၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံး စစ်ရှိန်မြင့်တက်လာနေ၏။ တလခန့်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်သည် စစ်စခန်း ၂၀၀ နီးပါး စွန့်လွှတ်လိုက်ရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်၏ စစ်ဗျူဟာ အခင်းအကျင်း ပျက်သွားပြီး ဖရိုဖရဲဖြစ်သွား၏။ စစ်ရေးအရ ထိုစခန်းအားလုံးကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ရန် မဖြစ်နိုင်တော့သည်ကို ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးအခြေအနေနှင့် စစ်တပ်၏ အခြေအနေကို သိရှိကြသူများ ကောင်းစွာ တွက်ချက်နိုင်ကြ၏။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ပွဲသည် တပြည်လုံးအနှံ့ အရှိန်မြင့်တက်လာသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့၌ ကောလင်း၊ ခါမ်းပါတ်မြို့များကို သိမ်းပိုက်နိုင်သည့်အပြင် တိုက်နယ်အဆင့် ရဲစခန်း၊ စစ်တပ်၊ ပျူစောထီး ပူးပေါင်းစခန်း အတော်များများကို တိုက်ခိုက်သိမ်းနိုင်သကဲ့သို့ စစ်တပ် ကိုယ်တိုင်ကလည်း အင်အားမလုံလောက်၍ စွန့်ခွာခဲ့ရသည့် စခန်းများလည်း ရှိလာသည်။ PDF များ၏ လှုပ်ရှားစိုးမိုးနိုင်သည့် နယ်မြေလည်း ပိုကျယ်ပြန့်လာ၏။ ထို့ပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ်တပ်က ရွာစဉ်ပတ် မီးရှို့သည့်သတင်းများ မကြားရတော့သလောက် ဖြစ်သွား၏။ စစ်ကြောင်းထွက် မီးရှို့စရာ တပ်အင်အားလည်း မရှိတော့။
ချင်းပြည်နယ်တွင်လည်း ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ မြို့များအပြင် စခန်းအချို့ကို ချင်းတော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းပြည်နယ်၏ နယ်မြေအများစုကို ချင်းတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့၏။
ကရင်နီ (ကယား) ပြည်နယ်တွင် မယ်စဲ့မြို့နယ်အား ကရင်နီအင်အားစုများက သိမ်းပိုက်နိုင်သည့်အပြင် လွိုင်ကော်မြို့ထဲအထိပါ ဝင်ရောက်တိုက်ခိုက်နေပြီး ကရင်နီနယ်မြေ အများစုတွင် စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြားသွားပြီဖြစ်၏။
အလားတူပင် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့မှ စစ်တပ်နှင့်အုပ်ချုပ်ရေးများ စွန့်ခွာခဲ့ရသည်။ ကရင်ပြည်တွင်လည်း စခန်းများစွာ စွန့်လွှတ်ခဲ့ရပြီး အရေးပါသော ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရ၏။
ရခိုင်ပြည်နယ်တွင် စခန်းအနည်းဆုံး ၄၀ ကျော် စွန့်လွှတ်ခဲ့ရပြီး ပြည်နယ်တခုလုံးတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြားသွားပြီ ဖြစ်သည်။
ထိုစစ်ပွဲများနှင့်အတူ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး၊ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးများ အားလုံးရပ်တန့်သွား၏။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်၊ မပွင့် ဆိုသည်မှာလည်း စစ်ကောင်စီတပ်အပေါ် မူမတည်တော့။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၏။ စစ်တပ်အတွက် စစ်မဖြစ်သေးသည့်ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းသာ ကျန်တော့၏။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်၊ မပွင့် ဆိုသည်မှာလည်း စစ်ကောင်စီတပ်အပေါ် မူမတည်တော့။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၏။ စစ်တပ်အတွက် စစ်မဖြစ်သေးသည့်ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းသာ ကျန်တော့၏။
ချုပ်၍ဆိုရလျှင် ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီး သုံးနှစ်မပြည့်ခင် မြန်မာပြည်စစ်ရေးတွင် တွေ့ရသည့် သိသာထင်ရှားသော စစ်ရေးအလှည့်အပြောင်းတခု ဖြစ်ပေါ်စေခဲ့သည်ကို ငြင်းပယ်၍ မရနိုင်ပေ။
လွဲသွားသော ကောက်ချက်များ

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေး စတင်စဉ်က တရုတ် မီးစိမ်းပြလို့ တိုက်ကြတာပါ၊ တရုတ်က ရပ်ခိုင်းလျှင် ရပ်သွားမှာပါဟု ဆိုခဲ့ကြ၏။ ထိုပညာရှိများ၏ သဘောထားမှာ မြောက်ပိုင်းအဖွဲ့များသည် တရုတ်က ကျွေးမွေးထားသော တရုတ်တပည့်များ ဖြစ်ကြသည်၊ မြန်မာစစ်တပ်အား ဈေးဆစ်လို၍ တရုတ်က တိုက်ခိုင်းခြင်းဖြစ်ပြီး တရုတ်က လိုတာရ၍ ရပ်ခိုင်းလျှင် ရပ်သွားမည် သို့မဟုတ် တရုတ်က သူ့အကျိုးစီးပွားထိခိုက်၍ ဟန့်တားပါက ရပ်သွားမည်ဟု ယူဆကြ၏။
မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရုပ်ရှင်မင်းသမီး မယ်လိုဒီ၏ သုံးမိနစ် (ရည်းစားဟောင်းနှင့် အိပ်ယာပေါ်ကအကြောင်း မီဒီယာများကို ဖြေကြားချက်) လောက်သာ ကြာမည်ဟုပင် ပညာရှိဆိုသူတဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်ကို တွေ့ရ၏။
သို့သော် ၁၀၂၇ စစ်ဆင်ရေးသည် ရည်မှန်းချက်ကြီးမားပြီး စစ်အင်အားရော စစ်လက်နက်ခဲယမ်းပါ စနစ်တကျ ပြင်ဆင်ထားသည့် စစ်ဆင်ရေးတခု ဖြစ်၏။ စစ်ရေးရည်မှန်းချက်များကို တခုပြီးတခု မရမချင်း တိုက်ယူသည်။ ချင်းရွှေဟော်ကို နှစ်ရက်ကြာ တိုက်ယူသည်။ ကွမ်းလုံကို ၁၂ ရက်ကြာ တိုက်ယူသည်။ မုန်းကျက်စခန်းကို ၂၈ ရက်ကြာ တိုက်ယူသည်။ နန့်ဆလပ်စခန်းများကို ခြောက်ရက်ကြာ တိုက်ယူသည်။ နမ့်ခမ်းစခန်းသစ်ကုန်းကို တိုက်နေဆဲဖြစ်၏။
ယခင်ကကဲ့သို့ ခဏတဖြုတ်လာတိုက်ပြီး တိုက်၍ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်လည် ဆုတ်ခွာသွားသည့် အခြေအနေမျိုး မဟုတ်တော့။ စစ်ရေးရည်မှန်းချက်များကို သေနင်္ဂဗျူဟာကျကျ မရမချင်းတိုက်ယူပြီး သိမ်းပြီးလျှင်လည်း ထိန်းချုပ်ထားသည်ကို တွေ့ရ၏။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ တက်သိမ်းသည့်စခန်းများသည် သာမန် တပ်ခွဲစခန်းများ မဟုတ်ပေ။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူးများကိုယ်တိုင် ဦးစီးနေသည့် ပင်မစခန်းကြီးများ ဖြစ်၏။ စစ်ဗျူဟာရုံးများ၊ တပ်ရင်းဌာနချုပ်ရုံးများ ဖြစ်၏။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ တက်သိမ်းသည့်စခန်းများသည် သာမန် တပ်ခွဲစခန်းများ မဟုတ်ပေ။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူးများကိုယ်တိုင် ဦးစီးနေသည့် ပင်မစခန်းကြီးများ ဖြစ်၏။ စစ်ဗျူဟာရုံးများ၊ တပ်ရင်းဌာနချုပ်ရုံးများ ဖြစ်၏။
ကွမ်းလုံအခြေချ စစ်ဗျူဟာဌာနချုပ်၊ ခြေမြန်တပ်ရင်း (ခမရ ၃၁၂)၊ ခြေလျင်တပ်ရင်း (ခလရ ၁၂၇)၊ အမြောက်တပ် (အမတ ၃၄၈) တပ်ရင်းဌာနချုပ်များရှိရာ ကွမ်းလုံ၊ ခလရ ၁၂၈ ဌာနချုပ်ရှိရာ ပါစင်ကျော်၊ ခလရ ၁၂၉ ဌာနချုပ်ရှိရာ ရန်ခွမ့် (ခေါ်) ညန်ခွမ့်၊ ခမရ ၅၆၇၊ ခမရ ၅၆၈ ဌာနချုပ်ရှိရာ နန့်ဆလပ်တို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
ယခင်က ရှေ့တန်းထွက်သည့်တပ် ချေမှုန်းခံရသော်လည်း နောက်တန်းဌာနချုပ် ရှိသေး၏။ ယခု ခမရ ၃၁၂၊ ခလရ ၁၂၇၊ ခလရ ၁၂၈၊ ခလရ ၁၂၉၊ ခမရ ၅၆၇၊ ခမရ ၅၆၈၊ အမတ ၃၄၈ တို့မှာ နောက်တန်းဌာနချုပ်ပါ မရှိတော့ဘဲ နံပါတ်ပျောက်သည့် တပ်ရင်းများ ဖြစ်သွားပြီဖြစ်၏။
ဤသို့ဖြင့် ၁၀၂၇ စစ်ဆင်ရေး တလပြည့်သည့် နိုဝင်ဘာ ၂၇ ရက်တွင် စစ်ဆင်ရေးအား တပြည်လုံးအဆင့် နောက်တဆင့်မြှင့်မည်ဟု ကြေညာလိုက်သည်။ တလအတွင်း သိမ်းပိုက်ရရှိသည့် စခန်းပေါင်း ၂၀၀ နီးပါးမှ ရရှိသည့် သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာ အမြောက်များနှင့် လက်နက်ခဲယမ်းပေါင်း မြောက်များစွာကလည်း နောက်တဆင့်တက်ရန် အထောက်အကူ ဖြစ်နေသည်။
တရုတ်တွေ အုပ်ချုပ်မှာတဲ့လား
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကျင်စန်းကျော့ကို သိမ်းပိုက်ပြီး တပြိုင်တည်းလိုလို တရုတ်စစ်တပ်က မြန်မာနယ်စပ်တလျှောက် စစ်ရေးလေ့ကျင့်မည်ဟု ကြေညာသကဲ့သို့ လောက်ကိုင်မှ တရုတ်နိုင်ငံသားများ ထွက်ခွာရန် တရုတ်သံရုံးက သတိပေးသည်ကို တွေ့ရ၏။
ထိုအခါ မြောက်ပိုင်းညီနောင်အဖွဲ့များက မြို့များသိမ်းပြီးလျှင်လည်း ကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်း မရှိသဖြင့် တရုတ်များက အုပ်ချုပ်ရန် ပြင်နေပြီဟု ပြောဆိုလာသည်များကို တွေ့ရ၏။
ကျင်စန်းကျော့မှသည် မူဆယ်၊ နမ့်ခမ်း တရုတ်-မြန်မာ နယ်စပ်တလျှောက်၊ လောက်ကိုင်နှင့် တိုက်ပွဲဖြစ်ရန် နီးကပ်လာသည့် အချိန်တို့တွင် တရုတ်တို့က ၎င်းတို့နယ်မြေ ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်သည်မှာ ထူးဆန်းသည် မဟုတ်ပေ။ ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလကကဲ့သို့ ကျည်အစစ်ဖြင့် လေ့ကျင့်မည်ဟု ကြေညာခြင်း၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ခြင်းတို့ကဲ့သို့ ပြင်းထန်သည့် သဘောထားမတွေ့ဘဲ စစ်မြေပြင်နှင့် အလွန်ပင် နီးကပ်နေသည့် ၎င်းတို့နယ်စပ်အား ကာကွယ်ရန်၊ သူ့နယ်မြေထဲ ကျွံဝင်လာပါက လက်မခံကြောင်း ပြသသည့်အဆင့်သာ ဖြစ်၏။
သို့သော် တရုတ်စစ်တပ် စစ်လေ့ကျင့်သည်နှင့် ဆက်စပ်ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့က မအုပ်ချုပ်နိုင်၍ တရုတ်က ဝင်အုပ်ချုပ်တော့မည်ဆိုသည့် အပြောအဆိုများပါ နောက်ဆက်တွဲ ပေါ်ထွက်လာခြင်းသည် တကယ်တမ်းတွင် မြန်မာစစ်တပ်ရှိမှရမည်၊ မြန်မာစစ်တပ်သာ မြန်မာပြည်အခြေအနေကို ထိန်းသိမ်းနိုင်မည်ဆိုသည့် အယူအဆကို ပုံဖော်ချင်၍ ဖြစ်သည်။
အင်ဒိုနီးရှား ကြေညာချက်
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်ပြန်ချက်မှာလည်း ထူးခြား၏။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရက ကမကထ လုပ်၍ စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုတချို့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အပြုသဘော တိုးတက်မှုရှိကြောင်း ပြောဆိုသည်။
နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရက ဦးစီး၍ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌ ဒီမိုကရေစီ လိုလားသည့်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် NUG တို့ ပါဝင်တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်ကမူ ကြားခံ ကိုယ်စားလှယ် တက်ရောက်ခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
NUG ကမူ ထိုကဲ့သို့ တွေ့ဆုံခြင်း မရှိပါကြောင်း ထုတ်ပြန်ပြောဆိုသည်။ အင်ဒိုနီးရှား၏ သတင်းထုတ်ပြန်မှုသည် စစ်ရှိန်မြင့်တက်နေစဉ် ကာလတွင် ရိုက်ခတ်မှုကြီးပြီး ရှုပ်ထွေးမှုကို ဖြစ်စေခဲ့၏။ တကယ်တွင် အင်ဒိုနီးရှားသည် တဖွဲ့ချင်းကို သီးခြားစီတွေ့ဆုံခဲ့ပြီး သဘောထားယူခဲ့သည် ဖြစ်သော်လည်း အဖွဲ့အားလုံး ပါဝင်တက်ရောက်ကာ သဘောတူညီချက်ရသယောင် ကြေညာချက် ထုတ်ပြန်ခြင်းမှာ အဘယ်ကြောင့်ပါနည်း။
အင်ဒိုနီးရှားအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးနှင့် ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌသက်တမ်း ကုန်ခါနီးတွင် နာမည်ကောင်းရလိုခြင်း သက်သက်ကြောင့် ဤရှုပ်ထွေးသော ကြေညာချက်ကို ထုတ်ပြန်သည်ဟု ယူဆ၍ မရပေ။ အင်ဒိုနီးရှားသည်လည်း မြန်မာစစ်တပ် အထိုင်ပျက်သွားပါက မြန်မာပြည်အခြေအနေကို ထိန်းချုပ်ဖြေရှင်းရန် မလွယ်ကူနိုင်ဟု ထင်မြင်ယူဆသည့်အခြေခံမှ မိမိလိုချင်သော အခြေအနေကို ဖန်တီးရန် ကြံရွယ်ခြင်း ဖြစ်ပုံရ၏။
စစ်ပွဲများအတွင်းမှ စစ်တပ်အခြေအနေ
စစ်တပ် အာဏာသိမ်းပြီးကတည်းက မြန်မာပြည်အနှံ့တွင် ပုန်ကန်တိုက်ခိုက်နေခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့အထိ စစ်ရေးအခြေအနေသည် အလှည့်အပြောင်းတခုသို့ မရောက်နိုင်ခဲ့သေးပေ။
သို့ဖြစ်ရာ မြန်မာ့အရေးနှင့် ပတ်သက်၍ ပြည်တွင်းမှရော၊ အနောက်နိုင်ငံ ပြည်ပမှပါ လေ့လာသုံးသပ်သူများ၊ ပါဝင်သုံးသပ်သူများသည် စစ်ကောင်စီတပ်ကို ခုခံတော်လှန်သူများဘက်က အသာမရနိုင်ဟု ယူဆထားခဲ့ကြ၏။ ထို့ကြောင့် ၂၀၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲသည့် ကာလကတည်းက ကိုင်စွဲခဲ့သည့် မြန်မာအရေးနှင့် ပတ်သက်၍ စစ်တပ်ကို ဗဟိုပြုထားသည့်အထိုင်ဘက်မှ စဉ်းစားကြသည့် စဉ်းစားကြည့်မြင်ပုံကို ဆက်လက် စွဲကိုင်ထားသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်ပွဲအထိ ထိုအယူအဆ အားကောင်းခဲ့၏။ တရုတ်၊ အိန္ဒိယနိုင်ငံကြီးများသာမက အာဆီယံနှင့် ဥရောပနိုင်ငံအချို့ကပါ စစ်တပ်ကို ဗဟိုပြုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ထိပ်တင်ရန် စဉ်းစားလုပ် ဆောင်လာခဲ့ကြသည်ကို တွေ့ခဲ့ရ၏။
သို့သော် ၁၀၂၇ စစ်ဆင်ရေးသည် ထိုစဉ်းစားမှုကို ရိုက်ချိုးလိုက်သည်။ တလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စခန်းပေါင်း ၂၀၀ နီးပါးနှင့် မြို့အချို့ကို သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေးကို တဆင့်ပြီးတဆင့် ဆက်တိုးခဲ့ကြ၏။
မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် စစ်ဆင်ရေးစပြီး တလခန့်ကြာသည်အထိ ၎င်းတို့၏အင်အား တဝက်ခန့်ကို အသုံးမပြုရသေး သို့မဟုတ် အနည်းငယ်သာ အသုံးပြုရသေး၏။ သို့ဖြစ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်သည် ပြန်လှန်ထိုးစစ်ပင် မဆင်နိုင်ဘဲ ပြိုဆင်းနေ၏။
မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် စစ်ဆင်ရေးစပြီး တလခန့်ကြာသည်အထိ ၎င်းတို့၏အင်အား တဝက်ခန့်ကို အသုံးမပြုရသေး သို့မဟုတ် အနည်းငယ်သာ အသုံးပြုရသေး၏။ သို့ဖြစ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်သည် ပြန်လှန်ထိုးစစ်ပင် မဆင်နိုင်ဘဲ ပြိုဆင်းနေ၏။
စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ အတွဲလိုက်ပစ်သည့်ဒုံးများ၊ တင့်ကား၊ သံချပ်ကာကားများသည်လည်းကောင်း၊ အကြိမ်ပေါင်း ရာနှင့်ချီသည် လေကြောင်းတိုက်ခိုက်မှုများသည်လည်းကောင်း စစ်တပ်၏ ရှုံးနိမ့်မှုကို ကယ်တင်နိုင်ခြင်း မရှိဆိုသည်ကို ရှင်းလင်းစွာဖော်ပြလိုက်၏။
စစ်တပ်ဘက်က ပြန်လှန်ထိုးစစ် စတင်ရန် ပြင်ဆင်နေသော်လည်း မစနိုင်ဘဲ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထိုးနှက်တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရပြီး ခံစစ်အဆင့်မှ မတက်နိုင်ဘဲ စခန်းတခုပြီးတခု လက်လွှတ်နေရ၏။ သို့ဖြစ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဆုံးရှုံးသွားသော စစ်စခန်း၊ မြို့များကို စစ်တပ်က ပြန်လည် ချုပ်ကိုင်နိုင်ရန် မလွယ်ကူတော့သည်မှာ မြေပြင်တွင် တွေ့နေရသည့် စစ်ရေးအခြေအနေ အမှန်ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၏ စစ်ရေးသည် ယင်းပြည်နယ်ထဲတွင်သာ ရပ်တန့်မနေဘဲ တပြည်လုံးသို့ ပြင်းထန်စွာ သက်ရောက်သည်။ စစ်မျက်နှာအနှံ့တွင် စစ်တပ်သည် ရုပ်ဝတ္ထုရေးအရရော၊ စိတ်ဓာတ်ရေးရာအရရော ပြိုဆင်းနေသည်ကို တွေ့မြင်နေရ၏။ တဆက်တည်းတွင် စစ်တပ်၏ အခြေအနေသည် ကြည်း၊ ရေ၊ လေနှင့် လက်နက်အင်အား တောင့်တင်းသည့် ပြည်ပနိုင်ငံများကို ကာကွယ်နိုင်စွမ်း မရှိကြောင်း ရှင်းလင်းစွာ တွေ့မြင်ရ၏။
NCA ၈ နှစ်ပြည့်ပွဲအပြီး ရက်သတ္တ နှစ်ပတ်အကြာတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည့် မြန်မာ့စစ်ရေးအခြေအနေ၊ စစ်တပ်အခြေအနေသည် အပြောင်းအလဲ ကြီးမားသည်။ ပြည်တွင်း၌သာမက နိုင်ငံတကာကိုလည်း ပြင်းထန်စွာ ရိုက်ခတ်သည်။ ယူကရိန်းသတင်းကို ဖုံးလွှမ်းနေသည့် အစ္စရေးနှင့် ဟားမတ်စ် စစ်ပွဲသတင်းကိုပင် မြန်မာပြည်စစ်ပွဲ သတင်းများက နိုင်ငံတကာ သတင်းမျက်နှာစာတွင် တန်းတူရည်တူ အမီလိုက်လာသည်ကို တွေ့ရ၏။
ဤသို့သော အခြေအနေအောက်တွင် စစ်တပ် စစ်ရှုံးနိုင်သည်၊ ပြိုကွဲနိုင်သည်ကို တွေ့မြင်ရသကဲ့သို့ မြန်မာ့အရေးနှင့် ပတ်သက်၍ ဖြေရှင်းရန် စဉ်းစားလျှင် မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် အထိုင်ပျက်သွားပြီ ဆိုသည်ကို ညွှန်ပြ၏။ ပြီးခဲ့သော ဆယ်စုနှစ်တစုလုံး စစ်တပ်ကိုဗဟိုပြု၍ မြန်မာ့အရေးကို စဉ်းစားလာသူများ၊ NCA ၈ နှစ်ပြည့်အထိ မြန်မာစစ်တပ်သည်သာ တိုင်းပြည်အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယူဆကြသူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတော့၏။
စစ်တပ်အထိုင်ပျက်မှာ ကြောက်ကြသူများ
စစ်တပ်အထိုင်ပျက်မည်ကို စိုးရိမ်ကြသူများမှာ စစ်တပ်နှင့် သူ၏လော်ဘီများသာ မကဘဲ ပြည်တွင်းပြည်ပမှ မြန်မာအရေး ဖြေရှင်းရေးနှင့်ပတ်သက်သည့် လေ့လာသုံးသပ်သူများလည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးအား စစ်တပ်ဗဟိုပြုစဉ်းစားမှုကို ပြောင်းလဲပစ်ရမည်ဟု ကြည့်မြင်သုံးသပ်ကြသူများမှာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အနည်းငယ်သာ ရှိ၏။ လက်ချိုးရေတွက်၍ ရသည်။ မြန်မာစစ်တပ် အထိုင်ဘက်ကသာ စဉ်းစားကြသုံးသပ်ကြသူများက ပိုများ၏။
အံ့ဩစရာတော့ မရှိပေ။ မြန်မာစစ်တပ်က အနှစ် ၆၀ ကျော် အာဏာချုပ်ကိုင်ပြီး အလွဲပေါင်းစုံ ဝါဒဖြန့်လိမ်ညာ မှိုင်းတိုက်ခဲ့၏။ အမှားကို အမှန်လုပ်ခဲ့ရာ အချို့ ပညာရှိဆိုသူများလည်း ရောကောသောကော ဖြစ်ကုန်ကြဟန်တူ၏။ နိုင်ငံရေးလေ့လာသူများသည် အတိုက်အခံများ၊ သူပုန်ဟု ခေါ်သော လက်နက်ကိုင် အဖွဲ့အစည်းများ၏ အားနည်းချက်များကို မြင်လွယ်ကြ၏။ ကောက်ချက်ချ လွယ်ကြ၏။
သို့သော် နှစ်ပေါင်းများစွာ တည်မြဲနေခဲ့သည့် မြန်မာစစ်တပ်အတွင်း လှိုက်စားနေသည့် အခြေအနေ၊ ပြိုကြတော့မည့် အခြေအနေကို မြင်နိုင်စွမ်း မရှိကြသည့်အပြင် တကယ်ဖြစ်လာရာတွင်လည်း ယုံကြည်နိုင်စွမ်း မရှိကြ၊ လက်သင့်ခံနိုင်စွမ်း မရှိကြပေ။ မြန်မာ့အရေးနှင့် ပတ်သက်လျှင် နောက်ဆုံးအချိန်အထိ မြန်မာစစ်တပ်ကို ဖက်တွယ်ရန် စဉ်းစားနေကြသည်ကို တွေ့ရ၏။
စစ်ရေးအရ အလှည့်အပြောင်း ဖြစ်လာသည့်အခါ ထိုသူများသည် မြန်မာစစ်တပ်က နောက်ဆုံး ထိန်းနိုင်မည်ကို မပြောကြတော့သော်လည်း စစ်တပ်မရှိတော့လျှင် အိမ်နီးချင်း ပြည်ပနိုင်ငံကြီးများက ဝင်ရောက် စွက်ဖက်လိမ့်မည်။ သို့မဟုတ် တိုင်းပြည် အပိုင်းပိုင်းကွဲပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လိမ့်မည်ဟု ယူဆနေကြ၏။
ထိုသူများ၏ စစ်တပ် အထိုင်မပျက်ရန် နောက်ဆုံးကြိုးစားမှုမှာ စစ်တပ်ကို ထွက်ပေါက်ပေးရမည်ဟု ဆိုနေကြခြင်း ဖြစ်၏။ မြန်မာ့လူထုထက် စစ်တပ်ကို ကယ်ဖို့ကြိုးစားနေကြ၏။ တကယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်၏ ထွက်ပေါက်ဖြစ်သည်။
ဘာမဆိုလုပ်ရဲသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက်များ အာဏာသိမ်းလိုက်ပြီး သူတို့၏ထွက်ပေါက်ကို သူတို့ကိုယ်တိုင် ပိတ်လိုက်ခြင်းဖြစ်၏။ ယခုတော့ မြန်မာစစ်တပ်အတွက် ထွက်ပေါက်မှာ ခွေးတိုးပေါက်သာ ကျန်ပေလိမ့်မည်။
ဘာမဆိုလုပ်ရဲသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက်များ အာဏာသိမ်းလိုက်ပြီး သူတို့၏ထွက်ပေါက်ကို သူတို့ကိုယ်တိုင် ပိတ်လိုက်ခြင်းဖြစ်၏။ ယခုတော့ မြန်မာစစ်တပ်အတွက် ထွက်ပေါက်မှာ ခွေးတိုးပေါက်သာ ကျန်ပေလိမ့်မည်။ စစ်တပ်ကို ထွက်ပေါက်ပေးရမည် ဆိုနေကြခြင်းမှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးထက် ကျားသေကို အသက်ပြန်သွင်းလိုပုံရသည်ဟု ဆိုရမည်။
မြန်မာ့အရေးကို ဖြေရှင်းရေးနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်သူများသည် စစ်တပ်ကို ဗဟိုပြုသည့်အထိုင်ကို ဖျက်၍ စဉ်းစားပြီး နွေဦးတော်လှန်ရေး အင်အားစုများနှင့် လူထုကိုအခြေပြု၍ စဉ်းစားရန် လိုအပ်သည်။
လူထုလှုပ်ရှားမှုများတွင် ကြုံတွေ့ရလေ့ရှိသည့် ဗရမ်းဗတာဖြစ်မှုများကို ကြောက်ရွံ့နေရန် မလိုပေ။ ပေါင်းစည်းမှုအသစ်နှင့် ဖွဲ့စည်းမှုအသစ်ကို ရည်မျှော်၍ ရဲရင့်မှန်ကန်စွာ သုံးသပ်ရန်လို၏။ ဗကပ လက်အောက်က ဝ လူမျိုးများခွဲထွက်စဉ်က “ဝ တွေ ဘာလုပ်တတ်လို့လဲ၊ ဖရိုဖရဲဖြစ်ပြီး ဒုက္ခရောက်သွားလိမ့်မည်” ဟု ဆိုခဲ့ကြသူ အများအပြား ရှိ၏။ အနှစ် ၃၀ ကျော် ကြာသည်သည့်အခါ ဝ လူမျိုးများသည် သူတို့၏ဒေသ၊ သူတို့၏ အဖွဲ့အစည်းကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြောင်း တွေ့ရသည်။ အဟောင်းများထဲက အသစ်များ ပေါက်ဖွားလာသည်ကို ကြိုဆိုရန်လို၏။
မြန်မာ့အရေးနှင့် ပတ်သက်၍ ပြောဆိုသုံးသပ်ဖြေရှင်းကြရာတွင် စစ်တပ်ကို ဗဟိုပြုသည့်အထိုင်ကို ဖျက်ပြီး စဉ်းစားမှသာ ရနိုင်သည်။ စစ်တပ်ကို ဗဟိုပြုသည့်အထိုင်ကို ဖျက်ပြီးမစဉ်းစားသရွေ့၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ ဟောင်းနွမ်းဆွေးမြေ့ ပြိုကျနေသည့် စစ်တပ်ဆိုသည့် အင်စတီကျူးရှင်းကို ဖက်တွယ်နေသရွေ့ မြန်မာ့အရေးကို မှန်ကန်စွာ ကြည့်မြင်သုံးသပ် ဖြေရှင်းနိုင်မည် မဟုတ်ပေ။
You may also like these stories:
စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား
ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ
စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ