စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ တင့်ကားများကို ရန်ကုန်နှင့် နေပြည်တော် လမ်းမများပေါ်သို့ စေလွှတ်လိုက်ပြီး နှစ်နှစ်ခွဲအကြာတွင် မေးစရာရှိသည့် မေးခွန်းမှာ မြန်မာ့မိတ်ဆွေ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာတွင် အာဏာသိမ်းမှုအတွက် မည်သို့ လုပ်ဆောင်ပေးနိုင်သနည်း ဆိုသည့် မေးခွန်းမဟုတ်ဘဲ အာဆီယံ ကိုယ်တိုင် ယခုအကျပ်အတည်းတွင် ဆက်လက် ရှင်နိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
အာဆီယံသည် ၎င်း၏ အားနည်းချက်ကို ထပ်မံပြသလိုက်ပြီး နိုင်ငံရေးစွမ်းဆောင်ရည် ကင်းမဲ့သည့်အဆင့်မှ ခေတ်နှင့်ကိုက်ညီမှု မရှိတော့သည့်အဆင့်သို့ လျှောကျသွားပြီဟု ဝေဖန်သူများက ပြောသည်။ မြန်မာဗိုလ်ချုပ်များကို ဖိအားပေးရာတွင် ထုံးစံအားဖြင့် အားထားရသည့် အနောက်နိုင်ငံများသည် ရုရှား၏ ယူကရိန်း စစ်ပွဲဖြင့် အလုပ်ရှုပ်နေစဉ် တရုတ်သည် ဦးဆောင်မှု ရယူလိုက်ပြီဖြစ်ကြောင်း လက္ခဏာအားလုံးက ပြသနေသည်။
မင်းအောင်လှိုင်၏ ကြမ္မာငင်သည့် အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံက အင်အားချိနဲ့သည့် အားထုတ်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပထမဆုံး စတင်ပြုလုပ်သည်။ ထိုစဉ်က မင်းအောင်လှိုင်နှင့် အခြား အာဆီယံခေါင်းဆောင် ကိုးဦးတို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် တွေ့ဆုံပြီး အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူများအားလုံး “အပြုသဘောဆောင်သည့်” တွေ့ဆုံဆွေးနွေးရေးတို့ကို တောင်းဆိုသည့် ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့သည်။
“ဘုံသဘောတူညီချက်” ဆိုသည့် စကားလုံးသည် အာဆီယံ၏ အဓိက သဘောတရားနှစ်ခုအနက် တခုဖြစ်သောကြောင့် ထိုစကားလုံးကို ဂရုတစိုက် ရွေးချယ်ရသည်။ အခြား အဓိက သဘောတရားတခုမှာ “မစွက်ဖက်ရေး” ဖြစ်သည်။ လက်တွေ့တွင် ထိုသဘောတရားများမှာ အာဆီယံအနေဖြင့် အကျပ်အတည်း ကျရောက်ချိန်တွင် မည်သည့်အဖွဲ့ဝင်နိုင်ငံကိုမှ ထိထိရောက်ရောက် အရေးမယူနိုင် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခတွင် ကြားဝင် မစွက်ဖက်နိုင်ဆိုသည့် သဘောသာဖြစ်သည်။
မြန်မာဗိုလ်ချုပ်များကို ဖိအားပေးရာတွင် ထုံးစံအားဖြင့် အားထားရသည့် အနောက်နိုင်ငံများသည် ရုရှား၏ ယူကရိန်း စစ်ပွဲဖြင့် အလုပ်ရှုပ်နေစဉ် တရုတ်သည် ဦးဆောင်မှု ရယူလိုက်ပြီဖြစ်ကြောင်း လက္ခဏာအားလုံးက ပြသနေသည်။
၁၉၆၇ ခုနှစ်တွင် တည်ထောင်ချိန်မှ စတင်ပြီး အာဆီယံသည် ထိုသို့သော အခြေအနေများစွာ ကြုံတွေ့ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဒိုနီးရှားက အရှေ့တီမောကို ရက်ရက်စက်စက် ကျူးကျော်တိုက်ခိုက်ခြင်း၊ ထိုင်းနှင့် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့အကြား အဆက်မပြတ် ဖြစ်နေသည့် နယ်နိမိတ် အငြင်းပွားမှုများ၊ ထိုင်းနှင့်မလေးရှားတို့ ပါဝင်သည့် နယ်စပ်ဖြတ်ကျော် ပုန်ကန်မှုနှင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နယ်စပ်တိုက်ခိုက်မှုများ စသည်တို့ အနည်းငယ်မျှသော ထိုဥပမာများဖြစ်သည်။ ထိုပြဿနာများတွင် အာဆီယံသည် ဘာမှဖြစ်မြောက်အောင် မလုပ်ခဲ့ပေ။
ထို့ကြောင့် မင်းအောင်လှိုင်က ဘုံသဘောတူညီချက်ကို လျစ်လျူရှုနိုင်သည်ဟု ယူဆပြီး စစ်ကောင်စီကို ဆန့်ကျင်သူများအား ဆက်လက် သွေးချောင်စီး စစ်ဆင်ရေး ဆက်လုပ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ တချိန်တည်းတွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများက ရန်ကုန်နှင့် မန္တလေးမှ လမ်းများတွင် အာဆီယံ အလံများကို မီးရှို့ကြပြီး အာဆီယံသည် အယုံအကြည် ကင်းမဲ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီကို တရားဝင်မှုပေးသည်ဟု ပြောသည်။
အာဆီယံက မြန်မာသို့ စေလွှတ်သည့် သံတမန်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုတွင် ဖြုတ်ချခံရပြီး ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသလို ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် သူ၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်များနှင့်ပါ တွေ့ခွင့်မပေးပေ။

သို့သော် ရုတ်တရက် မမျှော်လင့်ဘဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းက ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှ တိုးချဲ့အဆောက်အအုံတွင် တွေ့ဆုံသည်။ ထို့နောက်တွင် သူပြောသော စကားအရ ထိုအစည်းအဝေးသည် တနာရီကျော် ကြာသည်ဟု ယူဆရသည်။
မစ္စတာ ဒွန်သည် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီးနောက် ဂျကာတာတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ သီးခြား အစည်းအဝေးတခုတွင် အာဆီယံ အဖွဲ့ကိုယ်စားလှယ်များကို နေပြည်တော်သို့ သူ၏တရက်ကြာ ခရီးစဉ်အကြောင်း ဆွေးနွေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် စည်းကမ်းကန့်သတ်ချက် မရှိသော ဆွေးနွေးပွဲကို ထောက်ခံသည်ဟု မစ္စတာ ဒွန်က ပြောသော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပေ။
မစ္စတာ ဒွန်၏ ခရီးစဉ်ကို မည်သူက မည်သို့ စီစဉ်သည်ကို ရှင်းလင်းစွာ မသိရပေ။ မစ္စတာ ဒွန်က နေပြည်တော်သို့ ထိုခရီးစဉ်အတွက် မသွားရောက်မီကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့သည့် သဘောမျိုးဖြင့် ဘက်အားလုံးက ထိုကိစ္စကို သဘောတူသည့် သဘောမျိုး ပြောသည်။
ရုတ်တရက် မမျှော်လင့်ဘဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းက ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှ တိုးချဲ့အဆောက်အအုံတွင် တွေ့ဆုံသည်။
နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ဖော်ပြသည့် လက္ခဏာတခုမှာ တရုတ်၏ မြန်မာရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဇူလိုင်လကုန်တွင် သွားရောက်သည်။ တရားဝင် အတည်ပြုခြင်း မရှိသော်လည်း မစ္စတာ တိန့်သည် ထိုစဉ်က ထောင်မှ ပိုမို သက်သောင့်သက်သာရှိသော နေပြည်တော်မှ အစိုးရပိုင်နေရာတခုသို့ ရွှေ့ပြောင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။
တချိန်တည်းတွင် စစ်ကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ချထားသည့် ထောင်နှစ်များကို တစိတ်တပိုင်း လျှော့ပေးသည်။ ထိုသို့လျှော့ပေးသည်ကို အချို့ ပြည်ပလေ့လာသူများက တိုးတက်မှုတခု အဖြစ်သာမက မစ္စတာ ဒွန် ကဲ့သို့ပင် စံချိန်သစ်တင်သည်ဟုပင် ပြောသည်။
သို့သော် အများစုသည် ထိုသို့ ထောင်နှစ်လျှော့ပေးခြင်းသည် အပေါ်ယံသက်သက် ဖြစ်သည်ကို နားမလည်ပေ။ စုစုပေါင်း ထောင် ၃၅ နှစ် ချထားခံရသော ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် စွဲချက် ၁၉ ခုအနက် ၅ ခုတွင်သာ လျှော့ပေးခြင်းဖြစ်ပြီး အရေးမပါသော စွဲချက်များအတွက် လျှော့ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် အသက် ၇၈ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၇ နှစ် ထောင်ချခံနေရဆဲ ဖြစ်သည်။
နေပြည်တော်တွင် ထိုသို့ တွေ့ဆုံခြင်းကြောင့် မြန်မာအကျပ်အတည်း ကိုင်တွယ်ရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုသင့်သည်ဟု မလေးရှားသာမက ဖိလစ်ပိုင်ကပါ ပြောသည်။
တနည်းအားဖြင့် ဆိုရပါက အဖွဲ့အစည်းတခုအနေဖြင့် အာဆီယံသည် အသုံးမဝင်တော့ပေ။ သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုက မြန်မာအပါအဝင် အာဆီယံသည် ထိုအကျပ်အတည်းကို ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းပေးရမည်ဟု ပြောလာသည်။
“သင်္ဘောကြီးတစီးအနေနဲ့ အာဆီယံဟာ ရှေ့ဆက်ရမယ်။ အဲဒီ သင်္ဘောကြီးဟာ ဆက်လက် ခုတ်မောင်းနေရမယ်။ ဒီသင်္ဘောကြီးဟာ ဒေသတွင်းက သန်းရာပေါင်းများစွာအတွက် တာဝန်ရှိတာကြောင့် သင်္ဘောကြီး နစ်မြုပ်မခံနိုင်ဘူး” ဟု ၎င်းကပြောသည်။
သို့သော် အာဆီယံသည် နစ်မြုပ်နေပြီးဖြစ်သည်။ အတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ နေပြည်တော်မှ မစ္စတာ ဒွန်၏ အစည်းအဝေးများကို စီစဉ်ပေးသူမှာ တရုတ်ဖြစ်ကြောင်း သိရပြီး နောက်တလအကြာတွင် မစ္စတာ တိန့် နေပြည်တော်သို့ သွားရောက်ခြင်းသည် မြန်မာစစ်တုရင်ခုံတွင် ဘေဂျင်းသည် အဓိက ကစားသမားဖြစ်ကြောင်း ထပ်မံ အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။
“သင်္ဘောကြီးတစီးအနေနဲ့ အာဆီယံဟာ ရှေ့ဆက်ရမယ်။ အဲဒီ သင်္ဘောကြီးဟာ ဆက်လက် ခုတ်မောင်းနေရမယ်။ ဒီသင်္ဘောကြီးဟာ ဒေသတွင်းက သန်းရာပေါင်းများစွာအတွက် တာဝန်ရှိတာကြောင့် သင်္ဘောကြီး နစ်မြုပ်မခံနိုင်ဘူး”
အနောက်နိုင်ငံများသည် မြန်မာကို အာရုံမစိုက် သို့မဟုတ် အနည်းငယ်သာ အာရုံစိုက်သောကြောင့် မြန်မာတွင် တဦးတည်းသော ကစားသူ ဖြစ်လာသည်။
ထိုအချက်သည် မြန်မာအတွက် အလားအလာ မကောင်းဘဲ အာဆီယံသည် ဒီမိုကရေစီကို အားပေးသူဖြစ်သည်ဟု ထင်ခြင်းမှာ လူအချို့၏ မသိနားမလည်မှုသာ ဖြစ်သည်။ ထိုသို့ ထင်သူများတွင် သြစတြေးလျ ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ယခုအခါ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် ဖြစ်နေသူ ကီဗင် ရတ်ဒ်လည်း ပါဝင်သည်။
မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပွားပြီး နှစ်ပတ်အကြာတွင် BBC သတင်းဌာနနှင့် တွေ့ဆုံသော အခါ ထိုစဉ်က Asia Society တွင် ရောက်နေသော မစ္စတာ ရတ်ဒ်က ရှေ့ဆက်ရမည့် နည်းလမ်းမှာ အာဆီယံ၏ ဦးဆောင်မှုဖြင့် အာဏာသိမ်းသူများနှင့် ဆွေးနွေးရေး ဖြစ်သင့်ကြောင်း ပြောခဲ့သည်။
အာဏာသိမ်းသူများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် ဥရောပသမဂ္ဂက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးရန် အဓိက ပါဝင်ပတ်သက်သူများ အားလုံးနှင့် အပြုသဘော ဆွေးနွေးပွဲများ အဆင်ပြေစေရန် အာဆီယံ၊ အာဆီယံ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်နှင့် အထူးသံတမန်တို့ကို ထောက်ခံရန် အသင့်ရှိသည်” ဟု ပြောခဲ့သည်။

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။ ဗီယက်နမ်နှင့် လာအိုသည် ကွန်မြူနစ်ပါတီအုပ်ချုပ်သည့် အာဏာရှင်နိုင်ငံများဖြစ်ပြီး ကမ္ဘောဒီယားသည် ဒီမိုကရေစီ အခြေခံမူများကို လိုက်နာရန် စိတ်မဝင်စားသည့် ပဒေသရာဇ်အစိုးရက အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီသည် ဇူလိုင်လက ကျင်းပသည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်သော်လည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒီမိုကရေစီလိုလားသော ဒေသဆိုင်ရာ ပါလီမန်အမတ်များနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ အပါအဝင် အများအပြားက သတ်မှတ်ထားသည်။
ဘရူနိုင်းသည် အကြွင်းမဲ့ ဘုရင့်နိုင်ငံဖြစ်သည်။ မလေးရှားနိုင်ငံသည် အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် ပိုမိုပွင့်လင်းမှုအကြား ယိမ်းယိုင်နေသော နိုင်ငံဖြစ်သည်။ စင်ကာပူသည် အတိုက်အခံတို့၏ အမြင်များကို လေးစားသည်ဟု မသိရသလို ထိုင်းနိုင်ငံသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အစိုးရများကို အကြိမ်ကြိမ် အာဏာသိမ်းသည့် နိုင်ငံဖြစ်သည်။ မေလတွင် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း စစ်တပ်ကခန့်သည့် ရွေးကောက်ခံ မဟုတ်သော အထက်လွှတ်တော်က ဒီမိုကရေစီလိုလားသည့် အကြီးမားဆုံးပါတီ အစိုးရမဖွဲ့နိုင်အောင် လုပ်နိုင်သည်။
အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။
ဖိလစ်ပိုင်တွင် ဒီမိုကရေစီ အင်စတီကျူးရှင်းများ ရှိသော်လည်း အကျင့်ပျက်ခြစားမှု များပြားပြီး သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် လူအသေအပျောက်များသည့် မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် သည်ဟိဂ်မြို့ အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ ရှေ့နေချုပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ စွဲချက်ဖြင့် စွဲဆိုခံထားရသူ ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် သူ သမ္မတ ဖြစ်လာပြီးနောက် ထောင်ပေါင်းများစွာသော မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများဟု သံသယရှိခံရသူများသည် တရားဥပဒေမဲ့ သတ်ဖြတ်ခံရပြီး ထိုသူအများစုသည် အပြစ်ကင်းစင်သည်ဟု ယူဆရသည့် မြို့နေဆင်းရဲသားများနှင့် လူငယ်များဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံသည်လည်း ရှိနေသည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွင် လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားသာ တည်ငြိမ်ပြီး ကျိုးကြောင်းဆီလျော်စွာ ဒီမိုကရက်တစ်ဖြစ်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် အင်ဒိုနီးရှားကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာအကျပ်အတည်း ဖြေရှင်းရေးတွင် ခေါင်းဆောင်မှု ပြသရန် တောင်းဆိုခြင်းဖြစ်သည်။ သို့သော် အာဆီယံက မည်သည်တို့ကို လုပ်ဆောင်နိုင်သည်၊ မည်သည်တို့ကို မလုပ်ဆောင်နိုင်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းများကြောင့် တိုးတက်မှု မရှိပေ။
တချိန်တည်းတွင် အရှေ့တီမော ဝန်ကြီးချုပ် မစ္စတာ ရှာနာနာ ဂတ်စ်မိုက ၎င်း၏နိုင်ငံသည် အာဆီယံက မြန်မာပဋိပက္ခကို အဖြေရှာမပေးနိုင်ပါက အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားသည့် ရည်မှန်းချက်ကို ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း ပြောသည်။
၎င်းတို့နိုင်ငံ၏ ပေါ်တူဂီ အမည်ဖြစ်သော တီမော လက်စ်တေကို အသုံးပြုပြီး သူက “ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ တီမော လက်စ်တေသည် မည်သည့်နေရာရှိ စစ်အုပ်ချုပ်ရေး ကောင်စီများကိုမှ လက်ခံမည် မဟုတ်ဘဲ မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုမနေ” နိုင်ကြောင်း ပြောသည်။
“ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ တီမော လက်စ်တေသည် မည်သည့်နေရာရှိ စစ်အုပ်ချုပ်ရေး ကောင်စီများကိုမှ လက်ခံမည် မဟုတ်ဘဲ မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုမနေ” နိုင်ကြောင်း ပြောသည်။
ထိုသို့ မပြောဆိုမီ တလအလိုတွင် အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာသည် မြို့တော် ဒီလီတွင် စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ဆုံပြီး ကမ္ဘာ့ခေါင်းဆောင်များသည် မည်သည့်အတွက် ယူကရိန်းကို ကူညီသလို မြန်မာကို မကူညီသနည်းဟု မေးခွန်းထုတ်သည်။
အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်အမည် အက္ခရာစဉ်အတိုင်း အာဆီယံ ဥက္ကဋ္ဌရာထူးကို နှစ်စဉ်အလှည့်ကျ ထမ်းဆောင်ရသောကြောင့် လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူရန် အလှည့်ကျသည်။
လာအိုနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ဦးဆောင်သည့် အမြင်မရှိသလောက်ပင်ဖြစ်ပြီး တရုတ်နိုင်ငံကို အကြီးအကျယ် မှီခိုရသည်။ တရုတ်သည် လာအိုတွင် နှစ်နိုင်ငံကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းတခု၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံထားသည်။
လာအိုနိုင်ငံသည် တရုတ်သြဇာကို တစုံတရာသော အတိုင်းအတာအထိ ချိန်ညှိရန် ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နှင့် စီးပွားရေး၊ သံတမန်ရေး ဆက်ဆံမှုများ ပြုလုပ်ထားသည်။ သို့သော် တရုတ်သည် လာအိုနိုင်ငံခြားရေးမူဝါဒကို လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားထက် များစွာ ပိုမိုသြဇာ သက်ရောက်သည့် နိုင်ငံဖြစ်သည်။

မြန်မာမှ လွန်စွာ အမျိုးသားရေးဆန်သော စစ်တပ်သည် တရုတ်အပေါ် မှီခိုမှုလျှော့ချရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ရုရှား၊ မြောက်ကိုရီးယားတို့နှင့် ကာကွယ်ရေးဆက်ဆံမှု ဦးစွာ ပြုလုပ်ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံကို တံခါးဖွင့်ပေးခြင်းနှင့် ယခင်မကြုံဖူးသည့် နိုင်ငံရေး လွတ်လပ်ခွင့်များ ပါဝင်သည့် အနောက်နိုင်ငံများနှင့် လုံးဝသစ်လွင်သော ဆက်ဆံရေး ထူထောင်ရန် ရည်ရွယ်သည့် မူဝါဒတခုကို ချမှတ်သည်။
ထိုအခြေအနေများ အားလုံးသည် မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးစားမှု နောက်ပိုင်းတွင် ပြောင်းလဲသွားသည်။ ရုရှားနှင့် ဆက်ဆံရေးသည် မည်သည့်ခေတ်ထက်မဆို ပိုမိုနီးကပ်လာပြီး စစ်ကောင်စီသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကိုလည်း တစုံတရာသော အတိုင်းအတာအထိ ပြန်လည် ထူထောင်ထားသည်ဟု သတင်းများတွင် ဖော်ပြသည်။ သို့သော် နောက်ဆုံးတွင် ဗိုလ်ချုပ်များ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ မင်းအောင်လှိုင် စစ်ကောင်စီသည် တရုတ်ထံပြန်သွားကာ သက်ဆိုးရှည်ရေးအတွက် အကူအညီရရန် တောင်းပန်ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ဗိုလ်ချုပ်များ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ မင်းအောင်လှိုင် စစ်ကောင်စီသည် တရုတ်ထံပြန်သွားကာ သက်ဆိုးရှည်ရေးအတွက် အကူအညီရရန် တောင်းပန်ရမည် ဖြစ်သည်။
သို့သော် ထိုကိစ္စများသည် ကြီးမားသော တန်ဖိုးပေးဆပ်ရသည့် ကိစ္စများဖြစ်သည်။ တရုတ်သည် စစ်ကောင်စီကို ကျားကန်ပေးရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ မြန်မာတွင် ပုံအော ရင်းနှီးမြှုပ်နှံကြောင်း၊ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ဧရာဝတီသတင်းဌာနက သြဂုတ် ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။
သို့သော် မှတ်သားစရာကောင်းသောကိစ္စမှာ ထိုရင်းနှီးမြှုပ်မှုများ အားလုံးနီးပါးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအရ တရုတ်သည် အဓိက အကျိုးခံစားရမည့် ရေအားလျှပ်စစ်လုပ်ငန်းများ၊ ရထားလမ်းများ၊ မြန်မာနှင့် ဆက်ဆံရေး ပိုမိုနီးကပ်စေမည့် အခြေခံအဆောက်အအုံများအတွက် ဖြစ်သည်။ ထို့ကြောင့် ထိုငွေသည် စစ်ကောင်စီအိတ်အတွင်း ရောက်သွားပြီး သာမန်မြန်မာပြည်သူများ၏ ဘဝအခြေအနေ တိုးတက်စေရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အာဆီယံသည် မြင်ကွင်းမှ ပျောက်နေပြီး ထိုအဖွဲ့၏ အနာဂတ်မှာ မြန်မာအကျပ်အတည်းကို ကိုင်တွယ်နိုင်သည့် စွမ်းရည် မရှိသောကြောင့် အန္တရာယ်ကျရောက်နေပြီး တရုတ်သည် မြန်မာတွင်သာမက အရှေ့တောင်အာရှတွင်ပါ လွှမ်းမိုးနိုင်သည့် အနေအထား ရောက်နေသည်။
ထိုအချက်ကို အနောက်နိုင်ငံများက နောက်ကျမှ သိမည်။ ယူကရိန်းစစ်ပွဲပြီးမှသာ သိနိုင်ပြီး လွန်စွာ နောက်ကျသွားမည် ဖြစ်သည်။ ထိုအခြေအနေသည် ဒီမိုကရက်တစ် ဖက်ဒရယ်မြန်မာ အိပ်မက်ကို ဖြည်ဆည်းပေးရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Myanmar and the Death of ASEAN ကို ဘာသာပြန်သည်။ )
You may also like these stories:
ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ
အရှေ့တောင် အာရှ၊ အာဆီယံ ၅၆ နှစ်ကြာ ခရီးနှင့် မြန်မာ့အရေး
မြန်မာ့အရေး အာဆီယံ ‘လမ်းဆုံလမ်းခွ’ ရောက်
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ