၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဗီဒီယိုဖြင့် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အချက်အလက် အများအပြား ပြောကြားသည်။ ၎င်းတို့အနက်တခုမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအတွက် ပိုမိုများပြားသည့် ရင်းမြစ်များကို မြှုပ်နှံလုပ်ကိုင်မည့် ၎င်းတို့၏ အစီအစဉ်ဖြစ်သည်။
ယခုအခါ ထိုင်းနိုင်ငံတွင် အစိုးရသစ်သည် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သောကြောင့် ထိုင်းအစိုးရသစ်နှင့် အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ထိတွေ့ဆက်ဆံရန် NUG ၏ အားထုတ်မှုများသည် သက်ဆိုင်သူများ အတွင်းပိုင်း ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု စာရေးသူ ယူဆသည်။ ထို့ပြင် ၎င်းတို့သည် မြန်မာမှ ထိုင်း၏ အကျိုးစီးပွားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ခြုံငုံနားလည်မှု တည်ဆောက်ရန် လိုအပ်သည်။
NUG သည် မြန်မာမှ ထိုင်း၏ အကျိုးစီးပွားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ခြုံငုံနားလည်မှု တည်ဆောက်ရန် လိုအပ်သည်။
နယ်နိမိတ်ခြင်း ၂,၄၀၁ ကီလိုမီတာ ထိပ်စပ်နေသောကြောင့် ထိုင်းနိုင်ငံသည် မြန်မာ့ဆက်ဆံရေး လမ်းကြောင်းနှင့်ပတ်သက်ပြီး အခွင့်အလမ်းနှင့် စိန်ခေါ်မှု အများအပြား ရှိနေသည်။ ထို့ပြင် နယ်စပ်စခန်း ခြောက်ခုမှ နယ်စပ်ကုန်သွယ်ရေးသည် ဆန်၊ ကျောက်မီးသွေးနှင့် ရေထွက်ကုန်မှသည် လုပ်အားအထိ ထုတ်ကုန်မျိုးစုံဖြင့် နှစ်နိုင်ငံဈေးကွက်များကို ပျိုးထောင်ပေးနေသည်။
မြန်မာနှင့် ထိုင်းအကြား ထိုစီးပွားရေးက မောင်းနှင်သော ဆက်ဆံရေးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ဆက်လက် တည်ရှိနေရုံသာမက ပိုမို ထွန်းကားလာနေကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဖော်ပြသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုအနက် သုံးခုတွင် နယ်စပ်ကုန်သွယ်ရေး တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း နယ်စပ်ကုန်သွယ်မှု အားလုံး၏ ၆၆ ရာခိုင်နှုန်း ရှိသည်။
တဖက်တွင်လည်း ထိုင်းနိုင်ငံသည် စီးပွားရေး အကျိုးစီးပွားများနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် နယ်စပ်တလျှောက်မှ နယ်မြေများကို လက်တွေ့ ထိန်းချုပ်သူများအဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အပါအဝင် အမျိုးမျိုးသော ပတ်သက်နေသူများနှင့် အဆက်မပြတ် ဆက်ဆံနေရသည်။
အာဏာသိမ်းပြီးနောက်တွင် ထိုနယ်စပ် EAO အများအပြားသည် တူညီသောအမြင်မရှိဘဲ နားလည်မှုအမျိုးမျိုး ရှိနေနိုင်သည် (ဥပမာအားဖြင့် ဆိုရပါက စစ်ကောင်စီ လိုလားသော အဖွဲ့များ၊ စစ်ကောင်စီဆန့်ကျင်သော အဖွဲ့များ၊ ကြားနေအဖွဲ့များ၊ တရုတ်လိုလားသူများ စသည်တို့ ဖြစ်သည်)။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများ မြှင့်တင်ရာတွင် မြန်မာ၏ ရှုပ်ထွေး ထိခိုက်လွယ်သော လူမှုနိုင်ငံရေး ရှုခင်းတွင် လမ်းကြောင်းရှာရန် ပိုမို ခက်ခဲသည်။ ထို့ပြင် မြန်မာမှ ထိုင်းသို့တင်ပို့သည့် အဓိကကမ်းလွန် ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ကွက် လေးခုအနက် သုံးခုကို စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က လုပ်ကိုင်သောကြောင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု နက်ရှိုင်းမှု၊ ကျယ်ပြန့်မှုနှင့် ပတ်သက်ပြီး မှတ်သားထားရန် လွန်စွာအရေးပါသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု နက်ရှိုင်းမှု၊ ကျယ်ပြန့်မှုနှင့် ပတ်သက်ပြီး မှတ်သားထားရန် လွန်စွာအရေးပါသည်။
Earthrights မှ အစီရင်ခံစာတစောင်က မြန်မာအပေါ် စွမ်းအင်အရ မှီခိုရသည်ဆိုသည့် ထိုင်းနိုင်ငံ၏ ပြောဆိုမှုသည် မှားယွင်းကြောင်း ဖော်ပြသော်လည်း မြန်မာနှင့် ထိုင်း အာဏာပိုင်များအကြား နိုင်ငံပိုင်လုပ်ငန်းများမှတဆင့် အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးသည် ထိုသို့သော ပြောဆိုချက်ကို အရေးပါစေသည့် အကြောင်းရင်းများအနက် တခုလည်း ဖြစ်နိုင်သည်။
အတိအကျ ဆိုရပါ PTT Exploration and Production (PTTEP) သည် နိုင်ငံပိုင် PTT Public Company Limited ၏ လုပ်ငန်းခွဲဖြစ်ပြီး ထိုင်းတွင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းနောက်ပိုင်း PTT နှင့် ၎င်း၏ လုပ်ငန်းခွဲများ အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများတွင် စစ်အရာရှိအရေအတွက် နှစ်ဆတိုးလာသည်။ PTTEP သည် မြန်မာမှ ရတနာနှင့် ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုကို စီမံလည်ပတ်သောကြောင့် ထိုလုပ်ငန်းစဉ်အတွင်း နှစ်ဘက်လုံးမှ အာဏာပိုင်များကို ထိရောက်စွာ ငွေကြေးထောက်ပံ့နေသည်။
NUG, အခြား တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံတကာ အသိုက်အဝန်းက မေတ္တာရပ်ခံသောကြောင့် ထိုစီမံကိန်းများမှ ရုတ်သိမ်းရခြင်းသည် ထိုင်းနိုင်ငံအတွက်နှင့် စစ်ဗိုလ်ချုပ် အချို့အတွက် ဝင်ငွေဆုံးရှုံးခြင်းပင် ဖြစ်သည်။
ထိုယုတ္တိဗေဒဖြင့် ထိုင်းနိုင်ငံသည် စစ်ကောင်စီနှင့် ကောင်းမွန်သော ဆက်ဆံရေးကို စွမ်းအင်အတွက်သာမက အချို့အထက်လွှာများ၏ အကျိုးအမြတ် အတွက်လည်း လိုအပ်နေသည်။ ခြုံ၍ဆိုရပါက ဘက်အားလုံးနှင့် ချိန်ညှိလုပ်ဆောင်ရန်၊ သက်ဆိုင်ရာ ပတ်သက်သူများအားလုံး ကျိုးကြောင်းဆီလျော်စွာ ကျေနပ်စေမည့် ပါဝင်ပတ်သက်သူ အများအပြားရှိသည့် အခြေအနေတွင် တတ်နိုင်သမျှ အကောင်းဆုံး ထိန်းသိမ်းထားရန်အတွက် အာဏာသိမ်းပြီး နောက်ပိုင်းအခြေအနေသည် ထိုင်းနိုင်ငံအတွက် ပိုမိုစိန်ခေါ်မှု များစေသည်။
ကျိုးကြောင်းဆီလျော်မှု အရှိဆုံးအဆင့်တွင် ထိုင်းနိုင်ငံသည် မြန်မာ၌ တည်ငြိမ်မှုကို ယေဘုယျအားဖြင့် ပိုမိုလိုလားသည်။ မြန်မာတွင် တည်ငြိမ်မှုသည် စီးပွားရေး ထုတ်လုပ်မှုနှင့် နယ်စပ်လုံခြုံရေးကိုပါ အာမခံချက်ပေးနိုင်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီက ထိုအချက် နှစ်ချက်လုံးကို မြန်မာစစ်တပ်နှင့် နယ်စပ် EAOs များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြည့်ဆည်းနိုင်သည်။
ထိုသို့သော မျှခြေအခြေအနေတွင် ဇာတ်ဆောင်သစ်အဖြစ် NUG ၏ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်စေသည်။ NUG က မကြာခဏ ကိုးကားပြောဆိုနေသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှရသော တရားဝင်မှုမှအပ NUG သည် နယ်မြေထိန်းချုပ်နိုင်မှု မရှိသောကြောင့် အနာဂတ်မြန်မာ၏ အလားအလာရှိသော ခေါင်းဆောင်အဖြစ် ယုံကြည်နိုင်ဖွယ် မရှိကြောင်း သတင်းရင်းမြစ် အများအပြားက ဖော်ပြကြသည်။
နိုင်ငံရေး ဆက်ဆံရေး အမြင်မှကြည့်ပါက NUG သည် မြန်မာနိုင်ငံသစ်၏ အစိတ်အပိုင်း ဆက်လက်ဖြစ်လိုပါက နိုင်ငံတကာနှင့် ပြည်တွင်း ပရိသတ်များထံမှ စိတ်အားထက်သန်မှုကင်းမဲ့သော အခြေအနေကို ကုစားရန်လိုသည်။
နိုင်ငံရေး ဆက်ဆံရေး အမြင်မှကြည့်ပါက NUG သည် မြန်မာနိုင်ငံသစ်၏ အစိတ်အပိုင်း ဆက်လက်ဖြစ်လိုပါက နိုင်ငံတကာနှင့် ပြည်တွင်း ပရိသတ်များထံမှ စိတ်အားထက်သန်မှုကင်းမဲ့သော အခြေအနေကို ကုစားရန်လိုသည်။
အဓိကအားဖြင့် နောက်ဆုံးတွင် PTTEP ၏ မြန်မာမှ ရင်းနှီးမြှုပ်နှံမှုများကို တရားစွဲဆိုမည့် ခြိမ်းခြောက်မှု ဖြစ်စေသည့် အမည်ဖော်ပြ အရှက်ခွဲသည့် နည်းဗျူဟာသည် အချည်းနှီးသာ ဖြစ်သောကြောင့် NUG သည် ၎င်း၏ ထိုင်းနှင့်ပတ်သက်သည့် သေနင်္ဂဗျူဟာကို ပြန်လည် စဉ်းစားသုံးသပ်ရန် လိုသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စွမ်းအင်လုံခြုံမှုသည် ထိုင်းနိုင်ငံ အကျိုးစီးပွားအတွက် ကြီးမားသော ရိုက်ခတ်ချက်များ ဖြစ်စေနိုင်သည့် ထိခိုက်လွယ်ပြီး ရှုပ်ထွေးသော ပြဿနာဖြစ်သည်။ ယခုအခါ ဖွေ့ထိုင်းပါတီသည် လက်ရှိအခြေအနေကို လိုလားသည့်ပါတီများ၊ စစ်တပ်လိုလားသော ပါတီများနှင့် မဟာမိတ်ဖွဲ့ထားရသောကြောင့် စွမ်းအင်ကိစ္စကို ပိုမို ဖိအားပေးခြင်းသည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်။ အနာဂတ်တွင် ထိုင်းနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် NUG ၏ ဦးတည်ချက်သည် ထိုင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု ပျိုးထောင်ခြင်းသာ ဖြစ်သင့်ပြီး ပြဿနာရှာခြင်း မဖြစ်သင့်ပေ။
ဆက်စပ်ပြဿနာတခုမှာ NUG သည် လူသားချင်းစာနာမှုအကူအညီ ပိုမိုတောင်းခံခြင်းကို ဦးတည်ရန် စီစဉ်နေစဉ် ထိုသို့သော တောင်းဆိုမှုပုံစံကို ထိုင်းနိုင်ငံသို့ ပိုမိုကောင်းမွန်စွာ ဖော်ပြသင့်သည်။ ယခုအဆင့်တွင် ပြည်တွင်းနိုင်ငံရေးကြား အိမ်နီးချင်းနိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီသည် ထိုင်းအများစုအတွက် ဦးစားပေး မဟုတ်ပေ။
ထိုအချက်နှင့် ပညာရေးမှတဆင့် ထိုင်းများအကြား မြန်မာကို မုန်းတီးရန်လိုမှု ဖြစ်စေရန် အယူအဆ သွတ်သွင်းထားသည့် ရှည်လျားသော သမိုင်းကြောင်းတို့ကို ပေါင်းစပ်လိုက်သောအခါ မြန်မာနှင့်ပတ်သက်သည့် အပြုသဘောဆောင်သော မူဝါဒသစ်များ ချမှတ်ရန် မည်သည့် အစိုးရသစ်အတွက်မဆို ခက်ခဲမည်ဖြစ်သည်။
ထို့ကြောင့် NUG အပါအဝင် မြန်မာမှ ပါဝင်ပတ်သက်သူများသည် အပြန်အလှန် အနေအထားကို ခွင့်ပြုမည့် အခြားမူဝါဒ စမှတ်များကို ဖော်ထုတ် ကမ်းလှမ်းရန် အရေးကြီးသည်။ ဖွေ့ထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရကို ဦးဆောင်သောကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေခြင်း မရှိဘဲ ပိုမိုအရင်းရှင်ဆန်သည့် ချဉ်းကပ်မှုမျိုး မျှော်လင့်နိုင်သည်။ ထို့ကြောင့် ဝင်ငွေရရှိအောင် ပြုလုပ်ပေးသော အစီအစဉ်များ သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကျန်းမာရေး စောင့်ရှောက်မှုမှတဆင့် အာဏာသိမ်းကာလအလွန် မြန်မာရွှေ့ပြောင်းအခြေချများကို ထိုင်းဈေးကွက်အတွင်း ပေါင်းစည်းပေးပြီး စီးပွားရေးကို အကျိုးပြုအောင်လုပ်ခြင်းသည် လူ့အခွင့်အရေး ကာကွယ်ရေးအခြေခံ သက်သက်ထက် ၎င်းတို့အတွက် ပိုမိုဆွဲဆောင်သော အစီအစဉ်ဖြစ်သည်။
ပိုမိုအရေးပါသော ကိစ္စမှာ ထိုမူဝါဒ အဆိုပြုချက်များသည် ပိုမိုကျယ်ပြန့်သည့် ထိုင်းမဲဆန္ဒရှင်များ လက်ခံနိုင်သော အချက်အလက် အထောက်အထား အခြေခံသည့် အဆိုပြုချက်များ ဖြစ်သင့်ပြီး ထို့ကြောင့်ပင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။
ပိုမိုအရေးပါသော ကိစ္စမှာ ထိုမူဝါဒ အဆိုပြုချက်များသည် ပိုမိုကျယ်ပြန့်သည့် ထိုင်းမဲဆန္ဒရှင်များ လက်ခံနိုင်သော အချက်အလက် အထောက်အထား အခြေခံသည့် အဆိုပြုချက်များ ဖြစ်သင့်ပြီး ထို့ကြောင့်ပင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် သြဇာသက်ရောက်မှု ဖြစ်စေရန် NUG မှ မည်သည့် ထိတွေ့ဆက်ဆံရေး အစီအစဉ်ကိုမဆို ထိုင်းနှင့် နယ်စပ် မိတ်ဘက်များအဖြစ် ဆက်ဆံရေး ဆယ်စုနှစ်ပေါင်းများစွာရှိသည့် EAO များနှင့် မညှိနှိုင်းဘဲ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အဖွဲ့အစည်း အနည်းငယ်ကို ဖော်ပြရပါက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်သည်။
ထိုနှစ်ဖွဲ့လုံးသည် အုပ်ချုပ်ရေးနှင့် နယ်စပ်တလျှောက်မှ လူမှုအသိုက်အဝန်းများသို့ အများပြည်သူ ဝန်ဆောင်မှုများပေးသည့် စနစ်များနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော အတွေ့အကြုံရှိကာ အကူအညီပေးရေးတွင် အသက်သွေးကြောဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အနာဂတ် ဖက်ဒရယ် အဖွဲ့အစည်းများလည်း ဖြစ်သည်။ ထိုအဖွဲ့အစည်းများမှ ခိုင်လုံသော မူဝါဒအဆင့် ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် NUG ၏ ထိုင်းနှင့် ထိရောက်သော ထိတွေ့ဆက်ဆံခြင်းအတွက် လွန်စွာအရေးပါမည် ဖြစ်သည်။
ထို့ပြင် အနာဂတ် ထိတွေ့ဆက်ဆံမှုများတွင် အနာဂတ်မြန်မာအတွက် ရှင်းလင်းသော လမ်းပြမြေပုံလည်း ပါဝင်သင့်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ထိုသို့သော စကားအမျိုးမျိုးသည် စစ်တပ်ဆန့်ကျင်သည့် အင်အားစုများအကြား အဓိက အပ်ကြောင်းထပ်နေသော စကားလုံးများ ဖြစ်သည်။
သို့သော် အချို့ ပါဝင်ပတ်သက်သူများသည် ဖက်ဒရယ်စနစ်ကို မည်သို့ရရှိမည်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး တူညီသောအမြင် မရှိသည်ကိုလည်း သတိဖြင့် လေ့လာစောင့်ကြည့်သင့်သည်။ လုပ်ငန်းစဉ်အတွင်း မတူညီသည့် မျှော်မှန်းချက်များကို မည်သို့ကိုင်တွယ်မည်နှင့် မည်သို့ သင့်မြတ်စေမည်ဆိုသည့် ရှင်းလင်းသော ဆွေးနွေးမှုမရှိဘဲ နိုင်ငံတကာ ပရိသတ်နှင့် ဆက်သွယ်ရေးသာမက နိုင်ငံတည်ဆောက်ရေး လမ်းကြောင်းအတွက် အလားအလာအတွက်ပါ စိန်ခေါ်မှုရှိမည်ဖြစ်သည်။
ထို့ကြောင့် အနာဂတ် ထိတွေ့ဆက်ဆံမှုများတွင် ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သာမက ထိုပန်းတိုင်ကို မည်သို့ရောက်ရှိအောင်လုပ်မည် ဆိုသည့် အချက်လည်း ပါဝင်သင့်သည်။ ထို့ကြောင့် ဗမာလွှမ်းမိုးသော ယန္တရားဖြစ်သည့် NUG အနေဖြင့် တိုင်းရင်းသားအုပ်စုများအကြား ယုံကြည်မှု ပြန်လည်ပျိုးထောင်ရန်နှင့် နိုင်ငံတည်ဆောက်ရေး ဆွေးနွေးပွဲ အဆင်ပြေစေမည့် စစ်မှန်သော ဆွေးနွေးဘက် ဖြစ်နိုင်ကြောင်း ပြသရန် လိုအပ်သည်။
ထိုသို့ လုပ်ဆောင်ရာတွင် ပြည်နယ်အခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်စားပြုမှု၊ သယံဇာတများ ခွဲဝေမှု စသည့် ခက်ခဲသော ဆွေးနွေးမှုများအတွက် နယ်ပယ် ပြန်လည်ဖွင့်လှစ်ခြင်း ပါဝင်ပြီး ထိုသို့လုပ်ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မူကြမ်းထက်ပင် ကျော်လွန်နိုင်သည်။
ပြည်တွင်းအဖွဲ့ဝင်များထံမှ ရရှိထားသည့် ညီညွတ်သော တပ်ပေါင်းစုတခု၏ ခိုင်မာသော ဆွေးနွေးချက်များကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများအား ပေးခြင်းသည် ယုံကြည်မှုမြှင့်တင်ရာတွင် အကြီးအကျယ် အထောက်အကူပြုသည်။
ပြည်တွင်းအဖွဲ့ဝင်များထံမှ ရရှိထားသည့် ညီညွတ်သော တပ်ပေါင်းစုတခု၏ ခိုင်မာသော ဆွေးနွေးချက်များကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများအား ပေးခြင်းသည် ယုံကြည်မှုမြှင့်တင်ရာတွင် အကြီးအကျယ် အထောက်အကူပြုသည်။ ယုံကြည်မှုရရန် ပူးပေါင်းဆောင်ရွက်ချက်များတွင် NUG အနေဖြင့် ၎င်းသည် မြန်မာပိုင်နက်ထဲတွင် အမှန်တကယ် အုပ်ချုပ်နေသည့် အစိုးရတခု မဟုတ်ဆိုသည့်အချက်ကို ပိုမိုကြီးမားသော ပကတိအခြေအနေ စစ်ဆေးမှု ပြုလုပ်သင့်သည်။
လက်တွေ့တွင် NUG သည် အခြားအဖွဲ့အစည်း အများအပြားကဲ့သို့ပင် တော်လှန်ရေး အင်အားစုတခုသာ ဖြစ်သည်။ ထို့ကြောင့် NUG သည် ထိုပကတိ အခြေအနေအတိုင်း လုပ်ကိုင်သင့်ပြီး ထိုသို့လုပ်ရာတွင် အခြားအဖွဲ့အစည်းများကို သံလွင်ခက် ကမ်းကာ ၎င်းတို့ကို တန်းတူညီမျှသော ပြောရေးဆိုခွင့်နှင့် သြဇာအာဏာ ပေးသင့်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Dr. Surachanee Sriyai ၏ Pondering Future Avenues for Myanmar NUG’s Engagement With Thailand ကို ဘာသာပြန်သည်။ )
You may also like these stories:
PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်
မြန်မာ့အရေး ထိုင်းနှင့် အာဆီယံ အပြိုင်ဖြစ်ပြီး အကွဲအပြဲ နက်ရှိုင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ