၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နစက ဟုခေါ်သည့် စစ်ကောင်စီ ပေါ်လာသကဲ့သို့ မင်းအောင်လှိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည့် အစိုးရအဖွဲ့ ပေါ်လာသည်။ စစ်ကောင်စီ၊ အစိုးရအဖွဲ့နှင့် ကြည်း၊ ရေ၊ လေ စစ်ဖက်ခေါင်းဆောင်များ ပါသည့်စစ်တပ် စသည့် အင်စတီကျူးရှင်းသုံးခုသည် လက်ရှိ မြန်မာစစ်တပ် အုပ်ချုပ်ရေး၏ အဓိက အဆောက်အအုံများ ဖြစ်သည်။
ယခုဆိုလျှင် စစ်တပ်အာဏာသိမ်းသည်မှာ အချိန် နှစ်နှစ်ခွဲခန့် ရှိသွားပြီဖြစ်သည်။ အချိန်တိုတောင်းသေးသည်ဟု ဆိုရမည် ဖြစ်သော်လည်း အဆိုပါ အင်စတီကျူးရှင်း သုံးခုသည် ယခုထိ မငြိမ်ဘဲ လူအပြောင်းအလဲ များလှသည်။
စစ်ကောင်စီ
ပထမဦးစွာ စစ်ကောင်စီအား ဖွဲ့စည်းရာတွင် တော်လှန်ရေးကောင်စီခေတ်၊ နဝတ၊ နအဖ ခေတ်ကကဲ့သို့ တိုင်းမှူးများကို ထည့်သွင်း ဖွဲ့စည်းထားခြင်း မရှိသကဲ့သို့ ကစထမှူး အဆင့်များကိုပင် ထည့်သွင်းဖွဲ့စည်းထားခြင်း မရှိပေ။
ထို့ပြင် နဝတ၊ နအဖ ခေတ်နှင့်မတူဘဲ အရပ်သားအချို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရုပ်ပြ ထည့်သွင်း ဖွဲ့စည်းခဲ့၏။ စစ်တပ်အာဏာသိမ်းခါစက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီးအဆင့်ရှိ တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်သူ ဗိုလ်ချုပ်ကြီးအဆင့်ရှိ မောင်မောင်ကျော်တို့ကို ထည့်သွင်း ဖွဲ့စည်းခဲ့သေးသည်။ သို့သော်လည်း မောင်မောင်ကျော်အား ဖယ်ရှားပြီး လေချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို လည်းကောင်း၊ တင်အောင်စန်းကို ဖယ်ရှားခြင်း မပြုသော်လည်း တာဝန်ပြောင်းပေးပြီး ရေချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို လည်းကောင်း ပြောင်းလဲခန့်အပ်ခြင်းများ ပြုလုပ်ပြီးနောက် လေချုပ်နှင့် ရေချုပ်အသစ် နှစ်ယောက်ကို စစ်ကောင်စီတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။
အဆိုပါ ထိပ်ဆုံးရှိ စစ်ကောင်စီသည် နှစ်နှစ်ခွဲအတွင်း စစ်တပ်မှ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် အပြင် အရပ်သားအတော်များများကို ဖယ်ရှားပြောင်းရွှေ့ခဲ့သည်။ အရပ်သားများထဲမှာ အချို့ကို အကြံပေးကောင်စီဟု ချန်ထားခဲ့သော်လည်း အချို့ကို လုံးဝအနားပေးခဲ့သည်။
စစ်ကောင်စီသည် နှစ်နှစ်ခွဲအတွင်း စစ်တပ်မှ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် အပြင် အရပ်သားအတော်များများကို ဖယ်ရှားပြောင်းရွှေ့ခဲ့သည်။ အရပ်သားများထဲမှာ အချို့ကို အကြံပေးကောင်စီဟု ချန်ထားခဲ့သော်လည်း အချို့ကို လုံးဝအနားပေးခဲ့သည်။
စစ်တပ်အာဏာသိမ်းစဉ်က နာရီဝက်ခန့်သာ အချိန်ပေး၍ စဉ်စားဆုံးဖြတ်စေခဲ့သည့် အရပ်သားကောင်စီဝင်များ ဖယ်ရှားခံရသည်။ အစကတည်းက အရပ်သားများ ထည့်သွင်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မတည့်သူများ၊ တိုင်းရင်းသားကိုယ်စားပြုဟု အမည်ခံမည့်သူများကို စစ်တပ်က ရုပ်ပြအဖြစ် ထည့်သွင်းထားခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ မရှိသည့် ရုပ်သေးများဖြစ်သဖြင့် မထူးဆန်း။ သို့သော် ထိုလုပ်ပိုင်ခွင့်အာဏာ မရှိသည့် ရုပ်သေးအဆင့်သာရှိသော အရပ်သားများကို စိတ်တိုင်းမကျဘဲ မကြာခဏ လဲနေရသည်ကတော့ ထူးဆန်းသည်။
သို့သော်လည်း စစ်ကောင်စီတွင် နေရာရလာသည်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ညွှန်ချုပ်ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ ရဲဝင်းဦး ဖြစ်သည်။ ရဲဝင်းဦးအား စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးသည်။ နောက်ဆုံး ပြောင်းလဲဖွဲ့စည်းသည့် စစ်ကောင်စီတွင် ရဲဝင်းဦးသည် အမှတ်စဉ် ၄ ဖြစ်သည်။
မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် စစ်တပ်ကို ထောက်လှမ်းရေးတဖြစ်လဲ စရဖနှင့် ထိန်းချုပ်ရန် ကြိုးစားနေ၏။ ထို့ပြင် ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တာဝန်ယူသူ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ ရာပြည့်အား စစ်ကောင်စီအဖွဲ့ဝင်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။
လက်ရှိ စစ်ကောင်စီမှာ ယခင် ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီ၊ ၁၉၈၈ အာဏာသိမ်း နဝတ တို့ကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ် ကြည်း၊ ရေ၊ လေ၊ တိုင်းမှူးများနှင့် ဖွဲ့စည်းခဲ့သည့် ပုံစံမဟုတ်ဘဲ မင်းအောင်လှိုင် စိတ်ကြိုက် စစ်ဗိုလ်ချုပ်အချို့၊ အရပ်သားရုပ်ပြအချို့နှင့် ဖွဲ့စည်းသည်။ စိတ်ကြိုက်လူများနှင့် ဖွဲ့စည်းခဲ့သော်လည်း ကုန်လွန်ခဲ့သည့် နှစ်နှစ်ခွဲအတွင်း စစ်ကောင်စီသည် တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲ များခဲ့သည်။
စစ်ကောင်စီ၏ အစိုးရအဖွဲ့
စစ်ကောင်စီ၏ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်က တာဝန်ယူသည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးနေရာ အလဲအလှယ်ပြုသည်။ ဤရာထူးပြောင်းလဲမှုသည် ကျွမ်းကျင်မှုထက် တနေရာတည်း ကြာကြာမထားလို၍ ဖြစ်ပုံရသည်။
မင်းအောင်လှိုင်၏ လက်ရင်းဟု ဆိုကြသူ ယခင် စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက် ရှိနေသော်လည်း ပြည်ထဲရေးဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ၏ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်သည်။ ဒုဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။ အတွင်းသတင်းများအရ ကျန်းမာရေးကြောင့်ဟု ဆိုကြသည်။
ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်ထားသည်။ သို့သော် ဒုဝန်ကြီးချုပ်တော့ မပေးပေ။ ရာပြည့်အား အတန်ငယ် သဘောကျသော်လည်း သူ၏အတွင်းလူအဖြစ် သဘောထားပုံ မရပေ။
ရာပြည့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း မင်းအောင်လှိုင်သည် သူလက်ရင်းတဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အမြဲပါဝင်ခိုင်းကြောင်း တွေ့ရသည်။ သို့သော် ပြီးခဲ့သည့် ခုနစ်နှစ်တာ ကာလလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တာဝန်ယူလာသူအား ပြည်ထဲရေးကို ပြန်လည် တာဝန်ပေးသည်ကမူ သူ၏ကျွမ်းကျင်ခဲ့မှုနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။
ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်ထားသည်။ သို့သော် ဒုဝန်ကြီးချုပ်တော့ မပေးပေ။ ရာပြည့်အား အတန်ငယ် သဘောကျသော်လည်း သူ၏အတွင်းလူအဖြစ် သဘောထားပုံ မရပေ။
နှစ်နှစ်ခွဲအတွင်း မတည်ငြိမ်ဆုံး ရာထူးနေရာမှာ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ်နေရာဖြစ်သည်။ စစ်ကောင်စီသည် ပြည်ထဲရေး ဒုဝန်ကြီးနေရာနှင့် ရဲချုပ်ရာထူးကို ပူးတွဲထားပြီး ပြည်တွင်း နှိပ်ကွပ်ဖမ်းဆီးရေး လုပ်ငန်းများကို တိုက်ရိုက်ကွပ်ကဲစေပုံရ၏။ ထိုနေရာတွင် ပထမဆုံး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ သန်းလှိုင်ကို ခန့်ထားရာမှ ဖယ်ရှားခဲ့ပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် နေရာသို့ ဗိုလ်ချုပ် ဇင်မင်းထက်ကို ပြောင်းလဲခန့်ထား၏။ ထို့နောက် ဇင်မင်းထက်ကို အခြားဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးအား ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပြီး နှစ်နှစ်ခွဲအတွင်း တတိယမြောက် ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတွင် ‘ဖယောင်းတိုင်’ ကိုကိုလှိုင်ကို ဝန်ကြီးတာဝန် ပေးခဲ့သည်။ နိုင်ငံတကာပိတ်ဆို့မှုများကို ပုံမှန်နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် နောက်ထပ် လမ်းကြောင်းတခုမှ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပုံရသော်လည်း အောင်မြင်မှုမရှိပေ။ ထိုဝန်ကြီးဌာနတွင် အသစ်ခန့်အပ်မှု မတွေ့ရသေးဘဲ ဦးကိုကိုလှိုင်ကို ပြည်ထောင်စုအစိုးရုံးဝန်ကြီးဌာန (၂) သို့ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်ကို ခန့်အပ်ခဲ့ပြီးနောက် အောင်မြင်မှုမရှိခဲ့ဘဲ သူ၏နေရာတွင် နဝတခေတ် လူဟောင်း ဦးသန်းဆွေနှင့် အစားထိုးခဲ့သည်။ ဦးဝဏ္ဏမောင်လွင်အား ဖယ်ရှားပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ယခုအခါ ဦးသန်းဆွေကို ဒုဝန်ကြီးချုပ်အဖြစ်ပါ ပူးတွဲတာဝန်ပေးထားသည်။ တရုတ်၊ ထိုင်းတို့နှင့် ဆက်ဆံရေး အဆင်ပြေ၍ ဆုလာဘ်ချပုံရသည်။
ထိုအရေးကြီးဝန်ကြီးဌာန သုံးခုအပြင် နှစ်နှစ်ခွဲအတွင်း အခြားဝန်ကြီးဌာနများစွာကို တိုးချဲ့ဖွဲ့စည်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဝန်ကြီး၊ ဒုဝန်ကြီးများစွာကို ပြောင်းလဲခန့်အပ်ခြင်း၊ အသစ်ခန့်အပ်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်းတို့ များစွာပြုလုပ်ခဲ့သည်။ ဟိုတယ်ခရီးဝန်ကြီးဆိုလျှင် လေးကြိမ်ပြောင်းခဲ့ပြီး ဖြစ်သည်။
ရုရှားသို့ အကြိမ်ကြိမ် စေလွှတ်ခံရပြီး စီမံကိန်းများစွာ ရေးဆွဲနေသည်ဆိုသည့် လျှပ်စစ်ဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီး နှစ်ဦးလည်း ဖယ်ရှားခံရသည်။
ရာထူးဖယ်ရှားခံရသည့် ဝန်ကြီးများသည် ကြိုတင်သိရှိခြင်း မရှိကြဘဲ သတင်းကြေညာချိန်မှ သိရှိကြသည်။
ဝန်ကြီးဌာနများအပြင် ရွေးကောက်ပွဲကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဗဟိုဘဏ်၊ အဂတိကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်၊ နေပြည်တော်ကောင်စီ စသည့် အစိုးရရုံးအကြီးအကဲ များစွာကိုလည်း နှစ်နှစ်ခွဲအတွင်း အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သည်။
ရာထူးဖယ်ရှားခံရသည့် ဝန်ကြီးများသည် ကြိုတင်သိရှိခြင်း မရှိကြဘဲ သတင်းကြေညာချိန်မှ သိရှိကြသည်။
စစ်ကောင်စီဝန်ကြီး အပြောင်းအလဲတွင် ဝန်ကြီးတဦးအား ဝန်ကြီးဌာနမျိုးစုံသို့ ပြောင်းရွှေ့ တာဝန်ယူခိုင်းနေသည်။ သို့ဖြစ်ရာ လုပ်ငန်းကျွမ်းကျင်မှု မရှိကြတော့ဘဲ အောင်မြင်မှုရရန် ပို၍ ခက်ခဲလာကြတော့၏။
၆၀ ကျော်ကို အငြိမ်းစားပေး
အာဏာသိမ်းစစ်တပ်၏ အဓိက အဆောက်အအုံဖြစ်သည့် မြန်မာစစ်တပ်၏ လက်ချိုးရေ၍ရသော ထိပ်ပိုင်းခေါင်းဆောင် အချို့မှအပ ကျန် စစ်ဖက်ရာထူးများမှာလည်း နှစ်နှစ်ခွဲအတွင်း တည်ငြိမ်မှု မရှိပေ။
လက်ရှိ မြန်မာစစ်တပ်တွင် တည်ငြိမ်မှုရှိသူမှာ ကာချုပ်နှင့် ဒုချုပ်တာဝန်ယူထားသူ မင်းအောင်လှိုင်နှင့် စိုးဝင်း၊ ညှိကွပ် ခေါ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မင်းအောင်လှိုင်၏ လက်ရင်းဟု သတ်မှတ်ခံရသူ စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ယူသူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် မင်းအောင်လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီး ညိုစောတို့သာ ရှိသည်။
ယခုနှစ်နှစ်ခွဲ အချိန်ကာလတွင် မင်းအောင်လှိုင်သည် သူနှင့် မတိမ်းမယိမ်းများကို ဖြုတ်၍ သူဩဇာနာခံမည့်သူနှင့် အနှစ် ၂၀ ခန့် ငယ်သူများ ရွေးချယ်ခန့်ထားလျက်ရှိသည်။
နှစ်နှစ်ခွဲအတွင်း ကျန်အောက်ခြေအဆင့် မဆိုထားနှင့် ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးအဆင့်ရှိ ကာကွယ်ရေးဦးစီးချုပ် ရေနှင့် လေကိုလည်း ဖြုတ်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အာဏာသိမ်းစဉ်က ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ ကစထမှူး ခြောက်ယောက်ဖြစ်ကြသည့် သန်းလှိုင်၊ ခင်လှိုင်၊ အောင်ဇော်အေး၊ တေဇကျော်၊ သန်းထွန်းဦး စသူ အားလုံးနီးပါး ပြုတ်သူပြုတ်၊ ပြောင်းသူပြောင်း၊ အရေးယူခံရသူခံရ ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်အဆင့်ရှိ နမခ တိုင်းမှူး၊ မပခ တိုင်းမှူး၊ ရတခတိုင်းမှူးများ ပြုတ်သူပြုတ်၊ ပြောင်းသူပြောင်းခဲ့ရသည်။ ထိုသူများအောက်ရှိ ဗိုလ်မှူးချုပ်အဆင့် တပ်မမှူး၊ စကခမှူး၊ ဒကစမှူး၊ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူး၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးများ အရေးယူခံရ၊ ပြောင်းရွှေ့ဖယ်ရှားခံရသည်။ အောက်ခြေအဆင့်များ သတင်းက ပေါ်လွင်မှု မရှိသော်လည်း မြန်မာစစ်တပ်၏ ထိပ်ပိုင်းဖြစ်သည့် ကစထမှူး၊ တိုင်းမှူးအဆင့်များသည်ပင်လျှင် မတည်ငြိမ်သည်ကို နှစ်နှစ်ခွဲအတွင်း ရှင်းလင်းစွာ တွေ့မြင်ရ၏။
အောက်ခြေအဆင့်များ သတင်းက ပေါ်လွင်မှု မရှိသော်လည်း မြန်မာစစ်တပ်၏ ထိပ်ပိုင်းဖြစ်သည့် ကစထမှူး၊ တိုင်းမှူးအဆင့်များသည်ပင်လျှင် မတည်ငြိမ်သည်ကို နှစ်နှစ်ခွဲအတွင်း ရှင်းလင်းစွာ တွေ့မြင်ရ၏။
ထို့ပြင် နှစ်နှစ်ခွဲ ပြည့်သည့်ကာလတွင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့် ၆၀ ကျော်ကို အငြိမ်းစားပေးလိုက်သည့် သတင်းနှင့်အတူ အငြိမ်းစား ပေးခံရသော ဗိုလ်ချုပ်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ပို့သော်လည်း အများစုက မသွားကြဟူသည့် သတင်းများ ထွက်ပေါ်လာ၏။ ထိုသတင်းကို အတည်ပြု၍ မရသေးသော်လည်း ယခုလပိုင်း မည်သည့် စစ်ဗိုလ်ချုပ်မှ စစ်တပ်မှ USDP သို့ ပြောင်းလာသည်ကို မတွေ့ရပေ။
မအောင်မြင်ခြင်းနှင့် မတည်ငြိမ်ခြင်း
စစ်ကောင်စီ၊ အစိုးရအဖွဲ့နှင့် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း မတည်ငြိမ်ခြင်းသည် အောင်မြင်မှု မရသည့်အတွက်ကြောင့် ဖြစ်၏။ အောင်မြင်မှု မရသည်ကို လူကြောင့်ဟုထင်နေသည့် စစ်ခေါင်းဆောင်က လူများကို ခဏခဏလဲနေခြင်း၊ ဖြုတ်နေခြင်းကြောင့် စစ်ကောင်စီ၏ ခေါင်းဆောင်မှု အဖွဲ့အစည်းများ တည်ငြိမ်မှု မရှိပေ။ မတည်ငြိမ်လေ အောင်မြင်မှု မရလေ၊ အောင်မြင်မှုမရ၍ လူလဲသဖြင့် ပို၍ မတည်ငြိမ်လေဖြင့် ဂျာအေးသူ့အမေရိုက်ပြီး လုံးလည်ချာလည်လိုက်နေသည်။
နိုင်ငံရေးအရပြောလျှင် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အကျပ်အတည်းကို စစ်ကောင်စီအနေဖြင့် ဖြေရှင်းနိုင်စွမ်းမရှိ၊ စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း စစ်ကောင်စီက ဖြေရှင်းနိုင်စွမ်းမရှိ။ စစ်ရေးအရလည်း အနိုင်တိုက်နိုင်စွမ်းမရှိဘဲ အကျပ်အတည်းထဲ ရောက်နေသည်။
ဤသို့ အကျပ်အတည်းတွင် ရောက်နေခြင်းသည် မူဝါဒအမှားများကြောင့် ဖြစ်သည်။ ထိုမူဝါဒအမှားကို မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ လူတွေကြောင့် သတ်မှတ်ကာ လူတွေကိုသာ တွင်တွင်ပြောင်းလဲ၍ ဖြုတ်ထုတ်ပြောင်း လုပ်နေသည်။ သို့သော် ထူးခြားမှု မရှိ။ မြန်မာစစ်တပ် ခေါင်းဆောင်မှု အင်စတီကျူးရှင်းများ မတည်ငြိမ်မှု ပို၍ဖြစ်လာသည်သာ အဖတ်တင်သည်။
ဤသည်မှာလည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်သည့် မအောင်မြင်မှု၊ ဆုံးရှုံးမှုများကို သူ့အောက်အဆင့်ဆင့်သို့ အပြစ်ပုံချထား၍ဖြစ်သည်။ ထိပ်ဆုံးခေါင်းဆောင်ဖြစ်သူက တာဝန်ယူမှု တာဝန်ခံမှု မရှိ၍ဖြစ်သည်။
လာမည့်ကာလများတွင်လည်း မင်းအောင်လှိုင်သည် သူအောက်က အဆင့်ဆင့် အရာရှိကိုများကို မအောင်မြင်မှုများ၏ တရားခံအဖြစ် ဖြုတ်ထုတ်လဲခြင်း၊ အရေးယူခြင်းများ အညှာတာကင်းမဲ့စွာ ပြုလုပ်မည်
သို့ဖြစ်ရာ လာမည့်ကာလများတွင်လည်း မင်းအောင်လှိုင်သည် သူ့ကို ဆန့်ကျင်သူများအား ရက်စက်စွာ ချေမှုန်း၊ သတ်ဖြတ်၊ တိုက်ခိုက်၊ ဖမ်းဆီး အပြစ်ပေးမည် ဖြစ်သကဲ့သို့ သူအောက်က အဆင့်ဆင့် အရာရှိကိုများကို မအောင်မြင်မှုများ၏ တရားခံအဖြစ် ဖြုတ်ထုတ်လဲခြင်း၊ အရေးယူခြင်းများ အညှာတာကင်းမဲ့စွာ ပြုလုပ်မည်ဖြစ်သည်။ စစ်ကောင်စီ၏ မအောင်မြင်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများအဖြစ် ပုံဖော်ပေးခြင်း ခံရမည်။
မင်းအောင်လှိုင်ကိုသာ လဲပစ်ရန် လိုသည်
မြန်မာစစ်တပ် လူဟောင်းများကို မင်းအောင်လှိုင်က ပွဲထုတ်သကဲ့သို့ ထိုသူများကလည်း မင်းအောင်လှိုင်ကို ဝိုင်းရံထားကြ၏။ ထို့အတူ စစ်တပ်ထောက်ခံသူ ဆိုသူများကလည်း မင်းအောင်လှိုင်ကို ဝိုင်းရံထားကြ၏။ သူတို့အားလုံး၏ အတွေးမှာ စစ်တပ်ပြိုလို့မဖြစ်၊ စစ်တပ်ပြိုလျှင် သူတို့ပါ ထိခိုက်မည်။ သူတို့၏ အသက် အိုးအိမ်စည်းစိမ်၊ ပိုင်ဆိုင်မှုများကိုပါ ထိခိုက်မည်ကို စိုးရိမ်နေကြသည်။
တကယ်က စစ်တပ်အနေနှင့် အကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်၊ တိုင်းပြည်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ရန်၊ တိုင်းပြည်တည်ငြိမ်ရန်၊ ပြီးခဲ့သော နှစ်နှစ်ခွဲအတွင်းက ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမည့်သူမှာ မင်းအောင်လှိုင်သာ။ မင်းအောင်လှိုင်နှင့် သူလူအချို့ကို ဖယ်ရှားလဲလှယ်နိုင်မှ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် လွယ်ကူပြီး စစ်တပ်အတွက်လည်း ထွက်ပေါက်ရလာပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ မင်းအောင်လှိုင် ဆက်လက် အာဏာတည်မြဲနေပါက အဆုံးမရှိသော လူစားလဲလှယ်မှုများနှင့် ပြုတ်လို့ ပြောင်းလို့မဆုံး ဖြစ်ပေလိမ့်မည်။ ယခုအခါ စစ်တပ်တွင်းမှ မင်းအောင်လှိုင် သဘောကျသူများကို ၆၂ နှစ်ပြည့်သော်လည်း စစ်တပ်ရာထူး ဆက်ပေးထားပြီး သဘောမကျသူများကို အနားပေး ဖယ်ရှားနေသည် ။ မည်သည့် ဥပဒေစည်းမျဉ်းမှ မလိုက်နာဘဲ ထင်ရာစိုင်းနေသူတယောက်ကြောင့် မြန်မာစစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းသည် တည်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အောင်မြင်မှုလည်း ရလိမ့်မည်မဟုတ်ပေ။
မင်းအောင်လှိုင်ကို မလဲရဲကြသည့် စစ်ဗိုလ်ချုပ်များ အလဲခံရကြသည်မှာ သနားစရာ ကောင်းလိမ့်မည် မဟုတ်ပေ။
တကယ်လဲပစ်ရန် လိုနေသည်က မင်းအောင်လှိုင်သာ ဖြစ်သည်။ မင်းအောင်လှိုင်ကို မလဲပစ်နိုင်ပါက ကျန်သူများ တယောက်ပြီးတယောက် လဲလှယ်ဖယ်ရှားခံရပေလိမ့်မည်။ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ်လုပ်ခဲ့သူ သန်းလှိုင်ကဲ့သို့ ညီအရင်းကို သတ်ဖို့ဝန်မလေးသူ၊ မင်းအောင်လှိုင် ခိုင်းသမျှ လုပ်ခဲ့သူကိုပင် ဖယ်ရှားခဲ့သည်ဖြစ်ရာ ကျန်သူများ ဖယ်ရှားခံရမည်ကတော့ မထူးဆန်းပေ။
ကစထမှူး၊ တိုင်းမှူးများကိုပင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် သဘောမထားဘဲ စရဖကို လက်ကိုင်တုတ် လုပ်ထားသော မင်းအောင်လှိုင်၏ အဖြုတ်အပြောင်းများကို ဆက်လက်၍ ရှုစားရပေဦးမည်။ မင်းအောင်လှိုင်ကို မလဲရဲကြသည့် စစ်ဗိုလ်ချုပ်များ အလဲခံရကြသည်မှာ သနားစရာ ကောင်းလိမ့်မည် မဟုတ်ပေ။ စစ်ကောင်စီ၏ လက်ရှိမူဝါဒအတိုင်းသွားပါက အောင်မြင်မှုရရှိနိုင်မည်မဟုတ်ရာ အတောမသတ်နိုင်သည့် လူလဲပွဲများကို မြင်တွေ့ရပေဦးမည်။
You may also like these stories:
စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများ
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ
စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်
ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်
စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ
စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ