မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက် တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ကြားရသည့်အသံများမှာ “တရုတ်ကမီးစိမ်းပြလိုက်တာ”၊ “တရုတ်က မျက်စပစ်ပြလိုက်တာ”၊ “တရုတ်က ရပ်ခိုင်းတာနဲ့ ချက်ချင်းရပ်သွားမှာ”၊ “တရုတ်က ထောက်ပံ့ပေးလို့ ဒီလောက်တိုက်နိုင်တာ” ဆိုသည့် အမြင်များ၊ အပြောများဖြစ်၏။
အံ့ဩစရာ ကောင်းသည် မှာ ထိုသူများသည် မြန်မာစစ်ကောင်စီကို တရုတ်က ကူညီပံ့ပိုးနေသည်၊ ကျားကန်ပေးနေသည်ဟု စွပ်စွဲခဲ့ကြသူများ ဖြစ်သည့်အပြင် တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ကြသူများ ဖြစ်၏။
အရှေ့မြောက် တရုတ်အကူအညီ
ဤသို့ ပြောဆိုခြင်းများသည် အဓိက အကြောင်းအချက်တခုပေါ်တွင် အခြေခံသည်ဟု သုံးသပ်ရ၏။ ထိုအချက်မှာ ၁၉၆၆ ခုနှစ် တရုတ် ယဉ်ကျေးမှုတော်လှန်ရေး၏ အကျိုးဆက်အဖြစ် တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တော်လှန်ရေးအား လူအား၊ ငွေအား၊ လက်နက်ခဲယမ်းအား အပြည့်အဝပံ့ပိုးပြီး ကူညီထောက်ပံ့ပေးခဲ့သည့် သမိုင်းဖြစ်စဉ် ရှိခဲ့၍ဖြစ်၏။
သို့သော် ထိုစဉ်က အခြေအနေကို ပြန်လည်ကြည့်ပါက တရုတ်ကွန်မြူနစ်ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီကို ညီနောင်ပါတီအဖြစ် သဘောထား ဆက်ဆံကူညီခြင်း ဖြစ်သည်။ ကွန်မြူနစ်ပါတီ၊ ပစ္စည်းမဲ့ပါတီ မဟုတ်သည့် အခြား တိုင်းရင်းသားပါတီများကို တိုက်ရိုက် ဆက်ဆံကူညီခြင်း မရှိပေ။ မြန်မာပြည်ရှိ တိုင်းရင်းသားပါတီ အဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံခြင်း၊ ကူညီခြင်းနှင့်ပတ်သက်၍ ဗကပ တို့၏ အဆုံးအဖြတ်၌သာ တည်၏။
သို့သော် တရုတ်တို့၏ ထိုပေါ်လစီသည် မော်စီတုန်းကွယ်လွန်ပြီး တိန့်ရှောင်ဖိန် ခေတ်ကတည်းက စတင်ပြောင်းလဲသွား၏။ ဗကပ အား ကူညီမှုများကို ၁၉၈၀ မှ စတင်လျှော့ချခဲ့ပြီး ၁၉၈၅ နောက်ပိုင်းစ၍ အကူအညီများ ဖြတ်တောက်ခဲ့၏။ တရုတ်၏ ပေါ်လစီသည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒအပေါ် အခြေမခံတော့ပေ။
နိုင်ငံတိုင်းရှိ အစိုးရများနှင့်ဆက်ဆံပြီး တရုတ်အမျိုးသားအကျိုးစီးပွားကို ရှေးရှုသည့် ကူသန်းကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရေး ဖြစ်၏။ အစိုးရချင်းဆက်ဆံရေးကို ထိခိုက်စေသည့် အစိုးရကို ပုန်ကန်နေသည့် အဖွဲ့အစည်းများအား ကူညီထောက်ပံ့ခြင်း ရပ်ဆိုင်းခဲ့သည်။
တရုတ်တို့၏ ထိုပေါ်လစီသည် မော်စီတုန်းကွယ်လွန်ပြီး တိန့်ရှောင်ဖိန် ခေတ်ကတည်းက စတင်ပြောင်းလဲသွား၏။ ဗကပ အား ကူညီမှုများကို ၁၉၈၀ မှ စတင်လျှော့ချခဲ့ပြီး ၁၉၈၅ နောက်ပိုင်းစ၍ အကူအညီများ ဖြတ်တောက်ခဲ့၏။ တရုတ်၏ ပေါ်လစီသည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒအပေါ် အခြေမခံတော့ပေ။
သို့သော် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်ဆက်ဆံမှု ရှိနေသည်ကို တွေ့နေရမည်ဖြစ်၏။ ဤပြဿနာမှာ ၁၉၈၉ ခုနှစ် နောက်ပိုင်း ဗကပ ပြိုကွဲပြီးနောက် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်ခဲ့သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရသည် ပြည်တွင်း နိုင်ငံရေးအင်အားစုများကို အဓိက ရင်ဆိုင်ရန် တရုတ်နယ်စပ်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အများအပြားနှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဟု ဆိုခဲ့ရာတွင် တရုတ်နယ်စပ်မှ တိုင်းရင်းသား အဖွဲ့အစည်းများ ပါခဲ့သည်။
ထိုစဉ်က ကချင် ဒီမိုကရေစီသစ်တပ်မတော် (NDAK)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ ငါးဖွဲ့သည် ကန်ဖန်၊ ဂါလန်၊ ဖီမော် စသည့် မြန်မာပြည်မြောက်ပိုင်းမှစ၍ မြန်မာပြည်အရှေ့ဖျား လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းပါးအထိ ချုပ်ကိုင်ထားသည်။
ထိုရှည်လျားသော တရုတ်နယ်စပ်တလျှောက် မြန်မာစစ်တပ် ချုပ်ကိုင်ထားနိုင်သည်မှာ မြောက်ပိုင်း ခေါင်လန်ဖူးဒေသ၊ ဗန်းမော်-လွယ်ဂျယ်၊ နမ့်ခမ်း၊ မူဆယ်၊ ကြူကုတ် ပန်ဆိုင်းဒေသများသာ ရှိ၏။ ကျန်နယ်စပ် အများစုတွင် မြန်မာစစ်အစိုးရ အုပ်ချုပ်ရေးအာဏာ လုံးဝသက်ရောက်မှု မရှိပေ။
သို့ဖြစ်ရာ တရုတ်နယ်စပ်တလျှောက် တည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုပြဿနာ ဖြေရှင်းရေး၊ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး၊ နယ်စပ်ကုန်သွယ်ရေးတို့အတွက် တရုတ်တို့သည် နယ်စပ်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မဖြစ်မနေ တိုက်ရိုက်ဆက်ဆံခဲ့၏။ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံအား ထိုင်းအစိုးရ ဆက်ဆံသည့်ပုံစံနှင့် အလားတူသာဖြစ်၏။ သို့သော် ယခင် ထိုင်းအစိုးရ ကျင့်သုံးခဲ့ဖူးသော တိုင်းရင်းသား အဖွဲ့အစည်းများအား ကြားခံဇုန်အဖြစ်ထားသည့် ပုံစံမျိုးကိုပင် မကျင့်သုံးပေ။
ထို့ပြင် မြန်မာစစ်အစိုးရအား ဆန့်ကျင်သူများကို ထိုင်းက လက်ခံသကဲ့သို့ လက်ခံပြီး မြန်မာစစ်အစိုးရအပေါ် ဆန့်ကျင်ခြင်းများအား တရုတ်တို့က ခွင့်မပြုပေ။ တရုတ်တို့ လက်ခံထားသည့် အဖွဲ့မှာ ယခင် သူတို့ ထောက်ပံ့ခဲ့သည့် ဗကပအဖွဲ့တခုသာရှိပြီး ထိုအဖွဲ့ဝင်များကိုလည်း တရုတ်ပြည်တွင်းမှ မြန်မာစစ်အစိုးရ ဆန့်ကျင်ရေးကို လူသိရှင်ကြား ပြုလုပ်ခြင်းအားလည်း ကန့်သတ်ထိန်းချုပ်ထားခဲ့၏။
တရုတ်နယ်စပ်တလျှောက် တည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုပြဿနာ ဖြေရှင်းရေး၊ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး၊ နယ်စပ်ကုန်သွယ်ရေးတို့အတွက် တရုတ်တို့သည် နယ်စပ်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မဖြစ်မနေ တိုက်ရိုက်ဆက်ဆံခဲ့၏။ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံအား ထိုင်းအစိုးရ ဆက်ဆံသည့်ပုံစံနှင့် အလားတူသာဖြစ်၏။
သို့ဖြစ်ရာ ဗကပ နောက်ပိုင်း ၁၉၈၅ မှစ၍ အရှေ့မြောက်ရှိ လက်နက်ကိုင်အဖွဲ့များထံသို့ တရုတ်၏ အကူအညီအထောက်အပံ့များ ရပ်ဆိုင်းသွားသည့်အပြင် ထိုင်းနိုင်ငံကဲ့သို့ တရုတ်ပိုင်နက်အား အခြေပြုပြီး မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး ပြုလုပ်ခြင်းကို ခွင့်မပြုတော့ပေ။
မြန်မာစစ်အစိုးရနှင့် အဆင်အပြေဆုံး
နဝတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရခေတ် တလျှောက်လုံး မြန်မာစစ်အစိုးရနှင့် အဆင်အပြေဆုံးမှာ တရုတ်ဖြစ်သကဲ့သို့ ကုလသမဂ္ဂတွင် မြန်မာအစိုးရကို ကာကွယ်ပေးသူမှာလည်း တရုတ်ဖြစ်၏။
ထို့အတူ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးတွင်လည်း တရုတ်က ထိပ်ဆုံးတန်းက ရှိနေ၏။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တရုတ်တို့၏ ခါးပတ်လမ်းစီမံကိန်းတွင် တရုတ်ပြည်၏ တောင်ဘက်နှင့် အနောက်ဘက် ကုန်းတွင်းပိတ်ဒေသများအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် တရုတ်တို့ ကြည့်မြင် သတ်မှတ်လာပြီးနောက် တရုတ်တို့အတွက် မြန်မာပြည်သည် ပို၍အရေးပါလာ၏။
လက်ရှိကာလတွင် တရုတ်တို့သည် အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံသည့် မူဝါဒကို ချမှတ်ထားသည်။ စီးပွားရေးလုပ်ဆောင်ရန် တည်ငြိမ်သည့်ပတ်ဝန်းကျင် လိုအပ်သည်ဟု ယူဆသည်။ မြန်မာပြည်အပါအဝင် နိုင်ငံတိုင်းနှင့် ဆက်ဆံရာတွင် ထိုနိုင်ငံအစိုးရသည် မည်သည့်အစိုးရမျိုး ဖြစ်သည်ဆိုသည်ကို “စံ” တခု သတ်မှတ်ပြီး ဆက်ဆံခြင်းမရှိဘဲ ထိုအစိုးရသည် မည်သည့်စနစ်ကျင့်သုံးသည်ဖြစ်စေ သူနိုင်ငံအား တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း ရှိ၊ မရှိကို ” စံ” နှုန်းတခု ထားရှိပြီး ဆက်ဆံသည်ကို တွေ့ရ၏။
စစ်အစိုးရသည် မည်သည့်စနစ် ကျင့်သုံးသည်၊ တိုင်းပြည်အတွင်း မည်သို့ ပြုမူကျင့်သုံးသည်ကို တရုတ်တို့ အလေးမထားပေ။ တရုတ်က အလေးထားသည်မှာ မြန်မာစစ်အစိုးရသည် တိုင်းပြည်တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားသည်။
မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီးလည်း အလားတူပင် စစ်အစိုးရသည် မည်သည့်စနစ် ကျင့်သုံးသည်၊ တိုင်းပြည်အတွင်း မည်သို့ ပြုမူကျင့်သုံးသည်ကို တရုတ်တို့ အလေးမထားပေ။ တရုတ်က အလေးထားသည်မှာ မြန်မာစစ်အစိုးရသည် တိုင်းပြည်တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားသည်။ တိုင်းပြည် တည်ငြိမ်လျှင် တရုတ်အကျိုးစီးပွားကို ရှေးရှုပြီး စီးပွားရေး ဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်းပြဿနာသည် သူနှင့်မဆိုင်ဟုသာ သဘောထား၏။
စစ်ကောင်စီခေတ် တရုတ်ခြေလှမ်း
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း တရုတ်တို့ ငြိမ်သက်နေသော်လည်း ၂၀၂၂ ခုနှစ်အကုန်မှ တရုတ်အထူးသံအသစ်အဖြစ် တိန့်ရှီကျွန်းကို ခန့်အပ်ပြီး မြန်မာစစ်ကောင်စီနှင့် ဆက်ဆံဆွေးနွေးစေခဲ့၏။
တနှစ်မပြည့်မီအတွင်း တိန့်ရှီကျွန်းသည် မြန်မာပြည်သို့ ငါးကြိမ် လာရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး အပြင် တရုတ်အဆင့်မြင် အရာရှိများစွာ မြန်မာပြည်သို့ လာခဲ့သည်။ စစ်ကောင်စီ၏ အစိုးရအဖွဲ့မှ ဝန်ကြီးများစွာ တရုတ်သို့ သွားရောက်ခဲ့၏။ ခြွင်းချက်အနေနှင့် ဘေဂျင်းတွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းမ စီမံကိန်း (BRI) ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီထိပ်တန်းခေါင်းဆောင်ကို ဖိတ်ကြားခြင်း မပြုဘဲ ချန်လှပ်ထားခဲ့ခြင်းသာ ရှိ၏။
တရုတ်အထူးသံ တိန့်ရှီကျွင်းသည် စစ်ကောင်စီနှင့် တွေ့သကဲ့သို့ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ၂၀၂၃ ခုနှစ်အတွင်း အကြိမ်အချို့ တွေ့ဆုံခဲ့သည်။ တိန့်ရှီကျွင်း၏ သဘောထားမှာ ယခင် အထူးသံ ဆွန်ကော့ရှန်၏ သဘောထားကို ဆက်ခံခြင်းဖြစ်၏။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို တိန့်ရှီကျွန်းက ဆွေးနွေးသည်မှာလည်း အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးရေးသာဖြစ်၏။
လက်ရှိ စစ်ကောင်စီကို မတိုက်ရေး၊ NCA လက်မှတ်ရေးထိုးရေး၊ ပြည်မ အင်အားစုများနှင့် အဆက်အဆံ မပြုရေးတို့ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ မိုင်းလားတွင် တွေ့ဆုံဆွေးနွေးရန် တရုတ်တို့ စီစဉ်ပေးခဲ့သည်။
မြန်မာပြဿနာနှင့် ပတ်သက်၍ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားသည့်အချက်တွင် တရုတ်သည်လည်းကောင်း၊ အနောက်တိုင်းသည်လည်းကောင်း၊ အနောက်နှင့် ဆက်နွယ်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆရာကြီးများသည် လည်းကောင်း ကွာခြားလှသည် မဟုတ်ပေ။
တရုတ်တို့အနေနှင့် လက်ရှိ ပဋိပက္ခတွင် အတိုက်အခံတို့သည် မြန်မာစစ်အစိုးရကို အနိုင်မရနိုင်၊ စေ့စပ်ညှိနှိုင်းသည့်လမ်းဖြင့်သာ သွားရမည်ဟု ကြည့်မြင်သည့် အခြေခံပေါ်က ဤသို့စဉ်းစားခြင်းဖြစ်၏။ တကယ်တမ်းတွင် ဤသို့စဉ်းစားခြင်းသည် တရုတ်သာမက ဥရောပနှင့် အနောက်နိုင်ငံများကပါ NCA ၈ နှစ်ပြည့်ကာလတွင် စဉ်းစား လုပ်ကိုင်လာသည်ကို တွေ့ရသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ကို တွေ့ရ၏။
ပြောရလျှင် မြန်မာပြဿနာနှင့် ပတ်သက်၍ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားသည့်အချက်တွင် တရုတ်သည်လည်းကောင်း၊ အနောက်တိုင်းသည်လည်းကောင်း၊ အနောက်နှင့် ဆက်နွယ်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆရာကြီးများသည် လည်းကောင်း ကွာခြားလှသည် မဟုတ်ပေ။ တရုတ်က စီးပွားရေး အကျိုးစီးပွားများရှိသဖြင့် ပို၍ မြန်မာပြည်အား အမြန် တည်ငြိမ်စေချင်သည်။
မြောက်ပိုင်းအဖွဲ့များက တရုတ် ဩဇာခံလား
မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တရုတ်တပည့်များ၊ တရုတ်ဩဇာခံများဟု ပုံဖော်နေကြသူများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ခက်ခက်ခဲခဲ ရုန်းကန် တည်ဆောက်ခဲ့ရသည်များ၊ လက်တွေ့ ရပ်တည်နေသည့် အခြေအနေများ၊ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန် နားလည်ခြင်းမရှိဘဲ ဆန္ဒစွဲနှင့် ယိုးစွပ်နေကြသူများ ဖြစ်ကြသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အထင်မြင်သေး စော်ကားနေခြင်းလည်းဖြစ်၏။
ပထမအချက်အနေဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တရုတ်က ပံ့ပိုးထူထောင်ထားခြင်း မဟုတ်သကဲ့သို့ ဗကပများအား ကူညီခဲ့သကဲ့သို့ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးစသည့် ရုပ်ဝတ္ထုများ ကူညီခဲ့သည့် အထောက်အထား မရှိပေ။ အမှန်တကယ်လည်း ကူညီခဲ့ခြင်း မရှိပေ။ မြောက်ပိုင်းအဖွဲ့များသည် အနည်းဆုံး ၁၀ နှစ်မှသည် နှစ် ၆၀ ခန့်အထိ ကာလရှည်ရပ်တည်ပြီး ကိုယ့်အဖွဲ့အစည်းကိုကိုယ် အချိန်ယူ တည်ဆောက်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။
ဒုတိယအချက်မှာ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရာတွင် NCA ပါ အချက်အလက်များ မပြည့်စုံ၍လည်းကောင်း၊ အားလုံးပါဝင်ရေးမူကို မြန်မာစစ်တပ်က ငြင်းပယ်၍လည်းကောင်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသည်မှာ တရုတ်နယ်စပ်ရှိ မြောက်ပိုင်း ၇ ဖွဲ့ဖြစ်သည်။ တရုတ်တို့က ၂၀၁၆ ခုနှစ်မှစ၍ NCA လက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့သည်ကို လက်မခံဘဲ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FNPCC) ဖွဲ့စည်းပြီး NCA မဟုတ်သည့် လမ်းကြောင်းမှသွားမည်ဟု ရပ်ခံခဲ့ခြင်းမှာ တရုတ်၏ ဖိအားနှင့် တိုက်တွန်းချက်ကို ငြင်းဆန်ပြီး မိမိကိုယ်ပိုင် နိုင်ငံရေးရပ်တည် ချက်ကို ခိုင်ခိုင်မာမာ ပြသခြင်းဖြစ်၏။
တတိယအချက်အနေဖြင့် ၂၀၂၂၊ ၂၀၂၃ ခုနှစ်အကုန်မှစ၍ တရုတ်တို့ ခန့်အပ်သည့် အထူးသံ တိန့်ရှီကျွန်းသည်လည်း လက်ရှိကာလတွင် စစ်တိုက်ခြင်း မပြုရန်၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် မပူးပေါင်းရန်၊ စစ်ကောင်စီနှင့် ဆွေးနွေးရန်၊ NCA လက်မှတ်ရေးထိုးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်သာ ဖြစ်၏။
သို့သော် စစ်ကောင်စီနှင့် ဆွေးနွေးမှုကို ထိန်းထားသည့် ဝ UWSA, မိုင်းလား NDAA, ရှမ်း SSPP တို့သည် NCA လက်မှတ်ရေးထိုးခြင်း မရှိပေ။ ကချင် KIA နှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့သည်လည်း NCA လက်မှတ်ရေးထိုးခြင်းကို ပယ်ချထားသည့်အပြင် ဤအချိန်သည် အာဏာသိမ်းစစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ရမည့်အချိန်ဟု တရုတ်အထူးသံအား ၎င်းတို့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုခဲ့ကြသည်။ လက်တွေ့တွင်လည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ပွဲဝင်နေသည်ကို တွေ့မြင်နိုင်သည်။
ဤအချိန်သည် အာဏာသိမ်းစစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ရမည့်အချိန်ဟု တရုတ်အထူးသံအား ၎င်းတို့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုခဲ့ကြသည်။ လက်တွေ့တွင်လည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ပွဲဝင်နေသည်ကို တွေ့မြင်နိုင်သည်။
စတုတ္ထအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တပတ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် တိန့်ရှီကျွန်းနှင့်အဖွဲ့သည် မြောက်ပိုင်းသုံးဖွဲ့ကိုယ်စားလှယ်အဖွဲ့အား တရုတ်-မြန်မာနယ်စပ် တနေရာတွင် လာရောက်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ တွေ့ဆုံဆွေးနွေးရေးနှင့် NCA လက်မှတ်ရေးထိုးရေးအား တိုက်တွန်းနေသေးသည်ကို နယ်စပ်ဒေသ သတင်းအရင်းအမြစ်များမှ သိရ၏။ မြောက်ပိုင်းသုံးဖွဲ့ဘက်က မြန်မာ့ပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်မှု မရှိရေးနှင့် ကျားဖြန် (ခေါ်) ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးကိုသာ အာမခံချက်ပေးခဲ့၏။
သို့ဖြစ်ရာ မြောက်ပိုင်းအဖွဲ့များ၏ လက်တွေ့ ရပ်တည်ဖြတ်သန်းနေသည့် အကြောင်းအချက်များကို အခြေခံခြင်း မရှိဘဲ အခြေအမြစ်မရှိ တရုတ်ဩဇာခံအဖြစ် စွပ်စွဲနေခြင်းသည် မှန်ကန်မှု မရှိသည့်အပြင် အခြေအနေမှန်ကိုလည်း သုံးသပ်နိုင်ခြင်းရှိမည် မဟုတ်ပေ။
“တရုတ်က မီးစိမ်းပြလို့ တိုက်တာ၊ တရုတ်က ရပ်ခိုင်းရင် ခဏနှင့် ရပ်သွားမည်” ဆိုသည် သုံးသပ်ချက်များသည် အခြေအနေမှန်နှင့် လွဲချော်သည့် သုံးသပ်ချက်များ ဖြစ်၏။
နယ်စပ်နိုင်ငံများနှင့် တိုင်းရင်းသားတပ်ဖွဲ့များ
တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များသည် တရုတ်နယ်စပ်တွင်သာမက ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို နယ်စပ်များတွင် ရှိကြသည်သာဖြစ်၏။ နယ်စပ်ဒေသများသည် တိုင်းရင်းသားဒေသများဖြစ်ခြင်း၊ ကပ်လျက်နိုင်ငံများတွင်လည်း လူမျိုးတူများ ရှိကြခြင်း၊ စစ်တပ်၏ ပိတ်ဆို့မှုကြောင့် ပြည်တွင်းမှ ရရှိရန်ခက်ခဲသည့် လက်နက်၊ ရိက္ခာ၊ ဆေးဝါးစသည့် ရုပ်ဝတ္ထုပစ္စည်းကို တဖက်နိုင်ငံမှ ရရှိနိုင်ခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် နယ်စပ်တိုင်းတွင် ရှိကြ၏။ တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်များတွင် အများဆုံးရှိကြ၏။
တရုတ်နယ်စပ်တွင် ရှိသောအဖွဲ့များသည် တရုတ်နှင့်လည်းကောင်း၊ ထိုင်းနယ်စပ်တွင်ရှိသော အဖွဲ့များသည် ထိုင်းနှင့်လည်းကောင်း အဆင်ပြေအောင် ဆက်ဆံကြသည်သာဖြစ်၏။ ရှေ့နောက် ရန်သူ နှစ်ဖက်ညှပ် မခံနိုင်ကြပေ။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များ၊ ထိုင်းနယ်စပ်ရှိအဖွဲ့များသည် တရုတ်၊ ထိုင်း စသည့်နိုင်ငံများက အထိအခိုက်မခံသည့် အရာကိစ္စများကို ရှောင်ရှားကြသည်သာဖြစ်၏။
တရုတ်နယ်စပ်တွင်ရှိသည့် တိုင်းရင်းသားအဖွဲ့များက တရုတ်ကွန်မြူနစ်ပါတီကို ထိပါးခြင်း မရှိသကဲ့သို့၊ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များသည် ထိုင်းဘုရင်ကို ထိပါးခြင်း မရှိပေ။
ထို့ပြင် တရုတ်နှင့် ထိုင်းတို့သည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံသကဲ့သို့ ၎င်းတို့နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့ အားလုံးနှင့် ဆက်ဆံရာတွင် တူကြသည်။ လက်ရှိ NUG, PDF ပေါ်ပေါက်လာသည့်အခါတွင်လည်း ထိုနှစ်နိုင်ငံလုံးက နားလည်မှုဖြင့် အလွတ်သဘော ဆက်ဆံသည်ကို တွေ့နေရ၏။ မြန်မာ့အတိုက်အခံများကို ထိုင်းက လက်ခံသေးသော်လည်း တရုတ်က လုံးဝလက်ခံခြင်း မပြုပေ။ ထိုင်းထက်စာလျှင် တရုတ်က မြန်မာစစ်အစိုးရနှင့် ပို၍ဖက်လဲတကင်း ဆက်ဆံသည်ကို တွေ့ရနိုင်သည်။
တရုတ်နယ်စပ်တွင်ရှိသည့် တိုင်းရင်းသားအဖွဲ့များက တရုတ်ကွန်မြူနစ်ပါတီကို ထိပါးခြင်း မရှိသကဲ့သို့၊ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များသည် ထိုင်းဘုရင်ကို ထိပါးခြင်း မရှိပေ။
တရုတ်နှင့်ထိုင်း နယ်စပ်နှစ်ခုလုံးတွင် ကျွဲ၊ နွား၊ သစ်၊ ကျောက်စိမ်းမှသည် လက်နက်၊ မူးယစ်ဆေးဝါးအထိ မှောင်ခိုလုပ်ငန်းများ ကြီးထွား၏။ တရုတ်နယ်စပ်တွင် တရုတ်လက်နက်များ မှောင်ခိုရနိုင်သကဲ့သို့ ထိုင်းနယ်စပ်တွင်လည်း ထိုင်းနှင့် အမေရိကန်လုပ် လက်နက်များ မှောင်ခို ရနိုင်သည်သာဖြစ်၏။ ထိုသို့ရနိုင်၍ တရုတ်အစိုးရ၊ ထိုင်းအစိုးရက ကူညီထောက်ပံ့နေသည်။ ရောင်းပေးနေသည်ဟု အထောက်အထားမဲ့ ယိုးစွပ်၍မရပေ။
ထို့ပြင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို တရုတ်တို့ ထောက်ပံ့ခဲ့သည့် ဗကပနှင့် ထပ်တူပြု စဉ်းစား၍ မရပေ။ တရုတ်သည် ထိုင်းကဲ့သို့ပင် မြန်မာပြည်ပြဿနာကို ဖြေရှင်းရေးနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်စားကြသူများ ဖြစ်၏။ ပမာဏကြီးမားသည့် နယ်စပ်ကုန်သွယ်ရေးကြောင့် နယ်စပ်တည်ငြိမ်လိုသည့် နိုင်ငံများ ဖြစ်ကြ၏။
မြန်မာစစ်တပ်က နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို နိုင်အောင် ထိန်းသိမ်းနိုင်ခြင်း မရှိသည်ကို သိကြ၍ ၎င်းတို့အကျိုးစီးပွား မထိခိုက်အောင် နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် ဆက်ဆံနေကြသည့် နိုင်ငံများဖြစ်၏။
ကိုယ်ပိုင်နိုင်ငံရေး ရပ်တည်ချက်ဖြင့်
မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအနက် ပြီးခဲ့သော ၁၀ နှစ်အတွင်း မြန်မာစစ်တပ်ဖိအား၊ တရုတ်ဖိအားအောက်မှ ရုန်းကန်ကြိုးစားလာကြရသည့် အဖွဲ့များဖြစ်၏။ တရုတ်အထောက်အပံ့ဖြင့် ရပ်တည်နေကြသောအဖွဲ့များ မဟုတ်သည့်အပြင် တရုတ်က ဖွဲ့စည်းပေးသောအဖွဲ့များလည်း မဟုတ်ပေ။ ကိုယ်အားကိုယ်ကိုး၍ ကိုယ်ပိုင်နိုင်ငံရေး ရပ်တည်ချက်ဖြင့် ရပ်တည်ခဲ့သည့်အဖွဲ့များဖြစ်သည်။
တရုတ်နယ်စပ်တွင်ရှိ၍ တရုတ်နှင့် အဆင်ပြေအောင် ဆက်ဆံနေကြသော်လည်း တရုတ်၏ နိုင်ငံရေးအရ ဖိအားပေးခြင်း၊ တွန်းအားပေးခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်ခံခဲ့ကြသည့်အဖွဲ့များ ဖြစ်၏။ ထို့ပြင် နိုင်ငံရေးရည်မှန်းချက် ကြီးမားကြပြီး ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေများ ရရှိရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေကြသည့် အဖွဲ့များဖြစ်၏။
အခြေအနေကို မှန်မှန်ကန်ကန် မြင်နိုင်ကြပါမှ ၁၀၂၇ စစ်ဆင်ရေးကို မှန်မှန်ကန်ကန် ကြည့်မြင်နိုင်မည် ဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့် ပတ်သက်၍၊ ဖက်ဒရယ်နှင့် ပတ်သက်၍၊ မြန်မာ-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ မှန်ကန် စွာ ကြည့်မြင်သုံးသပ်နိုင်ပေလိမ့်မည်။
ဤအခြေအနေကို မှန်မှန်ကန်ကန် မြင်နိုင်ကြပါမှ ၁၀၂၇ စစ်ဆင်ရေးကို မှန်မှန်ကန်ကန် ကြည့်မြင်နိုင်မည် ဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့် ပတ်သက်၍၊ ဖက်ဒရယ်နှင့် ပတ်သက်၍၊ မြန်မာ-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ မှန်ကန် စွာ ကြည့်မြင်သုံးသပ်နိုင်ပေလိမ့်မည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် နွေဦးတော်လှန်ရေး အင်အားစုများ၏ ကိုယ့်အားကိုယ်ကိုးသည့် တော်လှန်ရေး သရုပ်သဏ္ဍာန်ကို ထင်ရှားစေနိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ထပ်မံ ဖြည့်စွက်ပြောဆိုရလျှင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ ကြည့်မြင်သုံးသပ်ရာတွင် တရုတ်သြဇာခံများဆိုသည့် အခြေခံပေါ်မှ ကြည့်မြင်သုံးသပ်ပါက အဖြေမှန် မရနိုင်ပေ။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ
ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ