ရုပ်ပျက်လွန်းတဲ့ ကြေညာချက်
ရုပ်ပျက်လွန်းသော ကြေညာချက်ဆိုသည်မှာ စာအမှတ်၂၀၂၃/၄၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော မြောက်ပိုင်းသုံးဖွဲ့ (AA ရခိုင်၊ TNLA တအာင်း ပလောင်၊ MNDAA ကိုးကန့်) ၏ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ချက်ဆိုသည့် ကြေညာချက်ကို ဆိုလိုခြင်းဖြစ်၏။
၂၀၁၅/၂၀၁၆ ခုနှစ် မြောက်ပိုင်းသုံးဖွဲ့ မဟာမိတ် စတင်ဖွဲ့စည်းပြီးနောက်ပိုင်းတွင် မြောက်ပိုင်းသုံးဖွဲ့၏ ကြေညာချက်များစွာကို တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုကြေညာချက် မြောက်များစွာထဲတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ကြေညာချက်ကမူ အတွင်းသဘောအရရော၊ စာသားအသုံးအနှုန်းအရရော ရုပ်ပျက်လွန်းလှ၏။ မူဝါဒနှင့်ပတ်သက်၍ မဖြစ်မနေ မေးခွန်းထုတ်ရန်၊ စောကြောရန် လိုအပ်သည်။
မြောက်ပိုင်းသုံးဖွဲ့ဆိုလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဆိုလိုကြောင်း မြန်မာပြည်သားမှန်လျှင် ရှင်းလင်းစွာသိကြ၏။
မြောက်ပိုင်းသုံးဖွဲ့၏ အဆိုပါကြေညာချက်တွင် အခြားအချက်များ ပါသော်လည်း အဓိကဆိုလိုချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန်ဆိုသည့်အချက်ကို ဇောင်းပေးထား၏။ မြောက်ပိုင်းသုံးဖွဲ့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို နှောင့်ယှက်ဖျက်ဆီးသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်း၊ ဆက်ကြေးတောင်းခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟုဆိုသည်။ မြောက်ပိုင်းသုံးဖွဲ့ဆိုလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဆိုလိုကြောင်း မြန်မာပြည်သားမှန်လျှင် ရှင်းလင်းစွာသိကြ၏။
သို့သော်လည်း မြောက်ပိုင်းသုံးဖွဲ့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟု ဆိုထားသဖြင့် မြန်မာစစ်တပ်အား နိုင်ငံရေးအရ ကာကွယ်ပေးနေပြီး စစ်လက်နက်ပစ္စည်း ရောင်းချပေးနေသော ရုရှားတို့၏ ရင်းနှီးမြှုပ်နှံမှုများကိုပါ ကာကွယ်ပေးမည်ဟု အဓိပ္ပာယ်ပေါက်သည်ဟု ဆိုရမည်။ ဆိုရလျှင် မြန်မာစစ်တပ်ကို အားပေးထောက်ခံ၍ နိုင်ငံရေးအရ အကာကွယ်ပေးနေသည့်အပြင် မြန်မာစစ်တပ်နှင့် ပေါင်း၍ စီးပွားရှာနေသူများကို အကာကွယ်ပေးမည်ဟု အဓိပ္ပာယ်ရနေပေသည်။
ထို့အပြင် တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာပြည်တွင် ရှိကြ၏။ ထိုရင်းနှီးမြှုပ်နှံမှုများမှ ရသည့်အကျိုးအမြတ် အားလုံးကို မည်သူရပါသနည်း။ လက်ရှိ နေပြည်တော်အာဏာကို ချုပ်ကိုင်ထားသည့် မြန်မာစစ်တပ်က ရသည်ကို အားလုံးသိကြပါ၏။ ထိုငွေများကို မြန်မာစစ်တပ်က မည်သည့်နေရာတွင် အဓိကသုံးနေပါသနည်း။ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်တွင် မြန်မာစစ်တပ်သည် စစ်အသုံးစရိတ်အား ဘီလီယံ ၅,၇၀၀ ကျပ် အထိ အသုံးပြုထား၏။ တိုင်းပြည်ဘတ်ဂျက်၏ သုံးပုံတပုံအား စစ်စရိတ်အဖြစ် အသုံးပြုထား၏။

ထိုငွေများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ရသည့်ငွေများက အဓိကဖြစ်သည်။ ထိုငွေများဖြင့် မြောက်ပိုင်းသုံးဖွဲ့အပါအဝင် တပြည်လုံးရှိ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေ၏။ မြန်မာတပြည်လုံးရှိ လူထု၏ကျေးရွာများ၊ အိုးအိမ်များကို ဗုံးကြဲနေ၏။ အမြောက်နှင့်ပစ်နေ၏။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ၏။
သို့ဖြစ်ရာ မြန်မာစစ်တပ်အတွက် အကျိုးရှိနေသော၊ ပြည်သူထုလူထုအား လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား လည်းကောင်း နှိပ်ကွပ်ရာ အသုံးပြုသည့် ဘဏ္ဍာငွေရရှိနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံများကို ကာကွယ်မည်ဆိုသည်က မူအရ မှားယွင်းနေ၏။ မိမိအဖွဲ့အစည်းနှင့် ပြည်သူလူထုအား နှိပ်ကွပ်နေသည့် မြန်မာစစ်တပ် ဝင်ငွေရရှိရေး အကာကွယ်ပေးမည်ဆိုသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်သည်။
မြန်မာပြည်တွင် ရှိပြီးသား ပြောင်းရွှေ့ရန်မလွယ်ကူသည့် အခိုင်အမာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းသုံးဖွဲ့၊ တော်လှန်ရေးအဖွဲ့များအနေဖြင့် တိုက်ခိုက်ဖျက်ဆီးရမည်ဟု မဆိုလိုပါ။ သို့သော် အကာကွယ်ပေးရန်တော့ လိုအပ်မည် မဟုတ်ပါ။
မြန်မာပြည်တွင် ရှိပြီးသား ပြောင်းရွှေ့ရန်မလွယ်ကူသည့် အခိုင်အမာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းသုံးဖွဲ့၊ တော်လှန်ရေးအဖွဲ့များအနေဖြင့် တိုက်ခိုက်ဖျက်ဆီးရမည်ဟု မဆိုလိုပါ။ သို့သော် အကာကွယ်ပေးရန်တော့ လိုအပ်မည် မဟုတ်ပါ။ အကာကွယ်ပေးရမည့်ကိစ္စသည် အကျိုးအမြတ်ရနေသည့် မြန်မာစစ်တပ်၏ ကိစ္စသာဖြစ်လိမ့်မည်။
ဒုတိယတခုမှာ ထိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား ဆက်ကြေးတောင်းခံခြင်း မပြုရဆိုသည့်အချက် ဖြစ်၏။ ဤနေရာတွင် သုံးနှုန်းသည့် “ဆက်ကြေး”ဆိုသည့် ဝေါဟာရမှာ မြန်မာစစ်တပ်က တော်လှန်ရေးအဖွဲ့အစည်းများကို နှိမ့်ချသည့် အသုံးအနှုန်းဖြစ်သည်။ တကယ်တမ်းတွင် မြောက်ပိုင်းသုံးဖွဲ့သည်လည်း ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများရှိ လယ်သမား၊ ဈေးသည်၊ ကုန်သည်မှအစ လုပ်ငန်းရှင်များအဆုံး အခွန်ကောက်ခံနေသည်ကို အားလုံးအသိဖြစ်၏။
မြောက်ပိုင်းသုံးဖွဲ့က လူထုထံမှ ဤသို့ကောက်ခံခြင်းကို ဆက်ကြေးဟု သုံးနှုန်းပါသလော၊ လူထုပေါ် ကောက်ခံလျှင် အခွန်ဖြစ်ပြီး တရုတ်ကုမ္ပဏီများအပေါ် ကောက်ခံပါက ဆက်ကြေးဖြစ်သွားသလော။ ဤစကားမှာ ဝေါဟာရပြဿနာသက်သက် မဟုတ်ပေ။ မူဝါဒ သဘောထားနှင့်ဆိုင်သော ပြဿနာဖြစ်၏။
လက်တွေ့တွင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိထိန်းချုပ်နယ်မြေအတွင်း အခွန်ကောက်ကြသည်သာ ဖြစ်၏။ မိမိတိုင်းပြည်လူထုသာမက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများထံမှလည်း အခွန်ကောက်ခံခွင့် ရှိ၏။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာပြည်ကဲ့သို့ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် နိုင်ငံတွင် စီးပွားရှာလိုပါက မြန်မာစစ်တပ်နှင့်အပြိုင် နယ်မြေထိန်းချုပ်နိုင်စွမ်းရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို အခွန်ဆောင်ရမည်က အရှိတရားဖြစ်၏။
ပြည်တွင်းလူထုထံမှ မြောက်ပိုင်းသုံးဖွဲ့ ကောက်ခံသည်မှာ အခွန်ဖြစ်သည်ဆိုပါက တရုတ်ရင်းနှီးမြှုပ်နှံသူများထံမှ ကောက်ခံသည်မှာလည်း အခွန်ဖြစ်ပေလိမ့်မည်။ အကယ်၍ ဆက်ကြေးဟု သတ်မှတ်မည်ဆိုပါက မြောက်ပိုင်းသုံးဖွဲ့က လူထုထံမှ ကောက်ခံသည်မှာလည်း ဆက်ကြေးဖြစ်ပေလိမ့်မည်။
မြောက်ပိုင်းသုံးဖွဲ့၏ ကြေညာချက်အရ တရုတ်ရင်းနှီးမြှုပ်နှံကို ကာကွယ်ပေးမည်မှာ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင်းသာ ဖြစ်သဖြင့် မိမိတပ်ဖွဲ့ အောက်ခြေတာဝန်ရှိသူ အဆင့်ဆင့်ကို ညွှန်ကြားရုံမျှနှင့် လုံလောက်၏။
မြောက်ပိုင်းသုံးဖွဲ့အနေနှင့် တရုတ်နယ်စပ်တွင် လှုပ်ရှားနေရ၍ တရုတ်နှင့်အဆင်ပြေရန် တရုတ်တို့ထံမှ ထိုက်သင့်သည့်အကူအညီရ၍ မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကို အကာကွယ်ပေးသည်က ပြဿနာမဟုတ်သကဲ့သို့ ဤသို့ ကြေညာချက်ထုတ်စရာလိုသည့် ကိစ္စလည်း မဟုတ်ပေ။ မြောက်ပိုင်းသုံးဖွဲ့၏ ကြေညာချက်အရ တရုတ်ရင်းနှီးမြှုပ်နှံကို ကာကွယ်ပေးမည်မှာ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင်းသာ ဖြစ်သဖြင့် မိမိတပ်ဖွဲ့ အောက်ခြေတာဝန်ရှိသူ အဆင့်ဆင့်ကို ညွှန်ကြားရုံမျှနှင့် လုံလောက်၏။
သို့သော်လည်း ဤသို့ကြေညာချက် ထုတ်ပြန်ခြင်းသည် ဖတ်ရသည့်လူထုအတွက်ကတော့ စိတ်ပျက်စရာအဖြစ်သာ မြင်ကြ၏။ ဤကြေညာချက်ကို ဖတ်ရပြီးသကာလ မြန်မာလူထုအဖို့ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်မင်းကို ပြေးမြင်ကြ၏။ “ကျနော်တို့လည်း တရုတ်ကို ကြောက်ရပါတယ်” ဆိုသည့်အချက်တွင် မြောက်ပိုင်းသုံးဖွဲ့သည်လည်း ဦးအောင်မင်းနှင့် လက်ရည်တူသည်ဟု ဆိုကြပေလိမ့်မည်။
အကြောင်းမှာ အစိုးရတရပ်ဖြစ်စေ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတရပ်ဖြစ်စေ တိုက်ရည်ခိုက်ရည် ရှိဖို့လိုအပ်သည်သာမက နိုင်ငံရေးအရ ရပ်တည်ချက်ခိုင်မာဖို့ လိုသည်။ သို့မှသာ တော်လှန်ရေးအဖွဲ့အစည်းကို၊ တိုင်းပြည်ကို ပြတ်သားစွာ ခေါင်းဆောင်နိုင်ပေလိမ့်မည်။
“ကျနော်တို့ တရုတ်ကို ကြောက်ရပါတယ်” ဆိုသည့် ပြောဆိုလုပ်ကိုင်ခြင်းမျိုးကို လူထုက မကြိုက်သကဲ့သို့ ရုရှားသမ္မတ ပူတင်အား ကမ္ဘာ့ခေါင်းဆောင်ကြီးဟု ဆရာတင်သော မင်းအောင်လှိုင် လုပ်ရပ်မျိုးကိုလည်း လူထုက မကြိုက်ကြပေ။ မိမိတိုင်းပြည်၊ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံခြားတိုင်းပြည်များ၊ အဖွဲ့အစည်းများနှင့် တန်းတူရည်တူ ဆက်ဆံမှုမျိုးကို လိုလားကြ၏။ တိုင်းပြည်ငယ်၍ အဖွဲ့အစည်းငယ်၍ အင်အားကွာခြား၍ ကြောက်နေရမည့်ခေတ် မဟုတ်ပေ။ အမေရိကန်ကို အာဖဂန်နစ္စတန်က မကြောက်ခဲ့သလို ရုရှားကိုလည်း ယူကရိန်းက မကြောက်ခဲ့ပေ။ အလားတူ တရုတ်ကို ဗီယက်နမ်က မကြောက်ရွံ့ခဲ့ပေ။

ထို့အတူ တရုတ်နယ်စပ်နားနေ၍ တရုတ်လုပ်သမျှ လိုက်ထောက်ခံနေစရာ မလိုပေ။ တချိန်က တရုတ်နယ်စပ်တွင် အင်ကြီးအားကြီး ရပ်တည်ခဲ့ဖူးသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည်လည်း တရုတ်လုပ်သမျှ ထောက်ခံခဲ့ဖူး၏။ တရုတ်ပါတီတွင်း အကွဲအပြဲတွင် ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ တိန့်ရှောင်ဖိန်ကို ရာထူးက ထုတ်ပယ်စဉ် ဗကပတို့ ထောက်ခံခဲ့ကြ၏။ တနှစ်ကျော်ခန့်အကြာ တိန့်ရှောင်ဖိန်အား ရာထူးတာဝန် ပြန်ပေးတော့လည်း ဗကပတို့ ထောက်ခံခဲ့ကြပြန်သည်။ တရုတ်လုပ်သမျှ ထောက်ခံရင်း မူဝါဒမဲ့၊ ရပ်တည်ချက်မဲ့သွားသော ဗကပ တို့ အဆုံးသတ် မကောင်းခဲ့ပေ။
တရုတ်နှင့် ကင်းမရသည့် အခြေအနေများ၊ တရုတ်တို့၏ အကြပ်ကိုင်မှုများ၊ ဖိအားများ၊ ပိတ်ဆို့မှုများရှိသော်လည်း ခိုင်မာသော မူဝါဒအခြေခံပေါ်မှ ဆက်ဆံရန်လို၏။
မြောက်ပိုင်းသုံးဖွဲ့ အနေဖြင့်လည်း နိုင်ငံရေးမူဝါဒ ခိုင်မာရန်လို၏။ တရုတ်နှင့် မလွှဲမရှောင်သာ ဆက်ဆံရသည်။ တရုတ်နှင့် ကင်းမရသည့် အခြေအနေများ၊ တရုတ်တို့၏ အကြပ်ကိုင်မှုများ၊ ဖိအားများ၊ ပိတ်ဆို့မှုများရှိသော်လည်း ခိုင်မာသော မူဝါဒအခြေခံပေါ်မှ ဆက်ဆံရန်လို၏။ ကြေညာချက်များသည် ခိုင်မာသောမူဝါဒပေါ်တွင် ရှိရန်လို၏။ ယခုကြေညာချက်ကတော့ ရုပ်ပျက်လွန်းသည်။ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်သည်မှ ဟုတ်ရဲ့လားဟုပင် သံသယဖြစ်မိသည်။
အဘယ်ကြောင့်ဆိုသော် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ထုတ်ပြန်သည့် ပုံစံမပေါက်ဘဲ တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် လုံခြုံရေးကုမ္ပဏီတခု၏ လေသံပေါက်နေ၍ ဖြစ်၏။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများတွင် ခိုင်မာသောမူဝါဒ၊ ခိုင်မာသောရပ်တည်ချက်ရှိရန် လိုသည်။
စိတ်ပျက်စရာ တရုတ်
တရုတ်တို့သည် ၂၀၂၂ ခုနှစ်အကုန်မှစ၍ မြန်မာပြည်အရေးကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရ၏။ တရုတ်နိုင်ငံခြားရေးဝန်ကြီး အဆိုအရ မြန်မာပြည်တွင် အားလုံးပါဝင်သည့် နိုင်ငံရေး အသွင်ရေးကူးပြောင်းရေး ပြုလုပ်ရန်လိုသည်ဟု ဆို၏။ မြန်မာ့အရေးကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂဖြစ်စေ၊ အာဆီယံဖြစ်စေ၊ တရုတ်ဖြစ်စေ ပါဝင်ဖြေရှင်းရန် ကြိုးစားမှုများကို ဆန့်ကျင်ရန် မရှိပေ။ သို့သော် မျှတဖို့လိုသည်။ မြန်မာပြည်အခြေအနေနှင့် ကိုက်ညီဖို့ လိုသကဲ့သို့ မြန်မာလူထုကို မျက်မှောက်ပြုရန် လို၏။ တရုတ်အကျိုးစီးပွားသက်သက်ကိုသာ ကြည့်၍ ကိုယ်လိုချင်သည့်ပုံသွင်းပါက ရလဒ်ကောင်းလိမ့်မည် မဟုတ်ပေ။
လက်ရှိအခြေအနေတွင် တရုတ်တို့သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို အလွန်အကျွံ ဖိအားပေးနေသည်ကို တွေ့ရ၏။ တရုတ်နယ်စပ်နားတွင် တိုက်ခိုက်ခြင်းမပြုရန် ဖိအားပေးသည်။ ဤအချက်ကို လက်သင့်ခံ၍ ရသေးသော်လည်း မြန်မာစစ်တပ်ကို လုံးဝမတိုက်ရန် ဖိအားပေးသည်ကတော့ စိတ်ပျက်စရာ တရုတ်တို့သဘောထား ဖြစ်၏။ မြန်မာစစ်တပ်အား မတိုက်ရေးနှင့် ဆွေးနွေးရန် တိုက်တွန်းနေမှုသည် အားလုံးပါဝင်ရေးမူနှင့် ဆန့်ကျင်နေသကဲ့သို့ မြန်မာစစ်တပ်အား၊ မြန်မာစစ်အာဏာရှင်များအား ဆန့်ကျင်နေသည့် အင်အားစုများ၏ စုစည်းမှုနှင့်ညီညွတ်မှုအား ဖြိုခွဲရာလည်းရောက်၏။
ထို့ပြင် ဆွေးနွေးပွဲများမှ မြောက်ပိုင်းသုံးဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့များအတွက် မည်သည့် အခွင့်အရေးမှ မရနိုင်သည်ကို တိုင်းရင်းသားအဖွဲ့များ သိနိုင်၏။ တရုတ်ကလည်း မြောက်ပိုင်းအဖွဲ့များအား ဆွေးနွေးခိုင်းနေခြင်းမှာ ထိုအဖွဲ့များ ဆွေးနွေးပွဲများမှ ရသင့်ရထိုက်သည့် အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်သည် မဟုတ်ပေ။ နယ်စပ်ဒေသ၌ ကုန်သွယ်ရေးလုပ်ငန်းများကို တည်တည်ငြိမ်ငြိမ် လုပ်ချင်၍ဖြစ်၏။ ထိုအဖွဲ့များ ပျက်သွားပါကလည်း သူ့ထိုက်နှင့်သူ့ကံ သဘောထားမည်သာ ဖြစ်၏။
လက်ရှိမြောက်ပိုင်းအဖွဲ့များ မဆိုထားနှင့် တရုတ်တို့ အပြည့်အဝ ထောက်ပံ့ခဲ့သော ဗကပ ကိုပင်လျှင် တရုတ်တို့အတွက် အကျိုးမရှိတော့လျှင် စွန့်ပစ်ရန် ဝန်မလေးခဲ့ပေ။
လက်ရှိမြောက်ပိုင်းအဖွဲ့များ မဆိုထားနှင့် တရုတ်တို့ အပြည့်အဝ ထောက်ပံ့ခဲ့သော ဗကပ ကိုပင်လျှင် တရုတ်တို့အတွက် အကျိုးမရှိတော့လျှင် စွန့်ပစ်ရန် ဝန်မလေးခဲ့ပေ။ တရုတ်နယ်စပ်ရှိ အဖွဲ့များအနေဖြင့် ရိက္ခာလောင်စာမှအစ ရှေ့မှမြန်မာစစ်တပ်က ပိတ်ဆို့ထားချိန် နောက်ကနေ၍ တရုတ်ကပါ ပိတ်ဆို့ပါက ခက်ခဲသည်ဖြစ်ရာ တရုတ်နှင့်အဆင်ပြေအောင် ဆက်ဆံရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မြောက်ပိုင်းအဖွဲ့များကို အလေးပေးဆက်ဆံနေသော တရုတ်သည် အခြေအနေပြောင်းလျှင် သဘောထားပြောင်းမည်ကို သတိပြုရန်လိုသည်။
မည်သို့ဖြစ်စေ ၂၀၂၂ နှစ်ကုန်မှစ၍ တရုတ်နယ်စပ်တွင် စစ်မတိုက်ရန် တရုတ်တို့ ဖိအားပေးမှုကြောင့် မြန်မာစစ်တပ် အသက်ရှူချောင်သွားသည်။ တရုတ်နယ်စပ်တလျှောက်မှ မြန်မာစစ်တပ် တပ်ရင်း ၃၀ ခန့် ထုတ်နုတ်ခွင့်ရသွားသည်ဟု သိရ၏။ တရုတ်တို့၏ လုပ်ဆောင်ချက်များသည် လက်တွေ့တွင် မြန်မာစစ်တပ်ကို အလေးသာစေသည်။
ထို့ပြင် တရုတ်တို့သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ရှုတ်ချရန် ပျက်ကွက်နေ၏။ ထိုက်သင့်သည့် ဝေဖန်မှုပြုလုပ်ရန် ပျက်ကွက်နေသည်။ ဤနေရာတွင် နှစ်ဖက်စစ်မြေပြင်၌ တိုက်ကြခိုက်ကြ သေကြသည်များက ပြဿနာမဟုတ်ပေ။ ပြဿနာမှာ အရပ်သားလူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အရပ်သားအိုးအိမ်များအား ရွာလိုက်၊ မြို့လိုက် မီးရှို့ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ကန့်ကွက်မှု မပြုလုပ်ခြင်းသည် နိုင်ငံကြီးတနိုင်ငံအနေနှင့် တရုတ်တို့သည် စိတ်ပျက်စရာ ကောင်းလောက်အောင် တာဝန်မဲ့ပြီး နိုင်ငံတကာပြဿနာများကို တရားမျှတစွာ ရှေ့ဆောင်နိုင်သည့်နေရာတွင် ရှိမနေပေ။
မြန်မာပြည် အနီးခေတ် တရုတ်ဆန့်ကျင်ရေးလေထု ပေါ်ပေါက်လာခြင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်တို့သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ပူးပေါင်းစီးပွားရှာပြီး မြန်မာလူထုအား ကျောခိုင်းခဲ့ရာမှ အစပြု၏။ တရုတ်တို့သည် မြန်မာစစ်အစိုးရနှင့် နှစ်ဖက်သဘောတူညီမှုအရ စီးပွားရေးလုပ်ခြင်းဖြစ်ရာ မြန်မာဘက်ခြမ်းတာဝန်သည် မြန်မာစစ်အစိုးရတာဝန်သာဖြစ်ပြီး တရုတ်အစိုးရတာဝန် မဟုတ်ဟု တရုတ်တို့က ဆိုကြ၏။ တရုတ်တို့၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို မတွေ့ရပေ။ မြန်မာလူထုဘက်ကို မျက်နှာမူကြခြင်း မရှိပေ။
တိန်အန်မင်ရင်ပြင်တွင် ကမ္ဘာ့ပြည်သူများ သွေးစည်းညီညွတ်မှု အဓွန့်ရှည်ပါစေဟူသော စာလုံးကြီးပိုစတာ ချိတ်ဆွဲထားဆဲဖြစ်သော တရုတ်ကွန်မြူနစ်များ၏ မျက်လုံးထဲတွင် တရုတ်အကျိုးစီးပွားမှလွဲ၍၊ အရပ်စကားနှင့်ပြောရလျှင် ငွေမှလွဲ၍ ဘာမှမမြင်တော့
တချိန်က ကမ္ဘာ့ပစ္စည်းမဲ့များ သွေးစည်းကြ၊ ပစ္စည်းမဲ့များနှင့် နိုင်ငံတကာ အဖိနှိပ်ခံပြည်သူများ သွေးစည်းကြဟု ကြွေးကြော်ခဲ့ကြသော၊ ယခုတိုင်လည်း တိန်အန်မင်ရင်ပြင်တွင် ကမ္ဘာ့ပြည်သူများ သွေးစည်းညီညွတ်မှု အဓွန့်ရှည်ပါစေဟူသော စာလုံးကြီးပိုစတာ ချိတ်ဆွဲထားဆဲဖြစ်သော တရုတ်ကွန်မြူနစ်များ၏ မျက်လုံးထဲတွင် တရုတ်အကျိုးစီးပွားမှလွဲ၍၊ အရပ်စကားနှင့်ပြောရလျှင် ငွေမှလွဲ၍ ဘာမှမမြင်တော့ဟု ဆိုရမည်။ မြန်မာပြည်တွင်း၌ တရုတ်ဆန့်ကျင်ရေးလေထု တိုး၍တိုး၍ လာနေခြင်းသည် တရုတ်တို့၏ စိတ်ပျက်စရာကောင်းသော လုပ်ရပ်များကြောင့် ဖြစ်ပေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နွေဦးတော်လှန်ရေး
တရုတ်ရင်းနှီးမြှုပ်နှံမှုသာမက အခြားပြည်ပရင်းနှီးမြှုပ်နှံများသည် မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်နယ်မြေများ ဖြစ်သည့် ရှမ်းမြောက်နှင့် ရခိုင်တွင်သာမက ပြည်မတွင်လည်း ပို၍များပြားသည်အပြင် နယ်မြေလည်း ပို၍ကျယ်ပြန့်၏။ ပြည်မရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG), ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ တော်လှန်ရေးအင်အားစုများ အနေနှင့် တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး မြောက်ပိုင်းသုံးဖွဲ့က သူတို့အခြေအနေအရ ကျင့်သုံးသည့်ပုံစံအတိုင်း ကျင့်သုံးရန် လုံးဝမလိုအပ်ပေ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းသောမူဝါဒသဘောထား ရှိရန်လို၏။
ပထမအချက်မှာ လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်နှင့် ပြည်သူလူထုထက် မြန်မာစစ်တပ်အတွက် ပိုအကျိုးရှိသည့် ကာလဖြစ်၏။ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ ရှာဖွေပေးသည့်နေရာ ဖြစ်၏။ မြန်မာစစ်တပ်ကလည်း ရရှိသည့် နိုင်ငံခြားငွေကို တိုင်းပြည်အတွက် မသုံးဘဲ စစ်လက်နက်ပစ္စည်း ဝယ်ယူရန်နှင့် စစ်စရိတ်အတွက်သာ ဖြည့်တင်းအသုံးပြုနေသည့်အပြင် လူထုအား စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဖြစ်ရာ လူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးများနေ၏။
တာဝန်ယူစိတ်ရှိသည့် နိုင်ငံများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာပြည်မှ ထွက်ခွာစေခဲ့ပြီဖြစ်သည်။ သို့သော်လည်း အခိုင်အမာ အခြေချတည်ဆောက်ထားပြီး ပြောင်းရွှေ့ထွက်ခွာရန် မလွယ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နားလည်ပေး၍ရ၏။ ထို့ကြောင့် ရေရှည် နိုင်ငံတကာဆက်ဆံရေးကို မျှော်ရည်၍ တိုက်ခိုက်ရန် မလိုအပ်သကဲ့သို့ စစ်ကောင်စီအား အဓိက အကျိုးပြုနေသည့် လုပ်ငန်းများဖြစ်ရာ ကာကွယ်ပေးရန်လည်း မလိုအပ်ပေ။
တော်လှန်ရေး အင်အားစုများအနေဖြင့် မိမိထိန်းချုပ်ရာဒေသတွင်း၌ အခွန်ကောက်ခံရမည်။ သာမန်လယ်သမား၊ အလုပ်သမား ပြည်သူများမှသည် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအထိ သင့်တော်သည့်နှုန်းထား သတ်မှတ်ပြီး အခွန်ကောက်ခံရပေမည်။
ဒုတိယအချက်အနေနှင့် မြန်မာစစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများ အနေဖြင့် အလှူငွေသက်သက်ကို အားကိုးနေရုံနှင့် မရပေ။ အစိုးတရပ်ဖြစ်စေ၊ တော်လှန်ရေးအဖွဲ့အစည်းတရပ် ဖြစ်စေ ပြည်သူလူထုထံမှ အခွန်ငွေဖြင့် ရပ်တည်ကြရ၏။ သို့ဖြစ်ရာ ပြည်မတော်လှန်ရေး အင်အားစုများအနေဖြင့် မိမိထိန်းချုပ်ရာဒေသတွင်း၌ အခွန်ကောက်ခံရမည် ဖြစ်၏။ သာမန်လယ်သမား၊ အလုပ်သမား ပြည်သူများမှသည် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအထိ သင့်တော်သည့်နှုန်းထား သတ်မှတ်ပြီး အခွန်ကောက်ခံရပေမည်။
ဤသို့ကောက်ခံရာတွင် မိမိထိန်းချုပ်ရာနယ်မြေအတွင်းရှိနိုင်ငံခြားသားနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း ခြွင်းချက်မရှိပေ။ အခွန်ကောက်ခံရမည်သာ ဖြစ်၏။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာပြည်တွင် စီးပွားရေးလုပ်လိုပါက မြန်မာစစ်တပ်တခုတည်းက အကာကွယ်မပေးနိုင်တော့သည်ကို လည်းကောင်း၊ မြန်မာပြည်၏ပဋိပက္ခကို လည်းကောင်း ရှင်းလင်းစွာ သဘောပေါက်ရန် လို၏။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ပြည်မတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများသည် စစ်မက်ပြင်းထန်စွာ ဖြစ်ပွားနေသောဒေသများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ တကောင်း နီကယ်စက်ရုံတို့ကို တွေ့ရ၏။ ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာစစ်တပ်တခုတည်းက လုံခြုံရေးမယူနိုင်တော့သည့် အခြေအနေတွင် တရုတ်တို့အနေနှင့် NUG, PDF တို့အား အခွန်ဆောင်ရန် လိုအပ်သည်ကို သဘောပေါက်ရန်လို၏။ ကုန်ကျစားရိတ် ပိုများမည့်အတွက် စိတ်ပျက်ညည်းတွားမှု ရှိနိုင်သည်။ သို့သော် စစ်ပွဲအတွင်း၊ ပဋိပက္ခများအတွင်း ရင်းနှီးမြှုပ်နှံများအတွက် လုံခြုံရေးစိတ်ချရန် ကုန်ကျစားရိတ် ပိုများမည်မှာ ဓမ္မတာသာဖြစ်၏။
နောက်ပြဿနာတခုက ထိုလုပ်ငန်းများ တိုက်ခိုက်ခံရမှုပြဿနာ ဖြစ်၏။ ထိုလုပ်ငန်းများအား PDF များက အသားလွတ် သွားတိုက်ခဲ့တော့ မဟုတ်ပေ။ အဆိုပါ လက်ပံတောင်းတောင်၊ တကောင်း နီကယ်စက်ရုံ စသည်တို့တွင် အခြေပြုနေသည့် မြန်မာစစ်တပ် တပ်ဖွဲ့များသည် ထိုနေရာများတွင်သာ အခြေပြု၍ လုံခြုံရေးယူနေပါက ပြဿနာ မကြီးလှပေ။
သို့သော် ပြဿနာမှာ ထိုနေရာများတွင် အခြေပြုနေသော မြန်မာစစ်တပ်သည် ပတ်ဝန်းကျင် ကျေးရွာများကို လှည့်လည်တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ထိုစခန်းများအား အခြေခံ၍ပြုလုပ်ကြရာ ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိ စခန်းများသည် မလွှဲမရှောင်သာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာ၏။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုံခြုံရေးကို အကြောင်းပြပြီး ထိုစခန်းများကို အခြေပြု၍ ဒေသတွင်း ထိုးစစ်ဆင်ခြင်း၊ ဒေသတွင်းကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကို လက်သင့်ခံ၍ မရပေ။
သို့ဖြစ်ရာ တရုတ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်း လုံခြုံရေးကို အကြောင်းပြုပြီး တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့များက ထိုနေရာအား အခြေပြု၍ ပတ်ဝန်းကျင်အား စစ်ဆင်ရေး ပြုလုပ်နေခြင်းကို ကန့်ကွက်ရန် လိုသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုံခြုံရေးကို အကြောင်းပြပြီး ထိုစခန်းများကို အခြေပြု၍ ဒေသတွင်း ထိုးစစ်ဆင်ခြင်း၊ ဒေသတွင်းကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကို လက်သင့်ခံ၍ မရပေ။
သို့ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ လုပ်ငန်းရှင်များသည် မြန်မာ၏ တော်လှန်ရေးတပ်ဖွဲ့များအား အခွန်ဆောင်ရန် မလွဲမသွေ လိုအပ်သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုံခြုံရေးအတွက် ထိုစခန်းများတွင် မြန်မာစစ်တပ်က အခြေစိုက်ပြီး ပတ်ဝန်းကျင်သို့ စစ်ဆင်ရေးပြုလုပ်ခြင်းအား ကန့်ကွက်ရမည်။
ကန့်ကွက်တားဆီးမရ၍ တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်လာပါက မြန်မာစစ်တပ်၏ တာဝန်သာ ဖြစ်ပေလိမ့် မည်။ ဤအချက်များသည် လက်ရှိမြန်မာပြည်ပြည်တွင်းစစ်နှင့် ပဋိပက္ခ အခြေအနေတွင် တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် ပြင်းထန်သည့် မြန်မာပြည် ပြည်တွင်းပဋိပက္ခအတွင်း နားလည်ထားရမည့် အချက်များဖြစ်သည်။ အရာအားလုံးသည် အခြေအနေနှင့် ကိုက်ညီသည့် မူဝါဒအတိုင်း ဖြစ်ရပေမည်။ နွေဦးတော်လှန်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းသော မူဝါဒသဘောထားရှိရန် လိုအပ်၏။
You may also like these stories:
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
ချင်ကန်းခရီးစဉ်က မြန်မာတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြန်လည်မီးမွှေး
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်