ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီသည် တနိုင်ငံလုံးမှ မြို့ကြီးများတွင် ညမထွက်ရအမိန့်ကို လျှော့ချလိုက်သည်။ တိုးတက်လာသော လုံခြုံရေးကြောင့်ဟုဆိုကာ စစ်ကောင်စီက ရန်ကုန်တွင် ညမထွက်ရ အချိန်ကို လျှော့ချပေးပြီး မန္တလေးနှင့် အခြားမြို့ အနည်းငယ်တွင် ညမထွက်ရအမိန့်ကို လုံးဝ ရုတ်သိမ်းသည်။
ထိုသို့ ဖြေလျှော့ခြင်းသည် ပြိုလဲတော့မည့် စီးပွားရေးကို ပြန်လည် အသက်ဆက်ရန်နှင့် ပဋိပက္ခ သုံးနှစ်နီးပါး ကြာသောအခါ ပုံမှန်အခြေအနေ ပြန်ရောက်သည့် ပုံစံမျိုးဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။ သို့သော် စစ်နှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် လမ်းမများမှ အမျိုးသားများကို ဖမ်းဆီးကာ ပေါ်တာဆွဲ သို့မဟုတ် အင်အား မလုံလောက်သော စစ်တပ်တွင်းသို့ အတင်းအကျပ် လူသစ်စုဆောင်းနေသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့နေသောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးများတွင် ပြန်လည် ပေါ်ပေါက်လာသော ညဘက်သွားလာမှု ရုတ်တရက် ကျဆင်းသွားသည်။
ဆယ်ကျော်သက်အရွယ်များနှင့် အမျိုးသားများ ပျောက်ဆုံးသည့် သတင်းများသည် စစ်ကောင်စီ၏ ညဘက် ကင်းလှည့်သူများက အတင်းအကျပ် စစ်သားစုဆောင်းသည့် သတင်းများနှင့် ပတ်သက်နေသည်ဟု မိသားစုများက ပြောသည်။ ထို ကောလာဟလကို စစ်ကောင်စီက ငြင်းဆိုသော်လည်း ထိုငြင်းဆိုချက်သည် လှောင်ပြောင်စရာ ဖြစ်လာသည်။
မည်သို့ဆိုစေ မြန်မာစစ်တပ်သည် ကျေးလက်နှင့် မြို့ပြလူမှု အသိုက်အဝန်းများမှသာမက အကျဉ်းသားများနှင့် ကလေးငယ်များကိုပါ လူသစ်စုဆောင်းသည့် စွပ်စွဲချက်များနှင့် သတင်းများ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည်။ နိုင်ငံအစွန်အဖျားဒေသများမှ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်းများသည် စစ်တပ်က အညှာတာကင်းမဲ့သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးလုပ်တိုင်း ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် လူသားမိုင်းရှာကိရိယာအဖြစ် အသုံးပြုခြင်း၏ ပစ်မှတ်ဖြစ်နေသည်။ ပေါ်တာဆွဲခံရသူများသည် ကြေကွဲစရာနိဂုံး သို့မဟုတ် သတ်ဖြတ်ခံရခြင်း၊ စစ်မြေပြင်တွင် သေဆုံးအောင် ပြုလုပ်ခံရခြင်းများနှင့် ရင်ဆိုင်ရသည်။
မြန်မာစစ်တပ်သည် ကျေးလက်နှင့် မြို့ပြလူမှု အသိုက်အဝန်းများမှသာမက အကျဉ်းသားများနှင့် ကလေးငယ်များကိုပါ လူသစ်စုဆောင်းသည့် စွပ်စွဲချက်များနှင့် သတင်းများ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိခိုက်သေဆုံးမှု၊ ဘက်ပြောင်းမှု များပြားလာသောကြောင့် စစ်ပန်းနေသော စစ်တပ်သည် ထိုသို့သော နည်းလမ်းများဖြင့် လူသစ်စုဆောင်းသည်ဟု ယူဆကြသည်။ တနိုင်ငံလုံးတွင် လက်နက်ကိုင် ပုန်ကန်မှု များပြားလာခြင်းနှင့်အတူ စစ်တပ်သည် လက်ဝေခံ သို့မဟုတ် မဟာမိတ် ပြည်သူ့စစ်များကို အသုံးပြုနေရပြီး စစ်သားမယားများနှင့်ကလေးများကို အသုံးပြုသည့် အလေ့အထကို မှီခိုအားထားလာရသည်။ တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်ဒေသသို့ ဘက်ပြောင်းလာသည့် စစ်သားအချို့ကလည်း ၎င်းတို့သည် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများဖြစ်ကြောင်း ပြောကြသည်။
စစ်တပ်က စီမံအုပ်ချုပ်သည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသားများ စစ်သင်တန်းတက်ရခြင်း၊ ဒေသအလိုက် ထောက်ခံသူများနှင့် စစ်သားမိသားစုများမှ လူသစ်စုဆောင်းသည့် ခွဲတမ်းချ ဖိအားပေးခြင်း စသည့် အလေ့အထများကို တော်လှန်ရေးလိုလားသော သတင်းဌာနများက ဖော်ပြကြသည်။
လူငယ်များနှင့် အမျိုးသားများရှိသော မိသားစုများသည် ၂၀၁၀ ခုနှစ် စစ်မှုမထမ်းမနေရ ဥပဒေကို စစ်တပ်က အကောင်အထည်ဖော်မည်ကို စိုးရိမ်ကြသော်လည်း ထိုသို့လုပ်ခြင်းသည် လက်နက်ကိုင်တော်လှန်မှု ဖြစ်နေသော နေရာများမှ သာမန်ပြည်သူများကို စစ်သင်တန်းပေးသလို ဖြစ်နေသောကြောင့် ဖြစ်နိုင်ခြေနည်းသည်။
EAO များလည်း အတင်းအကျပ် လူသစ်စု
၁၀၂၇ စစ်ဆင်ရေးကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့သည်လည်း အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ ထပ်မံ စွပ်စွဲခံရသည်။ ထိုးစစ်နောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ခိုက်မှုများကို ဦးဆောင်သည့် ကိုးကန့် EAO ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကို စွပ်စွဲမှု အများအပြား ပြုလုပ်ကြသည်။
ထိုအဖွဲ့သည် ဒုက္ခသည်စခန်းများနှင့် ထွက်ပြေးလာသည့် ယာဉ်တန်းများမှ အမျိုးသားများကို အတင်းအကျပ် ခေါ်ဆောင်ခြင်း၊ ဒေသခံ လူမှုအသိုက်အဝန်းများမှ လူအင်အားခွဲတမ်း တောင်းခံခြင်း စသည်တို့ လုပ်ကြောင်း မှတ်တမ်းများ ရှိနေသည်။
မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မသိရသော်လည်း ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းရာတွင် ဗမာလူမျိုးစုများကို ဖယ်ထုတ်ထားသည်။ ထိုအဖွဲ့သည် အသက် ၁၀ အထိ ငယ်သည့် ယောကျ်ားလေးများကို စစ်သားစုဆောင်းသည်ဆိုသည့် အလားတူစွပ်စွဲချက်များ ၂၀၂၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး MNDAA သည် ထိုသို့သော ဖြစ်ရပ်များကို တိုင်ကြားသူများ သို့မဟုတ် အတင်းအကျပ် စစ်သားစုဆောင်းခံရပြီး ထွက်ပြေးသူများကို ပစ်မှတ်ထားသည်ဟု ဒေသခံများက ပြောသည်။
MNDAA အဖွဲ့သည် ဒုက္ခသည်စခန်းများနှင့် ထွက်ပြေးလာသည့် ယာဉ်တန်းများမှ အမျိုးသားများကို အတင်းအကျပ် ခေါ်ဆောင်ခြင်း၊ ဒေသခံ လူမှုအသိုက်အဝန်းများမှ လူအင်အားခွဲတမ်း တောင်းခံခြင်း စသည်တို့ လုပ်ကြောင်း မှတ်တမ်းများ ရှိနေသည်။
ထိုသို့သော ကိစ္စများနှင့် ရင်ဆိုင်ရသောအခါ MNDAA ပြောခွင့်ရသူက ထိုအလေ့အထသည် ဥပဒေနှင့် ညီကြောင်း ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ကလေးစစ်သား စုဆောင်းခြင်းသည် ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်စသည့် မြန်မာမှ ပဋိပက္ခဖြစ်ပွားနေသော သို့မဟုတ် စစ်ဖြစ်နေသော ဒေသများတွင် ဘဝ၏ ကြေကွဲစရာ အဖြစ်မှန်ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းသည် ထိုသို့သော စွပ်စွဲချက်များနှင့် ရင်ဆိုင်ရပြီး အဖွဲ့အစည်းအချို့သည် အနာဂတ်မျိုးဆက်သစ် စစ်သားစုဆောင်းရေးအတွက် ပဋိသန္ဓေတားခြင်းနှင့် မိသားစု စီမံကိန်းများကို ပိတ်ပင်ထားသည်အထိ လုပ်ကြသည်။
EAOs များက ၎င်းတို့စစ်သားများသည် ဆန္ဒအလျောက် စစ်မှုထမ်းသူများဖြစ်သည်၊ ၎င်းတို့၏ စစ်သားစုဆောင်းခြင်းသည် မျှတသည်ဟု ပြောကြသော်လည်း ဒေသခံနှင့် ပြင်ပ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဆယ်စုနှစ်ပေါင်းများစွာ ပြောကြားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အာဏာမသိမ်းမီက ပြည်တွင်းမှ လွတ်လပ်သော သတင်းမီဒီယာများကလည်း ထိုပြဿနာကို ပုံမှန် သတင်းတင်ပြနေပြီး မကြာခဏဆိုသလို လူမျိုးစုအလိုက် စွပ်စွဲမှုများ ပြုလုပ်ကြသည်။
၎င်းတို့ လူမျိုးစုကဖြစ်စေ အခြား EAOs များကဖြစ်စေ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားရန် တအာင်း၊ ပအိုဝ်း၊ ရှမ်းနှင့် ဝ ကလေးငယ်များကို ရန်ကုန်၊ မန္တလေးနှင့် လားရှိုးတွင် ရှင်သာမဏေ ဝတ်ပေးခြင်း၊ သီလရှင်ဝတ်ပေးခြင်း သို့မဟုတ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ကျောင်းအိပ်ကျောင်းစား ထားခြင်းတို့ ပြုလုပ်ကြသည်။ အချို့မှာ အိမ်အကူအဖြစ် လုပ်ကိုင်ကြသည်။
လူမျိုးစု လူနည်းစု လူမှုအသိုက်အဝန်းများသည် အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းကို ရှောင်ရှားရန် စစ်မှုထမ်းအရွယ်များ သေဆုံးသည်ဟု လိမ်လည်ခြင်း သို့မဟုတ် ထိုင်းနှင့်တရုတ်သို့ စေလွှတ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုကြသည်။ သို့သော် မိသားစုများထံမှ သန်စွမ်းသော ယောကျ်ားလေးများ မရပါက မိန်းကလေးများကို စစ်သားစုဆောင်းခြင်း သို့မဟုတ် ငွေကြေးကောက်ခံခြင်းတို့ကို အချို့ EAOs များက ပြုလုပ်သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့မှ အခြားအဖွဲ့ဝင်ဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည်လည်း ၎င်းတို့လူမျိုးစု လူမှုအသိုက်အဝန်းများမှဖြစ်စေ၊ ရှမ်းပြည်မြောက်ပိုင်းမှ ကချင်နှင့် ရှမ်းကျေးရွာများမှဖြစ်စေ အတင်းအကျပ် စစ်သားစုဆောင်းသည်ဟု ကျော်ကြားသည်။
ထိုအဖွဲ့သည် ကလေးများကို အတင်းအကျပ် စစ်သားစုဆောင်းခြင်း၊ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မလိုက်နာသူများကို သတ်ဖြတ်ခြင်း သို့မဟုတ် ငွေညှစ်ခြင်းနှင့် ၎င်းတို့စစ်သားများ၏ မိသားစုဝင်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသည်။ ရှမ်းပြည်နယ်မှ အခြား EAO များနှင့် စစ်ကောင်စီမဟာမိတ် ပြည်သူ့စစ်များသည်လည်း ထိုသို့စွပ်စွဲခံရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
မိသားစုများထံမှ သန်စွမ်းသော ယောကျ်ားလေးများ မရပါက မိန်းကလေးများကို စစ်သားစုဆောင်းခြင်း သို့မဟုတ် ငွေကြေးကောက်ခံခြင်းတို့ကို အချို့ EAOs များက ပြုလုပ်သည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အချို့အစိတ်အပိုင်းများတွင် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) သည် ဒေသခံများကို ပေါ်တာဆွဲခြင်းနှင့် ပေါ်တာဆွဲခံရသူများကို လူစားထိုးခွင့်ပေးခြင်း ပြုလုပ်သည်ဟု ချင်းကျေးရွာသားများက ပြောသည်။ ထိုအဖွဲ့သည် ချင်း လူမှုအသိုက်အဝန်းများကို အတင်းအကျပ် စစ်သင်တန်းတက်စေခြင်းနှင့် ငွေပေးချေခိုင်းခြင်း ပြုလုပ်သည်ဟု စွပ်စွဲခံရသည်။ ချင်းလူမှုအသိုက်အဝန်းများကို စစ်တပ်နှင့် AA က ပေါ်တာဆွဲခြင်း၊ ၎င်းတို့၏ မလုံလောက်သော စားနပ်ရိက္ခာအတွက် အတင်းအကျပ် ထည့်ဝင်စေခြင်းတို့ ပြုလုပ်ခံရသည်ဟု သတင်းများတွင် ဖော်ပြသည်။
ဝါဒဖြန့်သတင်းဌာနအဖြစ် ကူးပြောင်းပြီး တော်လှန်ရေး သတင်းစာမျက်နှာ အများစုသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်း သို့မဟုတ် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီ ဆန့်ကျင်သော အခြားအုပ်စုများအပေါ် အခြားစွပ်စွဲချက်များကို သတင်းဖော်ပြခြင်းမှ လက်ရှောင်လာကြသည်။ တိုင်းရင်းသား သတင်းများတွင်မူ ထိုကိစ္စကို အာရုံစိုက်ပြီး အထူးသဖြင့် ၎င်းတို့လူမှုအသိုက်အဝန်းများ ပစ်မှတ်ထားခံရသောအခါ ထိုပြဿနာကို အာရုံစိုက်ကြသည်။
ထို့ကြောင့် ပဋိပက္ခနယ်မြေများမှ ဝေးသောနေရာများတွင် သက်သောင့်သက်သာ နေထိုင်ရသော အင်တာနက် အသုံးပြုသူများက MNDAA အပေါ် နောက်ဆုံးစွပ်စွဲချက်များကို စစ်တပ်က သတင်းမှားဖြန့်ခြင်း သို့မဟုတ် အရေးမပါသောကိစ္စအဖြစ် ပယ်ချကြသည်။ အချို့က စာနာခြင်း မရှိကြဘဲ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ၎င်းတို့ လူများပါဝင်ခွင့်ရခြင်းကို အခွင့်ထူးအဖြစ် သတ်မှတ်ရန် သို့မဟုတ် တော်လှန်ရေးကို အားမပေးသည့် သတင်းများကို မဖော်ပြရန် ဒေသခံများကို တိုက်တွန်းကြသည်။
မကြာသေးမီက စွပ်စွဲချက်များကြောင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အတိုင်းအတာသည် အခြားဆန့်ကျင်ဘက် အဖွဲ့များကို စွပ်စွဲသည်ထက် ပိုမိုများပြားသည်ဆိုသည့် အချက်ကို ပြောင်းလဲနိုင်ခြင်း မရှိပေ။
သို့သော် EAO များနှင့်ပတ်သက်သည့် သတင်းများကြောင့် မြန်မာနိုင်ငံမှ ပြင်းထန်လာသည့် ပြည်တွင်းစစ်တွင် ဖုံးကွယ်ထားမှုများ ရှိနေသည်ဆိုသည့်အချက်နှင့် စိတ်မသက်သာဖွယ် အမှန်တရားသည် တိုက်ပွဲပြင်းထန်လာသောအခါ ထွက်ပေါ်လာမည်ဆိုသည်ကို အလေးအနက် သဘောပေါက်သင့်သည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ၏ ဆုံးရှုံးမှုများကို လူအများစုက ဝမ်းမြောက်ကြသော်လည်း MNDAA နှင့် TNLA တို့က ၎င်းတို့အောင်ပွဲများကို ခိုင်မာအောင် လုပ်ဆောင်နေချိန်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ လူမှုအသိုက်အဝန်းများမှ လွန်စွာကွဲပြားခြားနားသည့် အသံတခု ထွက်ပေါ်လာနေသည်။
တိုင်းရင်းသားတပ်ဖွဲ့များနှင့် ရန်သူကို အတူတကွ တိုက်နေသော်လည်း တန်ဖိုးထားမှုက အတူတကွ ဖြစ်မနေဆိုသည်ကို တော်လှန်ရေးအတွင်းမှ တိုးတက်သောအင်အားစုများကလည်း နာနာကြင်ကြင် လက်ခံသဘောပေါက်လာနေသည်။ ဖယ်ဒရယ်ဒီမိုကရေစီအတွက် မြန်မာနိုင်ငံ၏ ရေရှည်တိုက်ပွဲသည် စစ်တပ်ကို ချေမှုန်းခြင်းအပြင် အမျိုးမျိုးသော အခက်အခဲ အတားအဆီးများကို ရင်ဆိုင်နေရကြောင်း သဘောပေါက်လာကြပြီ ဖြစ်သည်။
(The Diplomat ပါ Naw Theresa ၏ Myanmar Ethnic Armed Groups Draw Allegations of Forced Recruitment ကို ဘာသာပြန်သည်။ )
စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ
နောင်ချိုမြို့နယ်အတွင်း SSPP လူသစ်စုဆောင်းနေ
လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး
အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းဖြင့် ထိခိုက်သေဆုံးမှုမြင့်တက်
ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ