“သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။”
“မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း” ဝတ္ထု၏ အဖွင့်ဝါကျများသည် တိုတိုနှင့် ထိရောက်မှုရှိသည်။ ဝတ္ထုတပုဒ်လုံး၏ ကျောရိုးသည်လည်း အဆိုပါဝါကျများတွင် ပါရှိသော အယူအဆကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ လိုက်နာကျင့်ကြံစရာ ကိုယ်ကျင့်တရားတရပ်ကို ထိုဝတ္ထုဖြင့် သော်တာဆွေက နှိုးဆော်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေခံပညာအထက်တန်းအဆင့် မြန်မာစာသင်ရိုးတွင် ထိုဝတ္ထုကို ထည့်သွင်းပြဋ္ဌာန်းထားသည်။
“၂၀ ရာစုမြန်မာဝတ္ထုတိုစာမူ ၁၀၀” စာအုပ်တွင် ပါဝင်သော ဝတ္ထုတိုတပုဒ်လည်း ဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ဖြောင့်မတ်မှန်ကန်သူများသာ သတ္တိရှိသူများ ဖြစ်နိုင်သည်ဆိုသော အယူအဆသည် ရိုးရှင်းသည့် ကိုယ်ကျင့်တရားစံနှုန်းတခု ဖြစ်သည်။
သို့သော်ငြား မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းသည် အမှန်တကယ်တွင် ဒွန်တွဲလျက် ရှိနေနိုင်မည်လော။ ရဲရင့်သူတိုင်းသည် အမြဲမှန်ကန်သူများ ဖြစ်နိုင်ပါမည်လော။ သူကြီးဦးအောင်ဒွန်းကဲ့သို့ ကိုယ်ကျင့်တရား ဖောက်ပြန်သူတိုင်းသည် မိမိကိုယ်ကို ဖောက်ပြန်နေမှန်း သတိပြုမိနိုင်မည်လော။ လူတကိုယ် အယူအဆအမျိုးမျိုး ရှိကြသော လောကကြီးတွင် မိမိလုပ်ရပ်၏ မှန်ခြင်း၊ မှားခြင်းကို မိမိကိုယ်တိုင် သတိပြုနိုင်စွမ်းသည် လူတိုင်းတွင် ရှိနိုင်မည်လော။ သော်တာဆွေ့ဝတ္ထု၏ ဇာတ်သိမ်းနှင့် ဆန့်ကျင်ဘက် မဖြောင့်မတ် မမှန်ကန်ကြသူများသည်လည်း ရဲရင့်ကြပါ၏လော။
“မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း” မှ သရုပ်ဖော်ထားသော ကိုယ်ကျင့်တရားတခုသည် လက်တွေ့ လူမှုဆက်ဆံရေးနှင့် ဘယ်လောက်အထိ နီးစပ်မှု ရှိနိုင်မည်နည်း ဆိုသည်မှာ ဆန်းစစ်သင့်သော မေးခွန်းတခု ဖြစ်နေသည်။
Social psychologist ဟုခေါ်သော လူ့အဖွဲ့အစည်းတခုလုံးကို လွှမ်းမိုးထားသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို လေ့လာသူများက လူသားများသည် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲသူများဖြစ်ကြောင်း ကောက်ချက်ချကြသည်။ လူအများစုသည် မိမိသိသော အရာများနှင့် မသိသောအရာများကို ခွဲခြားနားလည်နိုင်စွမ်း အားနည်းကြသည်ဟု ၎င်းတို့က ဆိုသည်။
Social psychologist ဟုခေါ်သော လူ့အဖွဲ့အစည်းတခုလုံးကို လွှမ်းမိုးထားသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို လေ့လာသူများက လူသားများသည် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲသူများဖြစ်ကြောင်း ကောက်ချက်ချကြသည်။ လူအများစုသည် မိမိသိသော အရာများနှင့် မသိသောအရာများကို ခွဲခြားနားလည်နိုင်စွမ်း အားနည်းကြသည်ဟု ၎င်းတို့က ဆိုသည်။
လူအများစုသည် မိမိမသိသော အကြောင်းကိစ္စများကို အမှန်တကယ်သိရှိသယောင် ပြုမူလေ့ရှိကြကြောင်းကို ၎င်းတို့၏ စစ်တမ်းကောက်ယူ လေ့လာမှုများဖြင့် သက်သေပြထားသည်။ ယင်းသို့ မိမိ၏ မသိမှုများကို မိမိကိုယ်တိုင် သတိမပြုမိတတ်သော လူ့မနော၏သဘောကို အမေရိကန်စိတ်ပညာရှင် နှစ်ဦးဖြစ်သော ဒေးဗစ် ဒန်းနင်းနှင့် ဂျက်စတင် ခရူးဂါးတို့က ဖော်ထုတ်ခဲ့ခြင်းကြောင့် ယင်းကို ဒန်းနင်း-ခရူးဂါး သက်ရောက်မှု (Dunning-Krueger effect) ဟုလည်း ခေါ်ဆိုကြပါသည်။ ယင်းသက်ရောက်မှုသည် လူတို့၏ မသိမောဟစိတ် (ignorant mind) ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
ထိုသို့ မသိနားမလည်မှုသည် လူတဦးချင်းစီ၏ ပုဂ္ဂလိကဘဝတွင် သက်ရောက်မှုရှိသကဲ့သို့ လူ့အဖွဲ့အစည်းတရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်လည်း သက်ရောက်မှု အတော်ကြီးမားပါသည်။ နာဇီဂျာမနီ၏ နုရင်ဘတ်မြို့ စီတန်းလှည့်လည်ပွဲများ၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များက အီရတ်နိုင်ငံအား ကျူးကျော်ခဲ့မှုနှင့် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးများနှင့်ပတ်သက်၍ အမြင်လွဲမှားကြမှုများ (အမြင်လွဲမှားရန် လုပ်ဆောင်ကြခြင်းများ) တွင် ဒန်းနင်းနှင့် ခရူးဂါး လေ့လာခဲ့သော မိမိကိုယ်ကို မသိနားမလည်သည့် လူ့စိတ်၏ သက်ရောက်မှုများ တစိတ်တပိုင်း ပါဝင်နေပါသည်။
ယင်းမသိမောဟစိတ်ကြောင့် လူ့အဖွဲ့အစည်းတခုလုံးတွင် ထောက်ခံမှုများ၊ ငြင်းဆန်မှုများ၊ ပြစ်တင်ရှုတ်ချမှုများနှင့် ချီးမွမ်းထောပနာပြုခြင်းများ ဖြစ်လာသောအခါ နောက်ဆက်တွဲ အကျိုးဆက်များသည် ကြီးကြီးမားမား သက်ရောက်လေ့ရှိကြောင်း သမိုင်းက သက်သေပြနေသည်။
ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲတတ်ခြင်း လူ့သဘောအား မည်ကဲ့သို့ရှုမြင်မည် ဆိုသည်မှာလည်း အရေးကြီးသည်။ “မသိမောဟဆိုတာ ကြယ်တွေလတွေ ကင်းမဲ့နေတဲ့ စိတ်ရဲ့ည” ဟု တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်က ဆိုပါသည် (စာရေးဆရာမ ဂျူး၏ ‘အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ’ စာအုပ်မှ ဘာသာပြန်ဆိုချက်ဖြစ်သည်)။ သို့သော်ငြား မသိမောဟစိတ်သည် အသိပညာဗဟုသုတနည်းပါးခြင်း (uninformed) ကြောင့် မဟုတ်ဘဲ အချက်အလက် အမှားများကို လက်ခံထားမိခြင်း (misinformed) ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ငယ်စဉ်က မိဘဆွေမျိုးများ၏ သွန်သင်မှု၊ မိရိုးဖလားကိုးကွယ်ရာ ဘာသာရေးအဆုံးအမများ၊ ယဉ်ကျေးမှုစနစ်၏ စံနှုန်းများ၊ ကျောင်းနေစဉ် ပညာရေးစနစ်မှ ရရှိလာသော အသိပညာများနှင့် မိမိအားသန်ရာ လိုက်စားထားသော လောကီနှင့် လောကုတ္တရာ အတွေးအခေါ်များသည် တွေးခေါ်ပုံကို လွှမ်းမိုးထားလေ့ရှိကြပါသည်။
ငယ်စဉ်က မိဘဆွေမျိုးများ၏ သွန်သင်မှု၊ မိရိုးဖလားကိုးကွယ်ရာ ဘာသာရေးအဆုံးအမများ၊ ယဉ်ကျေးမှုစနစ်၏ စံနှုန်းများ၊ ကျောင်းနေစဉ် ပညာရေးစနစ်မှ ရရှိလာသော အသိပညာများနှင့် မိမိအားသန်ရာ လိုက်စားထားသော လောကီနှင့် လောကုတ္တရာ အတွေးအခေါ်များသည် တွေးခေါ်ပုံကို လွှမ်းမိုးထားလေ့ရှိကြပါသည်။
အချိန်ကြာမြင့်လာသောအခါ ထိုအယူအဆများသည် အချိန်နှင့် နေရာမရွေး မှန်ကန်နေသော စံတန်ဖိုးများ ဖြစ်သွားတတ်သည်။ မိမိပတ်ဝန်းကျင်ရှိ ဖြစ်ပျက်နေသမျှ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ ကျန်းမာရေး အစရှိသည်တို့နှင့် ပတ်သက်သော သတင်းအချက်အလက် မှန်သမျှကို ယင်းစံတန်ဖိုးများနှင့် ချိန်ထိုးသုံးသပ်ကြခြင်းသည် သဘာဝပင်ဖြစ်သည်။
ပေါင်းသင်းဆက်ဆံရေး၊ ပညာသင်ကြားရေး၊ အိမ်ထောင်ပြုခြင်း၊ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲခြင်းများကဲ့သို့ လူမှုရေးကိစ္စများမှစ၍ မဲပေးခြင်း၊ ဆန့်ကျင်တော်လှန်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ခြင်းနှင့် ဥပဒေလိုက်နာခြင်းတို့ကဲ့သို့ နိုင်ငံရေးကိစ္စများအထိ ရှုမြင်နားလည်ပုံသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှု၊ နိုင်ငံရေးအတွေးအခေါ်၊ ယဉ်ကျေးမှုစံနှုန်းများနှင့် လူမှုအဆင့်အတန်းများအပေါ် မူတည်ကာ အမြင်ကွဲပြားလေ့ရှိကြသည်။
ထို့အပြင် အခြားသက်ရှိများတွင် မတွေ့ရသော လူသားစရိုက်လက္ခဏာတခု၏ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ယင်းသည် ဇာတ်ကြောင်းဖွဲ့ ဖန်တီးပြောဆိုနိုင်စွမ်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Lascaux ဂူတွင်းနံရံတွင် ကျောက်ခေတ်က ရေးဆွဲထားသော တိရစ္ဆာန်ပုံ ပန်းချီများမှစ၍ ယနေ့ AI နည်းပညာခေတ်အထိ ဇာတ်လမ်းဖွဲ့ဆိုနိုင်စွမ်းကို လူမှုဆက်ဆံရေး၏ အရေးပါသော ကဏ္ဍတခုအနေဖြင့် တွေ့ရပါသည်။
ထိုစွမ်းရည်အား မသိမောဟစိတ်နှင့် ပေါင်းစပ်လိုက်ရာတွင် ဝါဒဖြန့်စည်းရုံးမှုများ၊ သတင်းအမှားများနှင့် ဟန်ဆောင်လိမ်ညာမှုများသည် ထိန်းချုပ်ရန် အလွန်ခက်ခဲသွားသည်။ စူးစမ်းလေ့လာလိုစိတ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ကျိုးကြောင်းဆက်စပ်နိုင်စွမ်းများကြောင့် လူသားမျိုးနွယ်သည် တီထွင်ဖန်တီးမှုများ လုပ်ဆောင်နိုင်ခဲ့သကဲ့သို့ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလွန်းသည့် မသိမောဟစိတ်နှင့် အတွေးအခေါ်စွဲများကြောင့်လည်း လူသားများသည် ပြဿနာပေါင်းများစွာနှင့် ထိခိုက်နစ်နာမှုများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့နေရဆဲ ဖြစ်သည်။
ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံမှသာလျှင် သတ္တိရှိနိုင်ခြင်းသည် လက်တွေ့ကို ထင်ဟပ်သော အမြင်မဟုတ်ဘဲ လိုက်နာသင့်သော ကိုယ်ကျင့်တရားတရပ်ပင် ဖြစ်သည်။ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းကို ညီမျှခြင်းမချမီ မိမိလုပ်ရပ်၏ မှန်ခြင်း၊ မှားခြင်း၊ ဆိုးခြင်း၊ ကောင်းခြင်းများကို ခွဲခြားနားလည်တတ်ရန် ဦးစွာကြိုးစားသင့်ပါသည်။ “မုန်းလျှင် အပြစ်၊ ချစ်လျှင် အကျိုး၊ မြတ်နိုးလျှင် သဒ္ဓါ”၊ “ပုဂ္ဂိုလ်ခင်မှ တရားမင်” ဟူသော ဆိုရိုးစကားများကလည်း မသိမောဟစိတ်၏ လှည့်ဖြားတတ်ပုံကို ထင်ဟပ်ပြသနေသည်။
သတင်းမှား ပြန့်ပွားနေမှုများနှင့် မသိမောဟစိတ်ကို ဥပဒေပြုလွှတ်တော်များ၊ တရားရုံးများ၊ စာနယ်ဇင်းသမားများ၊ ပညာရှင်များ၊ စာသင်ခန်းများနှင့် လူထုလှုပ်ရှားမှုများမှတဆင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် လူ့စရိုက်လက္ခဏာကြောင့် ယင်းပြဿနာကို နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း အချိန်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
သတင်းမှား ပြန့်ပွားနေမှုများနှင့် မသိမောဟစိတ်ကို ဥပဒေပြုလွှတ်တော်များ၊ တရားရုံးများ၊ စာနယ်ဇင်းသမားများ၊ ပညာရှင်များ၊ စာသင်ခန်းများနှင့် လူထုလှုပ်ရှားမှုများမှတဆင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် လူ့စရိုက်လက္ခဏာကြောင့် ယင်းပြဿနာကို နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း အချိန်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အချိန်အတန်ကြာယူပြီး ကြိုးစားထိန်းချုပ်ရမည့်ကိစ္စ ဖြစ်သည်။
ကျိုးကြောင်းဆက်စပ်တွေးခေါ်ပုံများအား အဓိကလေ့လာသည့် ဒဿနိကဗေဒသည် မသိမောဟစိတ်ကို သတိပြုမိရန်နှင့် ထိန်းချုပ်နိုင်ရန် အကူအညီပေးနိုင်သော ဘာသာရပ်တခုဖြစ်သည်။ မြန်မာလို ယုတ္တိဗေဒဟုခေါ်သည့် Logic ဘာသာရပ်နှင့် ကိုယ်ကျင့်တရားဟုခေါ်သည့် Ethic ဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည့် ဒဿနိကဗေဒသည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်ရန်နှင့် မိမိ၏ မသိမောဟစိတ်ကို မြင်သာလာစေရန် တစိတ်တပိုင်း အထောက်အကူပြုနိုင်သည်။
ယုတ္တိဗေဒသည် ထင်မြင်ယူဆချက်များတွင် တွေ့ရလေ့ရှိသော ယုတ္တိအမှားများ (Fallacy) နှင့် ထိုအမှားမျိုးများကို ဖြေရှင်းရမည့် နည်းလမ်းများကို သင်ကြားပေးသည်ဟု ယေဘုယျအားဖြင့် ပြော၍ရပါသည်။ နေ့စဉ်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှကို ပြောဆိုရေးသားကြရာတွင် အချက်အလက်များ (Facts) နှင့်သာမကပဲ ကျင့်ဝတ်စံနှုန်းများ (Norms) နှင့်လည်း ပြောဆိုရေးသားကြသည်။
အချက်အလက်များကို ဆန်းစစ်ရာတွင် သိပ္ပံဘာသာရပ်များ (လူမှုရေးသိပ္ပံနှင့် သဘာဝသိပ္ပံ) က အဓိက အားထုတ်ကြပြီး ကျင့်ဝတ်စံနှုန်းများ၏ ယုတ္တိတန်မှုနှင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုများကို ဒဿနိကဗေဒက သင်ကြားလေ့လာသည်။ လူ့အဖွဲ့အစည်းတွင်း ဖြစ်ပျက်သမျှ၏ မှန်ခြင်း၊ မှားခြင်း၊ တရားမျှတမှုရှိခြင်း၊ မရှိခြင်းနှင့် အကျိုးပြုခြင်း၊ မပြုခြင်း စသော မေးခွန်းများကို ဆန်းစစ်ရန် ဒဿနိကဗေဒသည် မရှိမဖြစ် လိုအပ်သည်။
ကျင့်ဝတ်စံနှုန်းများ ပြောင်းလဲလာမှုများကြောင့် ကမ္ဘာပေါ်တွင် ကျွန်စနစ်ကို လက်မခံတော့ခြင်း၊ ကိုလိုနီနယ်ချဲ့ဝါဒကို ရှုတ်ချခြင်း၊ အတင်းအဓမ္မ လုပ်သားခိုင်းစေမှုများကို လက်မခံတော့ခြင်းနှင့် အသားအရောင်၊ လိင်၊ ဘာသာရေး၊ လူမျိုးနှင့် လူနေမှုအဆင့်အတန်းများအပေါ် မူတည်၍ ဖိနှိပ်ခွဲခြားမှုများကို ဆန့်ကျင်ရှုတ်ချလာကြခြင်း စသည့် အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ဘာသာရပ်တခုအား လေ့လာသင်ကြားရုံမျှနှင့် လူမှုရေးပြဿနာတရပ်ကို ဖြေရှင်းနိုင်ခြင်းတော့ မရှိပါ။ နိုင်ငံရေးအာဏာ၊ တရားဥပဒေနှင့် လူ့အဖွဲ့အစည်းအတွင်းမှ အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြဿနာကို စဉ်ဆက်မပြတ် အာရုံစိုက်နေရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် ဒဿနိကဗေဒအား တက္ကသိုလ်တက်ရောက်သည့်အချိန်မှသာ စတင်သင်ကြားနေရဆဲ ဖြစ်သည်။ အခြေခံပညာအဆင့်မှစ၍ သင်ကြားပေးနိုင်လျှင် ပို၍အကျိုးထူးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒဿနိကဗေဒအား တက္ကသိုလ်တက်ရောက်သည့်အချိန်မှသာ စတင်သင်ကြားနေရဆဲ ဖြစ်သည်။ အခြေခံပညာအဆင့်မှစ၍ သင်ကြားပေးနိုင်လျှင် ပို၍အကျိုးထူးမည်ဖြစ်သည်။ ဒဿနိကဗေဒ၏ သဘောသဘာဝနှင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုပုံများကို လှုံ့ဆော်ပေးနိုင်လျှင် ဤဘာသာရပ်အပေါ် စိတ်ဝင်စားမှု ပိုမိုများပြားလာနိုင်ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားစံနှုန်းများနှင့် ပတ်သက်လာလျှင် ဘာသာရေး အဆုံးအမများကသာ ကြီးစိုးနေဆဲဖြစ်သည်။ လောကီရေးသက်သက် နိုင်ငံရေးဒဿနနှင့် ကျင့်ဝတ်ဒဿနများကို ကျယ်ကျယ်ပြန့်ပြန့် သင်ယူနိုင်လျှင် ပိုကောင်းပါလိမ့်မည်။
မြန်မာနိုင်ငံတွင် ကားလ်မာ့စ်နှင့် အခြား လက်ဝဲ ဒဿနပညာရှင်များ၏ စာပေများ ထွန်းကားသော်လည်း အခြား အနောက်တိုင်း ဒဿနအတွေးအခေါ်များမှာ လူအများကြား ရေပန်းစားခြင်း သိပ်မရှိပါ။ ဂရိဒဿနကို မိတ်ဆက်ပေးသော ဇော်ဂျီ၏ ‘ပလေးတိုးနိဒါန်း’၊ မြသန်းတင့်၏ ‘မိန်းမတို့အကြောင်း’ နှင့် မြင့်သန်း၏ ‘ဖူးကိုး၏ လွတ်လပ်ခြင်းဆိုင်ရာအမြင်’ အစရှိသော စာအုပ်များလည်း ရှိပါသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် နိုင်ငံတကာမှ နိုင်ငံရေးနှင့် နိုင်ငံရေးဒဿန စာအုပ်မျိုးစုံကို ဘာသာပြန်ဆို ထုတ်ဝေလာကြပါသည်။ အများစုမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်များနှင့် ပတ်သက်၍ ဘာသာပြန်ဆိုကြပါသည်။
ဂျာမန်တွေးခေါ်ပညာရှင် ဟေဂယ်လ်၏ ဒိုင်ယာလက်တစ် နိယာမအရ လုပ်ရပ်တခု၊ အဖြစ်အပျက်တခုသည် ကြိမ်ဖန်များစွာ အရေအတွက်များစွာ ဖြစ်လာပါလျှင် အချိန်တခုရောက်သောအခါ အရည်အသွေးအသစ်တခုသို့ ပြောင်းလဲသွားနိုင်သည်။ အဆိုတော် ထူးအိမ်သင်သည် သူ၏အင်တာဗျူးတခုတွင် တီးဝိုင်းအသစ်များ ပေါ်လာခြင်းနှင့် ပတ်သက်၍ အရေအတွက်များများ ပေါ်လာရာမှ အရည်အချင်းတခုဆီသို့ ရောက်သွားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ဒဿနိကဗေဒနှင့် သက်ဆိုင်သော စာပေ၊ ပညာသင်ကြားရေးတို့သည် အရေအတွက်များများ တည်ရှိလာလျှင် လူ့အဖွဲ့အစည်းတွင် အရည်အသွေးအသစ်တခု၊ တွေးခေါ်မှုပုံစံတခု ပေါ်ပေါက်လာနိုင်စရာ ရှိသည်။
ဒဿနိကဗေဒနှင့် သက်ဆိုင်သော စာပေ၊ ပညာသင်ကြားရေးတို့သည် အရေအတွက်များများ တည်ရှိလာလျှင် လူ့အဖွဲ့အစည်းတွင် အရည်အသွေးအသစ်တခု၊ တွေးခေါ်မှုပုံစံတခု ပေါ်ပေါက်လာနိုင်စရာ ရှိသည်။
သူကြီးဦးအောင်ဒွန်း အိမ်နံရံကို ဓားနှင့်ပစ်ပေါက်၊ ဆဲရေးကာ အရှက်ခွဲသည့် အမယ်ကြီးတယောက်ကြောင့် ဦးအောင်ဒွန်း အရှက်ရ ထွက်ပြေးရသကဲ့သို့ မိမိ၏ ယုံကြည်ချက်များ၊ လုပ်ရပ်များ၊ ပြောဆိုမှုများသည်လည်း အမြဲတစေ ဝေဖန်ဆန်းစစ်ခံနေရရန် အရေးကြီးပါသည်။
မိမိတွင်ရှိနေသော မသိမောဟစိတ်ကို အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန်အတွက် ဆွေးနွေးငြင်းခုန်မှုရှိရန် လိုအပ်သည်။ ဆွေးနွေးငြင်းခုန်မှုသည် မသိမောဟစိတ်ကို ဖြစ်စေသော မှားယွင်းသည့် အချက်အလက်များ၊ မိမိလက်ခံထားသော ကျင့်ဝတ်စံနှုန်းများသည် အချိန်နေရာမရွေး လုံးဝဥဿုံ မှန်ကန်နေမည် ထင်မှတ်ခြင်းနှင့် မိမိကိုယ်ကိုယုံကြည်မှု လွန်ကဲခြင်းတို့ကို ပြုပြင်ထိန်းချုပ်ပေးနိုင်သည့် အရည်အသွေးတခု ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း ထိုအရည်အသွေးကို မြှင့်တင်နိုင်ရန်အတွက် ဒဿနိကဗေဒအား လေ့လာသင်ယူမှု အားကောင်းလာရန် လိုအပ်မည်ဖြစ်သည်။
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒဿနနေ့အတွက် ရည်ရွယ်ရေးသားပါသည်။)
You may also like these stories:
ဒဿနိကဗေဒပညာရပ်က တယူသန်တဲ့ ရောဂါကို ကုပေးတယ် (ရုပ်/သံ)
ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်
မြန်မာ့တပ်မတော်က အမျိုးသမီးတွေရဲ့ တွေးခေါ်မြော်မြင်ရေးကို ကန့်သတ်လိုတာလား