မြန်မာပြည်အခြေအနေကတော့ တစက်မှ ကောင်းကွက်မရှိဘဲ တစထက်တစ ယိုယွင်းနေတာ အများအသိပါပဲ၊၊ ဘာမဆိုလုပ်ရဲတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကယ်လုပ်တတ်တာ ပြောရရင်တော့ တပြည်လုံးကို နည်းမျိုးစုံနဲ့ တမျိုးပြီးတမျိုး ဒုက္ခပေးနိုင်တာပဲလို့ ပြောရပါလိမ့်မယ်။
ခွေး ဘုရားပွဲတွေ့နေတဲ့ စစ်မှုထမ်းဥပဒေ
လောလောဆယ် တပြည်လုံး စိတ်ဆင်းရဲနေတာကတော့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တာပါပဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့၊ ပြည်နယ်ပြဿနာတို့နဲ့ ပတ်သက်ရင် လွှတ်တော်ခေါ်ပြီး လွှတ်တော်က အတည်ပြုမှရမယ်လို့ ဘော်လီဘော ပုတ်လေ့ရှိတဲ့ စစ်ကောင်စီဟာ ဘယ်လွှတ်တော်ကမှ အတည်ပြုမထားတဲ့ စစ်မှုထမ်းဥပဒေကို ကိုယ့်သဘောနဲ့ကိုယ် အလွယ်တကူ အတည်ပြုလိုက်ပါတယ်။
ပုံမှန်အခြေအနေ မဟုတ်ဘဲ ‘စစ်ခွေးတပ်’ လို့ အများက သမုတ်ခံထားရတဲ့ စစ်တပ်ထဲကို ဘယ်သူမှ မဝင်ချင်ကြပါဘူး။ ဒါ့ပြင် ရှမ်းမြောက်၊ ကရင်၊ ကချင်၊ ရခိုင်၊ ကရင်နီ စတဲ့ စစ်မျက်နှာတိုင်းမှာ အလဲလဲအကွဲကွဲ ဖြစ်နေတဲ့ စစ်တပ်၊ တပ်လုံးပြုတ်နေတဲ့ စစ်တပ်၊ ထောင်နဲ့ချီပြီး သေကြေဒဏ်ရာရနေတဲ့ စစ်တပ်၊ ထောင်နဲ့ချီပြီး လက်နက်ချရတဲ့ စစ်တပ်၊ တပ်ရင်းတပ်မ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစ) ဌာနချုပ်တွေ အသိမ်းခံနေရတဲ့ စစ်တပ်၊ နေ့စဉ် စစ်စခန်းတွေ၊ မြို့ရွာတွေ ဆုံးရှုံးနေတဲ့ စစ်တပ်၊ တော်လှန်ရေးတပ်ဖွဲ့တွေက လာတိုက်ရင် မကျတဲ့ စခန်းမရှိတဲ့ စစ်တပ်၊ အသေခံရင်ခံ၊ အသေမခံနိုင်ရင် လက်နက်ချတာနဲ့ ထွက်ပြေးဖို့ပဲရှိတဲ့ စစ်တပ်၊ အိမ်နီးချင်းနိုင်ငံတွေကို မျက်နှာငယ်နဲ့ ထွက်ပြေးနေရတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ စစ်တပ်၊ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက ကိုယ်ကျိုးစီးပွားရှာပြီး ကျိကျိတက် ချမ်းသာနေတဲ့ စစ်တပ်၊ ဒီလို စစ်တပ်မျိုးကို ဝင်ချင်တဲ့သူ မရှိတာ မဆန်းပါဘူး။ စစ်ဗိုလ်လုပ်ဖို့ DSA လို ဗိုလ်သင်တန်းတောင် တက်မဲ့သူ မရှိတဲ့အချိန်မှာ စစ်တပ်ထဲကို တပ်သားအဖြစ် ဝင်ချင်တဲ့သူရှိရင်သာ ထူးဆန်းပါလိမ့်မယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး နည်းဥပဒေ မပြဋ္ဌာန်းရသေးတဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်နေပေမဲ့ အောက်ခြေမှာတော့ အာဏာပိုင်တွေဟာ နည်မျိုးစုံ လုပ်စားနေကြပါပြီ။ လုပ်စားလို့ ရအောင်လည်း စစ်တပ်အကျင့်အတိုင်း “နည်းလမ်းပေါင်းစုံသုံးပြီး” စစ်သားစုဆောင်းပါလို့ အမိန့်ပေးထားလို့ ဖြစ်ပါလိမ့်မယ်။ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား ဆိုသလို စစ်ကောင်စီရဲ့ တပည့်သားမြေးတွေ ရမ်းကားရဲတာ စစ်ကောင်စီရဲ့ အရှိန်အဝါနဲ့ ခွင့်ပြုချက်ကြောင့်ပါပဲ။
စစ်မှုထမ်းဥပဒေကြောင့် မိဘတွေရော လူငယ်တွေပါ အပူလုံးကြွပြီး၊ သောကဝေနေတဲ့အချိန်မှာ မြေပြင်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့ စစ်ကောင်စီရဲ့ သားတပည့်တွေကတော့ ခွေး ဘုရားပွဲတွေ့နေသလို ဖြစ်နေကြတာ တွေ့ရပါတယ်။ စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေ၊ စစ်ထဲမဝင်လိုတဲ့သူတွေကို နည်းမျိုးစုံနဲ့ ငွေညှစ်ပြီး သူများမျက်ရည်ကျမှ ထမင်းဝရုံမက သူဌေးဖြစ်ဖို့ပါ ကြံစည်လုပ်ဆောင်နေကြတာ မြန်မာပြည်အနှံ့ မတွေ့ချင် မမြင်ချင်ဆုံးအရာပါပဲ။
စစ်မှုထမ်းဥပဒေကြောင့် မိဘတွေရော လူငယ်တွေပါ အပူလုံးကြွပြီး၊ သောကဝေနေတဲ့အချိန်မှာ မြေပြင်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့ စစ်ကောင်စီရဲ့ သားတပည့်တွေကတော့ ခွေး ဘုရားပွဲတွေ့နေသလို ဖြစ်နေကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီလို မဆင်မခြင် လုပ်လိုက်တဲ့အတွက် အရွယ်ကောင်းလူငယ်တွေဟာ တိုင်းပြည်ကိုစွန့်ခွာ ထွက်ပြေးကုန်ကြပါပြီ။ စစ်ကောင်စီ ရင်ဆိုင်ရမယ့် ပြဿနာကတော့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အရွယ်ကောင်း လူငယ်တွေ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ထွက်ပြေးကြတဲ့အတွက် လုပ်သားအင်အားနည်းပြီး ကုန်ထုတ်လုပ်မှုကျဆင်းကာ ရှင်နည်းရာ အဂ္ဂလူထွက်တဲ့ ပြဿနာပါပဲ။
အားလုံးဈေးတက်
၂၀၂၄ ခုနှစ်၊ မတ်လထဲမှာ ရွှေဈေး၊ ဒေါ်လာဈေးတွေ စံချိန်တင် တက်ပြန်ပါတယ်။ တဒေါ်လာ ၃,၇၀၀ ကျပ်ခန့် ဖြစ်နေပြီး ရွှေဈေးက တကျပ်သား ၄၂ သိန်းကျော်သွားပါပြီ။ နိုင်ငံခြားငွေ လက်ထဲနည်းနေလို့ စက်သုံးဆီဝယ်ဖို့ ပိုက်ဆံကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တော့ စက်သုံးဆီပြတ်၊ ဆီဆိုင်တွေမှာ ကားတွေတန်းစီပြီး ကမောက်ကမဖြစ်၊ ပြန်ဖွင့်ပေးတော့ ဒေါ်လာဈေး ဆီဈေးတွေ ပြန်တက်ပြန်ပါတယ်။ ဒေါ်လာဈေးကို နှုန်းရှင် ပြန်ဖွင့်ထားတာမှ မကြာသေးဘူး။ ပြန်တက်တော့ ငွေလဲတဲ့သူတွေ၊ ရွှေဆိုင်တွေကို ပြဿနာပြန်ရှာပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေးကို စစ်ကောင်စီအာဏာ သိမ်းပြီးကတည်းက ဒီနေ့အထိ မထိန်းနိုင်ပါဘူး။ ပြဿနာ အားလုံးဟာ စစ်ကောင်စီရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်တာပါ။ ဒါပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ စစ်ကောင်စီကတော့ ဒေါ်လာဈေး၊ ရွှေဈေးတက်လာတာနဲ့ အမြတ်ကြီးစားတွေ၊ ဝိသမလောဘသမားတွေ၊ အဖျက်သမားတွေကြောင့်လို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဗိုလ်နေဝင်း လေအတိုင်း အပြစ်တင်ပြီး ကိုယ်လွတ်ရုန်းပါတယ်။
ဖမ်းမယ်၊ ဆီးမယ်၊ ခြိမ်းခြောက်လိုက်ရင် ရွှေဈေး၊ ဒေါ်လာဈေးတွေ ကျသွားမယ် ထင်နေပါတယ်။ အဲဒီလို လုပ်လို့ ဘယ်တုန်းကမှ မကျသွားလည်း အမှတ်မရှိကြပါဘူး။ ဒါကလည်း ရှင်းပါတယ်။ သူတို့ တခြားလည်း မလုပ်တတ်ကြလို့ပါ။ ဒေါ်လာဈေးတက်၊ ရွှေဈေးတက်ပြီး ငွေကြေးဖောင်းပွတာနဲ့အတူ ကုန်ဈေးနှုန်းတွေ တက်လာပါဦးမယ်။ စစ်ကောင်စီတွေ ဒါကိုလည်း မထိန်းနိုင်ပါဘူး။ စစ်ကောင်စီဟာ မဆလလို တခြားသူတွေကို လက်ညိုးထိုးအပြစ်တင်ပြီး မဆလလိုပဲ ဇာတ်သိမ်းဖို့ မဝေးတော့ပါဘူး။
အပြေးသန်သော စစ်တပ်
စစ်ဗိုလ်တွေမို့ စီးပွားရေး မလုပ်တတ်တာပါလို့ ဆင်ခြေပေးလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဗိုလ်တွေ စစ်ရောတိုက်တတ်ပါရဲ့လား။ ဘာမဆို လုပ်ရဲတယ်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက် စစ်ဗိုလ်တွေ စစ်ရောတိုက်တတ်ပါရဲ့လား။ ရှမ်းမြောက်မှာ ရက်ပေါင်း ၇၇ ရက်အတွင်း စခန်း ၄၀၀ ကျော်ကျပြီး မြို့နယ်အဆင့် ၁၁ မြို့နယ်နှင့် မြို့ငယ်များစွာ လက်လွှတ်ခဲ့ရပါတယ်။
ရခိုင်မှာလည်း လေးလခန့်အတွင်း စခန်းပေါင်း ၅၀၀ ခန့်နဲ့ မြို့နယ်အဆင့် ကိုးမြို့နယ် လက်လွှတ်ခဲ့ရပါတယ်။ တပ်မမှူး၊ စကခမှူးတာဝန် ယူထားတဲ့ ဗိုလ်မှူးချုပ်အဆင့်တွေ အပါအဝင် အရာရှိ၊ စစ်သည် ထောင်နဲ့ချီ သေဆုံး၊ ထောင်နဲ့ချီ လက်နက်ချ၊ ထောင်နဲ့ချီ အဖမ်းခံထားရပါတယ်။ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ၊ သံချပ်ကာကား၊ တင့်ကားတွေအပါအဝင် လက်နက်ထောင်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ပါတယ်။
လက်ရှိ ကချင်မှာလည်း ၁၅ ရက်အတွင်း စခန်းပေါင်း ၄၀ ကျော် စွန့်လွှတ်ခဲ့ရပြီး အဲဒီစခန်းတွေထဲမှာ ဗျူဟာကုန်း၊ ရှေ့တန်းတပ်မဌာနချုပ်၊ အခြေစိုက်ခြေလျင်တပ်ရင်း၊ အမြောက်တပ်ရင်း၊ ဒုံးတပ်ရင်းတွေလည်း ပါဝင်ပါတယ်။ လောလောဆယ် သုံ့ပန်း ရာဂဏန်း ဖမ်းဆီးမိထားပြီး လက်နက်ထောင်နဲ့ချီ သိမ်းဆည်းရမိထားပါတယ်။ နောက်တလ၊ နှစ်လခန့်ဆိုလျှင် ဗန်းမော်လား၊ ဖားကန့်လား အဖြေထွက်နိုင်တဲ့ အခြေအနေပါ။ ကရင်နီ (ကယား) မှာလည်း ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မြို့ ခြောက်မြို့နဲ့ စခန်းပေါင်း ၆၅ ခု သိမ်းထားနိုင်တယ်လို့ ကြေညာတာတွေ့ရပါတယ်။
ကရင်၊ ချင်း စတဲ့ စစ်မျက်နှာများမှာလည်း စစ်ကောင်စီဟာ နိုင်ပွဲမရှိဘဲ ရှုံးပွဲဆက်နေတာ တွေ့နေရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်သားတွေဟာ အသက်သေမှာကြောက်လို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို အရှက်မဲ့စွာ၊ ဂုဏ်သိက္ခာမဲ့စွာ ပြေးဝင်ကြပြီး အသက်ချမ်းသာရာရဖို့ လက်နက် ဖြုတ်သိမ်းခံနေရတာကို ဆက်တိုက် တွေ့နေရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတဲ့ စစ်သည်အင်အားကလည်း ထောင်ချီပြီ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်ခန့်က ထိုင်း-မြန်မာနယ်စပ် ပဋိပက္ခဖြစ်ပွားစဉ် စစ်အာဏာရှင်ဟောင်း မောင်အေး တန်ခိုးထွားစဉ်က “အမိန့်သာပေးလိုက်ပါ၊ ဘန်ကောက်မြို့ထဲ တန်းစီပြီး ဖြစ်စေရပါမယ်” လို့ လေလုံးထွားခဲ့တဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေက အခုတော့ ထိုင်းစစ်သားတွေ ရှေ့မှောက်မှာ ဝမ်းလျားထိုးမှောက်ပြီး လက်နက်အပ်နေကြတာကို လူမှုကွန်ရက်မှာ မြင်မဆုံးပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ စစ်တိုက်တတ်တယ်ဆိုတာ သေသွားပြီဖြစ်တဲ့ စစ်တပ်လော်ဘီ ရဲမိုး အဆင့်ပါပဲ။ “အမြောက်တွေ ပစ်ပါ၊ လေယာဉ်တွေ ဗုံးကြဲပါ၊ စစ်ကူတွေ အမြန်ပို့ပါ” ဆိုတဲ့အဆင့်ပဲ ရှိပါတယ်။ ရဲမိုးခေတ်ထက် အခုပိုဆိုးသွားတာက စစ်ကူတောင် မပို့နိုင်တော့တာပါပဲ။ အမြောက်တွေ၊ လေယာဉ်တွေ တရစပ်သုံးပေမဲ့ ဘယ်မြို့၊ ဘယ်စခန်းကိုမှ မကျအောင် ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အမြောက်တွေ၊ လေယာဉ်တွေက မင်းအောင်လှိုင် စစ်တပ်ရဲ့အရှုံးကို မကယ်နိုင်ခဲ့ပါဘူး။
တော်လှန်ရေးအင်အားစုတွေ တိုက်လို့ မကျတဲ့စခန်း မရှိတော့ပါ။ စခန်းတခု အတိုက်ခံရပြီဆိုတာနဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့ အသေခံမလား၊ လက်နက်ချမလား၊ ထွက်ပြေးမလားဆိုတဲ့ လမ်းသုံးသွယ်အနက် တခုကို မဖြစ်မနေ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ “သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုပြီး လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို ဗိုလ်ကျခဲ့တဲ့စစ်တပ်ဟာ လက်နက်ကိုင်ပြီး သူသေကိုယ်ရှင် တိုက်ပွဲလာသူတွေ ယှဉ်နိုင်စွမ်း မရှိတော့ပါဘူး။
ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးများ
စစ်ကောင်စီတပ်ဖွဲ့ အကြီးအကျယ်စစ်ရှုံးလို့ ရုန်းကန်နေရပြီး တပ်သားသစ် စုဆောင်းဖို့ အတင်းအကျပ် ဥပဒေပြဋ္ဌာန်းကာ ရုန်းကန်နေရချိန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မဟာမိတ် ခုနစ်ဖော် (Seven Alliances) ဆိုတာကို တွေ့လိုက်ရခြင်းပါပဲ။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားတဲ့ ခုနစ်ဖွဲ့က ချင်းမိုင်မှာ ဆွေးနွေးပွဲလုပ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုပဲ လျှောက်မယ်လို့ ထပ်မံအတည်ပြု ကြေညာခဲ့ပါတယ်။
ဒီခုနစ်ဖွဲ့ကို ကြည့်လိုက်တော့ လောက်လောက်လားလား အင်အားရှိတဲ့အဖွဲ့ဆိုလို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တဖွဲ့သာ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားမယ်လို့သာ ပြောနေပေမဲ့ ပြီးခဲ့တဲ့ NCA ရှစ်နှစ်ပြည့်ပွဲမှာ လက်မှတ်ထိုးပြီးနောက် ရှစ်နှစ်ကြာခဲ့ပေမဲ့ ဘာရလဒ်မှ မရှိဘူးပြောခဲ့တာလဲ အဲဒီ RCSS ဥက္ကဋ္ဌပါပဲ။ စစ်တပ်အာဏာသိမ်းကတည်းက စစ်တပ်ကို သေနတ်တချက်မှ မဖောက်ဘဲ စီးပွားရှာနေတဲ့အဖွဲ့လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အကြီးအကျယ်စစ်ရှုံးလို့ ရုန်းကန်နေရပြီး တပ်သားသစ် စုဆောင်းဖို့ အတင်းအကျပ် ဥပဒေပြဋ္ဌာန်းကာ ရုန်းကန်နေရချိန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မဟာမိတ် ခုနစ်ဖော် (Seven Alliances) ဆိုတာကို တွေ့လိုက်ရခြင်းပါပဲ။
ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ KNU / KNLA – PC) နဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ခွဲထွက်တဲ့အဖွဲ့တွေဖြစ်ပြီး အင်အားနည်းပါတယ်၊၊ လက်ရှိမှာလည်း KNU, စစ်တပ်နဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ နယ်ခြားစောင့်တပ် (BGF) သို့မဟုတ် ကရင်အမျိုးသားတပ်မတော် (KNA) တို့ကြားမှာ ညပ်နေပါတယ်။
မွန်ပြည်သစ်က နှစ်ဖွဲ့ကွဲနေပြီး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က သုံးဖွဲ့ကွဲနေပါတယ်။ ချင်းမိုင်အစည်းအဝေး လာတက်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ကိုယ်စားလှယ်ကို မူရင်း LDU အဖွဲ့က ထုတ်ပယ်ပြီးလို့ ဆိုထားပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌကလည်း PNLO အဖွဲ့က ချင်းမိုင်အစည်းအဝေး လာတက်သူတွေဟာ ဗဟိုကော်မတီ အများစု ဆုံးဖြတ်ချက်နဲ့ မဟုတ်ကြောင်း ပြောပါတယ်။
အဲဒီအဖွဲ့ ခုနစ်ဖွဲ့အပြင် အဖွဲ့လက်ကိုင်မရှိတဲ့ သင်းကွဲတွေလည်း တွေ့ရပါတယ်။ ပြောရရင်တော့ အများစုက ဂျိုကျိုးနားရွက်ပဲ့တွေပါ။ မြောက်ပိုင်းမဟာမိတ်တွေ ရေပန်းစားနေချိန်မှာ သူတို့ကလည်း မဟာမိတ်ဆိုပြီး ထကြွေးကြော်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဖွဲ့စည်းပြီကတည်းက တယောက်တပေါက်ဆိုတာ အများအသိပါ။
လူထုကြား ရေပန်းစားနေတဲ့ မြောက်ပိုင်းမဟာမိတ်တွေကို အားကျပြီး အခုမှ တိုင်းရင်းသား ခုနစ်ဖွဲ့ မဟာမိတ်ဆိုပြီး ထအော်နေပေမဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာကို အရောင်တင်ပေးဖို့ လုပ်နေတဲ့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး အဖွဲ့လို့ အများက ဆိုနေကြပါတယ်။ လက်တွေ့မှာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတခုမှ မလုပ်ဘဲ မြန်မာပြည်ငြိမ်းချမ်းရေးဆိုတာ မရနိုင်ဘူးဆိုတာ အားလုံးသိနေကြလို့ပါပဲ။
ခေတ်ပျက်နဲ့ ဇာတ်ပျက်တွေ
စစ်မှုထမ်းဥပဒေကြောင့် အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့အချိန်၊ ရွေးချယ်စရာမရှိလို့ နိုင်ငံရပ်ခြားကို ထွက်ခွာရသူတွေ၊ နိုင်ငံရပ်ခြားရောက်လို့ ဘာဖြစ်လို့ ဘာဖြစ်မယ်မှန်းမသိဘဲ ပြည်တွင်းအခြေအနေတွေကြောင့် မဖြစ်လို့သာထွက်ခွာ နေရသူတွေရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေက လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေတဲ့အချိန်မှာ တချိန်က နိုင်ငံရေးကို အများယောင်လို့ယောင်ခဲ့ကြဖူးပြီး ခုတော့ နိုင်ငံရေးဇာတ်ပျက် ဖြစ်နေကြသူတွေက ဖာကြထေးကြတာလည်း မြင်မကောင်း ရှုမကောင်းပါပဲ။
နိုင်ငံရေးဇာတ်ပျက်တယောက်က စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက ရေးနေတာဟာ ရှုပ်အောင်လုပ်နေတာ၊ အတင်းဆွဲခေါ်တာ မရှိဘူး၊ ဥပဒေအတိုင်းသွားနေတာလို့ အတင်းဝင်ပြီး ဖာထေးနေတာ တွေ့ရပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် အောက်ခြေမှာ ဗရမ်းဗတာ ဖြစ်ချင်တိုင်းဖြစ်နေတာ၊ အာဏာပိုင်ဆိုသူများ ငွေညှစ်နေကြတာ၊ လူငယ်တွေ တိုင်းပြည်ကို စွန့်ခွာထွက်ပြေးနေကြတာ စတဲ့ လက်တွေ့ဖြစ်ရပ်တွေကို အဲဒီနိုင်ငံရေးဇာတ်ပျက်က လျစ်လျူရှု ဖာထေးနေတာတွေ့ရတာ တကယ့် ရွံစရာပါပဲ။
နောက်ထပ် နိုင်ငံရေးဇာတ်ပျက် တယောက်ကလည်း မြန်မာလူငယ်တွေ တိုင်းပြည်ကထွက်ပြီး အလုပ်ရှာရတာ တရုတ်က လူငယ်တွေ နိုင်ငံခြားထွက်တာနဲ့ နှိုင်းယှဉ်ပြပြန်ပါတယ်။ တချိန်မှာ တိုင်းပြည်ပြန်လာကြပြီး တိုင်းပြည်အတွက် ကောင်းမယ်ဆိုပါတယ်။
တိန့်ရှောင်ဖိန် တက်လာပြီး ၁၉၈၀ ဝန်းကျင်မှာ တရုတ်ပြည်က ပညာတော်သင် သောင်းနဲ့ချီပြီး နိုင်ငံခြားကို၊ အဓိက အမေရိကန်ကို ပညာတော်သင် လွှတ်ပါတယ်။ အဲဒီမှာ သတင်းစာဆရာတွေက ဒီလူတွေ ပြန်မလာမှာ မစိုးရိမ်ဘူးလားလို့ မေးတဲ့အခါ တိန့်ရှောင်ဖိန်က လောလောဆယ်တော့ သူတို့အများစု ပြန်လာကြမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တရုတ်ပြည်အနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ပြီးတဲ့အချိန်ကျရင် သူတို့ပြန်လာကြမှာပါ။
အဲဒီအချိန်ကျရင် သူတို့သင်လာတဲ့ပညာတွေအပြင် နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံခြားမှာ ရှာဖွေခဲ့တဲ့ အရင်းအနှီးတွေပါ သူတို့ပြန်ယူလာကြမှာပါလို့ ဆိုခဲ့ပါတယ်။ တိန့်ရှောင်ဖိန် ပြောသလိုဘဲ အနှစ် ၂၀ ခန့်အကြာ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာမှ နိုင်ငံခြားလွှတ်ခဲ့တဲ့ တရုတ်ပညာတော်သင် အများစု တရုတ်ပြည်ကို ပြန်လာကြပါတယ်။
နောက်ထပ် နိုင်ငံရေးဇာတ်ပျက် တယောက်ကလည်း မြန်မာလူငယ်တွေ တိုင်းပြည်ကထွက်ပြီး အလုပ်ရှာရတာ တရုတ်က လူငယ်တွေ နိုင်ငံခြားထွက်တာနဲ့ နှိုင်းယှဉ်ပြပြန်ပါတယ်။ တချိန်မှာ တိုင်းပြည်ပြန်လာကြပြီး တိုင်းပြည်အတွက် ကောင်းမယ်ဆိုပါတယ်။
အခု မြန်မာပြည်ကနေ နိုင်ငံခြားထွက်နေတဲ့ လူငယ်တွေဟာ တရုတ်လို အစိုးရပညာတော်သင်အနေနဲ့ ထွက်ကြတာ မဟုတ်ပါဘူး။ ရှိစုမဲ့စု ရောင်းချပေါင်းနှံပြီး ရရာအလုပ်လုပ်ဖို့ ထွက်ကြရတာပါ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ဝေးရာ ပြေးနေကြတာပါ။ ဒါ့အပြင် စစ်တပ် အာဏာသိမ်းထားတဲ့ ကာလမှာ ဝေးရာပြေးကြရတာပါ။ မင်္ဂလာဒုံလေဆိပ်မှာ သွားတဲ့သူရော လိုက်ပို့သူပါ ပြုံးပြုံးရွှင်ရွှင် မရှိကြတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။
ဒါ့ပြင် နိုင်ငံရပ်ခြား ရောက်နေသူတွေ ပြန်လာခဲ့ကြတာကို ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ တွေ့ခဲ့ရသလို နောက်ထပ် ပြန်လာဖို့လည်း ပြင်ဆင်နေကြတာပါ။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်မှာတော့ အရင်ပြန်လာတဲ့သူတွေ ပြန်ထွက်သွားကြသလို ပြန်လာဖို့ ပြင်နေတဲ့သူတွေလည်း မလာကြတော့ပါဘူး။
အခုထွက်တဲ့သူတွေဟာလည်း စစ်တပ်အာဏာ သိမ်းထားသရွေ့ ပြန်လာကြဖို့ မစဉ်းစားကြပါဘူး။ အခြေအနေချင်း မတူတာကို အတင်းထပ်တူပြုပြီး စစ်တပ်ကို ဖာထေးအရောင်တင်နေတဲ့ နိုင်ငံရေးဇာတ်ပျက်တွေကတော့ ဒီခေတ်ပျက်မှာ တွေ့ရတဲ့ အော့နှလုံးနာစရာ၊ စိတ်ပျက်စရာ ကျောရိုးမဲ့တွေပါပဲ။ စစ်တပ်ကို ဖာထေးနေတဲ့ အဲဒီဇာတ်ပျက်တွေလည်း ပြည်ပမှာပဲ နေကြတာပါ။ မြန်မာပြည် အပြီးပြန် မနေရဲကြပါဘူး။
ပြောပြန်ရင်လည်း လွန်ရာကျပေမဲ့ မပြောမဖြစ်လို့ ပြောလိုက်ရပါပြီ။ တိုင်းပြည်စီးပွားရေးကို မထိန်းနိုင်တဲ့ စစ်တပ်၊ စစ်လည်းမတိုက်တတ်ဘဲ ခွက်ခွက်လန်အောင် စစ်ရှုံးနေတဲ့ စစ်တပ်ရယ်၊ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးအဖွဲ့တွေရယ်၊ နိုင်ငံရေးဇာတ်ပျက်တွေရယ်တွေကတော့ မြန်မာ့နိုင်ငံရေးမှာ မာရ်နတ်ဖက်တဲ့ မိတ်ဖက်တွေ ဖြစ်ကြသလို၊ မသူတော်ချင်း ပေါင်းဖက်ကြပြီး မပြန်လမ်းကို အတူမြန်းကြတော့မယ်လို့ ပြောပြန်ရင်လည်း ခင်မမ လွန်ရာကျတယ်လို့ မထင်ကြစေလိုပါ။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား
မြန်မာစစ်တပ်ဟာ တိမ်ကြားမင်းခေါင်တပ် မဟုတ်တော့ဘူး
စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
နိုင်ငံရေး ဇာတ်ပျက်များ သတိထား