ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာပြီး မကြာသေးမီက စတင်ကျင့်သုံးသည့် စစ်မှုမထမ်းမနေရဥပဒေသည် တုန်လှုပ်ခြောက်ခြား ပင်ပမ်းနွမ်းနယ်နေပြီးဖြစ်သော ပြည်သူများကို ပိုမိုဂယက်ရိုက်သွားစေသည်။ အထူးသဖြင့် စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်ပြီး စစ်ပွဲတွင် ၎င်းတို့ မထောက်ခံသည့်ဘက်မှ ဝင်တိုက်ရန် အတင်းအကျပ် လုပ်ခံရနိုင်သည့် လူငယ်များအကြားတွင် ပိုမိုလှုပ်ခါသွားစေသည်။
ထိုလုပ်ရပ်၏ နောက်ကွယ်မှ စေ့ဆော်မှုများသည် တဖြည်းဖြည်း ရှုံးနိမ့်နေသော စစ်ကောင်စီအတွက် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းများတွင် တွေ့ရသကဲ့သို့ ဆုံးဖြတ်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့သော အစီအမံများ ရောနှောနေခြင်းဖြစ်သည်။ အခြားစေ့ဆော်မှုတခုမှာ အပြောင်းအလဲမြန်သော ကြံရာပါ ဗျူရိုကရေစီက အကျင့်ပျက်ခြစားရန် အခွင့်အလမ်း ဖန်တီးခြင်း ဖြစ်သည်။
ထိုစစ်မှုမထမ်းမနေရ ဥပဒေသစ်ကို အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ပြစ်တင်ရှုတ်ချကြသည်။ ထိုအဖွဲ့ နှစ်ဖွဲ့လုံးသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးနေသည့် စစ်မှုထမ်းအရွယ် လူငယ်များ အလုံးအရင်း ထွက်ခွာလာခြင်းကို တုံ့ပြန်ရန် လက်တွေ့ကျသော မူဝါ၏အများအပြားကို ချမှတ်ရမည်ဖြစ်သည်။
သို့သော် NUG သည်လည်း ၎င်း၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေသစ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ကူညီသူများကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူအပြစ်ပေးမည်ဟု ခြိမ်းခြောက်သည်။
ထိုကြေညာချက်အမှတ် ၀၁/၂၀၂၄ (လက်ရှိအချိန်အထိ အင်္ဂလိပ်ဘာသာဖြင့် မထုတ်ဝေသေး) တွင် စစ်သားစုဆောင်းသည့် လုပ်ငန်းစဉ်ကို ကူညီသော မည်သူမဆိုကို ထိုဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ ခ နှင့် ပုဒ်မ ၁၃၊ ၁၅ နှင့် ၁၆ များအရ အရေးယူမည်ဖြစ်သည်။ ထိုပြဋ္ဌာန်းချက်များသည် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်မှုကို ထောက်ခံခြင်းအား ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ပင်သည့် ပြဋ္ဌာန်းချက်များဖြစ်သည်။
NUG သည်လည်း ၎င်း၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား မြန်မာမှ ဖိနှိပ်သော လုံခြုံရေးစနစ်ကို ကူညီရန် လက်မနှေးသည့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNDOC) ၏ အကူအညီဖြင့် ရေးသားခဲ့သည်။ အာဏာမသိမ်းမီက အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် ရက္ခိုင့်တပ်တော် (AA) လက်နက်ကိုင်အုပ်စု နှစ်ခုကို ထိုဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လူသိရှင်ကြား ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက်တွင် အရေအတွက် မသိရသည့် ဆန္ဒပြသူများ၊ လူထုအာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ပါ ပါဝင်သည့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကိုပါ တရားစွဲဆိုပြီး ထိုဥပဒေအရ ထောင်ချသည်။ အကြမ်းဖက်သမားဟု စစ်ကောင်စီက သတ်မှတ်သူများကို ထောက်လှမ်းရန် ပိုမိုလွယ်ကူစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထိုဥပဒေကို ပိုမိုကျယ်ပြန့်သော ပြဋ္ဌာန်းချက်များဖြင့် ထပ်မံပြင်ဆင်သည်။
မြန်မာတွင် အကြမ်းဖက်လုပ်ရပ်များ အကျူးလွန်ဆုံးမှာ စစ်ကောင်စီ၊ စစ်တပ်၊ ၎င်းတို့၏ မဟာမိတ်များနှင့် လက်ဝေခံများ ဖြစ်သည်ဟု အားလုံးက အငြင်းမပွား လက်ခံထားကြသည်။ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းမှသည် ညှဉ်းပန်းနှိပ်စက်မှုအထိ၊ လေကြောင်းတိုက်ခိုက်မှုမှသည် မီးရှို့ခြင်းအထိ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးမှုမှသည် လူသတ်မှုနှင့် လူမျိုးစုသုတ်သင်ခြင်းအထိ စစ်ကောင်စီ မကျူးလွန်ဖူးသော ရက်စက်ကြမ်းကြုတ်မှု မရှိတော့ပေ။
NUG အစိုးရ အုပ်ချုပ်မှုအောက်တွင် ခဏတာရှိခဲ့ပြီးနောက် မကြာသေးမီက စစ်ကောင်စီတပ် ပြန်လည် သိမ်းယူခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို မီးရှို့ခြင်းသည့် စစ်တပ်၏ အကြမ်းဖက်စိတ်ဓာတ်၏ နောက်ဆုံး ဥပမာဖြစ်သည်။
တော်လှန်ရေးအင်အားစုလက်သို့ ကျရောက်သွားသည့် ဈေးများကို လုပ်နေကျအတိုင်း ဖျက်ဆီးခြင်းသည်လည်း အကြမ်းဖက် ဥပမာဖြစ်ပြီး AA က ရခိုင်ပြည်နယ်မှ မြို့အများအပြားကို စစ်တပ်သိမ်းပိုက်မှုမှ လွတ်မြောက်စေသောအခါ ထိုမြို့များကို စစ်တပ်က လေကြောင်း၊ အမြောက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်။
သို့သော် အတင်းအကျပ် စစ်သားစုဆောင်းသည့် အမိန့်၏ ရိုက်ခတ်မှုကို သက်သာစေရန် ဖိနှိပ်သော အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအား အသုံးပြုခြင်းသည် မှန်ကန်သော အသုံးချမှုဖြစ်ပါသလား။ နိုင်ငံတော်အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက် စစ်ကောင်စီက အရပ်သားများကို ဖိနှိပ်ရာတွင်သုံးသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို သုံးခြင်းသည် အကောင်းဆုံးလုပ်ရပ် ဖြစ်ပါသလား။ NUG ၏ MOHAI အတွက် စိတ်ပူစရာကောင်းသော ရှေ့နောက်မညီမှု မရှိဟု ယူဆနိုင်ပါသလား။
NUG အစိုးရ အုပ်ချုပ်မှုအောက်တွင် ခဏတာရှိခဲ့ပြီးနောက် မကြာသေးမီက စစ်ကောင်စီတပ် ပြန်လည် သိမ်းယူခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို မီးရှို့ခြင်းသည့် စစ်တပ်၏ အကြမ်းဖက်စိတ်ဓာတ်၏ နောက်ဆုံး ဥပမာဖြစ်သည်။
ယခုကြေညာချက် ထွက်မလာမီ ရက်ပိုင်းက NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က အတင်းအကျပ် စစ်သား စုဆောင်းခံရသူများ တိုင်ကြားနိုင်သည့် အွန်လိုင်း တိုင်ကြားမှု စနစ်တခု ထုတ်ပြန်ခဲ့သည်။ ထိုသို့လုပ်ခြင်းသည် လူ့အခွင့်အရေးဝန်ကြီးဌာနအတွက် များစွာ ပိုမိုလက်တွေ့ကျပုံရသည်။
အခြားဝန်ကြီးဌာနများသည်လည်း EAO များနှင့် PDFs များ၏ လွတ်မြောက်ဒေသ အများအပြားတွင် ခိုလှုံရန် ကြိုးစားသူများကို လက်တွေ့ကျသည့် အကူအညီများ သို့မဟုတ် မြန်မာမှထွက်ခွာနိုင်ရေး တရားဝင် ခရီးသွား စာရွက်စာတမ်းများရရန် ဘဏ္ဍာရေး အကူအညီပေးနိုင်သည်။

စစ်ကောင်စီဆန့်ကျင်ရေး အတိုက်အခံများက ပြည်သူများကို ထိုဥပဒေဖြင့် အရေးယူရန် ခြိမ်းခြောက်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ စစ်ကောင်စီက စီစဉ်ထားသည့် တနိုင်ငံလုံး ရွေးကောက်ပွဲများတွင် ပါဝင်သူ မည်သူကိုမဆို အလားတူ အရေးယူမည်ဟု ၂၀၂၃ ခုနှစ်အစောပိုင်းက NUCC က သတိပေးချက် ထုတ်ပြန်ဖူးသည်။
တော်လှန်ရေး အသိုက်အဝန်း အထက်ပိုင်းတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ရှေ့နောက်ညီညွတ်မှု ကင်းမဲ့သည့် လွန်စွာရှုပ်ထွေးသော သတင်းဖြန့်ဝေမှုစနစ် ဖြစ်ပေါ်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းမည့်အမိန့်ကို ဖေဖော်ဝါရီလ အစောပိုင်းက တုံ့ပြန်ရာတွင် ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူများအနေဖြင့် တရားမဝင် စစ်ကောင်စီခန့် အရာရှိများ အပါအဝင် နိုင်ငံသားများအတွက် ထုတ်ပြန်သည့် မည်သည့်ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်မှ ဥပဒေအရ သက်ရောက်မှု မရှိသောကြောင့် ၎င်းတို့ကို လက်ခံလိုက်နာရန် မလိုကြောင်း ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကြေညာထားသည်ဟု သတိပေးခဲ့သည်။
တော်လှန်ရေး အသိုက်အဝန်း အထက်ပိုင်းတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ရှေ့နောက်ညီညွတ်မှု ကင်းမဲ့သည့် လွန်စွာရှုပ်ထွေးသော သတင်းဖြန့်ဝေမှုစနစ် ဖြစ်ပေါ်နေသည်။
ထိုအပိုင်းသည် ကြေညာချက်တွင် အရှင်းလင်းဆုံးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက်၏ ကျန်အစိတ်အပိုင်းများသည် အများအားဖြင့် ရှေ့နောက်ညီညွတ်ခြင်း မရှိပေ။ သေနင်္ဂဗျူဟာမြောက် သတင်းဖြန့်ခြင်းသည် NUG/NUCC/CRPH ၏ လောကတွင် မရှိပေ။
၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ၂၀,၀၀၀ နီးပါးရှိသော နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရန် စစ်ကောင်စီ အသုံးပြုနေသည့် ဖိနှိပ်သော အခြားဥပဒေ အများအပြားကို နမူထားပြီး ပြင်ဆင်ရန်လည်း CRPH စဉ်းစားပုံမရပေ။
NUG/MOHAI ၏ ကြေညာချက်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု နှစ်ခုရှိသည်။ ပထမတခုမှာ ပဋိပက္ခဇုန်များမှ EAO နှင့် PDF များ၏ ပြုမူဆောင်ရွက်အပေါ် မည်သို့ သက်ရောက်စေမည်နည်းဆိုသည့် အချက်ဖြစ်သည်။ ဒုတိယအချက်မှာ အတိုက်အခံများ၏ လူအခွင့်အရေးစံနှုန်းများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို မည်သည့် သဘောဆောင်စေသနည်းဆိုသည့် အချက်ဖြစ်သည်။
NUG ၏ စစ်သွေးစစ်မာန်ပါသော ကြေညာချက်များသည် မြေပြင်မှ လက်နက်ကိုင်အုပ်စုများအတွက် အစွန်းရောက်စေသောအရာ ဖြစ်စေနိုင်သည်။ ပြိုင်ဘက်များ သို့မဟုတ် သတင်းပေးဟု သံသယရှိသူများကို ပစ်မှတ်ထားရန် ယခုကဲ့သို့သော ကြေညာချက်ကို အလွဲသုံးစား လုပ်နိုင်သည်ဆိုသည့် ခိုင်မာသော စိုးရိမ်ပူပန်မှုများ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်း တခုအတွက် နှိုင်းယှဉ်ချက်အားဖြင့် လုပ်ချင်ရာလုပ်ပိုင်ခွင့်က အမြစ်တွယ်နေပြီး ဖြစ်သည်။ အထူးသဖြင့် NUG ကျောထောက်နောက်ခံပြု PDF များက ကျူးလွန်သည့် ဖောက်ဖျက်မှုများ တိုးလာနေသည်။
တနင်္သာရီတိုင်း၊ ထားဝယ်အနီးတွင် တရားစီရင်မှုမဲ့ သတ်ဖြတ်မှုများ စိတ်ဆင်းရဲစရာ ကောင်းလောက်အောင် များကြောင်း Myanmar Now သတင်းဌာနက မကြာသေးမီတွင် ဖော်ပြခဲ့သည်။ လပေါင်းများစွာအတွင်း လောင်းလုံ PDF သည် အသက် ၆၄ နှစ်အရွယ် သီလရှင်တပါး အပါအဝင် စစ်တပ်သတင်းပေးဟု သံသယရှိသူ အရပ်သား ၁၆ ဦးကို သတ်ခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
လက်နက်ကိုင်အဖွဲ့အစည်း တခုအတွက် နှိုင်းယှဉ်ချက်အားဖြင့် လုပ်ချင်ရာလုပ်ပိုင်ခွင့်က အမြစ်တွယ်နေပြီး ဖြစ်သည်။ အထူးသဖြင့် NUG ကျောထောက်နောက်ခံပြု PDF များက ကျူးလွန်သည့် ဖောက်ဖျက်မှုများ တိုးလာနေသည်။
ထိုကဲ့သို့သော ကြေညာချက်မျိုးကို ပြစ်တင်ဝေဖန်ခြင်း မရှိဘဲ လွတ်လပ်စွာထုတ်ပြန်ခွင့် NUG ကို ပေးထားသည့် နိုင်ငံတကာ အသိုက်အဝန်း၏ အခန်းကဏ္ဍကိုလည်း စဉ်းစားရန် လိုအပ်သည်။ ပဋိပက္ခ သရုပ်ခွဲလေ့လာခြင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများမှအစ အရာရာအတွက် ရန်ပုံငွေနှင့် အကြံဉာဏ်များပုံစံဖြင့် တော်လှန်ရေးအင်အားစုများထံ ရောက်နေသည့် အရေးပါသော ပြည်ပအကူအညီများအပေါ် ထိုကိစ္စက မည်သို့ ထင်ဟပ်မည်နည်း။
အနောက်နိုင်ငံများက ငွေကြေးစိုက်ထုတ်သည့် အကြံပေးများသည် ထိုသို့ အပြုသဘောဆောင်ပြီး လေးနက်သည့် သက်ရောက်မှု ရှိပါက NUG, NUCC နှင့် CRPH တို့သည် ယခုထက် ပိုမို ထိရောက်မည်ဖြစ်ပြီး မြန်မာပြည်သူ အများအပြားအကြား ကျယ်ပြန့်ရှည်ကြာသော ဝေဖန်မှုများကို ခံရမည် မဟုတ်ပေ။
ထိုသို့သော အဖွဲ့များကို လိုအပ်နိုင်ပြီး ပိုမိုထိရောက်မှုလည်း ရှိနိုင်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီက တရားစွဲသည့် ခြိမ်းခြောက်မှုအောက်တွင် နေထိုင်နေရသော ပြည်သူများကို ထိုအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့်ပင် ခြိမ်းခြောက်ခြင်းသည် အန္တရာယ်များသည့် တူညီမှုကို ဖြစ်စေမည်ဟု မြန်မာမှဖြစ်စေ၊ အခြားနိုင်ငံတခုမှဖြစ်စေ အကြံပေးမည်ဆိုလျှင် ပေးခဲ့နိုင်သည်။

ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံ စာတင်သွင်းသူ ပါမောက္ခ ဘန်ဆောလ်၏ မကြာသေးမီက ကြေညာချက်တစောင်၌ “ရာဇဝတ်မှု တရားစီရင်ရေး တုံ့ပြန်မှုများတွင် လူ့အခွင့်အရေး ကာကွယ်ခြင်းသည် စွပ်စွဲခံရသူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက်သာမက တရားဥပဒေ စိုးမိုးရေးအရာရှိများ အနေဖြင့် ၎င်းတို့လုပ်ရပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေကာ ထို့ကြောင့်ပင် ပိုမို စည်းကမ်းရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက်စေသည်” ဟု ဖော်ပြခဲ့သည်။
လူ့အခွင့်အရေးစံနှုန်းများ အထင်အရှား ချိုးဖောက်ခြင်းကို ထိထိရောက်ရောက် ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခြင်းသည် ချိုးဖောက်ခံရသူများကို သစ္စာမဲ့ရာရောက်ပြီး ကျူးလွန်သူများကို အားပေးကာ ထိန်းချုပ်သည့် စနစ်များကို ပိုမိုခိုင်မာစေသည်။
ထို့ကြောင့်ပင် မြန်မာမှ ပြည်သူများသည် ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) စသည့် လွတ်လပ်အမှီအခိုကင်းသော လူ့အခွင့်အရေး အဖွဲ့များထံမှ ပြင်းထန်သော ရှုတ်ချမှုကို မျှော်လင့်ထားသင့်သည်။
လူ့အခွင့်အရေးစံနှုန်းများ အထင်အရှား ချိုးဖောက်ခြင်းကို ထိထိရောက်ရောက် ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခြင်းသည် ချိုးဖောက်ခံရသူများကို သစ္စာမဲ့ရာရောက်ပြီး ကျူးလွန်သူများကို အားပေးကာ ထိန်းချုပ်သည့် စနစ်များကို ပိုမိုခိုင်မာစေသည်။
NUG, NUCC နှင့် CRPH တို့ကို အထောက်အကူပြု စီမံကိန်းများ ငွေကြေးထောက်ပံ့သည့် အနောက်တိုင်းမှ အဓိက အလှူရှင်များအနေဖြင့် ဖွင့်ထုတ်ပြောဆိုရမည်ဖြစ်ပြီး တရားဝင်သော အတိုက်အခံများသည် နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေနှင့် လူ့အခွင့်အရေးဥပဒေ၏ အမြင့်မားဆုံး စံနှုန်းများကို လိုက်နာရန် တောင်းဆိုရမည် ဖြစ်သည်။ ဂရုမစိုက်ဘဲ လျစ်လျူရှုထားပါက ထိုခြိမ်းခြောက်သည့် ယဉ်ကျေးမှုသည် အကြွင်းမဲ့အောင်ပွဲကို အန္တရာယ်ကျရောက်စေနိုင်သည့် အကြမ်းဖက် လက်စားချေမှု သံသရာကို ဖြစ်ပေါ်စေနိုင်သည်။ ထိုယဉ်ကျေးမှုသည် စစ်အာဏာစနစ် ပြိုလဲပြီးနောက်ပိုင်း အသွင်ကူးပြောင်းရေး တရားမျှတမှုကိုလည်း အန္တရာယ်ကျရောက်စေနိုင်သည်။
MOHAI ၏ ကြေညာချက်ကို နှုတ်ဆိတ်နေခြင်းသည် NUG ပတ်ဝန်းကျင်မှ ဆင်ဆာဖြတ်တောက်သည့် ယဉ်ကျေးမှုကို ဖော်ပြနေသည်။ ရည်ရွယ်ချက် မည်မျှကောင်းသည်၊ အသိတရားပြည့်ဝသည်၊ သဘောတရား ပြည့်ဝသည်ဖြစ်စေ မည်သည့် မေးခွန်းထုတ်မှုကိုမဆိုကို တန်ပြန်တော်လှန်ရေးဟု အပြန်အလှန် ပြစ်တင်ရှုတ်ချသည်။
မေးခွန်းထုတ်နိုင်သည့် စွမ်းရည်နှင့် ကောင်းမွန်သည့် ဝေဖန်မှုကို ပြုစုပျိုးထောင်ခြင်းသည် အကြမ်းဖက်သမား ဖြစ်စေခြင်းနှင့် ဆန့်ကျင်ဘက် အခြေခံအားဖြင့် တော်လှန်ပြီး အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ထာဝရ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
(Asia Times ပါ David Scott Mathieson ၏ The inner demons of Myanmar’s NUG ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုသေတီဖြစ်သည်။ ယခုဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။)
You may also like these stories:
PDF အဖွဲ့ဝင်အချို့၏ ကျူးလွန်မှုများ NUG ဖြေရှင်းနိုင်မှုမရှိသေး
PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်
ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော
စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ
စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ