စစ်တပ်အာဏာသိမ်းမှု သုံးနှစ်တင်းတင်း ပြည့်ပြီးသည့်သကာလတွင် မြန်မာပြည်အခြေအနေက တနေ့တခြား ပို၍ တင်းမာပြင်းထန်လာ၏။ စစ်ရေးအခြေအနေက ပို၍ထိပ်ရောက်လာ၏။ စစ်တပ်ကလည်း တနေ့တခြား ရှုံးပွဲများလာနေ၏။ မြို့များ၊ နယ်မြေအများအပြားအား မြန်မာစစ်တပ်လက်လွှတ်နေရ၏။
စစ်တပ်သည် မြန်မာပြည်ကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့။ တိုင်းပြည်၏ နေရာအတော်များများအား စစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိတော့။ နယ်စပ်ကုန်သွယ်ရေး အားလုံးလည်း ပုံမှန်အခြေအနေပျောက်ဆုံးသွားပြီဖြစ်၏။ တိုင်းပြည်စီးပွားရေးသည်လည်း ထိုးကျနေသည့်အပြင် စစ်ကောင်စီပြဌာန်းသည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ၊ မိဘများ စိတ်မသက်မသာဖြစ်နေပြီး မတည်မငြိမ်ဖြစ်နေရာ အခြေအနေက ပို၍ဆိုးဝါးလာနေ၏။
ထို့ပြင် စစ်ပွဲကြောင့်လည်း မြို့များ၊ ရွာများ ပျက်စီးပြီး မီးလောင်မြေ တစပြင်ဖြစ်နေသည့် မြို့များ၊ ရွာများ တဖြည်းဖြည်း များလာသည်။ သာမန်မြို့ရွာများသာမက ပြည်နယ်အဆင့် မြို့တော်များသည်ပင် ခြိမ်းခြောက်ခံနေရ၏။
စစ်ကောင်စီက ဟန်မပျက် ဖုံးဖိနေသော်လည်း စစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းသည် တဖြည်းဖြည်း လျော့ကျနေပြီဖြစ်၏။
စစ်ကောင်စီက ဟန်မပျက် ဖုံးဖိနေသော်လည်း စစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းသည် တဖြည်းဖြည်း လျော့ကျနေပြီဖြစ်၏။ ဥပမာအားဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးကို စစ်တွေတွင် ကျင်းပပြုလုပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးနေကြသည်ဟု သတင်းစာတွင် ဖော်ပြနေသော်လည်း လက်တွေ့တွင် စစ်တွေမြို့သည်ပင် စစ်ရေးအရ နေ့လား၊ ညလား အခြေအနေ ဖြစ်နေ၏။ စစ်တွေမြို့ကို ပိတ်ဆို့ထားပြီး စစ်တပ်မိသားစုများကို စစ်တွေမြို့မှ ရွှေ့ပြောင်းပေးနေရ၏။
ဤသို့သော အခြေအနေအောက်တွင် စစ်တပ်က မြန်မာပြည်အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတော့သည်ကို ရှင်းလင်းစွာ မြင်လာနေရ၏။ သို့ဖြစ်ရာ မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံကြီးအချို့သည် မြန်မာစစ်တပ် ပြိုလဲပြီး မြန်မာပြည် ဗရမ်းဗတာ ဖြစ်လာနိုင်သည်ဟု တွက်ချက်လာကြ၏။ မြန်မာပြည် ဗရမ်းဗတာ ဖြစ်လာနိုင်သည်ဟူသည့် အယူအဆသည် မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် အမြင်ပေါ်မှလာခြင်းဖြစ်ပြီး မြန်မာစစ်တပ်သာ မြန်မာပြည်အခြေအနေကို တည်ငြိမ်အောင် ထိမ်းသိမ်းထားနိုင်သည်။
မြန်မာပြည်တွင် စစ်တပ်အင်စတီကျူးရှင်းသာ ခိုင်မာတောင့်တင်းဆုံးဖြစ်ပြီး မြန်မာပြည်တည်ငြိမ်ရေးအတွက် စစ်တပ်ကို ဗဟိုပြု စဉ်းစားရမည်ဆိုသည့်အချက်က လာခြင်းဖြစ်၏။ ထို့ကြောင့်လည်း စစ်တပ်ပြိုလဲပါက မြန်မာပြည် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးဖြစ်လိမ့်မည် ယူဆနေခြင်းဖြစ်၏။
မြန်မာပြည်တည်ငြိမ်ရန် ကြာမြင့်လေ ၎င်းတို့အတွက်၊ ဒေသတွင်းအတွက် အကျိုးယုတ်မည်ဟု ယူဆပြီး မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ထိန်းညှိရန် ကြိုးစားလာကြ၏။
ယခုအခါ မြန်မာစစ်တပ် ပြိုကွဲနိုင်သည်ဆိုသည့်အချက်ကို တဖြည်းဖြည်း လက်ခံလာကြသော်လည်း အချိန်တိုအတွင်း မပြိုကွဲနိုင်ဘဲ မြန်မာပြည်တခုလုံး အချိန်အတန်ကြာ ကသောင်းကနင်း ဖြစ်နေလိမ့်မည်ဟု ယူဆကြ၏၊၊ မြန်မာပြည်တည်ငြိမ်ရန် ကြာမြင့်လေ ၎င်းတို့အတွက်၊ ဒေသတွင်းအတွက် အကျိုးယုတ်မည်ဟု ယူဆပြီး မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ထိန်းညှိရန် ကြိုးစားလာကြခြင်းဖြစ်၏။
အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံကြီးများက မြန်မာပြည် တည်ငြိမ်စေချင်ကြသည်မှာ အကြောင်းအမျိုးမျိုးရှိ၏။ မြန်မာပြည် မတည်ငြိမ်ပါက ဒေသတွင်း ဂယက်ရိုက်မှုရှိခြင်း၊ ဒုက္ခသည်ပြဿနာ၊ နိုင်ငံကျော်၍ ခိုးဝင်ကြသည့် ပြဿနာများ ဖြစ်ပွားခြင်း၊ စီးပွားကူးသန်း ကုန်သွယ်မှုများ ရပ်တန့်ခြင်း၊ ရင်းနှီးမြှုပ်နှံရန် ခက်ခဲခြင်း၊ မြန်မာပြည်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရန် ခက်ခဲခြင်းစသည့် အကြောင်းများကြောင့် ဖြစ်၏။
သို့ဖြစ်ရာ ထိုအခြေအနေကို ရှောင်လွှဲနိုင်ရန် ကြံစည် စဉ်းစားလာကြသည်ကို တွေ့ရ၏။ ထိုစဉ်းစားမှုများသည် မြန်မာပြည် ဗရမ်းဗတာဖြစ်မည့် အခြေအနေအား ကျော်လွှားပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုးကို ဖန်တီးနိုင်မည်ဟု ယူဆနေကြသည်ကို တွေ့ရ၏။
အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံကြီးများက မြန်မာ့အရေးနှင့် ပတ်သက်၍ စဉ်းစားကြရာတွင် တွေ့ရသည့် တူညီသည့်အချက်တခုမှာ ၂၀၁၁ နှင့် ၂၀၂၀ ကြား အခြေအနေသို့ ပြန်သွားရေးဖြစ်၏။ စစ်တပ်နှင့် ဒီမိုကရက်တစ် အင်အားစုများကြား ဆွေးနွေးညှိနှိုင်းပြီး အာဏာခွဲဝေယူသည့် အခြေအနေသည်သာ မြန်မာပြည်ကို တည်ငြိမ်စေလိမ့်မည်ဟု မှတ်ယူထားကြ၏။
တဖက်ကလည်း အာဏာသိမ်းခါစကာလက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် တရုတ်ကို မာမာထန်ထန်တုန့်ပြန်သည့် စစ်ကောင်စီသည် ယခုအခါ အာဆီယံကို စတင်အလျှော့ပေးမှု ပြုလုပ်လာသကဲ့သို့ တရုတ်ကိုလည်း မျက်နှာချိုသွေးလာသည်ဖြစ်ရာ မြန်မာ့အရေး စေ့စပ်ညှိနိုင်း၍ ရနိုင်သည်ဟု ယူဆလာကြ၏။
စစ်တပ်သည် ယခင်ကကဲ့သို့ လေသံမမာနိုင်တော့ပေ။ အပေါ်ယံအားဖြင့် ရုပ်မပျက်အောင် ထိန်းသိမ်းနေသော်လည်း အတွင်းသရုပ်ကတော့ ဗိုက်နာနေပြီဖြစ်၏။
အမှန်ပင် စစ်ကောင်စီသည် စစ်ရေးအကျပ်အတည်းဆိုက်ပြီး မြို့ရွာအတော်များများ စွန့်လွှတ်ထားရသည့်အပြင် တပ်မအလိုက် ချေမှုန်းခံထားရ၊ တပ်မအလိုက် လက်နက်ချသည့်အခြေသို့ ဆိုက်နေသည်။ လေယာဉ်များ ပစ်ချခံထားရ၊ စစ်သင်္ဘောများ ဖျက်ဆီးနှစ်မြှုပ်ခံထားရ၊ တင့်ကားများ၊ သံချပ်ကာကားများ ဖျက်ဆီးခံရ၊ အသိမ်းခံရ ဖြစ်နေသည့် စစ်တပ်သည် ယခင်ကကဲ့သို့ လေသံမမာနိုင်တော့ပေ။ အပေါ်ယံအားဖြင့် ရုပ်မပျက်အောင် ထိန်းသိမ်းနေသော်လည်း အတွင်းသရုပ်ကတော့ ဗိုက်နာနေပြီဖြစ်၏။
ပြည်ပနိုင်ငံများ၏ မြန်မာ့အရေးစိတ်ကူးစံ
မြန်မာပြည်ပြဿနာ ပြေလည်ရေးအတွက် တရုတ်အပါအဝင် အာဆီယံနိုင်ငံအချို့၏ စဉ်းစားချက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တာဝန်ရှိသူအချို့ ဖယ်ရှားပေးပြီး ပြုပြင်ပြောင်းလဲရေး ပြုလုပ်လိုသူ စစ်ဗိုလ်ချုပ်တချို့နှင့် အစားထိုးရန်၊ မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းရှိသူ၏ အမာခံများကိုလည်း ပြည်ပနိုင်ငံတွင် ခိုလှုံခွင့်ပေးပြီး ထွက်ပေါက်ပေးရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပြီး ပြုပြင်ပြောင်းလဲရေး လိုလားသည့် စစ်ဗိုလ်များနှင့် ပူးပေါင်း၍ လွှတ်တော်ပြန်ခေါ်ပြီး ယခင်လမ်းကြောင်းကို ပြန်လျှောက်ရန် စဉ်းစားထားကြ၏။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင် တပြည်လုံးရှိ PDF အုံကြွမှုများကို ထိန်းနိုင်လိမ့်မည်ဟု ယူဆကြသည်။ မြန်မာပြည်တည်ငြိမ်မှုကို ထိန်းနိုင်မည်ဟု ယူဆနေကြ၏။
သူတို့၏ စိတ်ကူးစံမှ အရေးကြီးသည့်အချက်တခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မည်သို့ ဖယ်ရှားမည်နည်းဆိုသည့် အချက်ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီး ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်နှင့် သူ၏အမာခံများ အာဏာတည်မြဲနေသရွေ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ပြုလုပ်၍ လုံးဝမရနိုင်ပေ။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဆိုသည့် စစ်ဗိုလ်ချုပ်အချို့နှင့် မုချအစား ထိုးရမည်ဖြစ်၏။ မြန်မာစစ်တပ်၏ “ခေါင်း”ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့ အာဏာရှင်တယောက်အနေနှင့် နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့်ရမည်ဆိုသည်နှင့် အာဏာကို လွယ်လွယ်စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။ သူတို့အနေနှင့် အာဏာမရှိတော့ပါက သူတို့၏အသက်အပါအဝင် အရာအားလုံး ဆုံးရှုံးသွားနိုင်သည်ကို သိကြပြီးဖြစ်၏။ ထို့ကြောင့်လည်း အာဏာရှင်များသည် နောက်ဆုံးအချိန်အထိ အာဏာကို ဆုပ်ကိုင်ထားကြသည်သာ ဖြစ်၏။ သူဘာသာ အာဏာစွန့်လွှတ်ရန် ဖြစ်နိုင်ခြေ မရှိသလောက်ဖြစ်၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖယ်ရှားမည့် တိုင်းပြည်ကို ချစ်ပါသည်ဆိုသည့် စစ်ဗိုလ်ချုပ်များ လိုသည်။
ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖယ်ရှားမည့် တိုင်းပြည်ကို ချစ်ပါသည်ဆိုသည့် စစ်ဗိုလ်ချုပ်များ လိုသည်။ စစ်တပ်ထိပ်ဆုံးခေါင်းဆောင်ကို ဆန့်ကျင်ပုန်ကန်ရဲသည့် ဗိုလ်ကြီး အုန်းကျော်မြင့်ကဲ့သို့ အောက်ခြေအရာရှိများ စစ်တပ်တွင်း၌ ယခုအချိန်အထိ ရှိခဲ့သော်လည်း ထိပ်သီးစစ်ခေါင်းဆောင်ကို ဆန့်ကျင်ပုန်ကန်ရဲသည့် စစ်ဗိုလ်ချုပ်များ မြန်မာစစ်တပ်တွင်း ယခုအချိန်အထိ မရှိခဲ့ဖူးပေ။ သို့ဖြစ်ရာ မင်းအောင်လှိုင်အုပ်စုအားဖယ်၍ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းအား သဘောထားပျော့ပြောင်းသူများနှင့် အစားထိုးရေးဆိုသည်မှာ ခက်ခဲ၏။ ပြည်တွင်းမှ နိုင်ငံရေးအင်အားစုများသာ ဤသို့စိတ်ကူးသည်ဆိုပါက ကြောင်ကို ခြူဆွဲမည့်အကြံနှင့် တူနေပေသည် အပ်ချမတ်ချဆို၍ရ၏။
သို့သော် လက်ရှိ ကြောင်ကို ခြူဆွဲမည့် ဤစိတ်ကူးစံကို အကောင်အထည် ဖော်လိုသူများမှာ ကြွက်များ မဟုတ်ကြပေ။ ကြောင်၏ ဆရာအဆင့်တွင်ရှိသည့် နဂါးများဖြစ်ကြ၏။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အားကောင်းမောင်းသန် ရှိကြပြီး မြန်မာစစ်တပ်ကိုရော အတိုက်အခံအင်အားစုကိုပါ ဖိအားပေးနိုင်စွမ်းရှိသည့် နဂါးများ၏ စိတ်ကူးစိတ်သန်း ဖြစ်နေ၏။ ထို့ပြင် ထိုသူများသည် အပြောသက်သက်၊ သီအိုရီသက်သက် မဟုတ်ဘဲ ၎င်းတို့ စိတ်ကူးစိတ်သန်းကို လက်တွေ့ကျကျ အကောင်အထည်ဖော်လေ့ရှိသည့် လက်တွေ့ဝါဒီများဖြစ်ရာ စိတ်ဝင်စားဖို့တော့ ကောင်း၏။
မြန်မာ့အရေးနှင့်ပတ်သက်၍ ၎င်းတို့ ရှုမြင်စဉ်းစားချက်မှာ မြန်မာနိုင်ငံရေး အင်အားစု အားလုံး အပေးအယူလုပ်ရန် လိုအပ်ပြီး အာဏာခွဲဝေယူရန် လိုအပ်သည်ဟု စဉ်းစားကြ၏။ တဖက်နှင့်တဖက် အပြုတ်တိုက်ရေးသည် အလုပ်မဖြစ်၊ အချိန်ကြာမြင့်ပြီး အားလုံးပျက်သုဉ်းစေလိမ့်မည်ဟု ယူဆကြ၏။ စေ့စပ်ဆွေးနွေးခြင်း၊ အပေးအယူလုပ်ခြင်းသည်သာ မြန်မာပြည်အတွက် အသင့်တော်ဆုံးနှင့် မြန်မာပြည် တည်ငြိမ်ရေးအတွက် အမြန်ဆန်ဆုံးနည်းလမ်းဟု ယူဆထားကြပုံရ၏။ ၎င်းတို့စဉ်းစားပုံ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်းတို့အနေနှင့် ဤအတိုင်း အကောင်အထည်ဖော်ရန် ကြိုးစားကြမည်သာ ဖြစ်၏။
မြန်မာပြည် လက်တွေ့အခြေအနေ
ပြည်ပနိုင်ငံများ၏ မြန်မာပြည် အမြန်တည်ငြိမ်ရေးအတွက် စစ်တပ်၏ ခေါင်းပိုင်းကို လဲ၍ စေ့စပ်ဆွေးနွေး ပြောင်းလဲမည့် ကြံရွယ်ချက်တွင် ခက်ခဲမည်မှာ မြေပြင်အခြေအနေများ ဖြစ်သည်။
ပထမအချက်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် လူဦးရေ ၂၆,၀၀၀ ကျော် ဖမ်းဆီးထားဆဲဖြစ်ပြီး အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ကလေးငယ်များ အပါအဝင် လူ ၄,၅၀၀ ကျော် သတ်ဖြတ်ထား၏။ တပြည်လုံးရှိ အရပ်သားအိုးအိမ် ၈၀,၀၀၀ ခန့် မီးရှို့ဖျက်ဆီးထား၏။ များစွာသော စစ်ရာဇဝတ်မှုမျိုးစုံကို စစ်တပ် ကျူးလွန်ထားရာ ထိုရာဇဝတ်မှုများကို လူထုက အလွယ်တကူ သင်ပုန်းချေ ခွင့်လွှတ်ပေးရန် လွန်စွာ ခက်ခဲပေလိမ့်မည်။
သင်ပုန်းချေ ခွင့်လွှတ်ပေးရေးအတွက် လူထုကို ဖျောင်းဖျနားချပေးရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထို့အတူ သင်ပုန်းချေ ခွင့်လွှတ်ပေးရေးအတွက် လူထုကို ဖျောင်းဖျနားချပေးရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် လွယ်ကူလိမ့်မည် မဟုတ်ပေ။ တဖက်တွင် စစ်တပ်ကလည်း အကြမ်းဖက်မှု ကျူးလွန်သည်ဟုဆိုကာ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသည့် လူငယ်များအား ကွင်းလုံးကျွတ် လွှတ်ပေးရန်ခက်ခဲ၏။
ဒုတိယအချက်အနေဖြင့် စစ်တပ် တလျှောက်လုံး ချုပ်ကိုင်ထားသည့် တပြည်ထောင်စနစ်ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ဖြိုချနိုင်သည့်ကာလသို့ ရောက်ရှိပြီဖြစ်ရာ တပြည်ထောင်စနစ် နေရာတွင် ပြည်ထောင်စုပုံစံသစ်ကို ပြောင်းလဲ လက်ခံရတော့မည်ဖြစ်၏။ ဗဟိုက ချုပ်ကိုင်သည့် တပြည်ထောင်စနစ်ကို ပြန်သွား၍ မရနိုင်တော့။
တတိယအချက်မှာ စစ်တပ်၏ နိုင်ငံရေးထဲ ပါဝင်မှုကို အဆုံးသတ်ရမည့် အချိန်ကာလသို့ ရောက်ရှိနေပြီး မုချလည်း အဆုံးသတ်နိုင်သည်ဟု တိုင်းရင်းသားတပ်ဖွဲ့များအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများက ယူဆထားကြပြီဖြစ်ရာ စစ်တပ်ကို မြန်မာပြည်အနာဂတ်နိုင်ငံရေးအတွင်း ဆက်လက်ပါဝင်မှုကို လက်မခံနိုင်ကြတော့ပေ။
စတုတ္ထအချက်အနေဖြင့် စစ်တပ်အနေနှင့် လုံးဝအကျပ်အတည်းသို့ ဆိုက်ရောက်ပါမှသာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တို့နှင့် ဆွေးနွေးခြင်းကို လက်ခံလိမ့်မည်ဖြစ်၏။ သို့သော် မင်းအောင်လှိုင်ကဲ့သို့ ခေါင်းမာဂိုဏ်းများ အာဏာရယူထားသရွေ့ အကျပ်အတည်းကြောင့်၊ မလွန်ဆန်နိုင်သည့် ဖိအားများကြောင့် စားပွဲဝိုင်းဆွေးနွေးမှုကို လက်ခံသည့်တိုင် မည်သည့်အဖြေမှ ထွက်မည် မဟုတ်ပေ။ ၂၀၀၈ အခြေခံဥပဒေအား ဘမ်းပြ၍ အချိန်ဆွဲရန်သာ ကြိုးစားပေလိမ့်မည်။
အထက်ပါအချက်များသည် မြန်မာပြည်နိုင်ငံရေး ပကတိ ဘဝအခြေအနေများဖြစ်၏။ မြန်မာအရေးကို ဖြေရှင်းရန် ကြိုးစားသူများသည် ပျော်ရွှင်ဖွယ် အဆုံးသတ်ကို ရည်စူးသည့် စိတ်ကူးစံများ ဖော်ကြူးလျက်ရှိကြသည်မှာ သူတို့ အခွင့်အရေးဖြစ်သော်လည်း ကျော်လွှားရမည့် အခက်အခဲများကို ပေါ့ပေါ့တန်တန် စဉ်းစား၍ မရပေ။
မြန်မာ့အရေးနှင့် ချဉ်းကပ်သူများပြဿနာ
မြန်မာ့အရေးကို ချဉ်းကပ်ဖြေရှင်းလိုသူများတွင် တွေ့ရသည့် အဓိက ပြဿနာတခုမှာ မြန်မာနိုင်ငံ ပုံစံသစ် ပေါ်လာမည်ကို လက်ခံရန် စိုးရွံ့နေကြခြင်း ဖြစ်၏။ နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက “အာဏာ” နေရာတွင် အစားထိုးဝင်ရောက်လာမည်ကို လက်သင့်ခံရန် မဝံ့မရဲဖြစ်နေကြ၏။
မြန်မာ့အရေးကို ချဉ်းကပ်ဖြေရှင်းလိုသူများတွင် တွေ့ရသည့် အဓိက ပြဿနာတခုမှာ မြန်မာနိုင်ငံ ပုံစံသစ် ပေါ်လာမည်ကို လက်ခံရန် စိုးရွံ့နေကြခြင်း ဖြစ်၏။ နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက “အာဏာ” နေရာတွင် အစားထိုးဝင်ရောက်လာမည်ကို လက်သင့်ခံရန် မဝံ့မရဲဖြစ်နေကြ၏။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပြန်လည်အစားထိုးပါက အဆင်ပြေနိုင်မည်ဟု တွက်ဆနေကြသူများအနေဖြင့် စဉ်းစားရန်လိုသည်မှာ ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရယူစဉ်က NLD သည် အတွေ့အကြုံမရှိ၍ တိုင်းပြည်ကို အုပ်ချုပ်နိုင်လိမ့်မည်မဟုတ်ဟု ယူဆခံခဲ့ရသည်ကို သတိပြုရန်လို၏။ သို့သော် အထင်နှင့်အမြင် ကွာခြားစွာပင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ကြောင်းပြသခဲ့၍ ယခု လက်ခံနေကြခြင်းဖြစ်၏။
နွေဦးတော်လှန်ရေးတွင် နယ်မြေထိန်းချုပ်နိုင်လာသည့် အင်အားစုအသစ်များကို အဘယ်ကြောင့် မအုပ်ချုပ်နိုင်ဟု ထင်မြင်နေကြပါသနည်း၊ လက်သင့်ခံရန် ခက်ခဲနေပါသနည်း။ လက်ရှိကာလတွင် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ချင်အမျိုးသားတပ်ဦး (CNF) နှင့် ချင်းကာကွယ်ရေးအဖွဲ့ (CDF)၊ ကရင်နီတော်လှန်ရေးအင်အား စုများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ၏ ထိန်းချုပ်မှုအောက်တွင် မြို့များ၊ နယ်မြေဒေသများစွာ ရှိနေပြီး ထိုဒေသများကို ကြည့်ပါက တိုင်းရင်းသားအင်အားစုများ၊ PDF များ၏ ထိန်းချုပ်မှုအောက်တွင် ဗရမ်းဗတာ အခြေအနေမရှိဘဲ တည်ငြိမ်အောင် ကောင်းစွာ ထိန်းချုပ်နိုင်သည်ကို တွေ့ရ၏။
နိုင်ငံတကာအနေဖြင့် မြန်မာပြည်ပြဿနာကို မည်သို့ဖြေရှင်းရန် ကြိုးစားသည်ဖြစ်စေ မြန်မာပြည်တွင် ဗဟိုမှချုပ်ကိုင်သည့် တပြည်ထောင်စနစ် အားပျော့သွားခြင်း၊ အင်အားစုအသစ်များ ထွက်ပေါ်လာခြင်းနှင့် ပြည်ထောင်စုပုံစံသစ် ပေါ်ပေါက်လာခြင်းကို မလွဲမသွေ လက်ခံနိုင်ရန် လိုအပ်ပေသည်။
မည်သို့ပင်ဖြစ်စေ ယိုင်နဲ့လာသည့် စစ်ကောင်စီ အခြေအနေနှင့်အတူ မင်းအောင်လှိုင်၏ဩဇာ တပ်တွင်းတွင် ကျဆင်းလာချိန်၌ မြန်မာစစ်တပ်အား “ခေါင်း” ပြောင်းရန် စဉ်းစားလုပ်ကိုင်နေသည့် ကြောင်၏ဆရာ နဂါး၏ စိတ်ကူးစံများ လက်တွေ့အကောင်အထည် ပေါ်၊ မပေါ်၊ မြေပြင်ပကတိ အခြေအနေများကို ကျော်လွှားနိုင်ခြင်း ရှိ၊ မရှိကတော့ စိတ်ဝင်စားဖွယ်အတိ ဖြစ်၏။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
တရုတ်နှစ်သစ်ကူး စစ်ကောင်စီခေါင်းဆောင် အရိုအသေပေး
တရုတ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအရေး စစ်ကောင်စီကို စည်းရုံးနေ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ