်အေးတိုက်ပွဲပုံစံသွင်းခြင်းဟု ခေါ်နိုင်သည့် ရလဒ်ဖြစ်သည်။ ထိုပြည်တွင်းစစ်သည် အင်အားကြီးပြိုင်ဘက်များက ဝင်ရောက်စွက်ဖက်မှုကို ဆွဲဆောင်သလိုဖြစ်လာပြီး တဖက်က ဝင်ရောက်ပါဝင်မှု မရှိခြင်းသည် အခြားတဘက်အတွက် အကျိုးရှိသွားမည်ကို တဖက်စီက စိုးရိမ်လာကြသည်။
ထိုအခြေအနေသည် ဒေသတွင်းမှ အခြားနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို အခက်အခဲ အကျပ်အတည်း ဖြစ်စေသည်။ အာဆီယံ၏ အဓိကမူများအနက်တခုမှာ အဖွဲ့အစည်းကို တရုတ်နှင့် အမေရိကန်အနက် တခုခုကို ရွေးချယ်ရန် ဖိအားပေး မခံရရေး ဖြစ်သည်။ ထိုသို့ရွေးမည့်အစား အာဆီယံသည် ထိုအင်အားကြီး နှစ်နိုင်ငံလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းရန် တန်ဖိုးထားသည်။
မြန်မာပြည်တွင်းစစ်သည် စစ်အေးတိုက်ပွဲ လက်ဝေခံပဋိပက္ခအသွင် ဆောင်လာသောအခါ မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီနှင့် ဒီမိုကရေစီအင်အားစု အကြားတွင်သာမက တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြားတွင်ပါ မကြာမီ ရွေးချယ်ရနိုင်သည်။
သို့သော် မြန်မာပြည်တွင်းစစ်သည် စစ်အေးတိုက်ပွဲ လက်ဝေခံပဋိပက္ခအသွင် ဆောင်လာသောအခါ မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီနှင့် ဒီမိုကရေစီအင်အားစု အကြားတွင်သာမက တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြားတွင်ပါ မကြာမီ ရွေးချယ်ရနိုင်သည်။ ပြည်တွင်းစစ်သည် စစ်အေးတိုက်ပွဲ လက်ဝေခံစစ်အသွင် ဆောင်လာရခြင်းမှာ ဒေသတွင်းအစိုးရများက စစ်ကောင်စီနှင့်ပတ်သက်ပြီး ညီညွတ်ရန် စိတ်အားထက်သန်မှု မရှိသောကြောင့် တစိတ်တပိုင်းအားဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေပင် ဖြစ်သည်။ ဝါရှင်တန်နှင့် မဟာမိတ်များအမြင်တွင် တရုတ်အစိုးရ၏ ကျေးဇူးခံ ကျေးဇူးစား စစ်ကောင်စီ အခြေခိုင်လာခြင်းသည် ၎င်းတို့သြဇာကျဆင်းပြီး အရှေ့တောင်အာရှ တခုလုံးတွင် ပိုမိုကြီးမားသော မတည်ငြိမ်မှုဖြစ်စေမည့် လက္ခဏာဖြစ်သည်။
အသစ်တဖန် ပြင်းထန်လာသော ပြည်တွင်းစစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် မြန်မာကို ပဋိပက္ခနှင့် ပျက်စီးမှု လမ်းကြောင်းပေါ် တင်ပေးလိုက်သည်။ စစ်အာဏာသိမ်းသူများသည် ပြည်သူများအကြား ထောက်ခံမှု မရသလောက်ပင်ဖြစ်ပြီး ဖြုတ်ချခံရသည့်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ထောက်ခံကြသည်။ သိန်းနှင့်ချီသော ပြည်သူများသည် လမ်းမများပေါ်ထွက်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်ကြသည်။ ဖြုတ်ချခံ အစိုးရ အဖွဲ့ဝင်များသည် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထူထောင်ရေးအတွက် နိုင်ငံရေးနှင့် တိုင်းရင်းသားအုပ်စုများနှင့် ပူးပေါင်းလိုက်သည်။ စစ်တပ်၏ တုံ့ပြန်မှုမှာ အတိုက်အခံများကို အညှာအတာကင်းမဲ့သော သိမ်းကြုံးအကြမ်းဖက်မှု ဖြစ်သည်။
၂၀၂၁ ခုနှစ် နွေဦးရောက်သောအခါ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများသည် လက်နက်စွဲကိုင်ပြီး အရှုံးမပေးဘဲ ပြန်လည်တိုက်ခိုက်ရန် သစ္စာဆိုကြသောကြောင့် မြန်မာသည် အသစ်တဖန် ပြန်လည်ပြင်းထန်လာသော ပြည်တွင်းစစ်သို့ ဒယိမ်းဒယိုင် အလျင်အမြန် ရောက်ရှိသွားသည်။ ခုခံတော်လှန်ရေး အင်အားစုများသည် နိုင်ငံ၏ နှစ်ဒါဇင်ခန့်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားတွင် မဟာမိတ်များ တွေ့ရှိသွားသည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံတည်ထောင်ချိန်မှ စတင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး သို့မဟုတ် လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း မြန်မာ၏ နယ်စပ်တလျှောက်တွင် အခြေစိုက်ပြီး ၎င်းတို့အနက် အချို့သည် အိမ်နီးချင်း တရုတ်နှင့် နီးကပ်သော စီးပွားရေးနှင့် နိုင်ငံရေး အဆက်အသွယ်များ ရှိကြသည်။
အညှာတာကင်းမဲ့ပြီး လက်နက်ကောင်းကောင်း တပ်ဆင်ထားသည့် ရန်သူနှင့် ရင်ဆိုင်ရသော်လည်း ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကျေးလက်ဒေသ အများအပြားတွင်၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ်တွင် ခြေကုပ်စခန်းများ အလျင်အမြန် တည်ဆောက်နိုင်ကြသည်။
၂၀၂၁ ခုနှစ် နှစ်လယ်ကပင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ၏တပ်များသည် တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြောင်း ဝန်ခံရသည်။ ထိုအချိန်ကပင် စတင်ပြီး ခုခံတော်လှန်ရေး အင်အားစုများသည် ကျေးလက်တွင် အခြေချထားသော်လည်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးအင်အားနှင့် လေတပ်အင်အားကြောင့် မြို့ကြီးမြို့ငယ်များကို သိမ်းပိုက်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ၂၀၂၃ ခုနှစ် နွေဦးမှစတင်ပြီး နှစ်ဖက်လုံးသည် သေနင်္ဂဗျူဟာ အကျပ်အတည်းဆိုက်နေပုံရသည်။
နှစ်ဘက်ခွ ကစားပွဲများ
အာဏာသိမ်းပြီး မြန်မာနှင့်ပတ်သက်သည့် အမေရိကန် ပြည်ထောင်စု၏ နည်းလမ်းတွင် တန်ဖိုးများနှင့် အကျိုးစီးပွားများအကြား သတိထားသော လက်တွေ့ကျသည့် ချိန်ညှိမှုပါဝင်သည်။ ဝါရှင်တန်သည် စစ်ကောင်စီကို ဆန့်ကျင်သော်လည်း ဒေသတွင်းမှ မဟာမိတ်များနှင့် မိတ်ဆွေများကို ပစ်ပယ်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သည်။ ထိုဒေသတွင်း မဟာမိတ်များနှင့် မိတ်ဆွေများအနက် အချို့သည် အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း မြန်မာ စစ်အုပ်စုနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေသည်။
အဆင့်မြင့် အမေရိကန်အရာရှိများသည် မြန်မာအတိုက်အခံ ခုခံတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်အစိုးရက မြန်မာစစ်ဘက် ထိပ်တန်းအရာရှိများကို ပစ်မှတ်ထား အရေးယူမှုများ ပြုလုပ်သည်။ သို့သော် ထိုအရေးယူ ပိတ်ဆို့မှုများသည် စစ်ကောင်စီ၏ အရေးအပါဆုံး ပိုင်ဆိုင်မှုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို မထိခိုက်ပေ။
ထိုလုပ်ငန်းသည် အစိုးရပိုင်လုပ်ငန်းဖြစ်ပြီ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဝင်ငွေရရှိစေကာ စစ်ကောင်စီအတွက် လွန်စွာလိုအပ်နေသည့် နိုင်ငံခြားငွေ ရှာဖွေပေးသည်။ ဝါရှင်တန်သည် ထိုင်းစွမ်းအင် ကုမ္ပဏီများနှင့် စင်ကာပူ ဘဏ္ဍာရေးလုပ်ငန်းများ စသည့် စစ်ကောင်စီနှင့် စီးပွားရေးလုပ်သည့် သူများကို ဒုတိယအဆင့် အရေးယူပိတ်ဆို့ခြင်း မရှိပေ။
အဆင့်မြင့် အမေရိကန်အရာရှိများသည် မြန်မာအတိုက်အခံ ခုခံတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်အစိုးရက မြန်မာစစ်ဘက် ထိပ်တန်းအရာရှိများကို ပစ်မှတ်ထား အရေးယူမှုများ ပြုလုပ်သည်။ သို့သော် ထိုအရေးယူ ပိတ်ဆို့မှုများသည် စစ်ကောင်စီ၏ အရေးအပါဆုံး ပိုင်ဆိုင်မှုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို မထိခိုက်ပေ။
အမေရိကန် ပြည်ထောင်စုဘက်မှ ထိုသို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းသည် ဒေသတွင်းမှ အခြားနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံကို ကျေနပ်အောင် လုပ်ပေးရန် ရည်ရွယ်ပုံရသည်။ ထိုင်းအစိုးရသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြင့် အာဏာရလာသည့် အစိုးရဖြစ်ပြီး မြန်မာစစ်ကောင်စီကို ဆက်လက်ထောက်ခံကာ နီးကပ်သော စီးပွားရေးဆက်ဆံရေး ရှိနေသည်။
သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန် ကဲ့သို့သော အင်ဒို-ပစိဖိတ်ဒေသတွင်း အရေးပါသော အမေရိကန် မဟာမိတ်များနှင့် မိတ်ဆွေများသည် မြန်မာအကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ပြောကြသော်လည်း ဖိအားအလွန်အကျွံ ပေးသောကြောင့် စစ်ကောင်စီအပေါ် ပိုမိုကြီးမားသော တရုတ်သြဇာအတွက် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်မည်ကိုလည်း စိုးရိမ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မြန်မာနှင့်ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်း (သို့မဟုတ်) အိန္ဒိယသည် စစ်ကောင်စီနှင့် စီးပွားရေး သံတမန်ရေး တိုးချဲ့ရုံသာမက ၎င်းတို့သည် မြန်မာခုခံတော်လှန်ရေး အင်အားစုကို ထောက်ခံမည့် အလားအလာ မရှိပေ။
အမေရိကန် ပြည်ထောင်စုနှင့် အလားတူ တရုတ်နိုင်ငံသည် မြန်မာမှ ဖရိုဖရဲ အခြေအနေများကို နှစ်ခွမြင်သည်။ ဘေဂျင်းသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ မဖြုတ်ချခံရမီက မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ကျေနပ်သည်။ တရုတ်နိုင်ငံ၏အမြင်အရ ကြည့်ပါက အိမ်နီးချင်းနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်အရ ဒေါ်လာ ဘီလီယံချီသော မြန်မာမှ ရင်းနှီးမြှုပ်နှံမှုများအတွက် သတင်းဆိုးဖြစ်သည်။
တရုတ်သည် မြန်မာနှင့် နယ်စပ် မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေသည်။ တရုတ်သည် မြန်မာစစ်တပ်သို့ လက်နက်တင်ပို့သည့် ထိပ်တန်းနိုင်ငံဖြစ်သော်လည်း တရုတ်ကို မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းက အယုံအကြည် မရှိပေ။ မြန်မာစစ်တပ်သည် ကြိုတင်ခန့်မှန်းမရဟုလည်း တရုတ်က မြင်သည်။ ဘေဂျင်းသည် မှောင်ခိုနယ်စပ်ဖြတ်ကျော် လက်နက်ကုန်သွယ်မှုကို ခွင့်ပြုထားခြင်းဖြင့် မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့ကိုလည်း ထောက်ခံသည်။
ထိုအကြောင်းနှင့် အခြားအကြောင်းများကြောင့် ဘေဂျင်းမှ ခေါင်းဆောင်များသည် မြန်မာအာဏာသိမ်းမှု အပြီးတွင် လောင်းကြေး ခွဲထပ်ထားသည်။ တရုတ်ခေါင်းဆောင်များသည် စစ်အာဏာသိမ်းမှုကို မည်သည့်အခါကမှ မရှုတ်ချသလို အရပ်သားအုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းပေးရန်လည်း လူသိရှင်ကြား တောင်းဆိုခြင်းလည်း မပြုပေ။
၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း လမ်းကြောင်းဖောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဖျက်သိမ်းရန် စစ်ကောင်စီကို ဖိအားပေးသည်။ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တခုခုအကြား တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအတွင်း အမြောက်ဆံများ မတော်တဆ ကျရောက်သောအခါ နောက်တကြိမ် ထိုသို့ ဖြစ်ပါက “လိုအပ်သလို တုံ့ပြန်မည်ဖြစ်ကြောင်း” တရုတ်က စစ်ကောင်စီကို သတိပေးကြောင်း သတင်းများတွင် ဖော်ပြကြသည်။
တရုတ်ခေါင်းဆောင်များသည် မြန်မာစစ်ဗိုလ်ချုပ်များကို အနီးကပ်မခံဘဲ ခပ်လှမ်းလှမ်းတွင်သာ ထားသည်။ ၂၀၂၂ ခုနှစ် နွေရာသီတွင် ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာသို့ လာရောက်လည်ပတ်သောအခါ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ငြင်းဆန်သောကြောင့် ထိုစဉ်က အဓိက သံတမန်ရေး အဖုအထစ် ဖြစ်ခဲ့သည်။
တရုတ်က ထိုးစစ်ပြင်လာ
မြန်မာနှင့်ပတ်သက်သည့် တရုတ်နှင့် အမေရိကန် အကျိုးစီးပွား အမျိုးမျိုး၏ ရှုပ်ထွေးမှုကြောင့် မြန်မာနိုင်ငံသည် အမေရိကန်-တရုတ် ယှဉ်ပြိုင်မှု၏ ဆွဲအားကို အနည်းဆုံး ခဏတာမျှ ရှောင်ရှားနေနိုင်သည်။ မြေပြင်တွင် စစ်တိုက်နေသော အဖွဲ့များသည် ၎င်းတို့၏ စစ်ပွဲကို တကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် မြင်ကြသည်။ ထိုအချက်ကို မြန်မာ ခုခံတော်လှန်ရေး အင်အားစုများက ယူကရိန်းကို ထောက်ခံခြင်းနှင့် ရုရှားနှင့်စစ်ကောင်စီ ဆက်ဆံရေးကို ဆန့်ကျင်ခြင်းတို့က ပြသနေသည်။
သို့သော် ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် ထိုသို့မမြင်ကြဘဲ ၎င်းတို့အတွက် ပြည်တွင်းစစ်ဆိုသည်မှာ ချိန်ညှိခြင်းနှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်းသာဖြစ်ပြီး လက်ဝေခံစစ်ပွဲ မဟုတ်ပေ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်တို့သည် ကုလသမဂ္ဂမှ မြန်မာကိုယ်စားလှယ် နေရာအတွက် စစ်ကောင်စီကို ပိတ်ဆို့ရန်ပင် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ဘေဂျင်းသည် ကနဦးက သတိထားနေရာမှ စစ်ကောင်စီကို ထောက်ခံလိုက်သောကြောင့် လွန်ခဲ့သောနှစ်အတွင်း အခြေအနေသည် အဆိုးဘက်သို့ လှည့်ပြောင်းလာသည်။ ထိုအပြောင်းအလဲကို ဖြစ်စေသည်မှာ အမေရိကန် ပြည်ထောင်စုသည် လမ်းကြောင်းပြောင်းပြီး ဒီမိုကရေစီလိုလားသော ခုခံတော်လှန်မှုကို အပြည့်အဝ ထောက်ခံကာ ၎င်းတို့အပေါ် သြဇာခိုင်မာအောင်လုပ်သည်ဟု ဘေဂျင်းက ယူဆခြင်းကြောင့် ဖြစ်သည်။
အထူးသဖြင့် မြန်မာနှင့်ပတ်သက်သည့် ဥပဒေကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်ခြင်းနှင့် NUG ရုံးခန်းဖွင့်ခွင့်ပေးရန် လွန်ခဲ့သောနှစ်က ဆုံးဖြတ်လိုက်ခြင်းစသည့် ဖြစ်ပေါ်တိုးတက်မှု နှစ်ခုသည် ဘေဂျင်းကို တွန်းအားပေးလိုက်သည်။
အမှန်တရားမှာ ထိုလုပ်ရပ် နှစ်ခုလုံးသည် အမေရိကန် ပြည်ထောင်စု၏ မူဝါဒများကို အဓိပ္ပာယ်ပြည့်ဝစွာ ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။ ထိုဥပဒေဖြစ်သည့် ၂၀၂၃ ခုနှစ် ဘားမားအက်သည် အာဏာသိမ်းမှု ပြန်လည်ရုတ်သိမ်းရေး အမေရိကန် ရည်မှန်းချက်ကိုသာ ထပ်မံတောင်းဆိုပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသို့ လက်နက်မဟုတ်သော စစ်ရေးအကူအညီ (အများအားဖြင့် ဆက်သွယ်ရေး ကိရိယာများ) ထောက်ပံ့ခြင်းသာ ပါဝင်သည်။
အထူးသဖြင့် မြန်မာနှင့်ပတ်သက်သည့် ဥပဒေကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်ခြင်းနှင့် NUG ရုံးခန်းဖွင့်ခွင့်ပေးရန် လွန်ခဲ့သောနှစ်က ဆုံးဖြတ်လိုက်ခြင်းစသည့် ဖြစ်ပေါ်တိုးတက်မှု နှစ်ခုသည် ဘေဂျင်းကို တွန်းအားပေးလိုက်သည်။
သို့သော် ထိုဥပဒေသည် လူသတ်လက်နက် ထောက်ပံ့ခြင်း သို့မဟုတ် စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အရေးယူရန် ခွင့်ပြုထားခြင်း မရှိသည့်အပြင် ထိုလက်နက် မဟုတ်သည့် အကူအညီများ ပေးခြင်းသည်ပင် နှေးကွေးနေသေးသည်။ မြန်မာခုခံတော်လှန်ရေး အင်အားစုများနှင့် ပတ်သက်သော အမေရိကန် အားထုတ်မှုများသည် အမေ့ခံ အားထုတ်မှုများ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ယူကရိန်းသို့ ရုရှားကို တိုက်ရန်ပေးသည့် ထောက်ပံ့မှုများနှင့် နှိုင်းယှဉ်ပါက မပေးသလောက်ပင် ဖြစ်နေသော ပမာဏဖြစ်သည်။
NUG ရုံးကို အမေရိကန် မြို့တော်တွင် ဖွင့်ခွင့်ပေးထားပြီး NUG ၏ ရည်ရွယ်ချက်မှာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုးချဲ့ရန် ဖြစ်သော်လည်း ယခုအခါ မေးစရာဖြစ်လာသည်။
မည်သို့ဆိုစေ ထိုသို့သော သတိပေးချက်များကြောင့် ဘေဂျင်းသည် နှစ်နှစ်ကျော်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ခပ်ကင်းကင်းနေခြင်းကို အဆုံးသတ်လိုက်ပြီး စစ်ကောင်စီကို ခြေစုံပစ် ထောက်ခံရန် ဖြစ်စေသည်။ မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များနှင့်အညီ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးအတွက် တရုတ်က ကူညီမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ စစ်ကောင်စီကို ထောက်ခံမည်ဖြစ်ကြောင်း သံတမန်ရေးအရ အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
ယခုနှစ်အစောပိုင်းသို့ ရောက်သောအခါ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ပိတ်ပင်လိုက်သည်။ ဘေဂျင်းက သဘောတူကြောင်း အချက်မပြလျှင် စစ်ကောင်စီက ထိုသို့ လုပ်မည် မဟုတ်ပေ။ အတွင်းလူများ၏ အဆိုအရ တရုတ်ဘက်မှ ဆွေးနွေးသူများသည် ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေး အင်အားစုများ၊ အနောက်နိုင်ငံများနှင့် နီးနီးကပ်ကပ် မဆက်ဆံရန် တိုက်တွန်းကြောင်း သိရသည်။
ဘေဂျင်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သစ် တိန့်ရှီကျွန်းကလည်း သွေးထိုးသည်။ မကြာသေးမီ လများအတွင်း မစ္စတာ တိန့်သည် စစ်ကောင်စီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ အများအပြား ကျင်းပပြီး ၎င်းတို့အကြား အပစ်အခတ်ရပ်စဲရေး တွန်းအားပေးရန် ကြိုးစားသည်ဟု သတင်းများတွင် ဖော်ပြသည်။
ထိုရလဒ်သည် စစ်ကောင်စီကို အကျိုးပြုပြီး ခုခံတော်လှန်ရေး အင်အားစုကို အင်အားချိနဲ့သွားစေမည် ဖြစ်သည်။ တရုတ်ဘက်ယိမ်းသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီ အပစ်အခတ်ရပ်စဲခြင်းသည် ထိုအဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဒီမိုကရေစီလိုလားသော မဟာမိတ်များအကြား သပ်လျှိုခြင်းသာ ဖြစ်သည်။
ဒီမိုကရေစီလိုလားသော ခုခံတိုက်ခိုက်ရေးသမားများသည် လေ့ကျင့်ရေး၊ လူအင်အား၊ စစ်လက်နက်ပစ္စည်းများအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မှီခိုနေရသည်။ ထိုစစ်လက်နက်ပစ္စည်းအများစု၏ တရုတ်ပင်ရင်းများဖြစ်ပြီး ၎င်းတို့ကို တရုတ်လုပ် အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည်။
အခြားတဘက်တွင်လည်း စစ်ကောင်စီသည် တပြိုင်နက် တိုက်ခိုက်ရသည့် စစ်မျက်နှာ နည်းသွားပြီး စစ်သားများကို အခြားအရေးပါသော နေရာများတွင် ပြန်လည်ဖြန့်ကြက် (စစ်အင်အား ထုတ်နုတ်) နိုင်သည်။ ရလဒ်မှာ စစ်ကောင်စီသည် ပိုမိုအတင့်ရဲလာပြီး ဆက်လက်ရှင်သန်ရေး အလားအလာအတွက် ပိုမိုယုံကြည်မှု ရှိလာကာ တိုက်ခိုက်ရန် စိတ်အားထက်သန်လာမည် ဖြစ်သည်။
ခြံစည်းရိုးပေါ်မှ ခုန်ချခြင်း
တရုတ်က မြန်မာကို ပြန်လည်စိတ်ဝင်စားပြီး ထိတွေ့ဆက်ဆံခြင်းသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် စစ်ပွဲများ စသည့် အရှေ့တောင်အာရှမှ စစ်အေးတိုက်ပွဲ ပဋိပက္ခကို ပြန်လည်အမှတ်ရစေသည်။ ယခုအခါ ပြည်တွင်း ပြိုင်ဘက်အင်အားစုများသည် အခြေအနေကို အသုံးချပြီး ပြိုင်ဘက်မဟာ အင်အားကြီး နိုင်ငံများထံမှ ထောက်ခံမှု တောင်းဆိုကြသည်။ ထိုအင်အားကြီး နိုင်ငံများကလည်း အခြားတဘက်က အသာစီးရသွားမည်ကို စိုးရိမ်ကြပြီး ထိုသို့သောအားထုတ်မှုများကို လက်ခံကြသည်။
ယနေ့မြန်မာသည်လည်း ခြွင်းချက်မဟုတ်ပေ။ တရုတ်နှင့် ၎င်း၏ပြိုင်ဘက်များအကြား ယှဉ်ပြိုင်မှုသည် အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယတို့၏ တရုတ်၏ အားပြိုင်မှုသည် အင်ဒိုပစိဖိတ် ဒေသတွင်းမှ နိုင်ငံအများအပြားကို ဘက်ရွေးရန် တွန်းအားပေးခံရသည်ဟု ခံစားရသောကြောင့် ထိုအခြေအနေက ၎င်းတို့၏ ပြည်တွင်းနိုင်ငံရေးကို ပြန်လည်ပုံဖော်နေသည်။
မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံများသည် တရုတ်နှင့် အိန္ဒိယအကြား ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ တရုတ်သြဇာလွှမ်းမိုးမှု ပြဿနာနှင့် တရုတ်၏ ဒေသတွင်း သြဇာကို လက်ခံခြင်း၊ လက်မခံခြင်းသည် တောင်အာရှ၊ အရှေ့တောင်အာရှ တစိတ်တပိုင်းနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများတွင် နိုင်ငံရေးအရ ဝေဖန်မှုများကို ဆွဲဆောင်သည့်အချက် ဖြစ်နေသည်။
သို့သော် မြန်မာပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခတွင် ပေးဆပ်ရမည့် အရင်းအနှီးသည် ကြီးမားလှသည်။ မြန်မာတွင် တရုတ်က ပိုမိုပါဝင်ပတ်သက်လာခြင်းသည် ပြည်သူများခံစားရသည့် ဒုက္ခကို ပိုမိုရှည်ကြာစေပြီး နောက်ထပ် မဟာအင်အားကြီး တင်းမာမှုများကို ဖြစ်စေသည်။
အမေရိကန်-တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာ့ပြည်တွင်းစစ်၏ သဘောတရားရေးရာ သွင်ပြင်အရ ပဋိပက္ခ ဖြစ်ပွားနေသောအဖွဲ့များသည် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် ပိုမို ပတ်သက်လာနိုင်သည်။ သို့သော် အဓိက တာဝန်ယူရမည့်သူများမှာ တာဝန်ကို စွန့်လွှတ်ခြင်းဖြင့် တရုတ်က ဝင်ရောက်ကစားနိုင်အောင် လုပ်ပေးခဲ့သည့် ဒေသတွင်းနိုင်ငံများဖြစ်သည်။ အာဆီယံသည် အထူး ညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သည်။ ဘုံသဘော တူညီချက်တည်ဆောက်ခြင်းနှင့် မစွက်ဖက်ရေးမူကို အာဆီယံက အာရုံစိုက်သောကြောင့် စစ်ကောင်စီအပေါ် မည်သည့် လေးနက်သောဖိအားမျှ ကျင့်သုံးနိုင်ခြင်းမရှိခဲ့ပေ။
ယခုပဋိပက္ခတွင် အာဆီယံ၏ အကောင်းဆုံး သံတမန်ရေး အစီအစဉ်မှာ ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် အလုပ်မဖြစ်သော ၂၀၂၁ ခုနှစ်က သဘောတူညီချက်သာဖြစ်ပြီး အကောင်အထည်ဖော်ရန် ယန္တရားမရှိသောကြောင့် မကြာမီ စွမ်းအားကုန်ခန်းသွားသည်။ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအစိုးရ၏ နောက်ဖေးပေါက် သံတမန်ရေး ချိနဲ့သောအားထုတ်မှုများသည်လည်း အခြေအနေ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ပေ။
တချိန်တည်းတွင် ထိုင်းနှင့်လာအို အပါအဝင် ပဒေသရာဇ် အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားသည် စစ်ကောင်စီကို အာဆီယံအတွင်း ပြန်လည်ထူထောင်ရေး လုပ်ပေးရန် စိတ်အားထက်သန်နေပုံရသည်။ လာအိုသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်နိုင်ငံဖြစ်သည်။
မပြီးနိုင်မစီးနိုင် ဆုံးဖြတ်ချနိုင်မှု မရှိခြင်းနှင့် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးရေး စကားများအစား အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဒေသတွင်းမှ အခြားနိုင်ငံများသည် ပကတိ အချက်အလက်များကို ရင်ဆိုင်သင့်သည်။
ပထမဆုံးအချက်မှာ မြန်မာစစ်အုပ်စုသည် ရာစုနှစ်၏ လေးပုံသုံးပုံကြာအောင် မြန်မာကို အကြိမ်ကြိမ် ဝါးမြိုခဲ့သည့် အကြမ်းဖက်မှုအတွက် စနစ်နှင့်ပတ်သက်သည့် တိုက်ရိုက်အကြောင်းရင်း ဖြစ်သည်။
ဒုတိယအချက်မှာ ထိုစစ်အုပ်စုသည် ပစ်အား အပြတ်အသတ် အသာစီးရနေသော်လည်း ကျေးလက်ဒေသများကို ထိန်းချုပ်မှု ခိုင်မာအောင် မလုပ်နိုင်၊ တိုင်းရင်းသားလက်နက်ကိုင်များကိုမချေမှုန်းနိုင်ဘဲ လူထုဆန့်ကျင်ခုခံတော်လှန်မှုကို မဖိနှိပ်နိုင် စသည့်အချက်များက ပြသနေသည့်အတိုင်း စစ်မြေပြင်တွင် အောင်ပွဲခံနိုင်သည့် စွမ်းရည်မရှိသော စစ်အုပ်စုဖြစ်သည်။ ထိုစစ်အုပ်စုကို အာဏာမှ ဖယ်ရှားခြင်းသည်သာ နိုင်ငံတွင်ရေရှည် ငြိမ်းချမ်းရေး ရရှိရေးအတွက် တခုတည်းသော လက်တွေ့ကျသည့် ရွေးချယ်မှုဖြစ်သည်။
အာဆီယံနှင့် အခြားနိုင်ငံများ၏ သံတမန်ရေး အားထုတ်မှုသည် ထိုပကတိအရှိတရားကို ထင်ဟပ်သင့်သည်။ အရပ်သားများကို အာဏာလွှဲပေးရန် စစ်တပ်က ပျက်ကွက်သောကြောင့် ဆူဒန်ကို ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသည့် အာဖရိကသမဂ္ဂကို အာဆီယံအနေဖြင့် သင်ခန်းစာယူ လေ့လာသင့်သည်။
နောက်ဆုံးအချက်မှာ အာဆီယံသည် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှု ရှာဖွေရေးနှင့် အင်အားကြီးနှစ်နိုင်ငံ အလိုကျ လုပ်ပေးရန် ကြိုးစားခြင်းဖြင့် အသုံးမဝင်တော့သည့် အဖွဲ့အစည်းဖြစ်သွားမည့် အန္တရာယ် ရှိနေသည်။ ထိုနည်းလမ်းသည် တောင်တရုတ်ပင်လယ်တွင် တရုတ်က အပြင်းအထန် နယ်ပယ်ချဲ့ထွင်သောအခါ ထိရောက်မှု မရှိကြောင်း ပြသခဲ့ပြီးဖြစ်သည်။
မြန်မာတွင် အာဆီယံအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်အချို့ ချမှတ်ရမည်ဖြစ်ပြီး ခြံစည်းရိုးပေါ်မှ ခုန်ချရမည်။ စစ်ကောင်စီကို ထောက်ကူရန် တရုတ်၏ သံတမန်ရေး အားထုတ်မှုများသည် အောင်မြင်လျှင်ပင် မြန်မာပဋိပက္ခကို သက်ဆိုးရှည်စေမည်ဖြစ်ပြီး တရုတ်၏ ခေတ်နောက်ပြန်ဆွဲ ပထဝီနိုင်ငံရေး ရည်မှန်းချက်များ၏ ကျေးဇူးခံ ကျေးဇူးစား စစ်ကောင်စီကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။
အပြန်အလှန်အားဖြင့် ထိုရလဒ်သည် ဒေသတွင်းမှ အခြားနိုင်ငံများကို ဝါရှင်တန် သို့မဟုတ် ဘေဂျင်းနှင့် မဟာမိတ်ဖွဲ့ရန် ပိုမိုဖိအားပေးလားမည့် သဘောဆောင်သည်။ ထိုရလဒ်ကို အာဆီယံအတွင်း မည်သည့်နိုင်ငံကမှ လိုလာခြင်းမရှိပေ။
အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း မြန်မာကို သေနင်္ဂဗျူဟာအရ အရေးမပါဟု သတ်မှတ်ပြီး ပစ်ပယ်ထားမရတော့ကြောင်း နားလည်သင့်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ ထိစပ်နေသောနေရာတွင် တည်ရှိသောကြောင့် တည်ငြိမ်သော မြန်မာနိုင်ငံသည် ဒေသတခုလုံး တည်ငြိမ်ရေးအတွက် အရေးပါသည်။
ပထမအဆင့်အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် ဘာမားအက်တွင် ကတိပြုထားသည့်အတိုင်း မြန်မာကို ပိုမိုအာရုံစိုက်သင့်ပြီး အမေရိကန် မဟာမိတ်များနှင့် မိတ်ဘက်များအနေဖြင့် ၎င်းတို့၏မူဝါဒများကို ချိန်ညှိရန် ပြောဆို စည်းရုံးရမည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း မြန်မာကို သေနင်္ဂဗျူဟာအရ အရေးမပါဟု သတ်မှတ်ပြီး ပစ်ပယ်ထားမရတော့ကြောင်း နားလည်သင့်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ ထိစပ်နေသောနေရာတွင် တည်ရှိသောကြောင့် တည်ငြိမ်သော မြန်မာနိုင်ငံသည် ဒေသတခုလုံး တည်ငြိမ်ရေးအတွက် အရေးပါသည်။
သို့သော် အမေရိကန်အစိုးရအနေဖြင့် မြန်မာပြည်တွင်းစစ်ကို တရုတ်နှင့် သူနိုင်ကိုယ်နိုင် အားပြိုင်မှုအဖြစ် မမြင်သင့်ဘဲ တရုတ်၏ မြန်မာမှ အဓိကအကျိုးစီးပွားများသည် ပထဝီအရ နီးကပ်ခြင်းကြောင့် မည်သည့် ဖြေရှင်းမှုတွင်မဆို တရုတ်သည် အစိတ်အပိုင်းတခုအဖြစ် လိုအပ်သည်ဟု မြင်သင့်သည်။
ထို့ကြောင့် ဝါရှင်တန်သည် တင်းမာမှု မြင့်မားခြင်းကို တားဆီးရန် အရံအတား တည်ဆောက်မည်ဆိုပါက ၎င်း၏ မြန်မာမူဝါဒကို ဘေဂျင်းနှင့် ညှိနှိုင်းရန် ကြိုးစားသင့်သည်။ အမေရိကန် အရာရှိများအနေဖြင့် တရုတ်ခေါင်းဆောင်များ၏ လက်တွေ့ကျမှုကို ဆွဲဆောင်ကာ ၎င်းတို့၏ အမြင်ဖြစ်သည့် ဒေသတွင်း တည်ငြိမ်မှုသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့၏ တူညီသော အကျိုးစီးပွားဖြစ်သောကြောင့် စစ်ကောင်စီ ကျဆုံးရမည်ဖြစ်သည်ဆိုသည့်အချက်ကို တင်ပြသင့်သည်။
စစ်ရေးအရ အောင်ပွဲရရန် မဖြစ်နိုင်ကြောင်း သိမှသာလျှင် စစ်ကောင်စီသည် ညှိနှိုင်းဖြေရှင်းမှုကို စဉ်းစားမည် ဖြစ်သောကြောင့် ခုခံတော်လှန်ရေးအင်အားစုများသို့အမေရိကန် ပြည်ထောင်စုက ဘားမားအက်အရ ပေးသည့် အကူအညီသည် တရုတ်အတွက် ခြိမ်းခြောက်မှုမဟုတ်ဘဲ ဘေဂျင်း၏ သီးခြားရည်မှန်းချက်များနှင့်လည်း ကိုက်ညီသင့်သည်။ စစ်ကောင်စီတွင် လူထုထောက်ခံမှု လုံးဝမရှိခြင်းသည် ရေရှည်တွင် တရုတ်ကို အန္တရာယ်များသော စစ်ကောင်စီ၏ မဟာမိတ်ဖြစ်သွားစေမည့် အန္တရာယ်ရှိကြောင်း ဘေဂျင်းက ကောင်းစွာ သတိပြုမိသင့်သည်။
အရှေ့တောင်အာရှ နိုင်ငံများအတွက် ဒေသတွင်းတွင် အစိတ်စိတ်အမွှာမွှာဖြစ်သည့် စစ်အေးတိုက်ပွဲစနစ်မျိုးကို တားဆီးရေးသည် အဓိက စိုးရိမ်ပူပန်မှုဖြစ်သင့်သည်။ ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီမှု ရယူရေးဆိုသည့် ပို၍ပို၍ အလုပ်မဖြစ်သော အယူအဆဖြစ်သည်ဆိုသည့် နမူနာမျိုးကို မချမှတ် သင့်ပေ။
စစ်ကောင်စီကို နေရာပြန်ပေးရန် ထိုင်းနိုင်ငံ၏ မကြာသေးမီက လုပ်ရပ်များသည် လုံးဝမှားယွင်းသော နည်းလမ်းဖြစ်ပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်သည်ဆိုသည့် မှားယွင်းသော အမြင်များ စစ်ကောင်စီကို ပေးနိုင်သည်။ ထိုသို့လုပ်မည့်အစား ဒေသတွင်း တည်ငြိမ်မှုတွင် အာဆီယံ၏ အကျိုးစီးပွားရှိသည်ဆိုသည့် အချက်သည် တခုတည်းသော အဖြေကိုသာ ညွှန်ပြနေသည်။ ထိုအဖြေမှာ မြန်မာမှ မတည်ငြိမ်မှုများ၏ အဓိကတရားခံ စစ်ကောင်စီကို အာဏာမှ ဖယ်ရှားပစ်ရေးသာ ဖြစ်ပေသည်။
(Foreign Affairs ပါ Ye Myo Hein နှင့် Lucas Myers တို့၏ Is Myanmar the Frontline of a New Cold War? ကို ဘာသာပြန်သည်။ )
You may also like these stories:
ဘလင်ကန်ခရီးစဉ်အတွင်း “တိုးတက်မှု”ရှိဟု ရှီ ပြော
တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်
ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
တရုတ်၏ မဟာဗျူဟာခြေလှမ်းနှင့် မြန်မာပြည်ခုခံစစ်ပွဲ
လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်