၂၀၂၃ ခုနှစ်သည် မြန်မာအတွက် ပျော်ရွှင်စရာနှစ်တခု မဟုတ်ပေ။ စစ်ကောင်စီသည် လူများစု ထောက်ခံမှု မရဘဲ တရားမဝင် ဆက်လက်အုပ်ချုပ်နေပြီး လူထုကလည်း အပြင်းအထန် ဆက်လက် ဆန့်ကျင်နေဆဲ ဖြစ်သည်။ အကျပ်အတည်းကျနေသော စီးပွားရေးသည် ပိုမိုပျက်စီးယိုယွင်းလာသည်။ နိုင်ငံခြားငွေကြေးဈေးကွက်တွင် စစ်ကောင်စီ၏ အရည်အချင်းမမီသည့် ဝင်ရောက်စွက်ဖက်မှုများ မအောင်မြင်ပေ။ ပြည်တွင်းစစ်နှင့် မတည်ငြိမ်မှု ဆက်လက်ကျယ်ပြန့်နေသည်။
ရှေ့ဆက်သွားပါက ပိုမိုအကြမ်းဖက်မည်ဟု မျှော်လင့်နိုင်ပြီး အရပ်သားပြည်သူများ အဆိုးရွားဆုံး ခံစားရမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ အဆိုအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း ပြည်သူ ၂.၆ သန်း နေရပ်စွန့်ခွာ ထွက်ပြေးရသည်။ ထိုသူများအနက် ၆၆၀,၀၀၀ သည် အောက်တိုဘာလ နောက်ပိုင်း ညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် (EAO) ၃ ဖွဲ့နှင့် မဟာမိတ် တော်လှန်ရေး အင်အားစုများက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နေရပ်စွန့်ခွာရသူများဖြစ်သည်။
စစ်အာဏာသိမ်းစဉ်ကတည်းကပင် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်ပေးမှုကို တောင်းဆိုခဲ့ပြီးနောက် မြန်မာ့တော်လှန်ရေး အင်အားစုများသည် ကိုယ့်အားကိုယ်ကိုးရမည်ကို သဘောပေါက်သွားသည်။ ယခုနှစ်တွင် ယူကရိန်း၊ ထိုင်ဝမ်နှင့် အရှေ့အလယ်ပိုင်းတို့ဖြင့် အလုပ်ရှုပ်နေသော ကမ္ဘာသည် မြန်မာကို လျစ်လျူရှုထားသည်။ မြန်မာသည် ဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိခြင်းကြောင့် စည်းမကျော်သင့်သည့် နိုင်ငံအဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်နိုင်သည်။ မရည်ရွယ်သော ဆန့်ကျင်ဘက် အကျိုးဆက်မှာ ထိုသို့ ကမ္ဘာက လျစ်လျူရှုထားခြင်းကို ရှုထောင့်သစ်မှ ကြည့်မြင်ပြီး အလားအလာကောင်းအဖြစ် ယူဆနိုင်ခြင်းဖြစ်သည်။ “အိုကေ ငါတို့မှာ ငါတို့ပဲ ရှိတဲ့ ကိုယ့်အားကိုယ်ကိုး တော်လှန်ရေး” ဟုမြင်ကာ ၂၀၂၃ ကုန်တွင် ပျော်ရွှင်ဖွယ် တော်လှန်ရေးနှစ်ကို ကြိုဆိုစေသည်။
၂၀၂၄ တွင် မည်သို့ဆက်ဖြစ်မည်နည်း။
နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမှောင်ထု၊ စီးပွားရေး အခက်အခဲနှင့် ပိုမိုပြင်းထန်လာသည့် ပဋိပက္ခ အတွင်း ပိုမိုနက်ရှိုင်းစွာ ကျရောက်မည်ကို မျှော်လင့်ရန်မှအပ မည်သည့်နေရာသို့ ဦးတည်နေသည်ကို ခန့်မှန်းရန် အမှန်တကယ် ခက်ခဲသည်။ လတ်တလောအခြေအနေအရ မိမိတို့သည် လူသတ်ပြီး အကျင့်ပျက်ခြစားသော စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေး အရှိန်ရလာခြင်းကို တွေ့နေရသည်။ တော်လှန်အုံကြွမှုသည် ချေမှုန်းခံရပြီး ကျဆုံးသွားမည်ဟု ခန့်မှန်းခဲ့သူများ မည်သည့် အရပ်သို့ ရောက်နေကြသနည်း။ စစ်တပ်သည် ထိုသူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ မရပေ။
တော်လှန်ရေး၏ အားသာချက်များကို ကြည့်ပါက တိုင်းရင်းသားလက်နက်ကိုင်တပ်များ ၎င်းတို့ပြည်နယ်များတွင် ပိုင်နက်များ ပိုမိုရရှိလာပြီး ကျူးကျော်သိမ်းပိုက်ထားသော မြန်မာစစ်တပ်ကို ပိုမိုတွန်းလှန်နိုင်သောကြောင့် အနာဂတ်တွင် ပိုမိုသြဇာ ကြီးမားလာမည်ဖြစ်သည်။
မကြာသေးမီက သိမ်းပိုက်ထားသည့် ကရင်နီ(ကယား)၊ ချင်း၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် ကိုယ့်အားကိုယ်ကိုး ကိုယ်ပိုင်ချုပ်ရေးများ ကျင့်သုံးလာသည့် ထွန်းသစ်စ ခေါင်းဆောင်မှုသစ်များ မြန်မာတွင် ပေါ်ပေါက်လာသည်ကို တွေ့ရပြီးနောက် တော်လှန်ရေးအင်အားစုများ ဆက်လက်လက်တိုက်ခိုက်မည်ကို သံသယဖြစ်ရန် မလိုပေ။
အာဏာ ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည့် အခြားဒေသများတွင် စစ်ကောင်စီသည် ပြည်ပ ကျူးကျော်ရေး တပ်သဖွယ် ဆက်လက်ပြုမူနေပြီး အရပ်သားများကို ဆက်လက် ခြိမ်းခြောက် အန္တရာယ်ပေးနိုင်နေသေးသည်။
စစ်တပ်သည် မြန်မာနိုင်ငံကို ၁၉၆၀ ခုနှစ်များကပင် စတင်အုပ်ချုပ်နေပြီး နောင်မျိုးဆက်တိုင်း မျိုးဆက်တိုင်းသည် ဆယ်စုနှစ်တိုင်း ဆယ်စုနှစ်တိုင်း ပိုမိုဖရိုဖရဲ ဖြစ်လာသည်ကိုသာ တွေ့ကြရသည်။ စစ်တပ်သည် နိုင်ငံကို ညီညွတ်စေရန် အလှမ်းကွာနေပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်းနှင့် မင်းမဲ့စရိုက်ကိုသာ အားပေးခြင်းကြောင့် စစ်ကောင်စီခေါင်းဆောင်ပိုင်း ပြောစကားနဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။
ထိုအချက်ကို သက်သေပြရန် လုံးဝ ပြီးပြည့်စုံစေသည့် ဥပမာမှာ နိုင်ငံကို ဘုန်းဘုန်းလဲစေပြီး အိမ်နီးချင်းနိုင်ငံများအတွက် အိပ်မက်ဆိုးများ ဖန်တီးပေးသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်သည်။
ယခုအခါ နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည်ရရှိအောင် လုပ်ရန် အချိန်လွန်စွာ နှောင်းနေပြီး ဖြစ်နိုင်သည်။ နိုင်ငံရေးရာများကို စီမံသောအခါ စစ်ကောင်စီခေါင်းဆောင်ပိုင်းသည် လုံးဝ အရည်အချင်း မမီပေ။ ၎င်းတို့သည် အာဏာသိမ်းပြီးနောက်တွင် အကျပ်အတည်း တခုပြီး တခု ရင်ဆိုင်ရသည်။ ထိုအာဏာသိမ်းမှုသည် ကျဆုံးသော အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံသည်ကျဆုံး နိုင်ငံတော်သို့ ဦးတည်နေသည်။
ထို့နောက် နိုင်ငံမြောက်ပိုင်းတွင် စစ်ပွဲများဖြစ်လာသည်ကို မိမိတို့တွေ့ရသည်။ ထိုသို့တွေ့ရခြင်းသည် စိုးရိမ်ပူပန်မှုများနှင့် အကြောက်တရားများကိုဖြစ်စေသလို မျှော်လင့်ချက်များကိုလည်း ဖြစ်စေသည်။
၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် မကြုံစဖူး စိန်ခေါ်မှုဖြစ်ပြီး ယခုအခါ မြန်မာတွင် လူတိုင်းပြောနေသည့် အမည်ဖြစ်သည်။ အတိုက်အခံအင်အားစုများနှင့် မြန်မာပြည်သူအများစုသည် စစ်ကောင်စီ ထိခိုက်သေဆုံးမှုများကို ကြားတိုင်းကြိုဆိုကြသည်။ ထိုကိစ္စသည် မထူးဆန်းပေ။ ပြည်သူကို ကာကွယ်ရန်တာဝန်ရှိသော စစ်တပ်သည် ကိုယ့်ပိုင်နက်နှင့် ကိုယ့်ပြည်သူများကို ပြန်လည်ဗုံးကြဲသည်။ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့ကို စက်ဆုတ်ရုံမှတပါး အခြားမရှိပေ။ စစ်တပ်သည် မြန်မာပြည်သူများက အမုန်းတီးဆုံးရန်သူအဖြစ် ပြောင်းလဲလိုက်သည်။
အထက်ပါ ထိုးစစ်၏ အောင်မြင်မှုသည် မျှော်လင့်ချက်များကို ဆောင်ယူပေးသော်လည်း မြန်မာပြည်သူများနှင့် ပြည်ပသုတေသီများအကြား လိုရာဆွဲတွေးခြင်းအချို့ကိုလည်း ဖြစ်စေသည်။
သတင်းစာခေါင်းကြီးများနှင့် ဆောင်းပါးများက မြန်မာမှ စစ်ကောင်စီကျဆုံးရန် နီးကပ်လာပြီလားဟု မေးခွန်းထုတ်ရန် မိမိတို့ကို အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုမေးခွန်း၏ အဖြေသည် မနီးကပ်သေးပါဆိုသည့် အဖြေဖြစ်သည်။ လတ်တလော ထိုသို့ မဖြစ်သေးပေ။
မြန်မာစစ်တပ်သည် ပြိုကွဲမည့် အမှတ်သို့ မရောက်သေးပေ။ မေးစရာမေးခွန်းမှာ ထိုစစ်တပ်သည် မည်မျှကြာကြာ အာဏာဆုပ်ကိုင်ထားနိုင်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးနေသည်ဆိုသည့် အချက်ဖြစ်သည်။ အင်အားနည်းပြီး သေးငယ်လာနေသည်။ စစ်တပ်သည် အတိတ်က အောင်မြင်မှုများနှင့် အင်အားများကို ပြန်လည်ရရှိ တော့မည်မဟုတ်ပေ။
မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆက်လက် မတည်မငြိမ်ဖြစ်နေမည်။ အတိုက်အခံအင်အားစုများ ညီညွတ်ပြီး ယခုထက် ပိုမိုတိုက်ခိုက်နိုင်ပါက စစ်တပ်သည် အတွင်းကြေ ကြေမည်ဖြစ်သည်။ ပိုမိုများပြားလာသည့် ထိုးစစ်များ၊ ပြောက်ကျားစစ်များနှင့် ဒရုန်းတိုက်ခိုက်မှုများကို မြို့ကြီးများတွင် တွေ့ရမည်ဖြစ်ပြီး စစ်တပ်မှ ဘက်ပြောင်းမှု ပိုမိုများလာမည်ဟု မျှော်လင့်နိုင်သည်။
တိုက်ပွဲဝင်ရန် စိတ်အားထက်သန်မှု မရှိတော့ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့် စိတ်ပျက်ခြင်းများ ခံစားနေရသည့် စစ်သားများကို စစ်တန်းလျားများမှ မထွက်ရန် ပိုမိုဖိအားပေးမည် ဖြစ်သည်။ ပြည်သူလူထုက ၎င်းတို့ကို မုန်းတီးသည်ကို ၎င်းတို့သိကြသည်။
မိဘများသည် စစ်ကောင်စီကို တိုက်ရန် ၎င်းတို့ သားသမီးများကို ပြောကြားနေပြီး ထိုသို့ လုပ်ရန် ထောက်ပံ့နေကြသည်။ စစ်အရာရှိများ၏ မိသားစုများကလည်း စစ်အရာရှိများ စစ်တပ်မှ ထွက်ပြေးရန် သို့မဟုတ် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းရန် တောင်းဆိုနေကြသည်။
ချင်း၊ ကရင်နီ၊ ကရင်နှင့် ရခိုင်နှင့် ရှမ်းပြည်နယ်များသည် အားပြိုင်နေသော ဒေသများဖြစ်ပြီး တိုင်းရင်းသား အင်အားစုများသည် ထိုဒေသများတွင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာ ပိုမိုရရှိလာမည် ဖြစ်သည်။ အခြားတိုင်းဒေသ ၄ ခုဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းများတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားကြီးထွားလာနိုင်သည်။ စစ်တပ်အပေါ် စစ်ရေးဖိအား ကြီးထွားလာမည်သာဖြစ်သည်။
စစ်တပ်သည် နိုင်ငံကို စုစည်းပေးနိုင်သည့် တခုတည်းသော အင်စတီကျူးရှင်းဖြစ်သည်ဆိုသည့် အယူအဆကို မည်သူမျှ မယုံကြည်ကြတော့ပေ။ စစ်တပ်ပြိုလဲလျင် မြန်မာသည် ဖရိုဖရဲဖြစ်ပြီး မင်းမဲ့ဖြစ်မည်ဟု အချို့ပြောသည်။ ထိုအယူအဆသည် မမှန်ကန်ပေ။ မြန်မာမှ လက်သစ်နှင့် လက်ဟောင်းနိုင်ငံရေး အင်အားစုများသည် ၎င်းတို့လက်ရှိ ထိန်းချုပ်ထားသည့် ဒေသများကို စီမံအုပ်ချုပ်နိုင်သည်။ ထိုနယ်မြေများသည် အမှန်တကယ် ၎င်းတို့ပိုင်နယ်မြေများ ဖြစ်သည်။
စစ်ကောင်စီကို ဖြုတ်ချပြီးပါက ကမ္ဘာ သို့မဟုတ် အနည်ဆုံး အရှေ့တောင်အာရှသည် ပိုမိုကောင်းမွန် လုံခြုံသောနေရာဖြစ်လာမည်။
အတိုက်အခံအင်အားစုများသည် အရှိန်အဟုန်ရလာပြီး ရင်းမြစ်အကန့်အသတ်ရှိခြင်း အပါအဝင် စိန်ခေါ်မှုများ ရှိသော်လည်း ဆုံးဖြတ်ချက် ပြတ်သားကြသည်။ ၎င်းတို့တွင် ပြင်းပြသော စိတ်ဓာတ်နှင့် ကြီးမားသောထောက်ခံမှုရှိသည်ကို ၎င်းတို့သိသည်။ ယခုအခါ အတိုက်အခံ အင်အားစုများသည် ရေရှည်တိုက်ခိုက်နိုင်ပြီး စစ်တပ်ကကျူးလွန်ထားသည့်ပြစ်မှုများကို အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ယခုအချိန်သည် ဝါရင့်ခေါင်းဆောင်များနှင့် လူငယ်မျိုးဆက်များ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် အိမ်နီးချင်းများနှင့် ဒေသတွင်းမှ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ပြီး စစ်ကောင်စီပြိုလဲသွားသောအခါ မြန်မာသည် ဖရိုဖရဲနှင့် မင်းမဲ့အခြေအနေကျရောက်မည် မဟုတ်ကြောင်းနှင့် အခြေအနေကို ထိန်းချုပ်နိုင်ကြောင်း ယုံကြည်စေရန် ပိုမိုအားထုတ်ရမည့်အချိန်ဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် သဘောထားပြောင်းပြီး မြေပြင်မှ ပကတိ အခြေအနေကို ဝန်ခံအသိအမှတ်ပြုရမည့် အချိန်ဖြစ်သည်။ စစ်ကောင်စီ၏ တင်းကျပ်သော ချုပ်ကိုင်မှုသည် စတင်လျော့ကျ နေသောကြောင့် ထိုနိုင်ငံများသည် ချိန်ညှိမှုများ ပြုလုပ်ရမည်ဖြစ်ပြီး မြန်မာမှ အမျိုးမျိုးသော သက်ဆိုင်သူများနှင်အတူ လုပ်ကိုင်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ နယ်စပ် တိုင်းရင်းသား ဒေသများတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်းတွင်ပါ ဇာတ်ကောင်သစ်များ ပေါ်ပေါက်လာနေသည်။
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနှင့် အရှည်လျားဆုံး နယ်စပ်များရှိပြီး ၎င်းတို့သည် အမျိုးမျိုးသော အဆင့်များတွင် အဓိက ပါဝင်သူများဖြစ်မည်။ သို့သော် ၎င်းတို့သည် နယ်စပ်ကို ကျော်လွန်ရှုမြင်ရမည်ဖြစ်ပြီး ပြောင်းလဲနေသော အခြေအနေနှင့် အသစ်ပေါ်ပေါက်လာသည့် ဇာတ်ဆောင်များကို နားလည်ရမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြေပြင်မှ ပြည်သူများနှင့် အဖွဲ့အစည်းများကို ထောက်ပံ့ရန် လုံလောက်သော ပျော့ပျောင်းမှုနှင့် တီထွင်ဖန်တီးမှုကို ပြသသင့်သည်။
မြေပြင်တွင် ထိတွေ့ဆက်ဆံရန် ၎င်းတို့သည် မြန်မာပြည်သူများ၏ ယုံကြည်အားကိုးမှု လိုမည်ဖြစ်သည်။ စစ်ကောင်စီသည် အရေးမပါတော့ပေ။
ဘေဂျင်းသည် စိုးရိမ်ပူပန်စရာ ရင်းမြစ်အဖြစ် ဆက်လက်ရှိနေသည်။ အနောက်နိုင်ငံများတွင် မြန်မာနိုင်ငံဆိုင်ရာ တက်ကြွသော မူဝါဒနှင့် ရှေ့နောက်ညီသည့် ထိတွေ့ဆက်ဆံမှု မရှိသောကြောင့် ဘေဂျင်းသည် ထိုအခွင့်အလမ်းကို ဆုပ်ကိုင်ပြီး မကြာသေးမီက ပဋိပက္ခတွင် ကြားဝင်ဆောင်ရွက်သော်လည်း ထိုအားထုတ်မှုသည် ရလဒ်များ ထွက်မလာပေ။ သို့သော် တရုတ်ကို မည်သူမျှ မယုံကြည်ကြပေ။
ရုရှားကဲ့သို့ပင် ယခုတနှစ်လုံးတွင် တရုတ်သည် စစ်ကောင်စီကို အဓိက လက်နက်ရောင်းသည့် နိုင်ငံ ဆက်လက်ဖြစ်နေသည်။ ၎င်းတို့သည် ကုလသမဂ္ဂတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များကို ဗီတိုဖြင့် ဆက်လက်ပယ်ချနေသည်။
ဘေဂျင်းသည် မြန်မာတွင် လောင်းကြေးခွဲထပ်သည့် သေနင်္ဂဗျူဟာကို ကျင့်သုံးနေသည်မှာ ကြာပြီဖြစ်ပြီး အန္တရာယ်ပေးနိုင်ဆဲဖြစ်သည့် စစ်ကောင်စီနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး အဆက်အသွယ်များ ဆက်လက်ထိန်းသိမ်းထားသကဲ့သို့ ၎င်း၏နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် သြဇာထူထောင်ထားသည်။ တရုတ်သည် နှစ်ဘက်လုံးအပေါ် လောင်းကြေးထပ်နေပြီး ထိုသို့ လုပ်ခြင်းသည် မြန်မာ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်များမှ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အကျိုးဆက်များ ရှိလာနိုင်သောကြောင့် ဂရုစိုက်ရမည်ဖြစ်သည်။ တိုင်းရင်းသား တပ်များကို ဖိအားအလွန်အကျွံသုံးပါက ၎င်းတို့ ပိုင်နက်များမှ တရုတ်စီမံကိန်းများအတွက် အန္တရာယ် ရှိနိုင်သည်။
မြန်မာနိုင်ငံသည် ပြည်တွင်း နယ်ချဲ့မှုနှင့် ဗဟိုချုပ်ကိုင်မှု ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းနေပြီး နိုင်ငံကို ဖက်ဒရယ်နိုင်ငံ ထူထောင်ကာ တိုင်းရင်းသား ပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိသည်ကို တွေ့ရပါက ကောင်းမွန်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ထိုကိစ္စကို ဆက်လက်နားစွင့်နေရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ 2023: A Year of Living Dangerously in Myanmar ကို ဘာသာပြန်သည်။ )
You may also like these stories:
တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား
စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး
ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်
အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ
လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား