တရုတ်၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး အားထုတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ခုခံတော်လှန်ရေး အင်အားစုများ၏ နောက်ဆုံးတိုက်ခိုက်မှုသည် လှုပ်ရှားမှု အလှည့်အပြောင်းသစ်ကို ဖော်ပြခြင်း ဖြစ်နိုင်သည်။
အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသည် ယခင်မကြုံဖူးသည့် နည်းလမ်းဖြင့် ညှိနှိုင်းတိုက်ခိုက်သောကြောင့် မကြာသေးမီ ရက်များအတွင်း မြန်မာစစ်တပ်သည် တရုတ်နယ်စပ်မှ ကြီးမားလှသော အစိတ်အပိုင်းများကို ဆုံးရှုံးခဲ့သည်။
ထိုပူးတွဲ ထိုးစစ်၏ လတ်တလော ရည်မှန်းချက်မှာ စစ်တပ် ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ် (BGF) များက တရုတ်နယ်စပ်တလျှောက် ဒေသများတွင် လုပ်နေသော အကျိုးအမြတ်များသည့် ရာဇဝတ်မှုများကို ပိတ်ပင်ရန် ဖြစ်သည်။ ထူးခြားသည်မှာ ထိုသို့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ထိုဒေသများမှ ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းရန် တရုတ်၏ မကြာသေးမီက အားထုတ်မှုများအပေါ် အခွင့်ကောင်းယူ ချက်ကောင်းရလိုက်ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အမျိုးသားရေးတိုက်ပွဲတွင် အပြောင်းအလဲတခု ဖြစ်နိုင်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ခေါင်းဆောင်မှု၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် မြန်မာ့အိမ်နီးချင်းများအတွက် လေးနက်သော စိန်ခေါ်မှုသစ် ဖြစ်နိုင်သည်။
ထူးခြားသည်မှာ ထိုသို့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ထိုဒေသများမှ ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းရန် တရုတ်၏ မကြာသေးမီက အားထုတ်မှုများအပေါ် အခွင့်ကောင်းယူ ချက်ကောင်းရလိုက်ခြင်း ဖြစ်သည်။
ရာဇဝတ်ဂိုဏ်းများနှင့် ထိုလုပ်ငန်းများတွင် စေခိုင်းရန် တရုတ်နိုင်ငံသားများအား လူကုန်ကူးသည့် လုပ်ငန်းကို ထိန်းချုပ်ရေး တရုတ်၏ အားထုတ်မှုတွင် နယ်ခြားစောင့်တပ်များနှင့် ၎င်းတို့ခွင့်ပြုထားသည့် ထိုလိမ်လည်မှုလုပ်ငန်းများအား ဖြိုခွဲရန် စစ်ကောင်စီတပ်ကို ဖိအားပေးခြင်းလည်း ပါဝင်သည်။
စစ်ကောင်စီ ဗိုလ်ချုပ်များက ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် တရုတ်နိုင်ငံသည် စစ်ကောင်စီကို မကျေနပ်ဘဲ ပိုမိုပြင်းထန်သည့် အရေးယူမှုဖြစ်စေပြီး ညှိနှိုင်းဆောင်ရွက်သော ခုခံတော်လှန်ရေး အင်အားစုများအား တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်စေသည်။
အစပြုသည့် ရက်စွဲအတိုင်း “၁၀၂၇ စစ်ဆင်ရေး” ဟု ခေါ်သည့် စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲတွင် လမ်းကြောင်းသစ်ဖြစ်ပြီး ခုခံတော်လှန်ရေး အင်အားစုနှင့် ပတ်သက်သည်ဖြစ်စေ၊ ကြားနေသည်ဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် ကြိုးစားနေသည့် တိုင်းရင်းသား တပ်မတော်များ၏ အရေးကို ပိုမို တောင့်တင်းကြံ့ခိုင်စေကာ အစိုးရဆန့်ကျင်ရေး အင်အားစုများအကြား တရုတ်သြဇာကို သိသိသာသာ မြှင့်တင်ပေးလိုက်သည်။
ဒီမိုကရေစီ လိုလားသော ခုခံတော်လှန်ရေး အင်အားစုများသည် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် အစီအစဉ်များအတွက် ပြောင်းလဲသွားသော ပတ်ဝန်းကျင်တခုကို တွေ့ရမည်ဖြစ်ပြီး မြန်မာ့အိမ်နီးချင်းများ အနေဖြင့် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေကို ပိုမိုလမ်းဖွင့်ပေးသည်။
နိုင်ငံတကာ အသိုက်အဝန်းအတွက် စိန်ခေါ်မှုမှာ အဓိက တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်ပြုပြီး အမျိုးသားညီညွတ်ရေးကို ထိန်းသိမ်းနိုင်မည့် ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရန် လုပ်ငန်းစဉ်ကို ကူညီထိန်းကြောင်းပေးရေးအတွက် တိုင်းရင်းသားလူနည်းစုများ အပါအဝင် ခုခံတော်လှန်ရေး ခေါင်းဆောင်များနှင့် ပိုမိုထိရောက်စွာ ထိတွေ့ဆက်ဆံရန် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ခုခံတော်လှန်ရေး အင်အားစုများနှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး ယခုအခါ နိုင်ငံတည်ငြိမ်ရေးအတွက် စစ်တပ်ကို အားကိုးခြင်းသည် လက်တွေ့ကျသော သေနင်္ဂဗျူဟာ မဟုတ်ကြောင်း ဒေသတွင်း မိတ်ဖက်များ ယုံကြည်အောင် ပိုမို ကြိုးစား အားထုတ်ရမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ခုခံတော်လှန်ရေး အင်အားစုများနှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး ယခုအခါ နိုင်ငံတည်ငြိမ်ရေးအတွက် စစ်တပ်ကို အားကိုးခြင်းသည် လက်တွေ့ကျသော သေနင်္ဂဗျူဟာ မဟုတ်ကြောင်း ဒေသတွင်း မိတ်ဖက်များ ယုံကြည်အောင် ပိုမို ကြိုးစား အားထုတ်ရမည် ဖြစ်သည်။
ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီ အားပေးနေသောကြောင့် တရုတ်က ဖိအားပေး
ပြီးခဲ့သည့် မေလမှ စတင်ပြီး တရုတ်က မြန်မာဗိုလ်ချုပ်များကို ရှင်းလင်းသော သတင်းစကား ပေးပို့လိုက်သည်။ ကမ္ဘာတဝန်းမှ လူထောင်ပေါင်းများစွာကို လူကုန်ကူးကာ တကမ္ဘာလုံးမှ သားကောင်များထံမှ လစဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူ ခဝါချသည့် မြန်မာမှ အတင်းအကျပ် လုပ်အားခိုင်းစေသည့် ငွေလိမ်ဂိုဏ်းများကို လက်မခံနိုင်ဆိုသည့် သတင်းစကားဖြစ်သည်။
ထိုလိမ်လည်မှုဒေသများကို လက်ခံထားသည့် နယ်ခြားစောင့်တပ်များကို စစ်တပ်က ထိန်းချုပ်ရမည်ဟု တရုတ်က တောင်းဆိုသည်။ တရုတ်၏ တောင်းဆိုချက်ကို စစ်ကောင်စီက လျစ်လျူရှုထားသည်။ ကရင်ပြည်နယ်မှ နယ်ခြားစောင့်တပ်သည် ထိုင်းနယ်စပ်မှ ဗြောင်ကျသည့် ရာဇဝတ်မှုများအတွက် အများပြည်သူ ပြစ်တင်ရှုတ်ချခံရပြီး ၂၀၀၉ ခုနှစ်က စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မင်းအောင်လှိုင် ထူထောင်ထားသည့် ကိုးကန့်မှ နယ်ခြားစောင့်တပ်သည် တရုတ်နယ်စပ်တွင် ရာဇဝတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေစဉ် စစ်ကောင်စီက လက်ပိုက်ကြည့်နေခဲ့သည်။
နွေရာသီ ရောက်သောအခါ တရုတ်သည် မြန်မာနယ်စပ်များမှ အတင်းအကျပ် လုပ်အားခိုင်းစေသည့် ငွေလိမ်ဂိုဏ်း ခြံဝန်းများစွာအနက် တခုတွင် အဆုံးသတ်ကြရသော တရုတ်နိုင်ငံသားများ၏ ကံကြမ္မာကို မီးမောင်းထိုးပြသည့် လူကြိုက်များသော ရုပ်ရှင်များဖြင့် မြန်မာမှ ဖရိုဖရဲ အခြေအနေများကို ဇာတ်လမ်းတင်ဆက်ရန် တရုတ်မီဒီယာနှင့် ရုပ်ရှင်လုပ်ငန်းကို ခွင့်ပြုခြင်းဖြင့် တရုတ်အစိုးရက အန္တရာယ်ကို ပိုမိုထင်ရှားအောင်လုပ်ဆောင်လိုက်သည်။
“No More Bets”, “Tainted Love” နှင့် “Lost in the Stars” ဇာတ်ကားများသည် လက်မှတ်ရောင်းခငွေ ဒေါ်လာ ၁ ဘီလီယံကျော်ရရှိပြီး တရုတ်နိုင်ငံသားများသည် အရှေ့တောင်အာရှတွင် တရုတ်၏ အကူအညီဖြင့်သာ အန္တရာယ်ကင်းမည်ဆိုသည့် သတင်းစကားကို ပေးသည်။
အမှန်တရားမှာ ထိုပြဿနာ စတင်ချိန်က တရုတ်နိုင်ငံသည် မသိကျိုးကျွံ ပြုနေခြင်း ဖြစ်သည်။ တရုတ်၏ နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်များကို အထောက်အကူပြုပြီး ဒေသတခုလုံးမှ အကျင့်ပျက်ခြစားသည့် အထက်လွှာ၏ ထောက်ခံမှုရရန် ဆယ်စုနှစ်တခုကျော်ကြာအောင် တရုတ်၏ တရားမဝင် ငွေရင်း ဒေါ်လာ ဘီလီယံပေါင်းများစွာဖြင့် ထိုလောင်းကစားဒေသများ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဘေဂျင်း၏ ဖိအားပေးမှုကို စစ်ကောင်စီက လူသိရှင်ကြား ကန့်ကွက်တုံ့ပြန်သည်။ မီဒီယာသည် ထိုပြဿနာကို “ပုံကြီးချဲ့သည်” ဟု စစ်ကောင်စီအရာရှိများက တရုတ် ရုပ်သံတွင် ပြောကြပြီး ထိုရုပ်ရှင်များသည် မြန်မာ၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ပြောသည်။ တရုတ်သည် မြန်မာ့စီးပွားရေး အခက်အခဲများကို ကူညီဖြေရှင်းရန် တရုတ်ခရီးသွားများကိုသာ စေလွှတ်သင့်ပြီး တရုတ်ရဲများကို မစေလွှတ်သင့်ကြောင်း ၎င်းတို့က ပြောသည်။
ဘေဂျင်း၏ ဖိအားပေးမှုကို စစ်ကောင်စီက လူသိရှင်ကြား ကန့်ကွက်တုံ့ပြန်သည်။ မီဒီယာသည် ထိုပြဿနာကို “ပုံကြီးချဲ့သည်” ဟု စစ်ကောင်စီအရာရှိများက တရုတ် ရုပ်သံတွင် ပြောကြပြီး ထိုရုပ်ရှင်များသည် မြန်မာ၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ပြောသည်။
စိတ်အနှောင့်အယှက် ဖြစ်သောကြောင့် ဘေဂျင်းသည် စက်တင်ဘာလတွင် စတင် တဖက်သတ် လုပ်ဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗဟိုထိန်းချုပ်မှု မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသော နယ်စပ်ဒေသ နှစ်ခုဖြစ်သည့် ဝ နှင့် မိုင်းလားကို အာရုံစိုက် လုပ်ဆောင်သည်။
နှစ်ဖွဲ့လုံးသည် အင်အားကြီးမားသည့် ဒေသခံတပ်များကို ထိန်းချုပ်ထားပြီး တရုတ်သြဇာ အဝန်းအဝိုင်းတွင် ရှိနေသည်။ ၎င်းတို့သည် တရုတ်ငွေ၊ တရုတ် လျှပ်စစ်၊ တရုတ် အင်တာနက်နှင့် တရုတ် ဆက်သွယ်ရေး သုံးကြပြီး ဝ အဖွဲ့သည် တရုတ်က ဖန်တီးထားသည့် ဘဏ်လုပ်ငန်းစနစ်ကိုပင် သုံးသည်။ ထိုဒေသ နှစ်ခုလုံးမှ အထက်လွှာများသည် တရုတ်မှ လေ့ကျင့်ပေးထားသူများဖြစ်ပြီး တရုတ် မှတ်ပုံတင်များ ကိုင်ဆောင်ကြသည်။
ထို့ကြောင့် နှစ်ဖွဲ့လုံးကို လက်နက် အခိုင်အမာ တပ်ဆင်ပေးထားသော တရုတ်အနေဖြင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ဖြိုခွဲရန် အရေးပါသည့် ခြေလှမ်းများလှမ်းရေး နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူသည်။
စက်တင်ဘာလလယ်တွင် ငွေကြေးလိမ်လည်မှု လုပ်ငန်းများမှလူ ၁,၂၀၇ ဦးကို တရုတ်သို့ ပြည်နှင်ဒဏ်ပေးသည်။ ထို့နောက် မကြာမီ တရုတ်နိုင်ငံသည် ဝ ခေါင်းဆောင်ကြီး ပေါက်ယူချန်းနှင့် ထိပ်တန်း ဝ အရာရှိ နှစ်ဦးကို ဖမ်းဝရမ်းထုတ်ပြီး ဝ ပိုင်နက်မှ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များဖြစ်ကြောင်း စွပ်စွဲကာ ဝ ခေါင်းဆောင်၏ စိတ်တိုင်းအကျဆုံး တူဖြစ်သူ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒုစစ်ဦးစီးချုပ် တရုတ်နိုင်ငံသို့ ရောက်လာစဉ် ဖမ်းဆီးလိုက်သည်။
ဝ များက ငွေကြေးလိမ်လည်မှု ခိုင်းစေထားသည့် ခြံဝင်းပေါင်း ၄၀ ကျော်တွင် စီးနင်းဖမ်းဆီးပြီး အခြားနိုင်ငံများမှ လူအများအပြား အပါအဝင် လူ ၄,၀၀၀ ကျော်ကို တရုတ်သို့ လွှဲပြောင်းပေးကာ တုံ့ပြန်သည်။ ငွေကြေးလိမ်လည်မှုဂိုဏ်းများနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းများပါဝင်သော ကွန်ပျူတာနှင့် ဖုန်း သောင်းနှင့်ချီ၍ တရုတ်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
တရုတ်က ဝ နှင့် မိုင်းလားကို ယခင် မလုပ်ဖူးသည့် အရေးယူမှုများ လုပ်သော်လည်း စစ်ကောင်စီသည် အွန်လိုင်း ငွေကြေးလိမ်လည်မှု ထိန်းချုပ်မရအောင် ဖြစ်နေသည့် ကိုးကန့်မှ နယ်ခြားစောင့်တပ်ကို အရေးမယူပေ။
တရုတ်က ကိုးကန့်အထက်လွှာများကို နယ်စပ်ဖြတ်ကျော် ရိုးရာပွဲတော်သို့ စက်တင်ဘာလက ဖိတ်ခေါ်ပြီး ကိုးကန့် ငွေကြေးလိမ်လည်မှု ခိုင်းစေထားသည့် ဝင်းခြံများအနက် အမည်ဆိုး အကျော်ကြားဆုံး အုပ်စုတခု ဖြစ်သည့် Fullylight Group အုပ်စု အမှုဆောင်အရာရှိချုပ် လျူကျန်ကျီ အပါအဝင် ၁၁ ဦးကို တရုတ်က ဖမ်းဆီးသော်လည်း စစ်ကောင်စီက ဆက်လက် ခေါင်းမာသည်။
မင်းအောင်လှိုင်၏ စီးပွားရေး ခရိုနီလည်းဖြစ်သော လျူကျန်ကျီသည် အာဏာသိမ်း စစ်ကောင်စီတွင် ထင်ရှားသော ခေါင်းဆောင်တဦးလည်း ဖြစ်သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် အရာရှိနှင့် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တာဝန်ရှိသူတဦးလည်း ဖြစ်သည်။
မင်းအောင်လှိုင်၏ စီးပွားရေး ခရိုနီလည်းဖြစ်သော လျူကျန်ကျီသည် အာဏာသိမ်း စစ်ကောင်စီတွင် ထင်ရှားသော ခေါင်းဆောင်တဦးလည်း ဖြစ်သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် အရာရှိနှင့် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တာဝန်ရှိသူတဦးလည်း ဖြစ်သည်။
တရုတ်နိုင်ငံအတွက် ပိုမို စိတ်ပျက်စရာကောင်းသော ကိစ္စမှာ ကိုးကန့်တို့သည် ရို့ဒ် ကျွန်း (အမေရိကန် အရှေ့မြောက်ပိုင်းရှိ ၁,၅၄၅ စတုရန်းမိုင်ပတ်လည်) အရွယ် ၎င်းတို့ပိုင်နက်မှ အွန်လိုင်းငွေကြေးလိမ်လည်မှု ခြံဝင်း ၁၀၀ ကျော်တွင် ဖမ်းဆီးထားသည့် ဓားစာခံ ၂၀,၀၀၀ မှ ၃၀,၀၀၀ ကျော်အနက် ၃၇၇ ဦးကိုသာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက သင်ခန်းစာယူ
၂၀၀၉ ခုနှစ်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ဆင်ရေးက ဖြုတ်ချခံခဲ့ရပြီး ကိုးကန့်နယ်ခြားစောင့်တပ်ကို ရှုံးနိမ့်ချိန် မတိုင်မီက ကိုးကန့် ပိုင်နက်ကို အုပ်ချုပ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ မိုင်းလား NDAA တို့နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး ကိုးကန့်မှ မောင်းထုတ်ခံရပြီးနောက် ၎င်းတို့ကို အကာအကွယ်ပေးထားသည်။
၎င်းတို့ပိုင်နက်ကို စစ်ကောင်စီထံမှ ပြန်လည်ရယူရန် ကြိုးစားရာတွင် MNDAA သည် ညီနောင် မဟာမိတ်ဟု ခေါ်သည့် အဓိက လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။ MNDAA သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ဆင်၊ လေ့ကျင့် စွမ်းရည်၊ အဖွဲ့အစည်း တည်ဆောက်ပေးနိုင်သည့် စွမ်းရည်ကြောင့် KIA နှင့်လည်း နီးကပ်သော မဟာမိတ် တည်ဆောက်ထားသည်။
စစ်ကောင်စီနှင့် ၎င်း၏ ကိုးကန့် BGF အား တရုတ်က စိတ်ပျက်ခြင်းက MNDAA နှင့် မဟာမိတ် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအား ရှမ်းပြည်မြောက်ပိုင်းမှ စစ်တပ်နယ်စပ်စခန်းများကို ညှိနှိုင်းတိုက်ခိုက်စေရန် လမ်းဖွင့်ပေးသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ဆင်ရေး စတင်ကြောင်း ကြေညာသောအခါ MNDAA, ညီနောင်မဟာမိတ်များနှင့် PDFs များက တရုတ်နယ်စပ်မှ ထိုစစ်ဆင်ရေးအတွက် လတ်တလော အကြောင်းရင်းမှာ စစ်ကောင်စီက ရာဇဝတ်ဒေသများကို ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။ ထိုစစ်ဆင်ရေးသည် မင်းအောင်လှိုင်၏ “မူးယစ်ဆေးဝါးစစ်တပ်” ကို ဖယ်ရှားသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှု တစိတ်တပိုင်းလည်း ဖြစ်သည်။
ထိုစစ်ဆင်ရေးကို ရက်သတ္တပတ် အတန်ကြာ ကြိုတင်စီစဉ်ရသော်လည်း အောက်တိုဘာလ ၂၀ ရက်နေ့က ကြေကွဲစရာဖြစ်ရပ် အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုကြေကွဲစရာဖြစ်ရပ်တွင် ကိုးကန့်နယ်ခြားစောင့်တပ် ငွေလိမ်ဂိုဏ်းမှ အစောင့်များက အသွင်ယူ တရုတ်ရဲစုံထောက်များ အပါအဝင် တရုတ်နှင့် ထိုင်းနိုင်ငံသားများကို သတ်ဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်သည် တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး တရုတ်သင်္ဘောသား ၁၃ ဦးသေဆုံးစေသည့် ၂၀၁၁ ခုနှစ်က မဲခေါင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အလားတူသည်ဟု သုတေသီများက ပြောသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကိုးကန့်နယ်ခြားစောင့်တပ် ငွေလိမ်ဂိုဏ်းမှ အစောင့်များက အသွင်ယူ တရုတ်ရဲစုံထောက်များ အပါအဝင် တရုတ်နှင့် ထိုင်းနိုင်ငံသားများကို သတ်ဖြတ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကို ရာဇဝတ်ခြံဝင်းများအား ထိန်းချုပ်ရေး တရုတ်အကျိုးစီးပွားကို အကျိုးပြုမည့် အားထုတ်မှုအဖြစ် သရုပ်ဖော်နိုင်ခြင်း မရှိပါက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် တရုတ်၏ ပြင်းထန်သော ကန့်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး နယ်စပ်တွင် ထိုသို့သောတိုက်ခိုက်မှုကို တားဆီးခံရနိုင်သည်။ ထို့ကြောင့် တရုတ်က တိတ်တဆိတ် သဘောတူခြင်းသည် ထိုစစ်ဆင်ရေး အောင်မြင်မှုအတွက် အရေးပါသည်။
ထို့ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ် ဆုံးရှုံးစေပြီး ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှ စစ်ကောင်စီ စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်မှ မန္တလေးသို့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိကမြို့များနှင့် စစ်ဆေးရေး စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစစ်ဆင်ရေးသည် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများအကြား ယခင်မကြုံဖူးသည့် ညှိနှိုင်းဆောင်ရွက်မှုကို ဖော်ပြပြီး အဆင့်တိုင်းတွင် စစ်ကောင်စီတပ်များကို အကြီးအကျယ် ထိခိုက်သေဆုံးစေသည်။ စစ်ကောင်စီသည် ယခုအခါတွင် ၎င်း၏အရေးအပါဆုံး နယ်စပ်ဖြတ်ကျော်စခန်းများကို ဆုံးရှုံးတော့မည်ဖြစ်ပြီး အခွန်ရရေးအတွက် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်းအထက် ဆုံးရှုံးမည့် အလားအလာ ရှိနေသည်။
ကိုးကန့်မှ ဒေါ်လာဘီလီယံပေါင်းများစွာ တန်သည့် ငွေကြေးလိမ်လည်မှု လုပ်ငန်း ဖြတ်တောက်ခံလိုက်ရခြင်းသည် နောက်ထပ် ထိခိုက်မှုတခုဖြစ်သည်။ ကိုးကန့် BGF ကျဆုံးသွားပါက စစ်ကောင်စီသည် မြောက်ပိုင်းမှ ၎င်းတို့၏ အင်အားအကြီးဆုံး တိုက်ခိုက်ရေးတပ်ကို ဆုံးရှုံးခြင်းလည်း ဖြစ်သည်။
ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးက တရုတ်လုံခြုံရေး ခြေချမှုကို ကျယ်ပြန့်စေ
နယ်စပ်တလျှောက်မှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို တရုတ်က တိုက်ဖျက်ခြင်းသည် မြန်မာတွင် တရုတ်လုံခြုံရေး သြဇာကို ကျယ်ပြန့်စေသည်။
ပထမအချက်မှာ တရုတ်နိုင်ငံသည် ၎င်းတို့ နိုင်ငံရေးဆန္ဒရှိပါက တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ လှုပ်ရှားမှုများအပေါ် သြဇာသက်ရောက်နိုင်သည့် စွမ်းရည်ကို သံသယဖြစ်ရန် မလိုပေ။ တရုတ်၏ ဖမ်းဝရမ်းများကြောင့် ဝ အရာရှိများ ကန့်ကွက်ခြင်းမရှိဘဲ ရာထူးမှ ထုတ်ပယ်ခံရသည်။ ဝ မှ ခေါင်းဆောင်များနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကောင်စီ လက်အောက်ခံ အရာရှိများကို ဖမ်းဆီးရန် တရုတ်က စိတ်အားထက်သန်ခြင်းသည် မြန်မာမှ ပတ်သက်နေသူများအပေါ် လိုက်နာမှုရအောင် လုပ်နိုင်သည့် တရုတ်၏ အာဏာကို ပြသနေသည်။
ဒုတိယအချက်မှာ နိုင်ငံမြောက်ပိုင်းတွင် မြန်မာစစ်တပ် ထိန်းချုပ်မှု လျော့ကျခြင်း၊ MNDAA က ကိုးကန့်ကို ပြန်လည် သိမ်းယူနိုင်ခြေ ရှိခြင်းကြောင့် ကျယ်ပြန့်လှသော တရုတ်နှင့် မြန်မာနယ်စပ် ဒေသများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အကြီးအကျယ်မှီခိုရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်သို့ ကျသွားစေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။
ဝ မှ ခေါင်းဆောင်များနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကောင်စီ လက်အောက်ခံ အရာရှိများကို ဖမ်းဆီးရန် တရုတ်က စိတ်အားထက်သန်ခြင်းသည် မြန်မာမှ ပတ်သက်နေသူများအပေါ် လိုက်နာမှုရအောင် လုပ်နိုင်သည့် တရုတ်၏ အာဏာကို ပြသနေသည်။
၎င်းတို့၏ ယခင်နှင့်စာလျှင် ကြီးထွားလာသော သြဇာအာဏာသည် အမျိုးသား သဘောတူညီချက်သစ်အတွက် အနာဂတ် ညှိနှိုင်းမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အနေအထားကို ပိုမိုတောင့်တင်း ကြံ့ခိုင်စေမည် ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်နိုင်ငံ ပါဝင်သော အခန်းကဏ္ဍက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် အသွားနှစ်ဖက်ပါသည့် ဓားနှင့် အလားတူသည့် အကျိုးကျေးဇူးများ ဖြစ်စေသည်။
ကိုးကန့်တွင် စစ်တပ်က ရှုံးနိမ့်ခြင်းသည် PDFs နှင့် အခြား လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား စိတ်အား အကြီးအကျယ်တက်စေပြီး တော်လှန်ရေး၏ အခြားစစ်မျက်နှာများတွင် အလားအလာရှိသည့် စံချိန်တင် အောင်ပွဲများ ဖြစ်စေနိုင်သည်။
ထို့ပြင် မြန်မာတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ကွန်ရက်များ ရှိနေခြင်းကို စက်ဆုတ်ကြောင်း ဖော်ပြသည့် NUG ၏ မကြာသေးမီက ကြေညာချက်ကို တရုတ်ဘက်က သတိထားမိစေမည်ဖြစ်ပြီး မြန်မာမှ တရုတ်လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိတ်ဖက်အဖြစ် မြင်သွားစေနိုင်သည်။
မြန်မာတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ကွန်ရက်များ ရှိနေခြင်းကို စက်ဆုတ်ကြောင်း ဖော်ပြသည့် NUG ၏ မကြာသေးမီက ကြေညာချက်ကို တရုတ်ဘက်က သတိထားမိစေမည်ဖြစ်ပြီး မြန်မာမှ တရုတ်လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိတ်ဖက်အဖြစ် မြင်သွားစေနိုင်သည်။
အခြားတဖက်တွင်လည်း မြန်မာတွင် တရုတ်လုံခြုံရေး သြဇာတိုးလာခြင်းသည် မြန်မာမှ အုပ်စုအားလုံးအတွက် စိုးရိမ်စရာ ဖြစ်နိုင်သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသည် စစ်တပ်ကို အစိုးရမှ ဖယ်ရှားပစ်ရေးဆိုသည့် ဘုံရည်မှန်းချက်ဖြင့် လတ်တလောတွင် ညီညွတ်နေသော်လည်း အနာဂတ်တွင် မတူညီသည့် ခုခံတော်လှန်ရေး အုပ်စုများအကြား ညီညွတ်မှုနှင့် ညှိနှိုင်းမှုသည် အနာဂတ်တွင် ပြိုကွဲပါက တရုတ်က မြန်မာမှ ၎င်းတို့၏ အကျိုးစီးပွား ခိုင်မာရေးအတွက် တဖက်နှင့် တဖက်ကို ကစားကာ အသုံးချမည့် အန္တရာယ် ရှိနိုင်သည်။
ထိုအချက်သည် ခုခံတော်လှန်ရေးတွင် ပါဝင်သူများအနေဖြင့် မဟာမိတ်များကို အလျင်အမြန် တိုးချဲ့ ခိုင်မာအောင် လုပ်ပြီး အားလုံးသဘောတူသည့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်ရန် အပြင်းထန်ဆုံးသော တွန်းအားကို ဖြစ်စေသည်။
မြန်မာမှ အမေရိကန် အကျိုးစီးပွား
မြန်မာမှ ရာဇဝတ်ဂိုဏ်း ကွန်ရက်များနှင့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲတို့ ပေါင်းဆုံမိခြင်းသည် အမေရိကန် ပြည်ထောင်စုအတွက် အဓိက စိုးရိမ်စရာ သုံးခုကို ဖြစ်စေသည်။
ပထမအချက်မှာ တရုတ်က နယ်စပ်တလျှောက်မှ ရာဇဝတ်လုပ်ငန်းများကို ဖြိုခွဲလိုက်သောကြောင့် ထိုငွေကြေး လိမ်လည်သည့် လုပ်ငန်းများသည် လက်ရှိ ဥပဒေ ကင်းမဲ့သည့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများသို့ ရွှေ့ပြောင်းသွားစေနိုင်သည်။
ထိုင်းနယ်စပ်တွင် အမည်ဆိုး ကျော်ကြားလှသည့် ရွှေကုက္ကို ယထိုင်မြို့သစ် စီမံကိန်းသည် စက်တင်ဘာလတွင် ခေါင်းဆောင်မှုသစ်ကို ခန့်အပ်ပြီး အောက်တိုဘာလတွင် ဝက်ဘ်ဆိုက်သစ် ထူထောင်ကာ မြောက်ပိုင်း၌ ဖြိုခွဲမှု အပြင်းထန်ဆုံး ဖြစ်နေချိန်တွင် ကြော်ငြာ လှုပ်ရှားမှု ပြုလုပ်နေသည်။
ထိုငွေကြေး လိမ်လည်သည့် ဂိုဏ်းများသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့လည်း ရောက်နေသည့် လက္ခဏာရှိပြီး တရုတ်အစိုးရ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် တရုတ် မဟုတ်သည့် နိုင်ငံသားများကို ပိုမို ပစ်မှတ်ထားလာသည်။
ထိုအခြေအနေသည် အမေရိကန် နိုင်ငံသားများအပေါ် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ တိုးလာစေနိုင်ပြီး အမေရိကန်၏ လိမ်လည်မှုတိုက်ဖျက်ရေး အားထုတ်မှုများကို ဦးစားပေးရစေမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ထိုကိစ္စကို တရုတ်နှင့် နှစ်နိုင်ငံချင်းဖြစ်စေ၊ တရုတ်က ပိုမိုပါဝင်လာသည့် ဒေသတွင် နိုင်ငံတကာ အားထုတ်မှုအရဖြစ်စေ တိုက်ရိုက်ဆွေးနွေးရန် စဉ်းစားသင့်သည်။
ထိုငွေကြေး လိမ်လည်သည့် ဂိုဏ်းများသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့လည်း ရောက်နေသည့် လက္ခဏာရှိပြီး တရုတ်အစိုးရ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် တရုတ် မဟုတ်သည့် နိုင်ငံသားများကို ပိုမို ပစ်မှတ်ထားလာသည်။
ထို ရာဇဝတ် ကွန်ရက်များမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုပြဿနာကို တရုတ်က ကိုင်တွယ်ခြင်း မပြုမီ ဆယ်စုနှစ်တခုကျော် တရုတ်နိုင်ငံတောင်ပိုင်းက အစိုးရပိုင်းနှင့် အကျင့်ပျက်ခြစားသည့် အရာရှိများ၏ အကူအညီကို အကြီးအကျယ် ရယူခဲ့သောကြောင့် ထိုပြဿနာသည် အခြေခံအားဖြင့် တရုတ်၏ တာဝန်သာဖြစ်သည်။
ဒုတိယအချက်မှာ ယခုအချိန်သည် အမေရိကန်အနေဖြင့် မြန်မာတွင် ကောင်းမွန်သော စီမံအုပ်ချုပ်မှု အစီအစဉ်များနှင့် မဟာမိတ်ညွန့်ပေါင်း တည်ဆောက်ခြင်းကို ထောက်ခံမှု အရှိန်မြှင့်တင်ရမည့် အချိန်ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် အင်တိုက်အားတိုက် လုပ်ဆောင်ခြင်း မရှိပါက မြန်မာသည် တရုတ်သြဇာအောက်သို့ လုံးလုံးလျားလျား ကျဆင်းသွားပြီး အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များသည် အင်ဒိုပစိဖိတ် ဒေသလယ်တွင် တရုတ်လက်ဝေခံ နိုင်ငံတခုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၏ အရေးယူဆောင်ရွက်မှုများ၌ ကမ္ဘာ့ရာဇဝတ်မှုတွင် ရောပါနေသည့် တာဝန်ရှိသော မြန်မာစစ်တပ်နှင့် BGF များကို အရေးယူရန် ပိုမိုပြင်းထန်သော အားထုတ်မှုများလည်း ပါဝင်နိုင်သည်။
တတိယအချက်မှာ အမေရိကန် ပြည်ထောင်စုအနေဖြင့် ယခုဖြစ်လာသည့် ဖြစ်ရပ်များအား အသုံးချကာ အိန္ဒိယ၊ ထိုင်းနှင့် အရေးပါသည့် အာဆီယံနိုင်ငံများကို အထူးအာရုံစိုက်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အရပ်သား ခေါင်းဆောင်မှုအတွက် ပိုမို ထောက်ခံမှုရရေး အားထုတ်မှုများကို ပိုမိုတောင့်တင်း ကြံ့ခိုင်အောင် လုပ်ရမည်ဖြစ်သည်။
ဝါရှင်တန် အနေဖြင့် ယခုအခါ ဒေသတခုလုံးကို ထိခိုက်စေသည့် ကြီးထွားလာသော ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှု စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်မှုများအတွက် ညှိနှိုင်းရန် ဘုံရပ်တည်ချက်ကို ရှာဖွေသင့်သည်။ ထိုသို့ ဖော်ဆောင်ရာတွင် မြန်မာမှ ရာဇဝတ်မှုများကြောင့် ထိုင်းစီးပွားရေးအား ထိခိုက်စေခြင်းကို ကိုင်တွယ်ရန် စိတ်အားထက်သန်နေသော အစိုးရသစ်ရှိသည့် ထိုင်းနိုင်ငံသည် လွန်စွာ အရေးပါသည်။
ဝါရှင်တန် အနေဖြင့် ယခုအခါ ဒေသတခုလုံးကို ထိခိုက်စေသည့် ကြီးထွားလာသော ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှု စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်မှုများအတွက် ညှိနှိုင်းရန် ဘုံရပ်တည်ချက်ကို ရှာဖွေသင့်သည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ရန်၊ အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မသမာသော ပတ်သက်နေသူများကြောင့် ဖြစ်လာသည့် ရာဇဝတ်ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ထိုင်းခေါင်းဆောင်ပိုင်း တောင့်တင်းကြံ့ခိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ထိုင်းနိုင်ငံကို အကြီးအကျယ် ထောက်ခံသင့်သည်။
(USIP ပါ Priscilla A. Clapp နှင့် Jason Tower တို့၏ Myanmar’s Junta Is Losing Control of Its Border with China ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ မတည်ငြိမ်မှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ အဆက်အစပ်
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး