မြန်မာနှင့်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တရုတ်နိုင်ငံက နောက်ဆုံးတွင် ကျောခိုင်းပြီး ထိုအဖွဲ့အစည်းများကလည်း ၎င်းတို့ကို အစဉ်အလာအားဖြင့် အကျိုးပြုသည့် တရုတ်လုံခြုံရေး ဌာနများနှင့် လမ်းခွဲ လိုက်ပါသလား။
ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်များ၏ ရှမ်းပြည်နယ် မြောက်ပိုင်းတခွင်မှ ချိန်ညှိတိုက်ခိုက်မှုများသည် တရုတ်-မြန်မာ ကုန်သွယ်ရေး ပြတ်တောက်စေသောကြောင့် အထက်ပါအတိုင်း ယူဆရန် အတိအကျ ဖြစ်စေသည်။
ထိုအဖွဲ့ သုံးဖွဲ့က အောက်တိုဘာလ နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး မစတင်မီက တရုတ်နိုင်ငံသည် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ထိပ်တန်းခေါင်းဆောင် နှစ်ဦးဖြစ်သူ ချန် ယန်ဘမ်း (ခေါ်) ပေါက်ယန်ဘမ်း နှင့် ရှောင် ယန်ဘန်း (ခေါ်) ဟွ ချွင်ချန်တို့ကို ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်သည်။
တရုတ်နိုင်ငံသည် UWSA ဒုစစ်ဦးစီးချုပ် ပေါက်ကျွင်ဖုန်ကို ဖမ်းဆီးထားသည်ဟုလည်း သတင်းများက ဖော်ပြသည်။ ဟွချွင်ချန်သည် အခြားသူမဟုတ်ဘဲ UWSA/UWSP ခေါင်းဆောင် ပေါက်ယူချန်း၏ သားမက်ဖြစ်ပြီး ပေါက်ကျွင်ဖုန်သည် သူ၏တူ ဖြစ်သည်။
ပေါက်ယန်ဘမ်းသည် UWSA ထိန်းချုပ် ဝ ဒေသတွင် ကာစီနိုလောင်းကစား လုပ်ငန်းများနှင့် ငွေကြေး လိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် စီးပွားရေးသမား ဖြစ်သည်။ ၎င်းတို့အားလုံးသည် တရုတ်နယ်စပ်အနီး ဆက်သွယ်ရေး ငွေကြေး လိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသည်။
UWSA သည် ညီနောင်မဟာမိတ်အဖွဲ့ဝင် မဟုတ်သော်လည်း တိုက်ခိုက်မှုအပြီးတွင် ဆက်လက် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင် ကြားနေမည်ဖြစ်ကြောင်း ကြေညာသည်။ သို့သော် UWSA သည် အဓိက လက်နက်ထောက်ပံ့သူ ဖြစ်ပြီး ထိုလက်နက် အားလုံးသည် တရုတ်မူရင်း လက်နက်များဖြစ်ကြောင်း ထင်ရှားသည်။
ရှုပ်ထွေးလှပုံရသော နောက်ခံတစိတ်တပိုင်းမှာ ဝ နှင့် တရုတ်လုံခြုံရေးဌာနများ၏ နီးကပ်သော အဆက်အသွယ်သည် ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ ကြီးမားလှသော စစ်တပ်ကို ထူထောင်စဉ်ကာလကပင် တည်ရှိခဲ့ခြင်း ဖြစ်သည်။
UWSA သည် ညီနောင်မဟာမိတ်အဖွဲ့ဝင် မဟုတ်သော်လည်း တိုက်ခိုက်မှုအပြီးတွင် ဆက်လက် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင် ကြားနေမည်ဖြစ်ကြောင်း ကြေညာသည်။ သို့သော် UWSA သည် အဓိက လက်နက်ထောက်ပံ့သူ ဖြစ်ပြီး ထိုလက်နက် အားလုံးသည် တရုတ်မူရင်း လက်နက်များဖြစ်ကြောင်း ထင်ရှားသည်။
CPB သည် ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များအတွင်းက တရုတ်ထံမှ တိုက်ရိုက်အကူအညီများကို အကြီးအကျယ် ရခဲ့သည်။ ထိုကိစ္စသည် လျှို့ဝှက်ချက်လည်း မဟုတ်ပေ။ တရုတ်နှင့် UWSA ဆက်ဆံရေးသည် ထိုမျှအထိ ပွင့်ပွင့်လင်းလင်း မဟုတ်သော်လည်း လက်နက်များကို ခင်မင်ရင်းနှီးမှု မကင်းသည့်အလျောက် ထောက်ပံ့သည်။ သို့တိုင် UWSA ကို CPB ထက် ပိုမိုများပြား ကောင်းမွန်သည့် တရုတ် စစ်လက်နက်ပစ္စည်းများဖြင့် တပ်ဆင်ထားသည်။
UWSA သည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကဲ့သို့သော တရုတ်မှ အဆင့်အမြင့်ဆုံး လက်နက်များကို အခြား အဖွဲ့အစည်းများသို့ မပေးသော်လည်း ညီနောင်မဟာမိတ်များတွင် တိုက်ခိုက်မှု လုပ်နိုင်လောက်သည့် လက်နက်ခဲယမ်း အလုံအလောက်ရှိပြီး ထိုတိုက်ပွဲများသည် အံ့သြစရာ ကောင်းလောက်အောင် အောင်မြင်ကြသည်။
၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်နိုင်ငံပါဝင်ပတ်သက်ခြင်း မရှိနိုင်သော်လည်း ထိုကြိုတင်ကြံစည်မှုများကို အဆက်အသွယ်ကောင်းသည့် တရုတ်လုံခြုံရေးဌာနများက ကြိုတင်မသိဟု ယုံကြည်ရန် ခက်ခဲပြီး တရုတ်သည် ထိုကိစ္စကို တားဆီးရန် ဆောင်ရွက်ခဲ့ပုံ မရပေ။ အချုပ်အားဖြင့် ဆိုရပါက အခြေအနေသည် လုံးဝ ရှုပ်ထွေးပြီး လုံးဝ ယုတ္တိကင်းမဲ့နေသည်။
သို့သော် မူဝါဒ အပြောင်းအလဲရှိသည်ဆိုသည့် ပြင်ပမှ လေ့လာသူများ၏ ခန့်မှန်းချက်များ မမှန်ကြောင်း ပြောရမည်။ ဘေဂျင်းသည် မြန်မာမြောက်ပိုင်းမှ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး သဘောသဘာဝကို မပြောင်းလဲသလို ထိုအဖွဲ့အစည်းများကလည်း ဘေဂျင်ကို ကျောခိုင်းခြင်း မရှိကြပေ။
မူဝါဒ အပြောင်းအလဲရှိသည်ဆိုသည့် ပြင်ပမှ လေ့လာသူများ၏ ခန့်မှန်းချက်များ မမှန်ကြောင်း ပြောရမည်။ ဘေဂျင်းသည် မြန်မာမြောက်ပိုင်းမှ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး သဘောသဘာဝကို မပြောင်းလဲသလို ထိုအဖွဲ့အစည်းများကလည်း ဘေဂျင်ကို ကျောခိုင်းခြင်း မရှိကြပေ။
ဘေဂျင်း၏ ရေရှည် ရည်မှန်းချက်များမှာ ယခင်အတိုင်း အတူတူပင်ဖြစ်သည်။ မြန်မာမှ သယံဇာတများကို ထုတ်ယူရေးသာဖြစ်ပြီး ပိုမိုအရေးကြီးသောကိစ္စမှာ အိန္ဒိယသမုဒ္ဒရာသို့ သေနင်္ဂဗျူဟာ ချဉ်းကပ်မှုပေးသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသာ ဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် တရုတ်သည် မြန်မာပြည်တွင်း ပဋိပက္ခများတွင် ဘက်အားလုံးမှ အမြဲတမ်း ဝင်ကစားပြီး ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီကျသည့် ဖက်ဒရယ်မြန်မာ ပေါ်ပေါက်ရေးသည် တရုတ်၏ အကျိုးစီးပွားကို အထောက်အကူ မပြုဆိုသည့် အချက်ကို သတိရသင့်သည်။
မြန်မာ အင်အားချိနဲ့နေသမျှ ကာလပတ်လုံး တရုတ်နိုင်ငံသည် “ခင်မင်ရင်းနှီးသော အိမ်နီးချင်း”၊ “ငြိမ်းချမ်းရေး တည်ဆောက်သူ” အဖြစ်သာမက မည်သည့်အစိုးရ အာဏာရသည်ဖြစ်စေ ဆုပေး ဒဏ်ပေး စနစ်ကို ကျင့်သုံးသည့် ကစားနည်းကို တရားဝင်ကစားနိုင်မည် ဖြစ်သည်။ တဖက်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ရင်း အခြားတဖက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သွယ်ဝိုက်ထောက်ခံမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပထမဆုံး ဆုံးရှုံးမှု ခံစားရမည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ယနေ့ရှိနေသော တရုတ်သြဇာလွှမ်းမိုးမှု ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသည် အခြေအနေကို လုံးဝ ထိန်းချုပ်မရတော့သည်ကိုလည်း မလိုလားပေ။ ထိုသို့ ဖြစ်ပါက နယ်စပ်ဒေသများ အပြင်းအထန် မတည်မငြိမ်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမည်ကို မလိုလားပေ။
သို့သော် မြန်မာနှင့် မြန်မာ့ပြည်တွင်း ပဋိပက္ခများနှင့်ပတ်သက်သည့် တရုတ်၏ အသွင်သဏ္ဍန် အမျိုးမျိုးဆောင်သော ချဉ်းကပ်ပုံလမ်းကြောင်းသည် နယ်စပ်တွင် ရပ်တန့်မသွားသည့် ပြဿနာများကို ဖန်တီးပေးသည်။ CPB ၏ တခါက အင်အားကြီးမားလှသော စစ်တပ်မှ အဓိကလွှမ်းမိုးသည့် ဝ စစ်သားများ ပုန်ကန်သောကြောင့် ၁၉၈၉ တွင် CPB ပြိုကွဲကာ UWSA ကို တည်ထောင်ပြီးနောက် ထိုစဉ်က မြန်မာ အာဏာသိမ်းစစ်အုပ်စု နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် ငြိမ်းချမ်းရေး သဘောတူသည်။ သို့သော် လက်မှတ်ရေးထိုးခြင်း မရှိပေ။
ထိုသဘောတူညီချက် တစိတ်တပိုင်းမှာ CPB ကို ပုန်ကန်သည့် UWSA နှင့် အခြား ကွန်မြူနစ်တပ်ဟောင်း သုံးခုကို တိုင်းရင်းသား စစ်တပ်များအဖြစ် ရပ်တည်ခွင့်ပေးကာ မြန်မာမှ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဟာမိတ် မဖွဲ့ခြင်းအတွက် ၎င်းတို့တပ်များနှင့် ထိန်းချုပ်ဒေသများကို ဆက်လက် ချုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်သည်။ ၎င်းတို့ ရပ်တည်ရေးအတွက် မည်သည့် စီးပွားရေးကိုမဆို လုပ်ခွင့်ပေးကာ အကျိုးအမြတ်များသည့် မူးယစ်မှောင်ခို လုပ်ငန်းများ ဖြစ်လာသည်။ ပထမတွင် ဘိန်းနှင့် ဘိန်းဖြူမှ နောင်တွင် မက်သာဖက်တမင်း မှောင်ခိုလုပ်ကြသည်။
ပုန်ကန်မှု နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အကြီးအကျယ် မြင့်တက်သွားပြီး တရုတ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်ပျံ့နှံ့စေသည်။ မြန်မာနှင့်ထိစပ်နေသည့် တရုတ်တောင်ပိုင်းပြည်နယ် ယူနန်ကို အပြင်းထန်ဆုံး ထိခိုက်စေသည်။ ဘိန်းဖြူကို နေရာတိုင်းတွင် ရရှိပြီး တရုတ်ဒေသခံ ဘိန်းဘုရင်များသည် ပိုင်နက်များ ထူထောင်ကြကာ တောင်ပိုင်းမှ မြို့တမြို့ဖြစ်သော ပင်ယွမ်ကို လွှမ်းမိုးသိမ်းပိုက်သည့် ဂိုဏ်းလည်း ပါဝင်သည်။
CPB ကို ပုန်ကန်သည့် နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အကြီးအကျယ် မြင့်တက်သွားပြီး တရုတ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်ပျံ့နှံ့စေသည်။
၁၉၉၂ ခုနှစ်သို့ ရောက်သောအခါ ပင်ယွမ်သည် “နိုင်ငံတွင်းမှ နိုင်ငံငယ်” တခုဖြစ်လာပြီး တရုတ် တနိုင်ငံလုံးမှ လူဆိုးဓားပြများ ခိုလှုံရာနေရာ ဖြစ်လာသည်။ ထိုကိစ္စသည် ပြည်တွင်းလုံခြုံရေး ပြဿနာ ဖြစ်လာပြီး သံချပ်ကာယာဉ်များဖြင့် အားဖြည့်ထားသည့် အကြီးအကျယ် လက်နက်တပ်ဆင်ထားသော စစ်သား ထောင်ပေါင်းများစွာကို သုံးကာ ပင်ယွမ်ကို ပြန်လည်သိမ်းပိုက်ရသည်။ ထိုဘိန်းဘုရင် အများစုသည် တရုတ်တွင် ဟွေ ဟု ခေါ်ပြီး မြန်မာတွင် ပန်းသေးဟု ခေါ်သည့် ယူနန် မွတ်ဆလင်လူမျိုးစုများဖြစ်ပြီး ယခင် CPB ပိုင်နက်များ အပါအဝင် ရွှေတြိဂံဒေသတွင် ကျယ်ပြန့်သော စီးပွားရေး အဆက်အသွယ်များ ရှိကြသည်။
ယူနန်တွင် မူးယစ်မှောင်ခိုလုပ်ငန်း နောက်တကြိမ် တိုက်ဖျက်ခြင်းကို ၁၉၉၄ ခုနှစ် နှစ်လယ်က ပြုလုပ်သည်။ ၁၉၈၉ ခုနှစ်တွင် MNDAA ကို တည်ထောင်ပြီး မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသည့် CPB တပ်မှူးဟောင်း ကိုးကန့် ခေါင်းဆောင် ယန်မူလျှောင်၏ ညီ ယန်မူရှန်ကို ဖမ်းဆီးပြီးနောက် မူးယစ်မှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ခြင်း ဖြစ်သည်။
ယူနန်ပြည်နယ်တွင်းသို့ ဘိန်းဖြူ ကီလိုဂရမ်ပေါင်းများစွာ မှောင်ခိုသွင်းမှုဖြင့် သူ့ကို စွဲချက်တင်ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် အခြားသူ ၁၆ ဦးနှင့်အတူ ကူမင်းတွင် သေဒဏ် စီရင်သည်။ ထိုစဉ်က မည်သည့် ဝ ကိုမှ စွဲချက်တင် သို့မဟုတ် ဖမ်းဆီးခြင်း မရှိသော်လည်း ပေါက်ယူချန်းနှင့် UWSA ခေါင်းဆောင်များကို ကူမင်းမြို့သို့ အကြိမ်ကြိမ်ခေါ်ယူပြီး တရုတ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါး မရောက်အောင် လုပ်ဆောင်စေသည်။
အခြေအနေကို ထိန်းချုပ်လိုက်ပြီးနောက် ဘေဂျင်းသည် CPB တပ်ဟောင်းများဖြစ်သည့် UWSA, MNDAA, ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအခြေစိုက်အဖွဲ့တခု၊ ကချင်ပြည်နယ်မှ အဖွဲ့ငယ် တခုတို့နှင့် အဖုအထစ်မရှိ ဆက်လက် ဆက်ဆံသည်။
ယခုတကြိမ် ရုတ်ရုတ်သဲဖြစ်ရခြင်းမှာ မူးယစ်ဆေးဝါးကြောင့်မဟုတ်ဘဲ မြန်မာနယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသများမှ ဆက်သွယ်ရေး လိမ်လည်မှုများကြောင့် ဖြစ်သည်။ ထိုင်းနှင့် အိန္ဒိယတိုက်ငယ်မှသာမက အီသီယိုပီးယားနှင့် ယူဂန်ဒါအထိ ဝေးကွာသော နိုင်ငံများမှ အိုင်တီ ကျွမ်းကျင်သူများကို အလုပ်ဖြင့် လိမ်ခေါ်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှုကို အတင်းအကျပ် ကျူးလွန်စေသည်။
ယခုတကြိမ် ရုတ်ရုတ်သဲဖြစ်ရခြင်းမှာ မူးယစ်ဆေးဝါးကြောင့်မဟုတ်ဘဲ မြန်မာနယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသများမှ ဆက်သွယ်ရေး လိမ်လည်မှုများကြောင့် ဖြစ်သည်။
ထိုလိမ်လည်မှုများ၏ အဓိက သားကောင်များသည် တရုတ်ပြည်သူများနှင့် အင်စတီကျူးရှင်းများဖြစ်နေပြီး ထိုလိမ်လည်မှုများကြောင့် တရုတ်မှ ငွေရင်းစီးထွက်မှုသည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံရှိမည်ဟု တရုတ်အရာရှိများက ခန့်မှန်းသည်။ ထို့ကြောင့် တရုတ်အရာရှိများက အရေးယူရန် လိုအပ်လာပြီး အရေးယူလိုက်ခြင်းပင် ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်များတွင် မူးယစ်မှောင်ခိုမှု နှိမ်နင်းစဉ်က ကဲ့သို့ပင် တရုတ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ချောမွေ့သော ဆက်ဆံရေး ပြန်လည်ထူထောင်ရန် အချိန်ယူရမည် ဖြစ်သည်။ မူးယစ်ဆေးဝါး စီးဆင်းမှုရှိသော်လည်း တရုတ်သည် ထိုအဖွဲ့အစည်းများကို ၁၉၉၀ ပြည့်နှစ်က လိုအပ်သည့် တူညီသော အကြောင်းရင်းကြောင့်ပင် ယခုလည်း လိုအပ်နေသည်။
ထိုအကြောင်းရင်းမှာ မြန်မာနိုင်ငံအတွင်း ပထဝီသေနင်္ဂဗျူဟာ ခြေကုပ်ယူရေး ဖြစ်သည်။ ယခုတိုက်ပွဲများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားနိုင်သော်လည်း ကြာကြာရပ်ဆိုင်းနေမည့် သဘောမရှိပေ။
မြောက်ပိုင်းမှ ယခုတိုက်ပွဲများသည် တရုတ်အတွက် အကျိုးကျေးဇူးကိုပင် ဖြစ်စေနိုင်သည်။ တရုတ်သည် ၎င်းတွင် အသင့်ရှိနေသည့် အခြားအစီအစဉ်များအနက် တခုကို ထုတ်သုံးနိုင်သည်။ ထိုအစီအစဉ်မှာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း ငြိမ်းချမ်းရေး တည်ဆောက်ပေးသူအဖြစ် ပါဝင်ရန် ဖြစ်သည်။ ယခုတကြိမ်တွင်လည်း အနိုင်ရသူသည် တရုတ်ပင် ဖြစ်နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Has China Lost Control of Ethnic Armies in Myanmar’s War-Torn Borderland? ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေး အထူးပြုသော စာရေးဆရာဖြစ်သည်။)
You may also like these stories:
တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား
တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ကတိပြု
မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်ဆိုင်ဇာတ်လမ်း
မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ