မြန်မာတို့၏ အချို့သော အတိတ်တဘောင်များသည် အကြောင်းမဲ့ ပေါ်ပေါက်လာသည်တော့ မဟုတ်ပေ။ အကျိုးအကြောင်းသင့် ပေါ်ပေါက်လာကြခြင်း ဖြစ်၏။ ရှေးမြန်မာပဒေသရာဇ်မင်းများ ဘာသာရေးကို အကြောင်းပြု၍ အကြီးဆုံးဘုရားကို တည်ကြသည့်အခါ လူထုဒဏ်ပိပြီး ဆင်းရဲဒုက္ခရောက်ကြသဖြင့် “ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့” ဟူသော အတိတ်တဘောင်လိုလို ပြည်သူများက စာချိုးကြခြင်းဖြစ်၏။
ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။ ရွှေဈေးက ၃၅ သိန်းအထက် ရောက်နေ၏။ အမေရိကန်ဒေါ်လာဈေးက ၃,၃၀၀ ကျော်၊ တရုတ်ငွေဈေးက ၄၆၀ ကျော်၊ ထိုင်းဘတ်ဈေးက ၁၀၀ နီးပါးရှိနေ၏။ မြန်မာငွေဈေးဖောင်းပွနှုန်း မြင့်တက်နေ၏။ လက်ရှိငွေဈေးတွင် ငြိမ်နေသည်မှာ တပတ်ကျော်ပြီဖြစ်သဖြင့် ပြန်ဆင်းတော့မည့် အလားအလာ နည်းသည်ဟု သုံးသပ်ရ၏။ ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထွက်လာပါက အခြေအနေပိုဆိုးမည် ဖြစ်သဖြင့် ကျပ်နှစ်သောင်းတန်ပင် မထုတ်ရဲသည်ကို တွေ့ရ၏။
မြန်မာငွေဈေးကျသဖြင့် လောင်စာဆီဈေးတက်၏။ သွားလာစားရိတ်များ မြင့်တက်၏။ အခြေခံစားကုန်များ၊ ဆေးဝါးများ ဈေးတက်နေသကဲ့သို့ အိမ်ဈေး၊ မြေဈေးများမှာလည်း ကြောက်ခမန်းလိလိ တက်နေ၏။ မူဝါဒအမှားများကြောင့် မော်တော်ကားဈေးများမှာလည်း ယခင်ကထက် သုံး၊ လေးဆ ခုန်တက်ပြီး အဓိပ္ပာယ်မဲ့သောဈေးများ ဖြစ်နေသည်။ အာဏာရှိသူများနှင့် အလွမ်းသင့်သောသူများ ထားစရာမရှိအောင် ချမ်းသာလာသကဲ့သို့ အောက်ခြေလူတန်းစာများကတော့ စားစရာမရှိအောင် မွဲပြာကျလာ၏။
မြန်မာပြည်မှ လူများ နိုင်ငံခြားသို့ အလုံးအရင်းနှင့် ထွက်နေကြသည်ကို တွေ့နေ၏။ တရားဝင်လမ်းကြောင်းကရော တရားမဝင်လမ်းကြောင်းကပါ နေ့စဉ်လူဦးရေ ထောင်ချီ၍ နိုင်ငံကို စွန့်ခွာနေကြရသည်ကို တွေ့ရ၏။ မြန်မာပြည်သည် နေ့စဉ် “လူအရင်းအမြစ်သယံဇာတ” များ ဆုံးရှုံးနေ၏။
အာဏာရှိသူများနှင့် အလွမ်းသင့်သောသူများ ထားစရာမရှိအောင် ချမ်းသာလာသကဲ့သို့ အောက်ခြေလူတန်းစာများကတော့ စားစရာမရှိအောင် မွဲပြာကျလာ၏။
တဖက်တွင်လည်း စစ်ရှိန်များက မြင့်သထက်မြင့်တက်လာနေ၏။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများသည် မိုးကာလဖြစ်သဖြင့် သွားရေးလာရေး ခက်ခဲသည်ဖြစ်ရာ သာမန်ဆိုပါက စစ်ရှိန်လျှော့ချလေ့ရှိပြီး ပွင့်လင်းရာသီရောက်မှ စစ်ရှိန် မြှင့်လေ့ရှိကြ၏။ သို့သော် ယခုမူ မိုးတွင်းကာလတွင်လည်း စစ်ရှိန်က မြင့်တက်နေ၏။
ကရင်နီပြည်နယ်
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှစ၍ ကရင်နီပြည်တွင် မယ်စဲ့မြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ BP ၁၃ စခန်း၊ BP ၁၄ စခန်း၊ BP ၁၅ ရှိ မယ်တနွယ်စခန်း၊ BP ၁၆ ရှိ တောင်လှစခန်း၊ မယ်စဲ့မြို့မရဲစခန်းနှင့် ဗျူဟာကုန်းတို့အား ကရင်နီအင်အားစုများက သိမ်းပိုက်ထားနိုင်ခဲ့၏။ ရှားတောမြို့နယ်ရှိ ကျားပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ စခန်းနှစ်ခုကို စစ်ကောင်စီတပ်က စွန့်ခွာသွား၏။ နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းထားသော တပ်ရင်း နှစ်ရင်းက ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖြစ် ပြန်လည်ရပ်တည်ပြီး စစ်ကောင်စီကို ပြန်လည်တော်လှန်၏။
မယ်စဲ့သို့ ပြန်လည်သိမ်းပိုက်နိုင်ရန် တပ်မ ၆၆ မှ ဗျူဟာတခုဖြင့် ဖားဆောင်းမှလည်းကောင်း၊ စကခ ၂ မှ ဗျူဟာတခုဖြင့် ဘောလခဲ၊ ရွာသစ်မှလည်းကောင်း ထိုးစစ်ဆင်သော်လည်း မရသဖြင့် တပ်မ ၅၅ မှ ဗျူဟာတခုကို ဖားဆောင်းသို့ ထပ်ပို့၍ ထိုးစစ်ဆင်၏။ ကရင်နီတော်လှန်ရေး အင်အားစုများက မာမာထန်ထန် တုန့်ပြန်တိုက်ခိုက်သဖြင့် စစ်တပ်၏ ထိုးစစ်က တိုးမပေါက်။ ထို့ပြင် မြန်မာစစ်တပ်ထံမှ ကရင်နီတို့ သိမ်းပိုက်နိုင်ခဲ့သည့် ၁၂၀ မမ များကလည်း စစ်တပ်ကို ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့၏။ သို့ဖြစ်ရာ ရကတမှတပ်များ၊ လပခ လက်ရုံးတပ်များ ထပ်ပို့ရ၏။ သို့သော် စစ်ကူလာသောတပ်များကို ဒီးမော့ဆိုတဝိုက်တွင် ဖြတ်တိုက်၍ အထိနာကြသည်ကို တွေ့ရ၏။
ကရင်နီတော်လှန်ရေး အင်အားစုများက မာမာထန်ထန် တုန့်ပြန်တိုက်ခိုက်သဖြင့် စစ်တပ်၏ ထိုးစစ်က တိုးမပေါက်။
မယ်စဲ့ကို သိမ်းပိုက်ထားသော ကရင်နီအင်အားစုများသည် မယ်စဲ့တွင်သာမက ကရင်နီ တပြည်နယ်လုံး စစ်မျက်နှာဖွင့် တိုက်ခိုက်နေ၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲ ၇ ကြိမ်၊ ရှားတောမြို့နယ်အတွင်း ၁ ကြိမ်၊ ဖရူဆိုမြို့နယ်အတွင်း ၄ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၅ ကြိမ် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်ထား၏။ ဇူလိုင်လတွင်လည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ရွာသစ်၊ ဖားဆောင်း၊ ပန်တိန်းနှင့် လိပ်သို၊ ယာဒိုဒေသများတွင် တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၈၄ ဦး သေဆုံးကာ ၃ ဦး အရှင်ရမိသည်ဟု ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့ မယ်စဲ့တိုက်ပွဲ စတင်ကတည်းက လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်အင်အားများစွာ ဖြည့်တင်းနေသော်လည်း နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် မယ်စဲ့ကို စစ်တပ်က ပြန်မသိမ်းနိုင်သေးပေ။
ကရင်ပြည်နယ်
ကရင်ပြည်နယ်အတွင်း ဖြန့်ခွဲလှုပ်ရှားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းစစ်ကြောင်းများသည် ဘားအံခရိုင်မှအပ ကျန်နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေ၏။ လတ်တလော ဇူလိုင်လအတွင်း အပြင်းထန်ဆုံးဟု ပြောရမည့်တိုက်ပွဲမှာ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လက်ခတ်တောင်တိုက်ပွဲ ဖြစ်၏။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လဆန်းမှစ၍ KNU/KNLA တပ်မဟာ ၆၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များသည် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တိုက်ခိုက်နေရာမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် လက်ခတ်တောင်ကြော တခုလုံးအား သိမ်းပိုက်နိုင်ခဲ့သည်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းသည် မြဝတီနှင့် သင်္ကန်းညီနောင်၏ တောင်ဘက်ရှိ စစ်ရေးဗျူဟာအရ အရေးပါလှသည့် တောင်ကုန်းဖြစ်၏။ သို့ဖြစ်ရာ စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၄၄ မှ တပ်များက လက်ခတ်တောင်ကုန်းအား လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ပြန်လှန် ထိုးစစ်ဆင်နေသော်လည်း ယနေ့အထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
မွန်ပြည်နယ်
ယခုလတ်တလော မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ကြည့်ပါက KNU တပ်မဟာ ၆၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ မွန်တော်လှန်ရေးအဖွဲ့များ၊ ရေးဘီလူးစသည့် ဒေသခံအင်အားစုများနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့နေရ၏။ ထူးခြားချက်မှာ ရေးနှင့် မုဒုံကြား ကားလမ်းမကြီးအား KNU ရင်း ၂၇ နှင့် PDF တောင်ညို စစ်ကြောင်းတို့က စိုးမိုးထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း
တိုက်ပွဲကြီးများ မကြားရသော်လည်း ထားဝယ်၊ မောင်းမကန်၊ လောင်းလုံ၊ သရက်ချောင်း၊ တနင်္သာရီဒေသများတွင် KNU, PDF တပ်များ၏ တိုက်ခိုက်မှုများကို အဆက်မပြတ်ကြားနေရ၏။
ပဲခူးတိုင်း
ယခုလပိုင်းများတွင် ပဲခူးတိုင်းတွင်း စစ်ရေးလှုပ်ရှားမှုများကလည်း ထူးခြား၏။ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ရွှေကျင်၊ ကျောက်ကြီး၊ မုန်း တလျှောက်တွင် အခြေပြုလှုပ်ရှားနေသည့် KNU နှင့် PDF တပ်ဖွဲ့များသည် စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ကျောက်တံခါး နယ်မြေတွင်း ဝင်ရောက်လာပြီး ရန်ကုန်-မန္တလေး ရထားလမ်း၊ ကားလမ်းဟောင်း၊ အမြန်လမ်းတို့တွင် လှုပ်ရှားတိုက်ခိုက်ခြင်းများသည် ထူးခြားသော စစ်ရေးလှုပ်ရှားမှုများ ဖြစ်၏။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း
စစ်ကိုင်းတိုင်း တတိုင်းလုံးနှင့် မကွေတိုင်း ဧရာဝတီအနောက်ခြမ်းကမူ တနယ်လုံး ပုန်ကန်ထကြွနေကြသည့် ဒေသများဖြစ်၏။ စစ်ကောင်စီတပ် ရွာစဉ်လိုက် လုယက်မှု၊ မီးရှို့သတ်ဖြတ်မှု အများဆုံးခံရသော ဒေသများဖြစ်၏။ PDF တပ်ရင်းပေါင်း ၁၉၀ ဖွဲ့စည်းထားသကဲ့သို့ ဒေသခံ ပကဖ ရာဂဏန်းရှိသည့် ဒေသဖြစ်၏။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အနောက်ခြမ်းနေရာအားလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေ၏။ PDF များ၏ စခန်းတခုအား အလစ်သိမ်းပိုက်ခံရခြင်းတကြိမ်နှင့် စစ်ကောင်စီတပ်က လမ်းဖြတ် တိုက်ခိုက်မှုတကြိမ်ကြောင့် တိုက်ပွဲတခုလျှင် PDF ဆယ်ဂဏန်းမျှစီ ကျဆုံးပြီး လက်နက်ခဲယမ်း ဆုံးရှုံးများရှိခဲ့သော်လည်း ထိုဒေသ၏ ပုန်ကန်မှုအားကမူ လျော့ကျမသွားပေ။ နေရာအတော်တော်များများကို PDF များက ထိန်းချုပ်ထားပြီး နေရာအနှံ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အနောက်ခြမ်းနေရာအားလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေ၏။
မုံရွာမှ ကလေးသွားသည့် ယာကြီးလမ်း၊ ဂန့်ဂေါလမ်းတို့ သွားမရတော့။ PDF တို့က ထိန်းချုပ်ထားသည်။ တန့်ဆည် ကဒူးမမှ မဟာမြိုင်တောအား ဖြတ်သွားသည့်လမ်းကို ခွင့်ပြုထားသော်လည်း PDF က ထိန်းချုပ်ထား၏။ မိုင် ၈၀ ကျော်သာရှိသည့် ကလေးနှင့် တမူးလမ်းကြောင်းတွင် တိုက်ပွဲများဖြစ်ပြီး လမ်းပိတ်နေသည်မှာ တလကျော်ပြီ ဖြစ်၏။
စစ်ကိုင်း၊ မြစ်ကြီးနားသို့သွားသည့် ကားလမ်းပေါ်ရှိ ဂိတ် ၈၀ ရာခိုင်နှုန်းမှာ PDF ဂိတ်များ ဖြစ်နေ၏။ ထို့ပြင် မုံရွာအထက် ချင်းတွင်းမြစ်ရိုးတလျှောက်၊ မန္တလေး၊ ဗန်းမော်ကြား ဧရာဝတီမြစ်ရိုးတလျှောက် PDF များက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်၏ ထောက်ပို့ရေယာဉ်များ တက်လာပါက အဆက်မပြတ် တိုက်ခိုက်နေသည်ကို တွေ့ရ၏။
လက်နက်ခဲယမ်း မပြည့်စုံသေးသော PDF များကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသုံး၍ တိုက်ခိုက်နေရ၏။ အနီးဆုံးတိုက်ပွဲဖြစ်သည့် ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီး ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် ယင်းမာပင်ခရိုင် PDF တပ်များ၊ ဒေသခံ ပကဖ၊ နဂါးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ စစ်တပ်မှ ၁၅ ယောက်ခန့်သေပြီး အထိနာခဲ့သဖြင့် လေကြောင်းပစ်ကူဖြင့် လာရောက် ပစ်ခတ်ရသည်ကို တွေ့ရ၏။ ထို့အတူ ဩဂုတ်လ ၅ ရက်မှစ၍ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရှိ စစ်တပ်စခန်းအား PDF များ ဝင်ရောက်တိုက်ခိုက်ရာမှ သုံးရက်ဆက် တိုက်ပွဲဖြစ်ပြီး လေကြောင်းမှ ပစ်ကူခေါ်ရသည်ကို တွေ့ရ၏။
မန္တလေး
မန္တလေးမြို့ပေါ် လှုပ်ရှားမှုများ လျော့ကျခဲ့သော်လည်း မန္တလေးပတ်လည် လှုပ်ရှားမှုများကမူ ပိုတိုးလားသည်။ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ နောင်ချိုဒေသများတွင် PDF များ အားကောင်းမောင်းသန် လှုပ်ရှားလာသည်ကို တွေ့ရသကဲ့သို့ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာ နယ်များတွင်လည်း PDF လှုပ်ရှားမှုများ တွေ့ရ၏။ အနီးကပ်ဆုံး လှုပ်ရှားမှုမှာ မတ္တရာအနီး စကျင်ရွာသို့ PDF တပ်ဖွဲ့ (တောကြီးမြွေပွေးအဖွဲ့) က လက်နက်အပြည့်အစုံနှင့် ဝင်ရောက် ဈေးဝယ်သွားခဲ့သဖြင့် အုတ်အော်သောင်းနင်း ဖြစ်သည်ကို တွေ့ရ၏။
မန္တလေး PDF များ၏ ခြိမ်းခြောက်လှုပ်ရှားနိုင်စွမ်း မြင့်တက်လာသည်ကို တွေ့ရ၏။
ထို့ပြင် ဩဂုတ် ၄ ရက်နေ့က နောင်ချိုအနီး ယာဉ်တန်းအား တိုက်ခိုက်ခဲ့၍ စစ်တပ်မှ ၁၄ ဦးခန့်သေပြီး အချို့ ဒဏ်ရာရကာ သေနတ် ၁၈ လက်ခန့် သိမ်းဆည်းခဲ့သည်မှာ မန္တလေး PDF နှင့် EAO ပူးပေါင်းတပ်ဖွဲ့ဟု သိရ၏။
မန္တလေး PDF များ၏ ခြိမ်းခြောက်လှုပ်ရှားနိုင်စွမ်း မြင့်တက်လာသည်ကို တွေ့ရ၏။
ရန်ကုန်
မြို့ပြတိုက်ခိုက်မှုများ လျော့ကျသွားသော်လည်း တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအရ လှုံ့ဆော်ဆန္ဒပြမှုများလည်း တွေ့နေ၏။ အချိန်မရွေး ပေါက်ကွဲနိုင်သည့် နေရာဖြစ်ဆဲဖြစ်၏။
ဧရာဝတီတိုင်း
လှုပ်ရှားမှု အနည်းဆုံးဒေသ ဖြစ်သော်လည်း ပုသိမ်၊ ဟင်္သာတတို့တွင် PDF တပ်ရင်းများ ဖွဲ့စည်းပြီး တိုးထွက်လှုပ်ရှားရန် ကြိုးပမ်းနေသည်ဟု သိရ၏။
ရခိုင်
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထဲတွင် အင်အားတောင့်တင်းပြီး တိုက်ရည်ခိုက်ရည်ကောင်းသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ အခြေစိုက်ရာဒေသဖြစ်ပြီး နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း အချိန်မရွေး ပေါက်ကွဲနိုင်သည့် ဒေသဖြစ်၏။ ထို့ပြင် AA နှင့် PDF တို့၏ ဆက်ဆံရေးမှာလည်း တိုးတက်ကောင်းမွန်နေ၏။
ချင်းပြည်နယ်
ချင်းပြည်နယ်၊ ဟားခါးနှင့် မတူပီသို့ သွားရာလမ်းများသည် ယခင်က တရက်ခရီးများ ဖြစ်သော်လည်း ယခုအခါတွင်တော့ လနှင့်ချီသွားရသည့် သေမင်းတမန်လမ်းမများ ဖြစ်သွား၏။ ထို့အတူ ချင်းအမျိုးသားတပ်မတော် (CAN) ၏ ဌာနချုပ် ဗစ်တိုးရီယားစခန်းအား ထိုးသော ထိုးစစ်၊ ဟာခါးမှ ထန်တလန်သို့ ထိုးသော စစ်ကောင်စီတပ်၏ ထိုးစစ်များသည်လည်း မအောင်မြင်ခဲ့ပေ။ စစ်တပ်အဖို့ ချင်းပြည်နယ်တွင် စစ်တိုက်ဖို့ထက် လက်နက်ရိက္ခာ ထောက်ပို့ရန်ပင် ခက်ခဲနေ၏။
ကရင်နီတပ်ဖွဲ့များက နွေဦးတော်လှန်ရေးတွင် ၁၂၀ မမ ၇ လက်နှင့် အမြောက်ဆံများစွာ သိမ်းပိုက်ရသည့် ပထမဆုံးတပ်ဖွဲ့ဖြစ်သည်ဆိုလျှင် ချင်းတပ်ဖွဲ့များက နွေဦးတော်လှန်ရေးတွင် စစ်တပ်၏ သံချပ်ကာနှစ်စီးကို ဦးစွာ တိုက်ခိုက်ဖျက်ဆီးနိုင်သည့် တပ်ဖွဲ့ဖြစ်၏။
ကချင်ပြည်နယ်
ကချင်ပြည်နယ်တွင် လိုင်ဇာအနီး နန်ဆန်ယန်ဒေသတွင် စစ်ကောင်စီတပ်က တပ်ရင်း ၁၀ ရင်းခန့် အသုံးပြုပြီး ထိုးစစ်ဆင်သော်လည်း တိုးမပေါက်ပေ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF များ၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ရှေ့မတိုးနိုင်ဘဲ အထိနာနေ၏။ လိုင်ဇာကို အမြောက်နှင့် ပစ်နေကျဖြစ်သည့် ခါယာဘွမ်၊ ဖွန်းပြင်ဘွမ်ရှိ စစ်တပ်၏ အမြောက်စခန်းများမှာလည်း ဒရုန်းနှင့် ပြန်လည် တိုက်ခိုက်မှုများကြောင့် သိပ်မစွာရဲကြတော့။
လိုင်ဇာကို အမြောက်နှင့် ပစ်နေကျဖြစ်သည့် ခါယာဘွမ်၊ ဖွန်းပြင်ဘွမ်ရှိ စစ်တပ်၏ အမြောက်စခန်းများမှာလည်း ဒရုန်းနှင့် ပြန်လည် တိုက်ခိုက်မှုများကြောင့် သိပ်မစွာရဲကြတော့။
ဩဂုတ်လ ၇ ရက်နေ့တွင် KIA က ဖားကန့်ရှိ ကသိုဏ်းတောင် စခန်း၊ တာမခံ ကြိုးတံတားစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ကချင်ပြည်နယ် အခြားဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း နန်ဆန်ယန်တိုက်ပွဲနှင့် ဖားကန့်တိုက်ပွဲများက ထင်ရှားပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်ကို တွေ့ရ၏။
ရှမ်းမြောက်
ဇူလိုင်လ၌ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်တဝိုက်တွင် KIA ၏ လမ်းဖြတ်တိုက်ပွဲများ တွေ့ရ၏။ ထင်ရှားသောတိုက်ပွဲမှာ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းအနီး ကောင်ရာဘွမ် စခန်းသိမ်းတိုက်ပွဲဖြစ်၏။ စစ်ကောင်စီတပ်မှ ၂၄ ယောက်သေပြီး လက်နက်ခဲယမ်း အမြောက်များ သိမ်းပိုက်ရရှိခဲ့၏။
နောက်တိုက်ပွဲများမှာ TNLA တအာင်းနှင့် ဖြစ်၏။ ဇူလိုင်လကုန် ဩဂုတ်လဆန်းပိုင်းတွင် ဆယ်လန့်၊ ၁၀၅ မိုင်တို့တွင် TNLA တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ယောက်အထက် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်ကို တွေ့ရ၏။ TNLA နှင့် စစ်တပ်ကြား တိုက်ပွဲများ အတန်ကြာ ငြိမ်သက်ရာမှ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်၏။
ရှမ်းတောင်
စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေဖြစ်၏။ သို့သော် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့များက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို မောင်းထုတ်ပြီး သူတို့၏ ဩဇာကြီးမားလာပြီးနောက် စစ်တပ်က SSPP တပ်ဖွဲ့များကို ဆုတ်ခွာရန် ၂၀၂၂ မတ်လကုန်မှစကာ ရာဇသံပေး၍ မဆုံးဖြစ်နေသည်ကို တွေ့ရ၏။ စစ်တပ်သည် တပြည်လုံးတွင် စစ်မျက်နှာဖွင့်နေရ၍ တပ်အင်အားမလုံလောက်။ UWSA တပ်များ သံလွင်အနောက်ခြမ်းသို့ ဝင်ရောက် နေရာယူထားသည်ကိုလည်း တရားဝင် မကန့်ကွက်ရဲ၊ SSPP စခန်းများကို ဆုတ်ခိုင်းနေသည်မှာ မရဲဘဲ ကျွဲပြဲစီးနေသည်နှင့် တူ၏။
ဤအကြိမ်တွင် ခြောက်လှန့်သည်အနေဖြင့် ဩဂုတ်လ ၄ ရက်၊ ၅ ရက်နေ့များတွင် လဲချားမြို့နယ်အတွင်း SSPP စခန်းများအား မော်တာဖြင့် ပစ်ခတ်ခဲ့ရာ ဩဂုတ်လ ၆ ရက်နေ့တွင် SSPP က ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် လဲချားမြို့နယ်တွင်း နှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးခန့်သေဆုံးကာ အချို့ဖမ်းဆီးခံခဲ့ရ၏။
SSPP က ပြန်လည် တိုက်ခိုက်ပြီးနောက် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများ လာမည်၊ SSPP ဌာနချုပ် ဝမ်ဟိုင်းကို လေကြောင်းက တိုက်ခိုက်မည်ဟု တွက်ဆထားသော်လည်း စစ်ကောင်တပ်သည် စစ်ရှိန်ထပ်မမြှင့်ရဲဘဲ ကိုယ်ရှိန်သတ်သွားသည်ကို တွေ့ရ၏။ SSPP ကို ဘယ်နေ့ နောက်ဆုံး ဆုတ်ခွာရမည်ဟု ရာဇသံပေးနေသည့် စစ်တပ်အဖို့ SSPP က ပြန်တိုက်ခံရပြီးနောက် စစ်ရှိန်ထပ်မမြှင့်ရဲလည်း အရှက်တော် လှလှပပကွဲသည့်ပွဲ ဖြစ်သွားသည်ကို တွေ့ရ၏။ စစ်တပ်သည် ဟန်သာရှိပြီး အဆံမရှိတော့ပေ။
SSPP ကို ဘယ်နေ့ နောက်ဆုံး ဆုတ်ခွာရမည်ဟု ရာဇသံပေးနေသည့် စစ်တပ်အဖို့ SSPP က ပြန်တိုက်ခံရပြီးနောက် စစ်ရှိန်ထပ်မမြှင့်ရဲလည်း အရှက်တော် လှလှပပကွဲသည့်ပွဲ ဖြစ်သွားသည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ကောင်စီ တပ်စခန်း ၃၀၊ ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်စခန်း ၁၀ ခု၊ ပျူစောထီး ပြည်သူ့စစ် (ပသစ) စခန်း ၁၄ ခု တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သည်ကိုတွေ့ရ၏။
လက်တွေ့တွင် စစ်တပ်သည် ကရင်နီပြည်နယ်သို့ ဖြစ်ညှစ်၍ စစ်အင်အား ထပ်ဖြည့်နေသော်လည်း အခြားနေရာများသို့ တပ်အင်အား ထပ်ပို့ရန် ခက်ခဲနေပြီဖြစ်၏။ ရှမ်းတောင်ကဲ့သို့ နေရာမျိုးသို့ ပို့စရာတပ် မရှိပေ။
လူထုအမြင်
ယခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ဆားတောင်နှင့် မန္တလေးတိုင်း၊ စကျင်တို့တွင် PDF များ ဝင်ရောက်လာပြီး ဈေးလာဝယ်သည်ကို အားလုံးတွေ့ခဲ့ရသည်။ ထိုသို့ PDF များ ဝင်ရောက်ဈေးဝယ်၍ ဈေးမပျက်၊ ဈေးမလန့်၊ အရောင်းအဝယ်မပျက်၊ အပြုံးအရယ် မပျက်ကြပေ။ သို့သော် PDF များ ထွက်ခွာပြီးနောက် စစ်ကောင်စီတပ် ဝင်လာသည်နှင့် ဈေးပျက်၏။ ဈေးဆိုင်တွေ ပိတ်ရ၊ ပြေးရလွှားရ ဖြစ်ကုန်၏။ အကြောင်းမှာ စစ်ကောင်စီတပ် ဝင်လာသည်မှာ ဝေသာလီပြည် ဘီလူးစီးသည်နှင့် အလားတူ၍ဖြစ်၏။
စစ်တပ် စစ်ဆင်ရေးဝင်သည့် ဒေသအားလုံးတွင် အကုန်လု၊ အကုန်ရှို့၊ အကုန်သတ် ပေါ်လစီကို ကျင့်သုံးနေသည်ဖြစ်ရာ ခံရသည့်ပြည်သူများက စစ်တပ်အား အစိမ်းလိုက် ဝါးစားချင်လောက်အောင် ခါခါးသီးသီး မုန်းတီးနေကြ၏။ စစ်တပ်ကတော့ မည်သူမည်ဝါများက သတင်းမှားများ ဖြန့်၍ဟု ဆိုနေသော်လည်း လက်တွေ့တွင် အိုးအိမ်ပေါင်းများစွာ လုယက်ဖျက်ဆီး မီးရှို့ခံရသူများကတော့ မည်သူစကားမှ နားထောင်ရန်မလိုသည့် ကိုယ်တွေ့ဖြစ်ရပ် ဖြစ်၏။
“ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့” ဆိုသည်က ယခင်က အတိတ်တဘောင်သာ ဖြစ်သော်လည်း ယခုအချိန်ကမူ မြန်မာစစ်တပ်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စွမ်းဆောင်ရည် နိမ့်ကျ ရမ်းကားမှုကြောင့် မြန်မာစစ်တပ်၏ အိပ်မက်တိုင်းပြည် တကယ်ပျက်တော့မည်ကို ညွှန်ပြနေခြင်းဖြစ်၏။
You may also like these stories:
မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ
NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ
Federal Wings နှင့် နွေဦးသင်ခန်းစာများ
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)