ကျနော်တို့မြန်မာနိုင်ငံဟာ အရင်ဘယ်တုန်းကမှ မကြုံဖူးတဲ့ အခြေအနေကို ရောက်နေပါတယ်။
နိုင်ငံတဝှမ်း စစ်ဖြစ်နေတာ ၃ နှစ်နီးပါးရှိခဲ့ပြီ။ ဒီစစ်ပွဲက တရားမဝင်အာဏာလုယူထားတဲ့ စစ်ကောင်စီနဲ့ တော်လှန်ဆန့်ကျင်နေတဲ့ ပြည်သူတွေကြားက စစ်ပွဲပါ။ နိုင်ငံဟာ နေ့စဉ် သွေးစွန်းနေသလို ပြည်သူတွေလည်း နေ့စဉ်နဲ့အမျှ စိတ်သောက ကြုံတွေ့ ခံစားနေရတယ်။ စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုကလည်း အထွတ်အထိပ်ကို ရောက်နေတယ်။ တပြိုင်တည်းမှာ ပြည်သူကို ရန်သူလို သဘောထားပြီး တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့တပ်တွေလည်း မကြုံဖူးတဲ့ အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရတယ်။
ပြည်သူတရပ်လုံးကို ခေတ်အဆက်ဆက် ရက်ရက်စက်စက် ဖိနှိပ်ပြီး လူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ စစ်တပ်ကို ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေသာမက အနောက် ဒီမိုကရေစီနိုင်ငံ တချို့ကပါ မရှိမဖြစ် အင်အားကြီးတဲ့ အင်စတီကျူးရှင်းလို့ တောက်လျှောက်မြင်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ အဲဒီ “အစဉ်အလာကြီးတယ်ဆိုတဲ့ အင်စတီကျူးရှင်း” စစ်တပ်ဟာ ရုပ်ပိုင်းအနေနဲ့ စစ်အင်အားတွေ ချွတ်ချုံကျနေသလို၊ စိတ်ဓာတ်ပိုင်း မှာလည်း ကျိုးပျက်နေတာ တွေ့ခဲ့ရပါပြီ။
မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ပူးပေါင်းပြီး တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်ခဲ့တဲ့ “စစ်ဆင်ရေး ၁၀၂၇” စပြီးနောက်ပိုင်း ၂ လအတွင်းမှာ ကျနော်တို့ အားလုံး မျက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေပါ။
အခုတော့ အဲဒီ “အစဉ်အလာကြီးတယ်ဆိုတဲ့ အင်စတီကျူးရှင်း” စစ်တပ်ဟာ ရုပ်ပိုင်းအနေနဲ့ စစ်အင်အားတွေ ချွတ်ချုံကျနေသလို၊ စိတ်ဓာတ်ပိုင်း မှာလည်း ကျိုးပျက်နေတာ တွေ့ခဲ့ရပါပြီ။
၂ လအတွင်း ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီပြည်နယ်တွေအပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ညီနောင်မဟာမိတ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် အခြား တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၂၃ မြို့ အပါအဝင် စစ်တပ်အခြေစိုက်စခန်းနဲ့ ကင်းစခန်း ၄၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။
ဒီသိမ်းပိုက်နိုင်မှုတွေကို စစ်ကောင်စီအပေါ် အောင်ပွဲလို့ မခေါ်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း စစ်တပ်ကို ဒီလောက်ချေမှုန်းနိုင်တာကိုက လေ့လာသုံးသပ်သူတွေနဲ့ အများပြည်သူတချို့ရဲ့ စစ်တပ်အပေါ် အထင်ကြီးတဲ့ အမြင်တွေဟာ ဘယ်လောက် မှားနေတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ တင့်ကားတွေ၊ အမြောက်တွေ၊ ဂျက်တိုက်လေယျာဉ်တွေနဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့ စစ်တပ်ဟာ တကယ်တော့ ဘယ်လောက် အားနည်းနေလည်း ဆိုတာကို တွေ့လိုက်ရတာပါပဲ။ တော်လှန်ရေး တပ်ဖွဲ့တွေထက် လက်နက်အင်အား သာလွန်တဲ့ စစ်ကောင်စီတပ်တွေဟာ ချေမှုန်းခံနေရသလို အရာရှိတွေ အပါအဝင် ရာနဲ့ချီတဲ့ တပ်သားတွေ သေနတ်တချက်မှ မဖောက်ဘဲ လက်နက်ချခဲ့ကြတာတွေလည်း တွေ့နေရတယ်။ တချို့တပ်တွေလည်း ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြတယ်။
ဒါက စစ်ကောင်စီတပ်တွေ ဘယ်လောက် စိတ်ဓာတ်ပျက်ပြားနေသလဲ ဆိုတာနဲ့ တပ်တခုလုံး ပြိုကွဲနိုင်တယ် ဆိုတာကို လှစ်ဟပြသလိုက်တာပါပဲ။ အာဏာမသိမ်းခင်က စစ်တပ်အင်အားကို ၃၅၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အဲဒီ ကိန်းဂဏန်းဟာ ပိုတွက်ထားတာလို့ စစ်ရေးလေ့လာသူတွေက ပြောကြတယ်။ တကယ် တိုက်ခိုက်နိုင်တဲ့ အင်အားက ၁၀၀,၀၀၀ ကျော်လောက်ပဲရှိမယ်လို့လည်း ဆိုတယ်။
လက်နက်အင်အား လူအင်အားသာပေမယ့် စစ်တပ်ဟာ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ ပူးပေါင်းထိုးစစ်တွေကို မခုခံနိုင်တဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒါဟာ အဓိက စစ်ကောင်စီ တပ်တွေ စိတ်ဓာတ်ပျက်ပြား ကျဆင်းနေလို့ ဖြစ်တယ်။
ရှမ်းမြောက်က “၁၀၂၇ စစ်ဆင်ရေး” နဲ့ ကရင်နီဖက်က “၁၁၁၁ စစ်ဆင်ရေး” တွေဟာ စစ်တပ်ရဲ့ စွမ်းရည်ကို သွေးတိုးစမ်းလိုက်တဲ့ စစ်ပွဲတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီစစ်ဆင်ရေးတွေက ရလိုက်တဲ့ အောင်မြင်မှုတွေဟာ ပြည်သူအများစုအတွက် အရင်ကမကြုံစဖူးမို့ “အံ့မခန်း” အောင်မြင်မှု လို့တောင် ပြောလို့ရပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ စစ်တပ်အပေါ် ပြည်သူ့ရဲ့ ဒေါသနဲ့ အမုန်းတရားပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာပေးခဲ့တဲ့ သူတို့ရဲ့ဆန္ဒမဲတွေကို ပစ်ပယ် ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တဲ့ အပေါ်မှာ ထွက်ခဲ့တဲ့ ပြည်သူ့ဒေါသတွေပေါ့။ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုတွေဟာ စစ်တပ်ကို ပြည်သူတွေက စက်ဆုတ်မုန်းတီး နေတာကို ပြသလိုက်တာပါ။ မြန်မာပြည်သူတွေက စစ်တပ်ကို “တပ်မတော်” လို့မခေါ်တော့ဘဲ “စစ်ခွေး” လို့ခေါ်တဲ့အထိ ရွံရှာမုန်းတီး သွားခဲ့ပြီ။ လူထုထောက်ခံမှုမရှိရင် စစ်တပ် ဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ မရှင်သန်နိုင်ပါဘူး။
ရှမ်းမြောက်က “၁၀၂၇ စစ်ဆင်ရေး” နဲ့ ကရင်နီဖက်က “၁၁၁၁ စစ်ဆင်ရေး” တွေဟာ စစ်တပ်ရဲ့ စွမ်းရည်ကို သွေးတိုးစမ်းလိုက်တဲ့ စစ်ပွဲတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီစစ်ဆင်ရေးတွေက ရလိုက်တဲ့ အောင်မြင်မှုတွေဟာ ပြည်သူအများစုအတွက် အရင်ကမကြုံစဖူးမို့ “အံ့မခန်း” အောင်မြင်မှု လို့တောင် ပြောလို့ရပါတယ်။
ဒါပေမယ့် ဝါရင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အပါအဝင် လေ့လာသုံးသပ်သူ အများစုကတော့ သမိုင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုကြည့်ပြီး အခုလောက် အောင်မြင်နိုင်မယ်လို့ မထင်ခဲ့ကြဘူး။
သူတို့အတွက် အခုလို အခြေအနေမျိုးကို စဉ်းစားမိမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ သုံးသပ်ချက်က မြန်မာ ပြည်သူတွေရဲ့ အမြင်နဲ့ လုံးဝ ကွဲပြားနေပါတယ်။ ပြည်သူတွေကတော့ သူတို့လို သရုပ်ခွဲ သုံးသပ်မနေဘဲ စစ်တပ်ကို ချေမှုန်း(နိုင်)ရမယ်လို့ ရိုးရိုးရှင်းရှင်း ယုံကြည်ကြတယ်။ ဒီလို ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ခံစားချက်တွေက သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ တွန်းအားတွေပါပဲ။ လေ့လာ သုံးသပ်သူတွေကတော့ ဒီမမြင်ရတဲ့ စိတ်ဓာတ် အင်အားတွေကို ထည့်စဉ်းစားပုံ မရပါဘူး။
လောက်လေးခွမှ ဒရုန်းသို့
ဒီစိတ်ဓာတ်ခွန်အားနဲ့ ယုံကြည်မှုတွေဟာ အောင်ပွဲတွေ ရနိုင်တယ်ဆိုတာကို မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေက သက်သေပြခဲ့ပြီးပါပြီ။ မကြာသေးခင်က စစ်ကောင်စီတပ်တွေရဲ့ ရှုံးနိမ့်မှုတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ လူငယ်တွေ တီထွင်ဖန်တီးခဲ့တဲ့ လောက်လေးခွကြီးတွေ၊ ပလပ်စတစ် ရေပိုက်ပြာတွေနဲ့ လုပ်ထားတဲ့ လေသေနတ်တွေ၊ ဝါးနဲ့လုပ်ထားတဲ့ လေးတွေမြားတွေ၊ ဒိုင်းကာတွေနဲ့ စခဲ့တယ်ဆိုတာ ကျနော်တို့ မမေ့သင့်ပါဘူး။ ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဆန္ဒပြသူတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာကို ခုခံကာကွယ်ဖို့ အဲဒီလက်လုပ် လက်နက်ကိရိယာတွေကို သုံးခဲ့ကြတယ်။ အဲဒီလို ကာကွယ်ရင်းနဲ့ ကျဆုံးသွားတဲ့သူတွေ အများအပြားရှိပေမယ့် လူငယ်တွေက အရှုံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြတယ်။
လူငယ် တော်လှန်ရေးသမားတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ အပါအဝင် နိုင်ငံတဝှမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ဖွဲ့စည်းခဲ့ကြတယ်။ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ အနက် အများအပြားဟာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ အတူ တသားတည်း ရပ်တည်မယ်ဆိုတဲ့ သူတို့ရဲ့ နိုင်ငံရေးရပ်တည်မှုကို ဖေါ်ပြခဲ့ကြတယ်။ သူတို့တွေက PDF တွေကို လေ့ကျင့် လက်နက်တပ်ဆင်ပေးပြီး စစ်ကောင်စီတပ်တွေကို PDF တွေနဲ့အတူ တိုက်ခိုက်နေတာ ၂ နှစ်ကျော်ခဲ့ပါပြီ။
ဒါဟာ စစ်ကောင်စီကို လက်ရှိတိုက်ခိုက်နေတဲ့ ပူးပေါင်းထိုးစစ်တွေရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေဟာ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက အပြစ်မဲ့ကလေးငယ်တွေအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်သတ်ပြီး မြန်မာနိုင်ငံကို လူသတ်ကွင်းအဖြစ် ပြောင်းလဲခဲ့လို့ ပေါ်ပေါက်လာရတဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီဟာ လူပေါင်း ၄၂၆၈ ဦးကိုသတ်ခဲ့ပြီး ၂၅၀၀၀ ကျော်ကို ဖမ်းဆီးထားကာ အိမ်ပေါင်း ၇၇၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့လို့ ကလေး အပါအဝင် အရပ်သား ၆၈၇ ဦးကို သေဆုံးခဲ့ပါတယ်။ အခုလည်း လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူပေါင်း ၂ သန်း ၆ သိန်း ကျော်နေပါပြီ။
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ကြံရာပါတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုတွေကို အထင်သေးခဲ့ပြီး ပညာရှင်တွေကတော့ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တွန်းလှန်နိုင်စွမ်းကို အကဲဖြတ် မှားခဲ့ကြတယ်။
ပြည်သူတရပ်လုံးကို ပစ်မှတ်ထား သတ်ဖြတ် ဖျက်ဆီးမှုတွေကို ၃ နှစ်နီးပါး ခံရပြီးနောက်မှာ မြန်မာပြည်သူအများစုဟာ စစ်တပ်ကို လက်နက်ကိုင် တိုက်နေတဲ့ လူငယ်တွေကို ပိုပြီး ထောက်ခံ အားပေးလာကြတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အနုပညာမြောက်တဲ့ street performance တွေအပါအဝင် ပုံစံမျိုးစုံနဲ့ အကြမ်းမဖက် ဆန္ဒပြပွဲတွေဟာ အင်အားကြီးတဲ့ စစ်တပ်ကို ဆန့်ကျင်တွန်းလှန်လာမယ့် လက်နက်ကိုင်တော်လှန်ရေး အသွင်ကို ပြောင်းလဲလာမယ်လို့ ဘယ်ပညာရှင်ကမှ မမှန်းဆနိုင်ခဲ့ပါဘူး။ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ကြံရာပါတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုတွေကို အထင်သေးခဲ့ပြီး ပညာရှင်တွေကတော့ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တွန်းလှန်နိုင်စွမ်းကို အကဲဖြတ် မှားခဲ့ကြတယ်။
နိုင်ငံတဝှမ်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တနှစ်အတွင်း နှိမ်နင်းနိုင်မယ်လို့ မင်းအောင်လှိုင်အပါအဝင် ဗိုလ်ချုပ်တွေက ထင်ထားခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တယောက်ကို အလွတ်သဘောပြောခဲ့ဖူးတယ်။ အခုတော့ သူတို့ထင်တဲ့အတိုင်း လုံးဝမဟုတ်ဘူး ဆိုတာကို ကောင်းကောင်း သဘောပေါက်နေလောက်ပြီ။ တချိန်က သူတို့အထင်သေးခဲ့တဲ့ လူငယ်တွေဟာ စစ်တပ်ကို မြေပြင်မှာ ယှဉ်တိုက်ရုံမက သူတို့ တီထွင်ဖန်တီးထားတဲ့ ဒရုန်းတွေနဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါပြီ။ ဒရုန်းတွေကြောင့် အကြီးအကျယ် အထိနာခဲ့ရတယ်ဆိုတာကို မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့ရပါတယ်။
အော်ဂဲနစ် တော်လှန်ရေး
စစ်အာဏာရှင် ဆန့်ကျင်ရေး၊ တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးဟာ ဒီအဆင့်ကို ကိုယ့်အားကိုယ်ကိုးပြီး ရောက်လာတယ်ဆိုတာကို ကျနော်တို့ လုံးဝ လျစ်လျူ မရှုသင့်ပါဘူး။ အော်ဂဲနစ် တော်လှန်ရေး စစ်စစ် လို့ဆိုရမှာပါ။ နိုင်ငံတကာဆီကနေ ဘာအကူအညီမှ မရဘဲ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေရဲ့ အထောက်အပံ့နဲ့ ရှင်သန်နေတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ သူတို့တွေဟာ တော်လှန်ရေး စတင်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေကို ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့တယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ လက်နက်ကိုင် တော်လှန်ခြင်းဟာ တိုင်းပြည်ပြိုကွဲသွားစေနိုင်တယ်လို့ စိုးရိမ်ပူပန်ကြောင်းသာ ထပ်ခါထပ်ခါပြောပြီး ဘာမှ မထောက်ပံ့ခဲ့ကြပါဘူး။ တကယ်တော့ မြန်မာပြည်သူတွေရဲ့ အန္တိမရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ဖြစ်တယ်ဆိုတာကို ကမ္ဘာက နားမလည်လို့ပါဘဲ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအပါအဝင် ဆန္ဒပြသူ အများစုက “သေရမှာထက် စစ်အာဏာရှင်စနစ် အောက်မှာ နေရတာကို ပိုကြောက်တယ်” ဆိုတဲ့ ခံစားချက်တွေကို ဖေါ်ထုတ်ခဲ့ပါတယ်။ အဲဒီ စိတ်ဓာတ်ခံယူချက်ဟာ တော်လှန်ရေး ၃ နှစ်နီးပါး ကြာတဲ့အချိန်အထိ ခိုင်မာပြင်းထန်နေဆဲ ဆိုတာတွေ့နေရပါတယ်။
ပြည်သူတွေရဲ့ ခိုင်မာပြတ်သားမှု၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား (အတိုင်းအတာတခုအထိ) ပူးပေါင်းဆောင်ရွက်မှုတွေနဲ့တင် အောင်မြင်မှုတွေရတယ်ဆိုတာ သက်သေပြခဲ့ပါပြီ။ စစ်တပ်အပေါ် အခုရရှိတဲ့ အောင်ပွဲတွေအားလုံးဟာ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ ပြတ်သားတဲ့ စွန့်လွှတ် အနစ်နာခံမှုတွေရဲ့ ရလဒ်တွေသာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှန်ကို နားလည်ဖို့ဆိုရင် စစ်တပ်ဟာ နိုင်ငံကို ထိန်းချုပ်ထားပြီး စစ်မြေပြင်မှာ အောင်ပွဲတွေရနေတယ်ဆိုတဲ့ လွဲမှားတဲ့ အမြင်တွေကို စွန့်ပစ်ရမှာဖြစ်ပါတယ်။ အမှန်တရားက အာဏာသိမ်းပြီး ၃ နှစ်ခန့် အကြာမှာ စစ်ကောင်စီရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးဟာ ဘာမှ မလည်ပတ်နိုင်တဲ့အပြင် မြို့တွေ စစ်စခန်းတွေကိုလည်း လက်လွတ် ဆုံးရှုံးနေရပါတယ်။
ပကတိအခြေအနေကတော့ စစ်ကောင်စီဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဝိုင်းထားတာကို ခံနေရပြီး သူ့ရဲ့တပ်တွေဟာလည်း တိုင်းပြည်တဝန်း နေရာတိုင်းလိုလိုမှာ တော်လှန်ရေးအင်အားစုများရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။ တိတိကျကျ ပြောရရင် လက်တဆုပ်စာသာရှိတဲ့ ဗိုလ်ချုပ်တွေနဲ့ အလိုတော်ရိတွေဟာ ပြည်သူ ၅၅ သန်းရဲ့ အဝိုင်းခံနေကြရတယ်။ သူတို့ကို ဝိုင်းထားတဲ့ သူတွေအထဲမှာ အိမ်ရှင်မတွေ၊ သက်ကြီးရွယ်အိုတွေ အပြင် လူငယ်တွေသာမက ကလေးတွေတောင် ပါကြပါတယ်။ တိုင်းရင်းသားလူမျိုးစု အကြီး၊ အငယ် အစုံလည်းပါတယ်။ အလားတူ စစ်တပ်တပ်ရင်းတွေ၊ ရဲတွေ၊ အခြား လက်ဝေခံတပ်တွေဟာလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်တာခံနေရပြီး လက်နက်ချ ထွက်ပြေးနေရတဲ့ အဆင့်ကို ရောက်နေပါပြီ။
ပကတိအခြေအနေကတော့ စစ်ကောင်စီဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဝိုင်းထားတာကို ခံနေရပြီး သူ့ရဲ့တပ်တွေဟာလည်း တိုင်းပြည်တဝန်း နေရာတိုင်းလိုလိုမှာ တော်လှန်ရေးအင်အားစုများရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။
အခု ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့စစ်ပွဲဟာ ဖက်ဆစ်ဝင်ရိုးစွန်းတန်း နိုင်ငံတွေဖြစ်တဲ့ နာဇီ ဂျာမဏီ၊ ဖက်ဆစ် အီတလီနဲ့ နယ်ချဲ့ ဂျပန်တို့ကို တန်ပြန်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ ဒုတိယကမ္ဘာစစ်လိုမျိုး ရှောင်လွှဲလို့မရတဲ့ စစ်ပွဲ ဆိုတာကို ကမ္ဘာက နားလည်နိုင်ပုံ မရပါဘူး။ အခု ၃ နှစ်နီးပါး ကြာနေပြီဖြစ်တဲ့ စစ်ပွဲကို စတင်သူကတော့ မင်းအောင်လှိုင်နဲ့ သူ့စစ်ကောင်စီပါပဲ။ သူတို့ရဲ့ အာဏာသိမ်းမှုကြောင့် ဒီစစ်ပွဲ စခဲ့ရတာပါ။ မြန်မာပြည်သူတွေအတွက် ဒီစစ်ပွဲဟာ စစ်ပွဲတွေအားလုံးကို အဆုံးသတ်ဖို့ မဖြစ်မနေ ဆင်နွှဲရတဲ့ စစ်ပွဲပါ။
စစ်အစိုးရအဆက်ဆက် ရွေးကောက်ပွဲ ရလဒ်တွေကို ဖျက်သိမ်းပြီး ဒီမိုကရေစီပါတီတွေကို ဖိနှိပ်တဲ့ စစ်၊ တိုင်းရင်းသားတွေကို အနိုင်ကျင့်တဲ့ စစ်၊ စစ်တပ်အကျိုးစီးပွား တခုတည်းအတွက် နိုင်ငံရဲ့ သယံဇာတတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်တဲ့ လောဘ စစ် စတဲ့ စစ်ပွဲတွေ အားလုံးကို အဆုံးသတ်ဖို့ တိုက်ရတဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲတွေဟာ စစ်တပ်က သူ့အကျိုးအတွက် အရင်တုန်းကလည်း တိုက်ခဲ့၊ အခုလည်း တိုက်နေဆဲနဲ့ နောင်လည်း ဆက်တိုက်နေမယ့် စစ်ပွဲတွေ ဖြစ်လို့မို့ပါ။
မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို သေသေချာချာ နားလည်ရင်၊ လက်ရှိ ပြည်သူက စစ်တပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် တော်လှန်နေတဲ့ အတိုင်းအတာကို ကောင်းကောင်းနားလည်ရင်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ထောင်ဖို့ အတွက် ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို နားလည်မယ်ဆိုရင် အခု စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ စစ်ပွဲဟာ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုတာကို ဘယ်သူမဆို သုံးသပ်နိုင်ရုံသာမက မှန်းဆ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အခုစစ်ပွဲက ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက်ဖြစ်ပွားနေမှာ သံသယဖြစ်စရာ မလိုပါဘူး။ အံ့မခန်း အပြောင်းအလဲ ကြီးကြီးမားမားလည်း ဖြစ်မလာလောက်ပါဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အမှောင်မိုက်ဆုံးကာလတွေကို အဆုံးသတ်ပြီး နိုင်ငံသားတိုင်း တောင့်တနေခဲ့တဲ့ လွတ်လပ်မှုနဲ့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနဲ့ သာယာဝပြောမှု၊ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်မှုတွေ ရှိနေမယ့် နိုင်ငံသစ်အတွက် အရုဏ်သစ်ကို ကျနော်တို့ မျှော်လင့်နိုင်မှာပါ။
တရားမျှတမှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေ မုချအောင်မြင်ရမှာပါ။
You may also like these stories:
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ
စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး
မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃
TNLA နှင့် တအာင်းပြည်နယ် ပေါ်ထွန်းရေး အလားအလာ