နိုင်ငံတနိုင်ငံ အင်အားကြီးမား ညီညွတ်သောအခါ မည်သူမှ ထိုနိုင်ငံကို အသုံးချ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သို့သော် မြန်မာကဲ့သို့ နိုင်ငံတနိုင်ငံ အင်အားချိနဲ့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေပါက ထိုအားနည်းချက်ကို အမြတ်ထုတ် သွေးစုပ်ခံရမည် ဖြစ်သည်။ မြန်မာတွင် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် အင်အားကြီးနိုင်ငံများက ၎င်းတို့အကျိုးစီးပွားကို ရှေ့တန်းတင်ရန် နိုင်ငံငယ်များမှ နိုင်ငံရေး အကျပ်အတည်းကို မည်သို့ အသုံးချသည်ကို ပြသသည့် ပြဌာန်းစာ ဥပမာဖြစ်သည်။
မကြာသေးမီလများအတွင်း တရုတ်သည် ဒေသတွင်းတွင် ၎င်း၏ ပထဝီသေနင်္ဂဗျူဟာ ခိုင်မာတောင့်တင်းစေရန် ၎င်းနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၀၀၀ ကျော် ထိစပ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဝင်ရောက် စွက်ဖက်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများသည် မြန်မာတွင် စီးပွားရေး ချိနဲ့သွားစေပြီး ယနေ့တွင် တရုတ်သည် မြန်မာစစ်ကောင်စီအတွက် ဘဏ္ဍာရေး အကူအညီနှင့် နိုင်ငံရေး ထောက်ခံမှုအတွက် အရေးပါသော ရင်းမြစ်ဖြစ်လာသည်ကို သံသယရှိရန် မလိုပေ။
သို့သော် နှစ်နိုင်ငံ နယ်စပ်မှ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းများကို ဖြိုခွဲရန်တောင်းဆိုမှုကို မြန်မာစစ်ကောင်စီက တုံ့ပြန်မှုနှေးကွေးနေသောအခါ တရုတ်သည် အကွက်ကျကျ လုပ်ဆောင်ခဲ့သည်။
“ဝက်သားပေါ်သည်” ဟု အမည်ပေးထားသည့် နယ်စပ်တလျှောက်မှ အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် အခြား ရာဇဝတ်မှုများကို ပစ်မှတ်ထားပြီး ၁၀၂၇ စစ်ဆင်ရေးလုပ်ရန် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား တိတ်ဆိတ်စွာ ခွင့်ပြုချက် ပေးလိုက်သည်။
နှစ်နိုင်ငံ နယ်စပ်မှ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းများကို ဖြိုခွဲရန်တောင်းဆိုမှုကို မြန်မာစစ်ကောင်စီက တုံ့ပြန်မှုနှေးကွေးနေသောအခါ တရုတ်သည် အကွက်ကျကျ လုပ်ဆောင်ခဲ့သည်။
ညီနောင်မဟာမိတ်အဖွဲ့ဟု ခေါ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ညှိနှိုင်းတိုက်ခိုက်မှုတခုကို အောက်တိုဘာလ နှောင်းပိုင်းတွင် စတင်လိုက်သည်။
ဝါရင့်လေ့လာသူများအတွက် အံ့သြစရာ ကောင်းလောက်အောင် ထိုစစ်ဆင်ရေး အောင်မြင်သည်။ ထို မဟာမိတ် အဖွဲ့၏ တပ်များသည် စစ်ကောင်စီတပ်များနှင့် ၎င်း၏ မဟာမိတ် ပြည်သူ့စစ်များကို နှစ်လခန့် တိုက်ခိုက်ပြီးနောက် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို သိမ်းပိုက်လိုက်သည်။
ထို့ကြောင့် တရုတ်သည် မြောက်ပိုင်းမှ တိုင်းရင်းသားတပ်မတော်များနှင့် ပူးပေါင်းကာ မြန်မာဘက်ခြမ်းမှ အွန်လိုင်း လိမ်လည်သူများနှင့် ရာဇဝတ်လုပ်ငန်းများကို ဖြိုခွဲနိုင်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းမှ ကျယ်ပြန့်လှသော ပိုင်နက်များကို ထိုမဟာမိတ်အဖွဲ့ထံ ဆုံးရှုံးပြီးနောက် တရုတ်အနေဖြင့် ကြားဝင်ပေးရန် မြန်မာစစ်ကောင်စီက တရုတ်ကို တောင်းဆိုသည်။ စစ်ကောင်စီခန့် ခေတ္တသမ္မတ ဦးမြင့်ဆွေက ထိုထိုးစစ်ကို မတားဆီးနိုင်ပါက နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲမည်ဟု မှတ်ချက်ပေးသည်။
ကိုးကန့် MNDAA က လောက်ကိုင်ကို သိမ်းပြီးနောက် တရုတ်သည် ထိုအောင်မြင်သော ထိုးစစ်ကို ရပ်ဆိုင်းရန် ဝင်ရောက် ကြားဝင်သည်။
ရခိုင်ပြည်နယ်သို့ တိုက်ပွဲများ ပျံ့နှံ့သွားပြီးနောက် ဒီဇင်ဘာလတွင် တရုတ်နှင့် စစ်ကောင်စီတို့သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ် ကျောထောက်နောက်ခံပြု ကြီးမားသော ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ဇန်နဝါရီလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး မစ္စတာ ချွီယောင် တောင်ဘင်သည် တရုတ်-မြန်မာ စီမံကိန်းကြီးများ၊ ထိုစီမံကိန်းများတွင် လုပ်ကိုင်ကြသော တရုတ် ဝန်ထမ်းများနှင့် တရုတ်၏ ကြီးမားလှသော ရပ်ဝန်းနှင့်လမ်း အစီအစဉ်မှ အရေးပါသည့် အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အရည်အသွေးမြင့် တိုးတက်မှုနှင့် ပတ်သက်သော ကိစ္စများနှင့် အခြားကိစ္စများကို ဆွေးနွေးရန် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး အရာရှိများနှင့် တွေ့ဆုံသည်။
ထိုကိစ္စအတွက် စကားလုံး တလုံးတည်းသာ ရှိသည်။ ပြောင်မြောက်သည်ဆိုသည့် စကားလုံးသာ ဖြစ်သည်။ တရုတ်သည် ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင်နှင့် အကျိုးအမြတ် အများဆုံးဖြစ်အောင် လုပ်သည်။ ယနေ့တွင် တရုတ်၏ အစောင့်ရှောက်ခံများသည် ဒေသတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တရုတ်၏ ထိန်းချုပ်မှုနှင့် သြဇာဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ချဲ့ထွင်နေကြသည်။
ထိုဆက်ဆံရေး ပိုမိုနက်ရှိုင်းလာချိန်တွင်ပင် စစ်ကောင်စီသည် ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ရေး အထောက်အပံ့အတွက် တရုတ်ကို ဆက်လက် မှီခိုနေရသည်။ ကုလသမဂ္ဂတွင် နိုင်ငံရေးထောက်ခံမှုရရှိရေးကို ထည့်မပြောလိုတော့ပေ။

စစ်ကောင်စီသည် တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ် ကိုးကန့်ဒေသမှ အွန်လိုင်း ငွေကြေးလိမ်လည်မှု ခေါင်းဆောင် ခြောက်ဦးကို တရုတ်အာဏာပိုင်များထံ မကြာသေးမီက လွှဲပြောင်းပေးသည်။ ထိုရာဇဝတ်ဂိုဏ်းများကို စစ်ကောင်စီက အကာအကွယ်ပေးထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သံသယရှိကြသည်။
ထိုသံသယရှိသူများသည် လောက်ကိုင်တွင် အွန်လိုင်း ငွေကြေးလိမ်လည်မှုများတွင် ပတ်သက်သည်ဟု ဒီဇင်ဘာလက တရုတ်အာဏာပိုင်များ ထုတ်ပြန်သည့် ဖမ်းဝရမ်းများတွင် အမည်ဖော်ပြခံထားသူများ ဖြစ်သည်။
ထိုဆက်ဆံရေး ပိုမိုနက်ရှိုင်းလာချိန်တွင်ပင် စစ်ကောင်စီသည် ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ရေး အထောက်အပံ့အတွက် တရုတ်ကို ဆက်လက် မှီခိုနေရသည်။ ကုလသမဂ္ဂတွင် နိုင်ငံရေးထောက်ခံမှုရရှိရေးကို ထည့်မပြောလိုတော့ပေ။
၁၀၂၇ စစ်ဆင်ရေး စတင်သောအခါ တရုတ်၏ တရားဝင်သဘောထားမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ အခြေအနေ တင်းမာမှု လျှော့ကျလာခြင်းသည် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည်ဆိုသည့် သဘောထားဖြစ်သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ပြောကြားရာတွင် တရုတ်နှင့် မြန်မာတို့သည့် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းများဖြစ်ပြီး မြန်မာ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို တရုတ်က အမြဲတမ်း လေးစားသည်ဟု ဖော်ပြသည်။ မြန်မာပြည်သူများအတွက် ထိုစကားများ အားလုံးသည် ဟာသသာဖြစ်ပြီး ထူးထူးခြားခြား ရယ်စရာကောင်းသည့် ကိစ္စမဟုတ်ပေ။
တရုတ်နိုင်ငံသည် အခြေခံ အဆောက်အအုံ စီမံကိန်းများ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းတို့ အပါအဝင် ပထဝီသေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွား အများအပြား ရှိသည်။ ၎င်း၏ သယ်ယူ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့်လွန်စွာအရေးပါသည့် အိန္ဒိယသမုဒ္ဒရာသို့ လမ်းပွင့်သွားစေခြင်းကို ထည့်မပြောလိုသေးပေ။

တရုတ်သြဇာအောက်မှ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရလာသောကြောင့် တရုတ်သည် ရှမ်းပြည် မြောက်ပိုင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံလာမည် ဖြစ်သည်။
ဝ နှင့် ကိုးကန့်၊ မိုင်းလားအုပ်စုဟု လူသိများသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့သည် အင်တာနက် ဝန်ဆောင်မှု၊ ငွေကြေး၊ အထောက်အပံ့နှင့် သယ်ယူပို့ဆောင်ရေးအတွက် တရုတ်ကို အကြီးအကျယ် မှီခိုရသည်။ ၎င်းတို့သည် ၎င်းတို့၏ နိုင်ငံရေး ကြေညာချက်များနှင့် အုပ်ချုပ်ရေး စီမံခန့်ခွဲမှုကို တရုတ်ဘာသာဖြင့် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် MNDAA သည် ဝ နှင့် ဝ ခေါင်းဆောင် မျိုးဆက်သစ်နှင့် ပိုမိုခိုင်မာသော မဟာမိတ်ဖွဲ့လာသည်။ ထိုမျိုးဆက်သစ်သည် စစ်ရေးနှင့် အုပ်ချုပ်ရေးစွမ်းရည် ပိုမိုတောင့်တင်းခိုင်မာသည်။
ဝ နှင့် ကိုးကန့်၊ မိုင်းလားအုပ်စုဟု လူသိများသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့သည် အင်တာနက် ဝန်ဆောင်မှု၊ ငွေကြေး၊ အထောက်အပံ့နှင့် သယ်ယူပို့ဆောင်ရေးအတွက် တရုတ်ကို အကြီးအကျယ် မှီခိုရသည်။
လက်တွေ့တွင် ဝ ဒေသသည် သီးခြားအုပ်ချုပ်ရေး၊ ကျောင်းများ၊ ဆေးရုံများ၊ တရားရုံးများနှင့် ကုန်သွယ်ရေး ကုမ္ပဏီများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လုံးလုံးလျားလျား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ကြားခံပြည်နယ် ဖြစ်သည်။ ဝ ဒေသသည် မြန်မာနိုင်ငံအလံကို ဆက်လက် လွှင့်ထူစေကာမူ တရုတ်၏ ပြည်နယ်အသေးစားကဲ့သို့ ဖြစ်နေသည်။

ထိုအခြေအနေများသည် ကနဦးအစ နိဒါန်းမျှသာ ဖြစ်သည်။ တရုတ်သြဇာသည် လွန်စွာ ကြီးထွားလာသောကြောင့် အိမ်နီးချင်းများ အနေဖြင့် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တရုတ်နှင့် ဆက်ဆံရေး မကောင်ခြင်းသည် ရွေးချယ်ရမည့် အခြေအနေ မဟုတ်ပေ။
တရုတ်သည် ၎င်းတို့၏ အကျိုးစီးပွားအတိုင်းသာ လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သိကြသည်။
ထို့ကြောင့်ပင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည် ထိုသို့ လုပ်မည် မဟုတ်ဘဲ မူလရှုပ်ထွေးမှုနှင့် ယခုအခါ ပြည်တွင်းစစ်ကြောင့် ဘဝပျက်နေသော မြန်မာသည် အခြားအရှေ့တောင်အာရှ အိမ်နီးချင်းများထက် ပိုမိုအင်အားချိနဲ့သော အခြေအနေတွင် ရှိနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်အထိ အောင်နိုင်သူ တဦးသာရှိပြီး မြန်မာနိုင်ငံမြောက်ဘက်မှ အင်အားကြီးမားသော အိမ်နီးချင်းပင် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Three Years After Myanmar’s Coup, China Emerges the Winner ကို ဘာသာပြန်ဆိုသည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ
စစ်ကောင်စီ ဝှက်ပေးထားသော ရာဇဝတ်သားများ တရုတ်ထံ လွှဲပေး
စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ
ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ