၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်လှသော အစိတ်အပိုင်းများတွင် စစ်ရေးနှင့်အုပ်ချုပ်ရေး ထိန်းချုပ်မှု ဆက်တိုက် ဆုံးရှုံးလာသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သည် အထူးသဖြင့် စစ်ကောင်စီ ဆုံးရှုံးမှု များပြားသည့်ဒေသ ဖြစ်သည်။
စစ်ကောင်စီ၏ ထိုဆုံးရှုံးမှုများသည် အခြေခံအားဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ စွမ်းဆောင်မှုများကြောင့် ဖြစ်သည်။ ULA/AA သည် အုပ်ချုပ်ရေးချဲ့ထွင်မှုနှင့် စွမ်းရည်ကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှ ၂၀၂၃ ခုနှစ် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး စစ်ကောင်စီတပ်ကို တပ်ပျက်အောင် ချေမှုန်းမှုများ လုပ်ဆောင်နိုင်ခဲ့သည်။
ရခိုင်ပြည်နယ်ကို ပြည်မမြန်မာပြည်က စီးပွားရေး လျစ်လျူရှုပြီး နိုင်ငံရေးအရ ဖိနှိပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး ထိုဒေသသည် ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခ၊ ကြီးမားသော အတိုင်းအတာဖြင့် နေရပ်စွန့်ခွာရခြင်း၊ ပြင်ပသို့ ဒုက္ခသည် ရောက်ရှိမှုများနှင့် အရပ်သားများကို စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် ထိုးနှက်ချက် အမျိုးမျိုးကို တွေ့ကြုံခံစားရသည်။
ULA သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ စီမံအုပ်ချုပ်ရေးစွမ်းရည် အလျင်အမြန် တိုးတက်လာသော်လည်း ထပ်မံတိုးတက်အောင် လုပ်ဆောင်ရမည်ကို သိနားလည်သည်။
ထိုသို့ သက်တမ်းကြာမြင့်သည့် ဖြစ်ရပ်များနှင့် မကြာသေးမီက ဖြစ်ရပ်များကြောင့် ရခိုင်ပြည်သူများ ဆင်းရဲနွမ်းပါးပြီး မလုံမခြုံဖြစ်ကာ ဒေသတွင်းတည်ငြိမ်မှု ခြိမ်းခြောက်ခံရသည့် အခြေအနေကို ဖန်တီးလိုက်သည်။
လွန်ခဲ့သောနှစ် အနည်းငယ်၊ အထူးသဖြင့် လွန်ခဲ့သော လအနည်းငယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကြောင့် ULA/AA သည် ရခိုင်ပြည်နယ်တွင် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး၊ တရားစီရင်မှုပေးခြင်းနှင့် အများပြည်သူ ဝန်ဆောင်မှုများပေးခြင်း အပါဝင် အရေးအကြီးဆုံး အုပ်ချုပ်ရေး ဆောင်ရွက်သူ ဖြစ်လာသည်။
ULA သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ စီမံအုပ်ချုပ်ရေးစွမ်းရည် အလျင်အမြန် တိုးတက်လာသော်လည်း ထပ်မံတိုးတက်အောင် လုပ်ဆောင်ရမည်ကို သိနားလည်သည်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကျောင်းအတွက် စာရေးသူ ပြုလုပ်ပေးခဲ့သည့် မကြာသေးမီက သုတေသနကို အခြေခံပြီး AA ၏ ထုတ်ပြန်ထားသည့် ရည်မှန်းချက်ဖြစ်သော ရခိုင်ပြည်နယ် တိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက မည်သို့ AA နှင့် ထိတွေ့ဆက်ဆံနိုင်သည်ကို ယခုဆောင်းပါးတွင် ရှင်းပြထားသည်။
စွမ်းဆောင်ရည်နှင့် သြဇာလွှမ်းမိုးမှု
အခြားအဖွဲ့များနှင့် နှိုင်းယှဉ်ပါက ULA/AA ကို ၂၀၀၉ ခုနှစ်က ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်များ အလယ်တွင် ရခိုင်ပြည်နယ်၌ ပထမဆုံး ဗြောင်ကျကျ လှုပ်ရှားလာသည်။ သက်တမ်းငယ်သော်လည်း ယခုအခါ ULA/AA သည် မြန်မာတွင် အင်အားအကြီးမားဆုံး တော်လှန်ရေး အင်အားစုများအနက် တခုဖြစ်သည်။
မြန်မာစစ်တပ်နှင့် မကြာသေးမီက တိုက်ပွဲများအပြီးတွင် AA သည် ၎င်း၏ ထိန်းချုပ်မှုကို ကျေးလက်ဒေသများထက် ကျော်လွန်ပြီး မြို့ပြဒေသ အများအပြား သိမ်းသွင်းကာ ရခိုင်၊ ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် တဝန်းတွင် နေထိုင်ကြသော အခြားလူနည်းစု အုပ်စုများ အပါအဝင် ကွဲပြားခြားနားသော လူမှုအသိုက်အဝန်းများကို အုပ်ချုပ်သည်။
ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် မြို့နယ် ရှစ်ခုကို AA က အပြည့်အဝ ထိန်းချုပ်ထားပြီး အခြားမြို့နယ် ငါးခုကို တစိတ်တပိုင်း ထိန်းချုပ်ထားသည်။ ထို့ပြင် AA သည် ချင်းပြည်နယ်နှင့် နယ်စပ်မှ သေနင်္ဂဗျူဟာကျသည့် ပလက်ဝကိုလည်း အပြည့်အဝ ထိန်းချုပ်ထားသည်။ AA ၏ စစ်ရေးပိုင်နက် ထိန်းချုပ်မှု ချဲ့ထွင်လာသကဲ့သို့ပင် ULA ၏ အုပ်ချုပ်ရေးလုပ်ငန်းများသည်လည်း ကျယ်ပြန့်လာသည်။ AA ၏ မကြာသေးမီက နယ်မြေသိမ်းပိုက်မှုများကို စစ်တပ်က ကြီးကြီးမားမား ပြောင်းလဲသွားစေရန် လုပ်ဦးမည်ဆိုလျှင်ပင် လာမည့် အနာဂတ်အတွင်း မဖြစ်နိုင်တော့ပေ။
ULA သည် ယခုအခါ ရခိုင်ပြည်နယ်တွင် အခြေခံ အုပ်ချုပ်ရေး ဆောင်ရွက်သူဖြစ်နေပြီး ကာလတခုအထိ ထိုအတိုင်း ဖြစ်နေမည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်သူများကို ကူညီရန် ဆုံးဖြတ်ထားသည့် ပြည်တွင်း ပြည်ပမှ ပတ်သက်သူများသည် ULA နှင့် လေးနက်ရိုးသားစွာ ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။
လူသားချင်းစာနာမှု လိုအပ်ချက်များ
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တဝန်း ပြည်တွင်းနေရပ်စွန့်ခွာ အရေအတွက် အလျင်အမြန် မြင့်တက်ပြီး ၃ သိန်းအထက်ရှိသည်။ စစ်ကောင်စီက ချမှတ်ထားသည့် ပိတ်ဆို့မှုများအကြား လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ အနေဖြင့် ULA ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းရေးရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
အများပြည်သူဝန်ဆောင်မှုများ
ရခိုင်ပြည်သူများသည် အခြေခံ အများပြည်သူဝန်ဆောင်မှု မရရှိသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး မကြာသေးမီက ပဋိပက္ခသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။ ULA သည် ယခုအခါ ရခိုင်ပြည်သူ အများစုအတွက် အခြေခံ အုပ်ချုပ်ရေး ဆောင်ရွက်သူ ဖြစ်လာပြီး ဘဏ္ဍာရေးအကူအညီနှင့် သင့်လျော်သော နည်းပညာအကူအညီသည် လွန်စွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
ထိုအကူအညီအထောက်အပံ့သည် လမ်းများ တံတားများကဲ့သို့သော အခြေခံအဆောက်အအုံများ ပြင်ဆင်ရေးနှင့် ထိန်းသိမ်းရေး၊ ရေနှင့်လျှပ်စစ်ဓာတ်အား ပုံမှန် ဖြန့်ချိနိုင်ရေး၊ ကျောင်းများနှင့်ဆေးရုံများ အဆင့်အတန်းမြင့်မားပြီး လုပ်ငန်လည်ပတ်ရေး၊ အလုပ်ဖြစ်သော တရားစီရင်ရေးစနစ် ထူထောင်ရေးနှင့် အခြားအရေးပါသော အုပ်ချုပ်ရေးကဏ္ဍများသို့ အကူအညီပေးရေးတို့အတွက် အရေးပါသည်။
စီးပွားရေးတိုးတက်မှု
မီဒီယာများနှင့် အများပြည်သူသို့ သတင်းစာရှင်းလင်းပွဲများတွင် ULA သည် ရခိုင်ပြည်နယ်၌ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် တိုးတက်မှုအတွက် အကျိုးပြုသည့်ကာလပတ်လုံး မဆန့်ကျင်ကြောင်း ဖော်ပြသည်။
ULA သည် ပြင်ပကို ရှုမျှော်ပြီး ရခိုင်ပြည်သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် လက်ရှိ မိတ်ဖက်များဖြင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန် အားပေးသည်။ ထိုသို့အားပေးခြင်းသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် အမျိုးသားဓာတ်ငွေ့ စီမံကိန်း စသည့် လက်ရှိ စီမံကိန်းများအတွက်သာမက အလားအလာရှိသော အနာဂတ် စီမံကိန်းများနှင့်လည်း အကျုံးဝင်သည်။ ULA ကို ကူညီခြင်းသည် စွမ်းအင် စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် မူဝါဒများ၊ အလေ့အထများနှင့် စီးပွားရေး မူဝါဒများ တိုးတက်မှုအတွက် အချိန်မီ အထောက်အကူ ပြုနိုင်သည်။
လူမှုညီညွတ်မှု
မဖြေရှင်းနိုင်သေးသည့် သမိုင်းဆိုင်ရာ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခသည် ULA ၏ အုပ်ချုပ်ရေးစနစ်တွင် ရခိုင်ရှိ အမျိုးမျိုးသော လူမျိုးစုများ ပါဝင်ရေးအတွက် လိုအပ်သော အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံရေး ထူထောင်ခြင်းကို ဆက်လက် ထိခိုက်စေသည်။
မီဒီယာများနှင့် အများပြည်သူသို့ သတင်းစာရှင်းလင်းပွဲများတွင် ULA သည် ရခိုင်ပြည်နယ်၌ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် တိုးတက်မှုအတွက် အကျိုးပြုသည့်ကာလပတ်လုံး မဆန့်ကျင်ကြောင်း ဖော်ပြသည်။
သို့သော် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး ULA ကို တိုက်ခိုက်စေခြင်း အပါအဝင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာဖြင့် လူမှုအသိုက်အဝန်းများကြား ပဋိပက္ခကို ပိုမိုဆိုးရွားစေရန် အားထုတ်မှုများဖြင့် ရင်ဆိုင်နေရသော်လည်း ULA သည် ရခိုင်မှ ကွဲပြားခြားနားသည့် လူမှုအသိုက်ဝန်းများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို အားပေးရန် တက်ကြွစွာကြိုးစားသည်။
ULA သည် ရခိုင်လူမှုအသိုက်အဝန်းများ သာမက မွတ်ဆလင်နှင့် ရခိုင်မှ အခြားလူနည်းစု လူမှုအသိုက်အဝန်းများလည်း ပါဝင်သော ဒေသအုပ်ချုပ်ရေးမှူးများ ခန့်ထားသည်။ ထို့အပြင် ULA သည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို အားပေးသည့် ၎င်းတို့၏ အားထုတ်မှုများကို ULA အရာရှိတဦးဦးကြောင့် အဟန့်အတား ဖြစ်စေပါက တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆက်သွယ်ရေးရုံးများကိုလည်း ထူထောင်ထားသည်။
စစ်ကောင်စီနှင့် လုံးဝကွဲပြား ခြားနားသောအချက်မှာ ULA သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ရခိုင်မှ အမျိုးမျိုးသော လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးအတွက် ယုံကြည် ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။ ULA သည် ရခိုင်ပြည်နယ်မှ ပြည်သူ အများအပြားအကြား လူထုထောက်ခံမှု လွန်စွာရပြီး လူမှုအသိုက်အဝန်းများအကြား မယုံကြည်မှု လျှော့ချကာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ပိုမိုဖြစ်နိုင်စေသည့် သဘောထားအပြုအမူသို့ ပြောင်းလဲအောင် ကြိုးစားရာတွင် အသုံးပြုနိုင်သည့် အရေးပါသော နိုင်ငံရေးအရ မြှုပ်နှံမှုကို ရရှိစေသည်။
ရှေ့ဆက်ချီတက်နေ
ယခုအခါ ULA သည် စစ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီ၊ အများပြည်သူ ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးတိုးတက်မှု၊ လူမှုညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး စသည့်ကိစ္စများ အပါအဝင် အုပ်ချုပ်ရေးတွင် ရခိုင်ပြည်နယ်၌ အရေးအပါဆုံးဖြစ်သည်။ ULA သည် ထိုပြဿနာများကို တာဝန်သိသိ ချဉ်းကပ်လေ့လာပြီး ရခိုင်မှ ပြည်သူအားလုံး အကျိုးခံစားရရန်နှင့် ဒေသအတွင်း တည်ငြိမ်မှုအတွက် ရည်ရွယ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များနှင့် ဆောင်ရွက်ချက်များက ပြသနေသည်။
စစ်ကောင်စီနှင့် လုံးဝကွဲပြား ခြားနားသောအချက်မှာ ULA သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ရခိုင်မှ အမျိုးမျိုးသော လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးအတွက် ယုံကြည် ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ULA သည် အုပ်ချုပ်ရေးနှင့် ပညာရပ်ဆိုင်ရာ စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာသော်လည်း ထိုစွမ်းရည်များကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် နယ်ပယ်အများအပြား ရှိနေသေးပြီး ပြင်ပအဖွဲ့အစည်းများမှ သင့်လျော်သော အကူအညီများကို ကြိုဆိုသည်။
ULA သည် ရခိုင်ပြည်သူများ၏ လူသားချင်းစာနာမှုနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရန်ပုံငွေ အရေးပေါ်လိုအပ်နေပြီး သင့်လျော်သော ရန်ပုံငွေ ထောက်ပံ့မှုများကို ကြိုဆိုသည်။ ULA သည် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ညှိနှိုင်းရေးရုံးကို တည်ထောင်ထားသည်။ ရခိုင်ပြည်သူများကို ကူညီရန် ဒေသအတွင်း တည်ငြိမ်မှုကို ကူညီအားပေးရန် စိတ်ဝင်စားသော မည်သည့်အဖွဲ့အစည်းမဆို ထိုရုံးသို့ဆက်သွယ်နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Mra Thida ၏ It’s Time to Engage The Resistance Govt in Myanmar’s Rakhine ကို ဘာသာပြန်သည်။ မြသီတာသည် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ဆောင်ရွက်နေသည့် ပြည်တွင်းအခြေစိုက် သုတေသီဖြစ်သည်။)
You may also like these stories:
ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ
ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်
အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး
တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး