အကျဉ်းချခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ရလဒ်နှင့် သက်ဆိုင်ခြင်း မရှိတော့သည့် သဘော မကြာသေးမီက ပြောဆိုလာကြသည်။
လွန်ခဲ့သော ၃၅ နှစ်တာကာလအတွင်း မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောအခန်းမှ ပါဝင်ခဲ့သောကြောင့် ထိုအချက်ကို အနီးကပ်စူးစမ်းလေ့လာရန် လိုအပ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသောကြောင့် ထိုသို့သော ပြောဆိုမှုများ ဖြစ်လာပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အကျပ်အတည်း ညှိနှိုင်းဖြေရှင်းရေးအတွက် “ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲ တွေ့ဆုံဆွေးနွေးခြင်း” ကို ထောက်ခံသည်ဟု မစ္စတာ ဒွန်က ပြောသည်။
ထိုနည်းလမ်းကို စစ်ကောင်စီရော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ ပယ်ချခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အကျပ်အတည်း ညှိနှိုင်းဖြေရှင်းရေးအတွက် “ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲ တွေ့ဆုံဆွေးနွေးခြင်း” ကို စစ်ကောင်စီရော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ ပယ်ချထားသည်။
မစ္စတာ ဒွန်၏ ခရီးစဉ်ကို NUG နှင့် အခြား အတိုက်အခံအုပ်စုများက ဘန်ကောက်နှင့် မြန်မာစစ်ကောင်စီ ဆက်ဆံရေး တောင့်တင်းစေရန်နှင့် ဝေဖန်ခံနေရသော ထိုင်းအစိုးရ၏ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ပြင်ပမှ လမ်းကြောင်းနှစ်သွယ် အားထုတ်မှုကို အကြောင်းပြရန် ထွင်လုံးသာဖြစ်ကြောင်း ရှုတ်ချသည်။
ထိုလုပ်ရပ်သည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လျစ်လျူရှုသော စစ်ကောင်စီနှင့် ပတ်သက်ပြီး တင်းမားသည့်သဘောထားကို ပြုပြင်ရန် လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကို ဖိအားပေးသည့် နည်းလမ်းတခု ဖြစ်သည်ဟုလည်း မြင်ကြသည်။
နိုင်ငံရေး ပရိယာယ်
အမှုအများအပြားဖြင့် ထောင် ၃၃ နှစ် ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဒွန် ထူးခြားစွာ တွေ့ဆုံခွင့်ရခြင်းသည် မြန်မာဗိုလ်ချုပ်များ၏ “နိုင်ငံရေး ပရိယာယ်” ဟု အခြားလေ့လာသူများ မြင်ကြသည်။
ရှားရှားပါးပါး ထိုသို့သော လိုက်လျောခြင်းသည် အာဆီယံကို သွေးကွဲစေရန်၊ အတိုက်အခံလှုပ်ရှားမှုကို ဖြိုခွဲရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအတွင်း သဘောထားကွဲစေရန် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ၏ အစိတ်အပိုင်း ဖြစ်သောကြောင့် စစ်ကောင်စီဆန့်ကျင်သော အင်အားစုများ အင်အားနည်းစေရန် လုပ်ဆောင်မှုအဖြစ်လည်း မြင်ကြသည်။
ထုတ်ပြန် ကြေညာခြင်းမရှိသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့သည်ဆိုသည့်ကိစ္စသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအပေါ် အာဆီယံအဖွဲ့ဝင်များအကြား မတူညီသော အမြင်များရှိကြောင်း ပြသနေသည်။
ဘုံသဘောတူညီချက် ၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ် အခြားမည်သည့် နိုင်ငံရေးအကျဉ်းသား) ကိုမျှ ဖော်ပြထားခြင်း မရှိပေ။ သို့သော် စင်ကာပူ ကဲ့သို့သော အာဆီယံအဖွဲ့ဝင်အချို့က ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းသည် ရေရှည်တည်တံ့သော ဖြေရှင်းမှုရရန် အရေးကြီးသည်ဟု ယူဆသည်။
ထိုသို့သောအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအနေအထားကို စဉ်းစားသုံးသပ်သင့်သည်။ အချက် ၆ ချက် ရုတ်တရက် ပေါ်လာသည်။
ဘုံသဘောတူညီချက် ၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ် အခြားမည်သည့် နိုင်ငံရေးအကျဉ်းသား) ကိုမျှ ဖော်ပြထားခြင်း မရှိပေ။
ပထမအချက်မှာ အတိုက်အခံအင်အားစုကို သို့မဟုတ် အဓိကကျသော အစိတ်အပိုင်းများကို အားနည်းသွားစေပြီး လက်နက်ချကာ စစ်အုပ်ချုပ်ရေးကို လက်ခံရန် စည်းရုံးသည့် အခန်းကဏ္ဍမှအပ နိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အခြားမည်သည့် ထူးခြားသော အခန်းကဏ္ဍ မရှိတော့စေရန် မြန်မာစစ်ခေါင်းဆောင်များ ဆုံးဖြတ်ထားကြောင်း ထင်ရှားသည်။ ထိုကဲ့သို့သော အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမည် မဟုတ်ကြောင်း ပြောရန်ပင် မလိုတော့ပေ။
လူထုထောက်ခံမှု မြင့်မားနေဆဲဖြစ်သော်လည်း ဩဇာကျလာ
ဒုတိယအချက်မှာ သူ၏အစိုးရသည် ငါးနှစ်တာအုပ်ချုပ်သည့် သက်တမ်းအတွင်း မြန်မာ၏ ပြဿနာ အများအပြားကို မဖြေရှင်းနိုင်ခြင်းကြောင့် သူ၏ဆွဲဆောင်မှု လျော့ကျသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သည့် အထောက်အထားအရ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတွင် လူထုထောက်ခံသည့် ခေါင်းဆောင်ဖြစ်နေဆဲ ဆိုသည့်အချက် ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ဒီမိုကရေစီလှုပ်ရှားမှုတပ်ဦးမှ သူ၏နေရာကို NUG, ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် ဒေသခံ ခုခံတော်လှန်ရေးအင်အားစုများက ရရှိသွားသည်။
NUG နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော လက်နက်ကိုင်အင်အားစုများသည် ဒေါ်အောင်ဆန်းစုကြည်၏ သင်္ကေတမူဝါဒဖြစ်သည့် ငြိမ်းချမ်းသော နိုင်ငံရေးအပြောင်းအလဲကို အသိရှိရှိ ပယ်ချပြီး စစ်ကောင်စီကို လက်နက်စွဲကိုင် ခုခံတော်လှန်နေသည်။
NUG နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော လက်နက်ကိုင်အင်အားစုများသည် ဒေါ်အောင်ဆန်းစုကြည်၏ သင်္ကေတမူဝါဒဖြစ်သည့် ငြိမ်းချမ်းသော နိုင်ငံရေးအပြောင်းအလဲကို အသိရှိရှိ ပယ်ချပြီး စစ်ကောင်စီကို လက်နက်စွဲကိုင် ခုခံတော်လှန်နေသည်။
ခုခံတော်လှန်ရေးအင်အားစု အများအပြားအတွက် ထိုသို့လုပ်ရာတွင် စစ်ကောင်စီလိုလားသော ခေါင်းဆောင်ဟု သံသယရှိသူများကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် မြို့ပြဒေသများတွင် ဗုံးခွဲခြင်း စသည့် အငြင်းပွားဖွယ်ရာ နည်းလမ်းများလည်း ပါဝင်သည်။
စတုတ္ထအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် NUG တွင် ထည့်သွင်းထားသည့် အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ၊ ခေတ္တသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့်အတူ “အစိုးရခေါင်းဆောင်” အဖြစ် NUG ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ရုပ်ပြခေါင်းဆောင်အဖြစ်မှလွဲပြီး အခြားကဏ္ဍမှ ပါဝင်ခြင်း မရှိဘဲ NUG ၏ စဉ်းစားသုံးသပ်ချက်များတွင် မည်သည့်အခန်းမှ မပါကာ ၎င်း၏မူအချို့ကိုပင် သဘောမတူဘဲ ဖြစ်နေနိုင်သည်။ ဥပမာအားဖြင့် ရိုဟင်ဂျာ မွတ်ဆလင်များနှင့် ပတ်သက်ပြီး အပေးအယူ မလုပ်သည့် သူ၏ မူဝါဒသည် NUG ၏ ပိုမိုပျော့ပျောင်းသောမူနှင့် လုံးဝကွဲပြားသည်။
အတိုက်အခံလှုပ်ရှားမှု လွန်စွာ ကွဲပြားခြားနား
ပဉ္စမအချက်မှာ အတိုက်အခံလှုပ်ရှားမှုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးအုပ်စုများ၊ လက်နက်ကိုင်အုပ်စုများနှင့် အခြားအတိုက်အခံများ စသည်ဖြင့် လွန်စွာကွဲပြားခြားနား စုံလင်သည်။ ၎င်းတို့သည် လတ်တလောတွင် ညီညွတ်ရေးတပ်ဦးအဖြစ် သဘောတူကြသော်လည်း ထိုရပ်တည်ချက်သည် မူဝါဒများ၊ ဦးစားပေးများ၊ တကိုယ်ရည်အားသာချက်တို့နှင့် ပတ်သက်သည့် ကွဲပြားခြားနားမှုများကို ဖုံးအုပ်ထားသည်။
ထိုသို့ လွန်စွာ မတည်ငြိမ်သော အစုအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသံတခုသာဖြစ်သော်လည်း အရေးပါသော အသံတခုဖြစ်သည်။ စစ်ကောင်စီနှင့် မည်သည့်ဆွေးနွေးမှုမဆိုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။
စစ်ကောင်စီနှင့် မည်သည့်ဆွေးနွေးမှုမဆိုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း လက်နက်ကိုင်အုပ်စုငယ် အများအပြား ပေါ်ပေါက်လာသည်။ ၎င်းတို့ အများအပြားသည် နှုတ်အားဖြင့် NUG နှင့် PDF ကို ထောက်ခံသည်ဟု ဆိုသော်လည်း အများစုသည် လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်သည်။ ကိုယ့်ထောက်လှမ်းရေးသတင်း ကိုယ်စုဆောင်းကာ ကိုယ့်ပစ်မှတ် ကိုယ်ရွေးချယ်ပြီး ကိုယ့်နည်းဗျူဟာ ကိုယ်ဆုံးဖြတ်ကြသည်။ တနေ့တွင် ထိုအုပ်စုများသည် ညှိနှိုင်း၍ဖြစ်စေ၊ မညှိနှိုင်းဘဲဖြစ်စေ အသာတကြည် လက်နက်ချပြီး နိုင်ငံရေးအထက်လွှာက ပြောသည့်အတိုင်း လုပ်မည့်သဘော မရှိပေ။
နောက်ဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအသိုက်အဝန်း၏ အချစ်တော် ဖြစ်ခဲ့ဖူးသော်လည်း ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်ကို ခုခံကာကွယ်ပေးခဲ့သောကြောင့် သူ၏ ကျင့်ဝတ်သြဇာ ပြိုလဲသွားခဲ့သည်။
အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။ မြန်မာတွင် ပိုမိုအာရုံစိုက်မှု ခံရသည့် ခေါင်းဆောင်မျိုးဆက်သစ်တခု ပေါ်ပေါက်လာသည်။
စွမ်းအားရှိသော သင်္ကေတ
အထက်ပါအချက်များ ရှိသော်လည် မစ္စတာ ဒွန်၏ ခရီးစဉ်က ပြသခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို စွမ်းအားရှိသော သင်္ကေတတခုအဖြစ် စစ်ကောင်စီ၊ အတိုက်အခံလှုပ်ရှားမှုနှင့် အာဆီယံက မြင်နေကြသည်။ ထိုအုပ်စု သုံးခုလုံးသည် ၎င်းတို့ အကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ပြင်ဆင်ထားကြသည်။
နိုင်ငံရေးအရ အင်အားချိနဲ့ကာ ကျင့်ဝတ်အပေးအယူလုပ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနှင့် မြန်မာ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အာဏာကစားပွဲက ဖယ်ထုတ်မထားနိုင်သေးပေ။
နေပြည်တော်တွင် ဖမ်းဆီးချုပ်နှောင်ခံရကာ ဂရုတစိုက် ရွေးချယ်စစ်ဆေးထားသည့် ပုဂ္ဂိုလ်များမှအပ မည်သူနှင့်မဆို အဆက်အသွယ် ဖြတ်ခံထားရသောကြောင့် မစ္စတာ ဒွန်ပြောသည့် စကားများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် မည်သို့စဉ်းစားသည်၊ ပြောဆိုသည်ကို သိရန် ခက်ခဲသည်။
သို့သော် ရှင်းလင်းသော အချက်တချက်ရှိသည်။ အများပြည်သူနှင့် ထိတွေ့မည့်စင်မြင့် ရုတ်သိမ်းခံထားရပြီး နိုင်ငံရေးအရ အင်အားချိနဲ့ကာ ကျင့်ဝတ်အပေးအယူလုပ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနှင့် မြန်မာ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အာဏာကစားပွဲက ဖယ်ထုတ်မထားနိုင်သေးပေ။
(Andrew Selth ၏ Has history left Myanmar’s Aung San Suu Kyi behind? ကို ဘာသာပြန်သည်။ ယခုဆောင်းပါးကို Lowey Institute ၏ ဘလော့ဂ်ဖြစ်သော Interpreter တွင် ပထမဆုံး ဖော်ပြခဲ့သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို နှိပ်ကွပ်၍ မရ
နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း
“ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ်”
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ