ယခုတလော စစ်သတင်းများတွင် စစ်တပ်အနေဖြင့် ဆုတ်ခွါခြင်း၊ လက်နက်ချခြင်း၊ ထွက်ပြေးခြင်း၊ ဖမ်းဆီးခံရခြင်း စသည့် သတင်းများအား အတွေ့များလာသည်ကို သတိပြုမိပါသည်။ သိမ်းပိုက်ခြင်း မခံရသေးသည့် စခန်းများကိုလည်း ခံစစ်အနေအထားသို့ ပြင်ဆင်နေသည်ဟု သိရပါသည်။ သို့ဆိုလျှင် စစ်တပ်သည် တဖြည်းဖြည်းချင်း နောက်ဆုတ်နေရ သည်ဟု ဆိုရပါမည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် အပစ်ရပ်ထားနိုင်သည်မှအပ အခြားဒေသများတွင် စစ်ပွဲများကို ဆက်လက်ဆင်နွဲနေရဆဲ ဖြစ်သည်။
စစ်တပ်အနေဖြင့် ယခင်က ထင်မြင်ထားသကဲ့သို့ စစ်သည်အင်အား ပြည့်ပြည့်စုံစုံ မရှိတော့ကြောင်း လူထုကြီးတရပ်လုံး သိရှိနေကြပြီဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာ မှားယွင်းသော မူဝါဒများကို နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးခဲ့သောကြောင့်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်များတွင် စစ်တပ်အာဏာသိမ်းခဲ့စဉ်က အင်အား လုံလုံလောက်လောက် ရှိနိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းသောအခါ စစ်ခေါင်းဆောင်များသိထားသည့် စစ်သည်အင်အားမှာမူ အတုအယောင်ဖြစ်ပြီး အစစ်အမှန်မဟုတ်ကြောင်း ယခုအခါမှ သိလာကြမည်ဟု ယူဆရပါသည်။
၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်များတွင် စစ်တပ်အာဏာသိမ်းခဲ့စဉ်က အင်အား လုံလုံလောက်လောက် ရှိနိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းသောအခါ စစ်ခေါင်းဆောင်များသိထားသည့် စစ်သည်အင်အားမှာမူ အတုအယောင်ဖြစ်ပြီး အစစ်အမှန်မဟုတ်ကြောင်း ယခုအခါမှ သိလာကြမည်
၁၉၈၈ အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်တပ်အနေဖြင့် ပြည်သူလူထုအား ယုံကြည်မှုမရှိတော့ကြောင်း လုပ်ဆောင်မှုများက ဖေါ်ပြခဲ့ပါသည်။ “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဟူသော ဆောင်ပုဒ်ဖြင့် ပြည်သူပိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်း မှန်သမျှထဲမှ စစ်တပ်နှင့်ဆိုင်သောလုပ်ငန်းများ အားလုံးကို စစ်တပ်ပိုင်အဖြစ် ပြောင်းလဲခဲ့သည်။ ချည်မျှင်အထည်စက်များမှအစ ဖိနပ်စက်ရုံအထိ စစ်တပ်လိုအပ်သည့် ပစ္စည်းများအားလုံးကို စစ်တပ်ကိုယ်တိုင် ထုတ်လုပ်ရန် စီစဉ်ခဲ့သည်။ ဆန်စပါးကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ဖို့အထိ စိတ်ကူးခဲ့ပြီး လယ်သမားပိုင်မြေယာများကို သိမ်းဆည်းခဲ့သည့်အတွက် လယ်ယာပြဿနာများကို ယနေ့တိုင် ရှင်းလင်းနေရဆဲဖြစ်သည်မှာ အထင်ရှားဆုံး မြင်ကွင်းဖြစ်ပါသည်။ စစ်ခေါင်းဆောင်များ၏ စဉ်းစားမှု တွေးခေါ်မျှော်မြင်မှုမှာ ထိုစဉ်ကတည်းက အလွန်မှားယွင်းခဲ့ပြီး ယင်း၏ အကျိုးဆက်အဖြစ် ယခုကာလတွင်မှ ဒုက္ခလှလှ တွေ့ရပါတော့သည်။
နိုင်ငံတော်၏ ဝန်ကြီးဌာနများရှိ အချက်အခြာရာထူးနေရာများကို စစ်တပ်အရာရှိများ ခန့်အပ်လာသည်။ နိုင်ငံတော်၏ စီးပွါးရေးလုပ်ငန်းများရှိ အဓိကနေရာများကို စစ်တပ်အရာရှိများဖြင့် အစားထိုးခန့်အပ်ခဲ့သည်။ နိုင်ငံတော်၏ လုံခြုံရေး တင်မကတော့ဘဲ နိုင်ငံတော်၏ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ လယ်ယာ/သားငါး မွေးမြူရေးလုပ်ငန်းများအထိ ဝင် ရောက်၍ စီမံကွပ်ကဲ ထိန်းချုပ်ထားခဲ့သည်။ စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုနည်းသော ဝန်ကြီးဌာနဟူ၍ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့လောက်သာ ကျန်ရှိပါတော့သည်။ ဝန်ကြီးဌာနအသီးသီးသို့ ဝင်ရောက်တာဝန်ယူခဲ့ကြသော စစ်အရာရှိများသည် တာဝန်ကို အကြောင်းပြကာ ပြောင်ပြောင်တင်းတင်း ကိုယ်ကျိုးရှာခဲ့ကြသည်။ သာမန်အရပ်သား တဦးအနေဖြင့် လုပ်သက်နှစ် ၃ဝ ရှိမှ ရနိုင်သော အရာရှိရာထူးနေရာအား လုပ်သက် ၁ဝ နှစ်မျှသာ ရှိသေးသော စစ်အရာရှိအား ပြောင်းရွှေ့ခန့်ထားမှုများကြောင့် ရာထူးမြန်မြန်လိုချင်လျှင် စစ်တပ်ထဲသို့အရင်ဝင်ပြီးမှ အဆိုပါဌာနသို့ ပြောင်းပါက ပိုပြီးလျင်မြန် အကျိုးရှိသည်ဟူသော အယူအဆများပင် ပေါ်ပေါက်ခဲ့ဖူးသည်။
၁၉၈၈ နောက်ပိုင်း စစ်ခေါင်းဆောင်များအနေဖြင့် အရပ်သားများအား မည်မျှအထိ မယုံကြည်သနည်းဆိုလျှင် နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းဖြစ်သည့် စစ်တပ်ငွေစာရင်းများအား ဌာနတွင်းစာရင်းစစ်အပြင် ဌာနပြင်ပစာရင်းစစ်ဖြင့် စစ်ဆေးရသော လုပ်ထုံးလုပ်နည်းကို ကျော်လွန်ကာ စာရင်းစစ်ရုံးလက်အောာက်ရှိ ကာကွယ်ရေးငွေစာရင်းစစ်ဆေးရေး အဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့လိုက်ပြီး စစ်တပ်စာရင်းအားလုံးကို စစ်တပ်စာရင်းစစ်များဖြင့်သာ စစ်ဆေးစေသည့် စနစ်ကို ပြောင်းလဲလိုက်သည်။ ထို့သို့ပြောင်းလဲလိုက်ပြီးသည့်နောက်ပိုင်း စစ်တပ်အတွင်း ငွေအလွဲသုံးစားလုပ်ခြင်းများကို စစ်တပ်အတွင်းက စာရင်းစစ်များဖြင့် ညှိနှိုင်းဖြေရှင်းနိုင်သည့်အတွက် ငွေကြေးအလွဲသုံးမှုများ ပိုမိုများပြားလာခဲ့သည်။ ၁၉၈၈ မှ ၂၀၀၈ အထိ မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူ အများဆုံး လုပ်နိုင်သော ဌာနများတွင် (တနည်းအားဖြင့် မိမိအတွက် ဝင်ငွေရှာရန် အလွန်လွယ်သောဌာနများတွင်) မိုးကျရွှေကိုယ် စစ်အရာရှိများကသာ လွှမ်းမိုးထားပါတော့သည်။ စစ်အရာရှိတိုင်း ရာထူးကြီးလျှင် ကြီးသည့်အလျှောက် ချမ်းသာ ကြွယ်ဝလာကြသည်။ စီးပွါးရေးသမားလုပ်ငန်းရှင်များထက်ပင် ပိုမိုကြီးပွါးလာကြသည်။ နိုင်ငံတနိုင်ငံတွင် သူဌေးသူကြွယ်များ ရှိသင့်သည်ဟူသော ရှေးအယူအဆတခုကို အကြောင်းပြုလျှက် ယင်းတို့နှင့် နီးစပ်သူများအား သူဌေးသူကြွယ်များဖြစ်လာစေရန် လုပ်ငန်းများ ချမှတ်ပေး၍ မွေးထုတ်ခဲ့သည်။ အကြောင်းကိစ္စတခု ပေါ်ပေါက်လာလျှင် မိမိအိတ်ကပ်ထဲက စိုက်ထုတ်စရာမလိုဘဲ အဆိုပါ ခရိုနီများကို စိုက်ထုတ်ခိုင်းခဲ့သည်။ ခရိုနီများမှ တဆင့် မိမိတို့၏ ကိုယ်ကျိုးစီးပွါးများကို တည်ဆောက်ခဲ့ကြပြန်သည်။
စစ်တပ်အတွင်း ငွေစာရင်းများကို စိတ်ကြိုက်လိမ်လည်နိုင်ခဲ့သည့်အတွက်ကြောင့် စစ်သည်တော်များ ရသင့်ရထိုက်သည့် စရိတ်နှင့် ရိက္ခာများမှာလည်း အရည်အသွေးနှင့် အရေအတွက်တွင် ရုတ်ပျက်ဆင်းပျက် ကျဆင်းကုန်သည်။ အရာရှိများက အလွန်အမင်းချမ်းသာနေကြသော်လည်း အခြားအကြပ်တပ်သားများက အလွန်ကို ဆင်းရဲလာကြသည်။
စစ်တပ်အတွင်း ငွေစာရင်းများကို စိတ်ကြိုက်လိမ်လည်နိုင်ခဲ့သည့်အတွက်ကြောင့် စစ်သည်တော်များ ရသင့်ရထိုက်သည့် စရိတ်နှင့် ရိက္ခာများမှာလည်း အရည်အသွေးနှင့် အရေအတွက်တွင် ရုတ်ပျက်ဆင်းပျက် ကျဆင်းကုန်သည်။ အရာရှိများက အလွန်အမင်းချမ်းသာနေကြသော်လည်း အခြားအကြပ်တပ်သားများက အလွန်ကို ဆင်းရဲလာကြသည်။ ထိုသောအခါ အရာရှိအချို့၏ ဆုံးမသွန်သင်ပုံမှာ “လက်ထဲမှာ သေနတ်ကိုင်ထားပြီး ထမင်းငတ်နေတယ်ဆိုတာ မင်းတို့လောက် န တာ အ တာ မရှိတော့ဘူး” ဆိုသည့် ဆုံးမစကားမျိုးကို ဆုံးမသည်ဟု ကြားဖူးပါသည်။ ထိုသောအခါ ဆင်းရဲသော အကြပ်တပ်သားများ၏ ဇနီးမယားများက သူတို့၏ လင်တော်မောင်များအား ရှေ့တန်းထွက်စေချင်ကြပါတော့သည်။ ရှေ့တန်းမှပြန်လာလျှင် ငွေရွှင်ကြသည်ကို အကြောင်းပြု၍ ထိုသို့ထွက်စေချင်ကြခြင်းဖြစ်ပါသည်။ မူဝါဒအရ ပြည်သူ့တပ်မတော်ဖြစ်ရန် ကြိုးစားရင်း လူတစုတပ်မတော်ဘဝသို့ ကျဆင်းသွားခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
အကျိုးဆက်ကား ရှေ့တန်းဖြစ်သည့် တိုင်းရင်းသားနယ်မြေများရှိ လူထုအနေဖြင့် စစ်တပ်အား အလွန်တရာမုန်းတီးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ အကြပ်တပ်သားများသည် စစ်တိုက်သည်ထက် ပစ္စည်းဥစ္စာရှာဖွေ လုယူမှုများက လွန်ကဲခဲ့ကြသည်မှာ တိုင်းရင်းသားနယ်မြေတွင် နေထိုင်သူတိုင်း ကောင်းကောင်းသိကြသည့် ကိစ္စတခုဖြစ်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးရရှိအောင် ညှိနှိုင်းကြခြင်းမရှိဘဲ မအောင်မြင်နိုင်သည့် တောင်းဆိုမှုမျိုးဖြင့်သာ တဖက်သတ်ဆွေးနွေးခဲ့ကြသည်။ ဥပမာအားဖြင့် နိုင်ငံရေးကိစ္စ မဆွေးနွေးဘဲ မဖြစ်နိုင်သည့် လက်နက်အပ်ရန်/ လက်နက်ချရန်ကိုသာ တောင်းဆို၍ ဟန်ပြဆွေးနွေးပွဲများကိုသာ ကျင်းပခဲ့သည်။ ဆွေးနွေးသည် သို့သော် မအောင်မြင်အောင် တမင်သက်သက်ဆွေးနွေးခဲ့ကြသည်ဟု ဆိုရပါမည်။ ယနေ့ကာလတွင် တော်လှန်ရေးတပ်ဖွဲ့ များက စစ်တပ်အား အလံဖြူထောင် လက်နက်ချရန်၊ လက်နက်အပ်ရန် ရာဇသံပေးနေကြခြင်းကတော့ ဟန်ပြပြောဆိုခြင်း မဟုတ်ဟု ဆိုရပါမည်။
စစ်အရာရှိများ၏ လောဘမှာ အသောမသတ်နိုင်ဘဲ ဥပဒေဖြင့် ဆောင်ရွက်ရသော ရဲတပ်ဖွဲ့အတွင်းသို့လည်း တဆင့်တိုး ရာထူးများဖြင့် ဝင်ရောက်ခဲ့ကြသည်။ အရပ်ဖက် ဥပဒေများကိုလည်း နားမလည်၊ ဥပဒေကို ဘေးချိတ်ထားပြီး အမိန့် အတိုင်းသာ ဆောင်ရွက်စေခဲ့သောကြောင့် ရဲတပ်ဖွဲ့သည်လည်း နကိုယ်ထက် နကိုင်းထွက်ခဲ့ကြရပါတော့သည်။ အရပ်သားဘဝမှ ရုန်းကန်ပြီး ရဲဖြစ်လာကြသူများအားလုံးလည်း မိမိထက် လုပ်သက်နည်းသော်လည်း ရာထူးကြီးနေသည့် မိုးကျရွှေကိုယ်များကြောင့် မထူးဇာတ်ခင်းကြရတော့သည်။ ရဲချုပ်အသစ် တဦးရောက်လာလျှင် အဆိုပါရဲချုပ်၏ သားသမီးများအတွက် ခရိုင်အလိုက်ခွဲဝေ၍ ကျောင်းစရိတ်နှင့်အခြားစရိတ်များအတွက် ထောက်ပံ့ကြရသည်မှာ အစဉ်အလာဖြစ်လာသည်။ ထိုအခါ နယ်မြေဆင်းရသော နယ်ထိန်းများအထိ အထက်ကိုပေးရန် အပိုဝင်ငွေများ မဖြစ်မနေ ရှာဖွေကြရသည်။ ရဲတပ်ဖွဲ့၏ ထိပ်တန်းအရာရှိကြီးများမှာလည်း စစ်တပ်မှလာသူများသာ ဖြစ်သည်။ အလွန်တရာ နစ်နာသူများကတော့ ပြည်သူလူထုကြီးသာ ဖြစ်ပါသည်။
၂၀၀၈ အခြေခံဥပဒေတွင် စစ်တပ်၏ဦးဆောင်မှု အခန်းကဏ္ဍအား မပျောက်မပျက်စေရန် အခိုင်အမာ ထည့်သွင်းခဲ့သည်။ စစ်တပ်အရာရှိများ၏ လုံခြုံမှု၊ ချမ်းသာမှုများ ဆက်လက်တည်မြဲစေရန် နိုင်ငံရေးနယ်ပယ်ထဲအထိ ဝင်ရောက်နေရာယူခဲ့ကြသည်။ အစိုးရအဖွဲ့ထဲတွင်လည်း စစ်တပ်အား အရပ်သားတို့က ဝင်ရောက်အုပ်ချုပ်မှု မရှိနိုင်စေရန် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ဝန်ကြီးဌာနများကို စစ်တပ်က အစဉ်အမြဲ ရယူထားခဲ့သည်။ ဥပဒေရေးဆွဲရေး ဖြစ်သည့် လွှတ်တော်များတွင်လည်း ပြည်ထောင်စုအဆင့်မှသည် တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအထိ စစ်တပ်ကိုယ်စားလှယ်အမြောက်အမြားကို ထည့်သွင်းထားခဲ့သည်၊ လွှမ်းခြုံထားခဲ့ကြသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆိုလျှင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လက်အောက်ခံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းကဲ့သို့သော ကျောင်းနှစ်ခုကို ဖွင့်လှစ်ထားပြီး ထိုသင်တန်းဆင်းများကိုသာ ခန့်ထားခဲ့သည်။ မြို့နယ်တိုင်းရှိ ထွေ/အုပ်ရုံးများကို အုပ်စုဖွဲ့ ၍ ချုပ်ကိုင်ထားခဲ့သည်မှာ လူသိနည်းသည့် လုပ်ငန်းတခုဖြစ်ပါသည်။
စစ်တပ်သည် တသီးတခြား လူတန်းစားတရပ်ဖြစ်လာပါသည်။ စစ်တပ်အသိုင်းအဝိုင်းသည် ပြည်သူနှင့် မသက်ဆိုင်သကဲ့သို့ သီးခြားဖြစ်လာပါသည်။ ပြည်သူလူထုအား မယုံကြည်သည့် အတွင်းဓါတ်ခံသည် စစ်တပ်အတွင်းရှိ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအထိ သက်ရောက်လာခဲ့သည်။
ကြာလာသောအခါ စစ်တပ်သည် တသီးတခြား လူတန်းစားတရပ်ဖြစ်လာပါသည်။ စစ်တပ်အသိုင်းအဝိုင်းသည် ပြည်သူနှင့် မသက်ဆိုင်သကဲ့သို့ သီးခြားဖြစ်လာပါသည်။ ပြည်သူလူထုအား မယုံကြည်သည့် အတွင်းဓါတ်ခံသည် စစ်တပ်အတွင်းရှိ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအထိ သက်ရောက်လာခဲ့သည်။ ချင်းလူမျိုးများ စစ်တပ်တွင်းမဝင်ရောက်တော့သည့်ကာလများနောက်ပိုင်းတွင် ကချင်၊ ကရင်၊ ရှမ်း စသည့်လူမျိုးများကို စစ်တပ်အတွင်း အဆင့် မြင့်ရာထူးများ မပေးတော့ဘဲ ချောင်ထိုးလာခဲ့သည်။ စစ်တက္ကသိုလ်ဝင်ခွင့်အတွက် စစ်ဆေးရာတွင် အဆိုပါတိုင်းရင်းသားများဆိုလျှင် ရေဆုံးမြေဆုံး စစ်ဆေးမှုများလုပ်လာခဲ့သည်။ ထိပ်ပိုင်းစစ်ခေါင်းဆောင်များတွင် တိုင်းရင်းသားလူမျိုးများ မရှိသလောက်ဖြစ်သည့်အထိ ကန့်သတ်လာခဲ့သည်။ လူမျိုးခွဲခြားခြင်းအပြင် ဘာသာရေးခွဲခြားခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ခရစ်ယန်၊ မွတ်ဆလင် ဘာသာဝင်များကို ပင်စင်ပေးခြင်း၊ အရပ်ဖက်ပြောင်းရွေ့စေခြင်းများပြုလုပ်ခဲ့သည်။ လျှို့ဝှက်အမည်မှာ “ စီပိုး “ ဟုဆိုလျှင် ရောဂါပိုးကို မဆိုလိုဘဲ ခရစ်ယန်ဘာသာဝင်ကို ဆိုလိုပါသည်။
ကာလကြာသော် အကျိုးဆက်မှာ တိုင်းရင်းသားဒေသများတွင် စစ်တပ်ဟူသည် ဗမာစစ်တပ်ဖြစ်သည်ဟု စိတ်ချလက်ချ ယုံကြည်သွားခဲ့ကြခြင်းမှာ ယခုတိုင်အောင် ဖြစ်ပါသည်။ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားများမှာ သူတို့ဆက်ဆံ ထိတွေ့ရသည့် ဗမာလူမျိုးမှာ စစ်တပ်သာဖြစ်၍ ဗမာနှင့် စစ်တပ်အား တခုတည်းဟု ယူဆထားခဲ့ကြသည်။ မြေပြန့် ရှိ ဗမာများသည် စစ်တပ်ဖွဲ့၍ မိမိတို့ တိုင်းရင်းသား အရပ်ဒေသတွင် လက်နက်ဖြင့် အနိုင်ကျင့် စီးပွါးလာရှာသူများအဖြစ် ထင်မြင်ခဲ့ကြသည်။ စစ်တပ်အနေဖြင့် မိမိတို့၏ ကြီးပွါးတိုးတက်ရေးအား ရေရှည်တည်တံ့ခိုင်မာစေရန် နိုင်ငံတော်၏ နိုင်ငံရေးအာဏာများကိုပါ ဆက်လက်ဆုပ်ကိုင်ထားရန် စီစဉ်ထားခဲ့ကြသည်။ တိုင်းပြည်က အလွန်တရာ ဆင်းရဲသွားပြီး စစ်တပ်အရာရှိကြီးများက အလွန်တရာ ချမ်းသာသွားကြသော်လည်း လောဘဇောကို အသောမသတ်နိုင်ခဲ့ကြပေ။
၂၀၂၁ တွင် စစ်တပ်သည် နိုင်ငံတော်အာဏာအား သိမ်းပိုက်လိုက်ခြင်းဖြင့် အလွန်ကြီးမားသော အမှားကြီးတခုအား ကျူးလွန်ခဲ့ပါသည်။ IT ဆက်သွယ်ရေးခေတ်သို့ ရောက်နေပြီဖြစ်၍ မတရားမှုများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သော ကာလတွင် အာဏာသိမ်းခဲ့သည့်အပြင် ဆန့်ကျင်ကန့်ကွက်သူများကို (ထုံးစံအတိုင်း) အကြောက်တရားဖြစ်အောင် ဖိနှိပ် သတ်ဖြတ်သည့်နည်းလမ်းဖြင့် နှိပ်ကွပ်ခဲ့သည်။ ခါတိုင်းကဲ့သို့ ဖုံးကွယ်ထား၍ မရနိုင်သောကြောင့် ပြည်သူလူထုကြီးအတွင်း နာကျည်းစိတ်များဖြင့် လက်နက်ကိုင်တော်လှန်ကြသည်အထိ တုန့်ပြန်မှုကို ခံခဲ့ရသည်။ စစ်တပ်အဖို့ အဆိုးဆုံးမှာ သူ့အား မည်သည့်ကာလမျိုးတွင်မှ လက်နက်ကိုင်ပြီး မတော်လှန်ခဲ့ကြသော မြေပြန့်နေ ဗမာလူထုကြီးကိုယ်တိုင်က အမျက်ဒေါသ ချောင်းချောင်းထွက် လက်နက်ကိုင် တုန့်ပြန်တော်လှန်ကြခြင်း ဖြစ်ပါသည်။
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ယခုအခါ စစ်တပ်သည် တောင်ပေါ်မြေပြန့်အားလုံး၏ ဘုံရန်သူဘဝသို့ သက်ဆင်းကျရောက်နေရပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ အရေးပေါ်အခြေအနေတွင် နှစ်ပေါင်းများစွာ အတွင်းလှိုက်စားနေခဲ့သော ခြစားမှုများကြောင့် မရှုနိုင် မကယ်နိုင် ဖြစ်လာရတော့သည်။
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ယခုအခါ စစ်တပ်သည် တောင်ပေါ်မြေပြန့်အားလုံး၏ ဘုံရန်သူဘဝသို့ သက်ဆင်းကျရောက်နေရပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ အရေးပေါ်အခြေအနေတွင် နှစ်ပေါင်းများစွာ အတွင်းလှိုက်စားနေခဲ့သော ခြစားမှုများကြောင့် မရှုနိုင် မကယ်နိုင် ဖြစ်လာရတော့သည်။ အစဉ်အလာအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လုံးဝဂရုမစိုက်ဘဲ လက်နက်ကိုင်၍ စိတ်ထင်တိုင်း လုပ်ချင်ရာလုပ်ခဲ့ကြသည်မှာ ပြောရလျှင် ပြောမဆုံးပေါင် တောသုံးထောင်ဇာတ်လမ်းများဟု ဆိုရပါတော့မည်။ အကယ်၍သာ ကိုယ်ကျိုးမရှာ စိတ်စေတနာ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့မည်ဆိုလျှင် စစ်တပ်အား ဆန့်ကျင်တော်လှန်သူများ တဖြည်းဖြည်းနည်းသွားရမည် ဖြစ်သော်လည်း ယခုအခါ များပြီးရင်းများလာနေသည်မှာ စစ်တပ်၏ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးများ မှားယွင်းနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားသည့် သက်သေသာဓက များဖြစ်ပါသည်။
တပ်များဆုတ်ခွါနေရသည်မှာ တပ်အင်အား မလုံလောက်မှုကြောင့်ဟု သိလာရသောအခါ နောက်ထပ်အမှားကြီးတခု ထပ်မံကျူးလွန်ပြန်သည်။ ယင်းသည်ကား ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ပြည်သူလူထုကြီး တရပ်လုံး၏ အများစုကြီးက မိမိအားဆန့်ကျင်နေသည့်အချိန်၊ တိုင်းရင်းသားနယ်မြေများ အားလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ လူသူစုဆောင်း၍ တော်လှန်နေသောအချိန်တွင် အဆိုပါဥပဒေ ထုတ်ပြန်လိုက်သောအခါ တော်လှန်ရေးတပ်ဖွဲ့များသို့ တပ်သားသစ်များ စုဆောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး မိမိတိုက်ခိုက်နေရသော ရန်သူအား အားဖြည့်ပေးရာ ရောက်သွားခဲ့သည်။ ပီဒီအဖ်များကို အားဖြည့်ပေးသကဲ့သို့ ဖြစ်သွားရသည်။ မည်သည့်ဖက်မျှ အားမပေးဘဲ ကြားနေနေသော လူ့အဖွဲ့အစည်းများအား လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဘုံရန်သူဘဝကို ကျရောက်နေသော စစ်တပ်တွင် တာဝန်ထမ်းဆောင်ရတော့မည်ဟူသော စိုးရိမ်စိတ်များကြောင့် နည်းလမ်းအမျိုးမျိုးဖြင့် ရှောင်တိမ်းရန် ကြိုးစားလာကြပါတော့သည်။ စစ်တပ်သည်လည်း မိမိ၏အမှားကို သိမြင်လာသောကြောင့် အမိန့်ထုတ်ပြန်ပြီးသည့်နောက်ပိုင်း နေ့စဉ်နေ့တိုင်း နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းချက်များ ထုတ်နေရသည်ကို တွေ့မြင်ကြရသည်။ သို့သော် အချိန်အခါသည်ကား နှောင်းခဲ့ပြီဟု ဆိုရပါတော့မည်။
အဆိုပါ အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ကြည့်ရလျှင် စစ်တပ်သည် နိုင်ငံတော်အား ဆက်လက်၍ လွှမ်းမိုးထားရန်၊ ချုပ်ကိုင်ထားရန်မှာ လွန်စွာခက်ခဲသွားပြီ ဖြစ်ပါသည်။ နိုင်ငံရေးအာဏာ၊ စီးပွါးရေးအာဏာများတွင် ဝင်ရောက် ဆောင်ရွက်ရန်အတွက်လည်း ဖြစ်နိုင်ခြေမရှိတော့ပေ။ လောလောဆယ် စစ်တပ်၏ လက်ငင်းဆောင်ရွက်ရန်မှာ သူတို့ ခေါင်းဆောင်ဟောင်းကြီးများ၏ တာဝန်ပေးချက်ဖြစ်သည့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆက်လက် တည်ရှိနေရေးနှင့် စစ်တပ်ကြီးတခုလုံး မပြိုမပျက် ဆက်လက်တည်ရှိနေရေးဟူသည့် ကိစ္စရပ်နှစ်မျိုးသာရှိတော့သည်ဟု ဆိုချင်ပါသည်။ လက်ရှိအခြေအနေတွင် စစ်တပ်သည် “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ပြန်လည် ပိုက်ထွေးဖို့ရန် ဝေးကွာလွန်းနေပြီဟုလည်း ဆိုချင်ပါသည်။
အခြေခံ ဥပဒေဆိုသည်မှာ နိုင်ငံရေးတာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် လုပ်ရမည့်လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေအား စစ်တပ်အလိုကျ ရေရှည်တည်တံ့ရန်အတွက် မည်သူမျှ အာမ ခံနိုင်မည် မဟုတ်ပါ။ နိုင်ငံတနိုင်ငံတွင် နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တရပ်လိုအပ်သည်မှာ မည်သူမျှ အငြင်းမပွါးကြပေ။ သို့သော် အလွန်အမင်းခြစားထားသော၊ စီးပွါးရေးလွန်ကဲနေသော၊ အရာရာကို ဗိုလ်ကျစိုးမိုးလိုသော၊ ဖိနှိပ်ရက်စက်မှုအပေါင်း သရဖူဆောင်းထားခဲ့သော စစ်တပ်မျိုးအတွက် နိုင်ငံတော်တွင် နေရာ မရှိသင့်၊ မရှိနိုင်တော့ပေ။
တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်မူ လက်ရှိတပ်မတော်အား အပြီးတိုင်ဖျက်သိမ်း၍ တပ်မတော်အသစ် တရပ် ပြန်လည်ဖွဲ့စည်းရန်ဖြစ်သည်ဟု မြင်မိသည်။ သို့သော်လည်း မည်မျှလက်တွေ့ကျသနည်း ဆိုသည့်မေးခွန်းကို ဖြေကြားရန် လိုနေပါသေးသည်။
တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်မူ လက်ရှိတပ်မတော်အား အပြီးတိုင်ဖျက်သိမ်း၍ တပ်မတော်အသစ် တရပ် ပြန်လည်ဖွဲ့စည်းရန်ဖြစ်သည်ဟု မြင်မိသည်။ သို့သော်လည်း မည်မျှလက်တွေ့ကျသနည်း ဆိုသည့်မေးခွန်းကို ဖြေကြားရန် လိုနေပါသေးသည်။ ဖြစ်ချင်သည့်အပိုင်းကို မငြင်းဆိုသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ရန် လိုအပ်မှုကိုတော့ ထည့်မစဉ်းစား၍ မရနိုင်ပါ။ ကိုယ်ကျိုးကို မျှော်ကိုး၍ စစ်တပ်အတွင်း ဝင်ခဲ့ကြသူများကိုလည်း ဖယ်ထုတ်ရန် လိုအပ်သကဲ့သို့ စစ်တပ်သည် နိုင်ငံတကာစစ်တပ်များ၏ စံချိန်စံနှုန်းနှင့်အညီ ဖြစ်လာစေရန် ပြုပြင်မှုများ အများအပြား လုပ်ဆောင်ကြရပေအုန်းမည်။ နိုင်ငံအား အုပ်စိုးခဲ့သည့်ကာလများအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများကဲ့သို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ကျူးလွန်ခဲ့သူ ဆိုင်ရာပုဂ္ဂိုလ်များကို အရေးယူမှုများလည်း မလွဲမသွေ လုပ်ဆောင်ဖို့ လိုအပ်နေပြန်သည်။ နိုင်ငံသားတိုင်း မည်သူမဆို ဥပဒေမဲ့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ရှိပြီး ထိုအပြစ်များအတွက် တာဝန်ယူပြစ်ဒဏ်များ ပြန်လည်ခံယူရမည် ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်အတွင်းသို့ နိုင်ငံတော်ကာကွယ်ရေးအတွက် စွန့်လွှတ်စွန့်စားသည့် စိတ်ဓါတ်ဖြင့် ဝင်ရောက်လာသူများနှင့် ဥပဒေမဲ့ ဆောင်ရွက်ခဲ့ခြင်း မရှိသူများကိုလည်း တဖက်က ပြန်လည်စိစစ်၍ အသိအမှတ်ပြုရန် လိုသည်ဟု ဆိုချင်ပါသည်။
သမာသမတ်စိတ်၊ မျှတသည့် အယူအဆ ရှိရန် လိုမည်ဟု ထင်ပါသည်။ မတရားသည့် ဖိနှိပ်သတ်ဖြတ်မှုများကို မကြိုက် မနှစ်သက်၍ အဆိုပါလုပ်ရပ်များကို ဖယ်ရှားရန် တော်လှန်ရေးဆင်နွဲခဲ့ခြင်းဟု မြင်သောကြောင့် ကိုယ့်အလှည့်ရောက်သည့်အခါတွင်လည်း မတရားသဖြင့် မဖြစ်အောင်၊ ဥပဒေမဲ့ မဆောင်ရွက်မိအောင် စောင့်ထိန်းရမည့်တာဝန်ရှိသည်ဟု ဆိုလျှင် ပြင်းထန်စွာ ခံစားခဲ့ရသူများအဖို့ ငြင်းဆန်ကြမည်ကို နားလည်ပါသည်။ နာကျည်းမှု စိတ်ဆန္ဒတခုထဲဖြင့် တိုင်းပြည်ပြန်လည်ထူထောင်ရန် မဖြစ်နိုင်ကြောင်းကိုတော့ နားလည်ပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။
မည်သို့ပင်ဆိုစေ အေးချမ်းသာယာသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ပေါ်ပေါက်လာရေးမှာ နိုင်ငံသားတိုင်းက ပါဝင်ကူညီမှသာ ဖြစ်နိုင်ပါမည်။ အဆိုပါ နိုင်ငံတော်တွင်လည်း ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သော တပ်မတော်တရပ် ပြန်လည်ပေါ်ပေါက်လာရေးသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးနှင့်အတူ တပြိုင်နက် အရေးကြီးလှပါကြောင်း စဉ်းစားတွေးခေါ် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် တင်ပြလိုက်ရပါသည်။
(ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်း တဦးဖြစ်သည် )
You may also like these stories:
စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ
ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်မှာ ဘယ်ပြည်သူမှ တာဝန်မထမ်းချင်ဘူး (ရုပ်/သံ)
Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ