လူတွေနဲ့ တခြားသတ္တလောကထဲက တိရိစ္ဆာန်များအကြားမှာ နားအကြားအာရုံစွမ်းရည် ရှိပုံခြင်း မတူဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် ခွေးနဲ့ကြောင်တွေပဲ ကြားနိုင်တဲ့ အမြင့်သံ (high pitch) တချို့ကို လူတွေအနေနဲ့ ကြားနိုင်ခြင်း မရှိဘူးလို့ ဆိုကြပါတယ်။ အဲဒီတော့ ခွေးခေါ်ဝီစီ (Dog Whistle) ဟာ ခွေးတွေပဲကြားနိုင်တဲ့ အသံကြိမ်နှုန်းတချို့ ထွက်အောင်လုပ်ပြီး ခွေးများကို အမိန့်ပေးတာ၊ လမ်းညွှန်တာ လုပ်လို့ရတဲ့ကိရိယာတမျိုးပဲ ဖြစ်ပါတယ်။
များမကြာမီ နှစ်တွေအတွင်းမှာ နိုင်ငံရေးစည်းရုံးမှု (political mobilization) နည်းနာတွေမှာ ဒီခွေးခေါ်ဝီစီကို ဥပမာပေး အသုံးပြုလာတာ ရှိပါတယ်။ လူထုကြားမှာ နိုင်ငံရေးမဲဆွယ်စည်းရုံးရေးနဲ့ မူဝါဒရေးရာ ဆွေးနွေးမှုတွေ ပြုလုပ်ကြရာမှာ နိုင်ငံရေးသမားတွေ၊ မင်းဆရာတွေနဲ့ နိုင်ငံရေးအခါတော်ပေး ပုရောဟိတ်တွေအနေနဲ့ ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမပြုဘဲ ဝေဝါးထွေပြားတဲ့ စကားလုံး အသုံးအနှုန်းအချို့ကို အသုံးပြုတာမျိုး၊ အကာအကွယ်ယူတာမျိုးတွေ ပြုလုပ်လာကြပါတယ်။ မူအားဖြင့် မှန်ကန်မှုရှိပေမဲ့ အဓိပ္ပာယ်ကတော့ အဖြောင့်အတိုင်း မှတ်ယူလို့မရတဲ့ ပြောဆိုဆွေးနွေးမှုတွေကို ဆိုလိုတာဖြစ်ပါတယ်။
ဒီလို ဝေဝေဝါးဝါး ပြောဆိုမှုတွေကနေတဆင့် ကိုယ်ပြောတာကို နားလည်မယ့်လူတွေကို စည်းရုံးနိုင်ရုံတင်မက အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ခြင်းမရှိဘဲ နားယောင်လိုက်ပါလာမယ့် လူအုပ်ကိုလည်း ကိုယ့်သြဇာအောက် ဆွဲသွင်းနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ ခွေးခေါ်ဝီစီ နိုင်ငံရေး (Dog Whistle Politics) စတိုင် ပြောဆိုမှုတွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး တရှိန်ထိုး မြင့်တက်လာတယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် အမေရိကန် ကွန်ဆားဗေးတစ် နိုင်ငံရေးသမားတွေရဲ့ “မိသားစုတန်ဖိုး” (family value) လို့ခေါ်တဲ့ မူတွေအပေါ်မှာ စည်းရုံးလှုံ့ဆော်တာဟာ တကယ်တော့ ရှေးရိုးစွဲ ခရစ်ယာန်မဲတွေကို မဲဆွယ်စည်းရုံးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဝေဝေဝါးဝါး ပြောဆိုမှုတွေကနေတဆင့် ကိုယ်ပြောတာကို နားလည်မယ့်လူတွေကို စည်းရုံးနိုင်ရုံတင်မက အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ခြင်းမရှိဘဲ နားယောင်လိုက်ပါလာမယ့် လူအုပ်ကိုလည်း ကိုယ့်သြဇာအောက် ဆွဲသွင်းနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
ဘာသာရေးဆန်ဆန် စကားလုံးတွေအစား မိသားစုတန်ဖိုးဆိုတဲ့ စကားလုံးနောက်မှာ အကာအကွယ် ယူလိုက်ခြင်းအားဖြင့် ခရစ်ယာန် မဟုတ်တဲ့ အခြားမဲဆန္ဒရှင်တွေကိုပါ ပစ်မှတ်ထား သိမ်းသွင်းနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသမီးအခွင့်အရေးနဲ့ ကျား/မ ရေးရာ လွတ်လပ်ခွင့်ကိစ္စတွေကို ဆန့်ကျင်တဲ့နေရာမှာလည်း ဒီမိသားစုတန်ဖိုးဆိုတဲ့ စကားလုံးဟာ ဘာသာရေးအစွန်းရောက်နဲ့ လက်ယာအစွန်းရောက်တွေအတွက် မီဒီယာထက်မှာ တရားဝင် အကာအကွယ်ယူ ပြောလို့ရစေပါတယ်။ ဒီစကားလုံးကနေတဆင့်လည်း အဲဒီလို ဘာသာအစွန်းရောက်တွေ၊ လက်ယာစွန်းတွေကို ဆွဲဆောင်စုစည်းလို့ ရစေပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံရေးမှာ ခွေးခေါ်ဝီစီ အလုပ်လုပ်ပုံပဲ ဖြစ်ပါတယ်။
ဒီထက် ပိုမိုပြီး မနှစ်မြို့ဖွယ်ကောင်းတဲ့ ဥပမာတွေကို ပြောရရင် လူမျိုးရေးခွဲခြားတဲ့ မူဝါဒနဲ့ လူမျိုးရေးဖိနှိပ်မှုတွေ လုပ်ကြတဲ့နေရာမှာ ဒီလို ခွေးခေါ်ဝီစီ အရေးအသား အပြောအဆိုတွေကို လှိုင်လှိုင်အသုံးပြုကြပါတယ်။
ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုမှာ အာဖရိကန်-အမေရိကန်တွေကို တဖက်စောင်းနင်း ပြောဆိုတိုက်ခိုက်လိုတဲ့အခါ ရဲနဲ့ တရားစီရင်ရေးစနစ်ရဲ့ စနစ်ကြီးတခုလုံး မမျှတမှု (structural inequality)၊ အာဖရိကန်-အမေရိကန်တွေကို ဦးတည်တိုက်ခိုက်မှု (racial profiling) နဲ့ အာဖရိကန်-အမေရိကန်တွေ ခံစားလာရတဲ့ ကျွန်စနစ်ကစလို့ အခြားစီးပွားရေးနဲ့ လူမှုရေးဖိနှိပ်မှုတွေကို မျက်ကွယ်ပြုပြီး အာဖရိကန်-အမေရိကန်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှု စာရင်းဇယားတွေကို ကိုးကားပြီး တိုက်ခိုက်တာမျိုးတွေ ဖြစ်ပါတယ်။
အာဖရိကန်-အမေရိကန်တွေကို ထိခိုက်ပြီး ပြောင်ပြောင်တင်းတင်း ပြောဆိုမယ်ဆိုရင် ပြန်လည် ဝေဖန်ခံရနိုင်တဲ့အတွက် ရာဇဝတ်ကျူးလွန်မှုစာရင်းကို အကာအကွယ်ယူပြီး ဒီအာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်းမှာ ရာဇဝတ်မှုပြဿနာ ရှိနေတယ်၊ ရာဇဝတ်မှုကျူးလွန်တာက ယဉ်ကျေးမှုတရပ်လို ဖြစ်နေတယ်၊ ဒါကို ဖြေရှင်းရမယ်ဆိုပြီး ပြောဆိုတာမျိုးပဲ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာလည်း ခွေးခေါ်ဝီစီနိုင်ငံရေးအသွင် အလုပ်လုပ်နေတာတွေ ရှိပြီးဖြစ်သလို အသစ်ဖြစ်ပေါ်နေတာတွေလည်း ရှိပါတယ်။ ဥပမာ အမျိုး၊ ဘာသာ၊ သာသနာ အစချီပြီး ကြွေးကြော်တဲ့ ဘာသာရေးလှုပ်ရှားမှုတွေဟာ ဘာသာရေးကို ဗန်းပြပြီး မွတ်ဆလင်နဲ့ လူနည်းစု မုန်းတီးရေးကို မောင်းတင်လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို ရှေ့တန်းတင်ပြပြီး ကိုယ်ကျိုးစီးပွား လုပ်ဆောင်တာမျိုးတွေပဲ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာလည်း ခွေးခေါ်ဝီစီနိုင်ငံရေးအသွင် အလုပ်လုပ်နေတာတွေ ရှိပြီးဖြစ်သလို အသစ်ဖြစ်ပေါ်နေတာတွေလည်း ရှိပါတယ်။ ဥပမာ အမျိုး၊ ဘာသာ၊ သာသနာ အစချီပြီး ကြွေးကြော်တဲ့ ဘာသာရေးလှုပ်ရှားမှုတွေဟာ ဘာသာရေးကို ဗန်းပြပြီး မွတ်ဆလင်နဲ့ လူနည်းစု မုန်းတီးရေးကို မောင်းတင်လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။
လက်ရှိအချိန် အသစ်ဖြစ်ပေါ်နေတဲ့ သတိထားရမယ့် နိုင်ငံရေး ခွေးခေါ်ဝီစီတွေကတော့ “မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”၊ “ငြိမ်းချမ်းရေးကို လိုလားတယ်”၊ “ကြားနေ”၊ “ပြည်သူတွေ မအကြနဲ့ ကိုယ့်အလုပ်ကိုသာ ပြန်လုပ်ကြ”၊ “ကြက်ဥတွေကို ခြင်းတောင်းတလုံးတည်း ထည့်ထားတဲ့ မဟာဗျူဟာတွေ မလုပ်သင့်ဘူး” စတာတွေဟာ လူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံရေးရဲ့ ခွေးခေါ်ဝီစီတွေပဲ ဖြစ်ပါတယ်။
မူအားဖြင့်တော့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတာ မမှားပါဘူး။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ဆိုတာလည်း သာမန်အပြင်ပန်းကြည့်ရင် ရိုးသားစွာ ဆုတောင်းမှုတခုလို့ မြင်နိုင်ပါတယ်။ ပြည်သူတွေကို ကိုယ့်အလုပ်ပဲ ကိုယ်ပြန်လုပ်ဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရေးရဲ့ ပကတိဖြစ်ပေါ်နေမှုတွေအရ ဒီစကားတွေဟာ ဖိနှိပ်သူကိုပင်းပြီး အသာရစေရေးအတွက် နိုင်ငံရေးခြေထိုး စကားလုံးတွေပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလိုလားသူတွေ၊ ဆုတောင်းသူတွေ၊ ကြားနေဆိုသူတွေဟာ စစ်တပ်က မြို့ပြလမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ် အနိုင်ကျင့်နှိပ်စက်ပြီး ကျေးလက်ဒေသတွေမှာ ရွာစဉ်လှည့် မီးရှို့နေတုန်းက လက်ခုပ်လက်ဝါး တီးရင်တီး၊ မတီးရင် နှုတ်ဆိတ်နေသူတွေ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုသာ ပြန်လုပ်ကြ ဆိုသူတွေကလည်း စစ်တပ်က ဒီမိုကရေစီနိုင်ငံရေးကို ဖျက်လိုဖျက်စီးမလုပ်ဘဲ ကိုယ့်အလုပ်ကိုလုပ်အောင် ပြောရမယ့်နေရာမှာတော့ နှာစေးနေလေ့ ရှိပါတယ်။
ကိုယ့်အလုပ်ကိုသာ ပြန်လုပ်ကြ ဆိုသူတွေကလည်း စစ်တပ်က ဒီမိုကရေစီနိုင်ငံရေးကို ဖျက်လိုဖျက်စီးမလုပ်ဘဲ ကိုယ့်အလုပ်ကိုလုပ်အောင် ပြောရမယ့်နေရာမှာတော့ နှာစေးနေလေ့ ရှိပါတယ်။
ရွေးကောက်ပွဲတွေကို သပိတ်မှောက်လိုက် လှန်လိုက်လုပ်တာ၊ ကျောင်းတက်လိုက် မတက်လိုက်လုပ်ကြတာ၊ နိုင်ငံတော်ကို အုပ်စီးထားတဲ့အစိုးရနဲ့ မပတ်သက်ရပြီးရော ကျောင်းမျိုးစုံဖွင့်ကြတာ၊ ဟိုပစ္စည်းမသုံး ဒီပစ္စည်းသုံးမယ်ဆိုတဲ့ စီးပွားရေးသပိတ်နဲ့ ဆိုင်ပိတ်၊ တံခါးပိတ်၊ အသံတိတ်သပိတ်တွေက မြန်မာ့နိုင်ငံရေး သမိုင်းမှာ ထောင်စုနှစ်သစ် ၂၀၀၀ ပြည့်နှစ်ကိုကျော်မှ ဖြစ်လာတဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။
ကျောင်းသား၊ ဘုန်းကြီးနဲ့ လူတွေစုပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ကြတာက စလို့ စက်သေနတ်ကို ဓားနဲ့တက်ခုတ်ပြီး သူပုန်ထကြ၊ (ကျားကြောက်လို့) ရှင်ကြီးတွေခေါ်သွင်းပြီး သူပုန်ထကြတာရောကလည်း အခုမှ ထဖြစ်နေတာ မဟုတ်ပါဘူး။
နှစ် ၁၀၀ လောက် ဒါတွေပဲ လုပ်နေကြရတာမှာ လုပ်နေရတဲ့လူတွေထက် ဒါတွေပဲ လုပ်ရအောင် တွန်းပို့တဲ့လူတွေမှာ အပြစ်ပိုရှိတာပဲလို့ မြင်ပါတယ်။
ဒါကြောင့်မို့လို့ ကိုယ့်အလုပ်ကိုယ်သာ လုပ်ကြဖို့ ပြောကြမယ်ဆိုရင် ပထမ ကျောင်းသားသပိတ်လို ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုမျိုးတောင် ထွက်ပေါ်လာဖို့ရာ အကြောင်းမရှိပါဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။
နောက်ဆုံးတခုဖြစ်တဲ့ ကြက်ဥတွေကို ခြင်းတောင်းတလုံးတည်း မထည့်ဖို့ဆိုတဲ့ နိုင်ငံရေး အကြံပေးချက်ကလည်း တကယ်တော့ ဖိနှိပ်သူနဲ့ပူးပေါင်းပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ နိုင်ငံရေးဇာတ်ခုံမှာ လူပြက်တနေရာက ပါခွင့်ရဖို့အတွက် သွေးဆောင်ဖြားယောင်းမှု တခုအပြင် မပိုပါဘူး။
ဖိနှိပ်သူတွေကို အပြစ်တင်ရမယ့်အစား လူထုဘက်က ရပ်တည်သူတွေကို တဖက်စောင်းနင်း အပြစ်တင်ပြီး နိုင်ငံရေးခြေထိုးတဲ့ အပြောအဆို၊ ပျက်စီးရာပျက်စီးကြောင်း အပြောအဆိုတွေလို ခွေးခေါ်ဝီစီတွေကို သတိကြီးကြီးထားကြဖို့ လိုပါတယ်။
ဖိနှိပ်သူတွေကို အပြစ်တင်ရမယ့်အစား လူထုဘက်က ရပ်တည်သူတွေကို တဖက်စောင်းနင်း အပြစ်တင်ပြီး နိုင်ငံရေးခြေထိုးတဲ့ အပြောအဆို၊ ပျက်စီးရာပျက်စီးကြောင်း အပြောအဆိုတွေလို ခွေးခေါ်ဝီစီတွေကို သတိကြီးကြီးထားကြဖို့ လိုပါတယ်။
ဒီတော့ ရှေ့လျှောက်မှာလည်း ခွေးခေါ်ဝီစီနိုင်ငံရေးက မြန်မာ့နိုင်ငံရေးမှာ အမြစ်တွယ်လာဖို့ ရှိသလို ရှိနေပြီးသား ခွေးခေါ်ဝီစီတွေကိုလည်း သတိကြီးကြီးထားကြဖို့ သတိပေးလိုပါတယ်ခင်ဗျား။
(Otto သည် မြန်မာ့နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးအကြောင်း စစ်ကောင်စီ လိမ်ညာ ဝါဒဖြန့်နေသည်
စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ဒေါက်တိုင် Forever Group
စစ်ကောင်စီ၏ မဲမသမာမှု ဝါဒဖြန့်စာအုပ် သံဃာတော်များ လက်မခံ
မီဒီယာကောင်စီ အမည်ခံ စစ်တပ် ဝါဒဖြန့်မှု မြန်မာ မီဒီယာများ ကန့်ကွက်