၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်း နေပြည်တော်သို့ ရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့၏။ တရုတ်မှ နေပြည်တော်သို့ ချောင်းပေါက်မတတ် လာနေသော မစ္စတာ တိန့်ရှီကျွန်း၏ လတ်တလော ခရီးစဉ်ဖြစ်၏။ ထို့ပြင် မြန်မာ့အရေး၊ ရခိုင့်အရေးနှင့် ပတ်သက်ပြီး တရုတ်တို့ လှုပ်ရှားမှုများကို ဆက်တိုက်တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းနှင့် တရုတ်မီဒီယာများက မြန်မာနိုင်ငံသို့ စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွှတ်ကန်တော့သည် ဟုဆိုသည့် တရုတ်သင်္ချိုင်းတွင် ဂါရဝပြု ကန်တော့ပွဲကို တောင်ငူမြို့တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်း အဖွဲ့အစည်းများနှင့် ဒေသခံ တရုတ်နွယ်ဖွား အသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်များ တိုက်ပွဲဝင်ခဲ့သော ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံတွင် ပန်းခြင်း၊ ပန်းခွေများချပြီး ဂါရဝပြုခဲ့ကြသည်။
တရုတ်သံအမတ်က ဖက်ဆစ် ဆန့်ကျင်ရေးအတွက် မြန်မာပြည်သို့ စစ်ကူလာခဲ့သည့် တရုတ်အဝေးရောက် တပ်သားများအဖြစ်လည်းကောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး သံယောဇဉ်အဖြစ်လည်းကောင်း ပုံဖော်သွားခဲ့၏။ သို့သော် သမိုင်းဖြစ်ရပ်မှန်မှာ ထိုတပ်များသည် တရုတ်ကွန်မြူနစ်တပ်များ မဟုတ်ဘဲ တရုတ်ကွန်မြူနစ်တို့၏ ရန်ဘက် ချန်ကေရှိတ်၏ တရုတ်ကူမင်တန် တပ်များဖြစ်ကြသည်။
ထို့ပြင် ထိုတပ်များ မြန်မာပြည် ရောက်လာသည်မှာ မြန်မာကို စစ်ရေးအရ ကူညီဖို့မဟုတ်ပေ။ ကူမင်တန်၏ မဟာမိတ်ဖြစ်သော အင်္ဂလိပ်နှင့် အမေရိကန်ကို စစ်ရေးအရ ကူညီရန်ဖြစ်၏။ ယနေ့ တရုတ်ကွန်မြူနစ်များက အနောက်တိုင်း မဟာမိတ် တရုတ်ကူမင်တန်များ မြန်မာပြည်စစ်မြေပြင်တွင် ပါဝင်ခဲ့သည့်သမိုင်းကို ယခုကာလကျမှ သူတို့လိုရာ ပုံဖော်သည်မှာလည်း အံ့အားသင့်စရာ တခုဖြစ်သကဲ့သို့ နောက်ကွယ်က ရည်ရွယ်ချက်အမှန်ကို စူးစမ်းရန်လို၏။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းသည် ယခင် စစ်ခေါင်းဆောင်ဟောင်းများ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်တို့အား တွေ့ဆုံခဲ့၏။ ထို့ပြင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနု၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်ဟုသိရ၏။ ဤတွေ့ဆုံမှုအား နှစ်သစ်ကူးအကြို တွေ့ဆုံမှုဟု တရုတ်တို့က ခေါင်းစဉ်တပ်သည်ကို တွေ့ရ၏။
တရုတ်တို့ တွေ့ဆုံသူများကို ကြည့်ပါက တရုတ်တို့ သည် မြန်မာပြည်၏ နိုင်ငံရေးအဟောင်း သံသရာထဲမှ ထွက်နိုင်ပုံမရဟု ဆိုရမည်။
ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင် စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ ဂန်ရွှမ်က ရခိုင်နှင့် ပတ်သက်၍ အထူးပြုပြောကြားခဲ့သည်။ တိုက်ပွဲများ ပြန်လည် ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန် အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဟု မစ္စတာ ဂန်ရွှမ်က ဆိုခဲ့သည်။
တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ပြေလည်အောင် ညှိနှိုင်းရန်နှင့် ဆက်သွယ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပဋိပက္ခဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ တက်ကြွသော ချဉ်းကပ်မှုကို ပြသနေကြောင်း မစ္စတာ ဂန်ရွှမ်က ပြောကြားခဲ့ရာ မြန်မာပြည်သို့ ရောက်ရှိနေသည့် မစ္စတာ တိန့်ရှီကျွန်းနှင့် အဖွဲ့အား ရည်ညွှန်းပုံရ၏။
တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ပြေလည်အောင် ညှိနှိုင်းရန်နှင့် ဆက်သွယ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပဋိပက္ခဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ တက်ကြွသော ချဉ်းကပ်မှုကို ပြသနေကြောင်း မစ္စတာ ဂန်ရွှမ်က ပြောကြားခဲ့ရာ မြန်မာပြည်သို့ ရောက်ရှိနေသည့် မစ္စတာ တိန့်ရှီကျွန်းနှင့် အဖွဲ့အား ရည်ညွှန်းပုံရ၏။
တရုတ် ကိုယ်စားလှယ် မစ္စတာ ဂန်ရွှမ်က မြန်မာ့အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူနေကြသည့် အဆိုပြုချက်များကိုလည်း ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရခိုင်ငြိမ်းချမ်းရေးကို အထူးပြုပြောလာခဲ့သည်။
တရုတ်နှင့် မြန်မာ့အရေး
စစ်တပ် အာဏာသိမ်းပြီးကတည်းက တရုတ်တို့ တောက်လျှောက် ကြွေးကျော်သည်မှာ မြန်မာ့ပဋိပက္ခသည် မြန်မာ့ ပြည်တွင်းရေးဖြစ်ပြီး မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားရမည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ယခုအထိ မြန်မာ့ပြည်တွင်းရေးတွင် အပတ်သက်ဆုံးမှာ တရုတ်ဖြစ်သည်ကို တွေ့ရမည် ဖြစ်၏။
တရုတ်တို့က မြန်မာ့အရေးညှိနှိုင်းပေးရန် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် လိုသည်ဟု အကြောင်းပြလေ့ရှိ၏။ သို့သော် တရုတ်တို့သည် မြန်မာပဋိပက္ခတွင် အဓိက အတိုက်အခံ အင်အားစုဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နှင့် အတိအလင်း အသိအမှတ်ပြုဆက်ဆံရန် ပျက်ကွက်နေဆဲဖြစ်သကဲ့သို့ တရုတ်နယ်စပ်တွင် မရှိသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိပုံမရသကဲ့သို့ ထိတွေ့ဆက်ဆံမှုလည်း မရှိပေ။
ထိုင်းဝန်ကြီးချုပ်က မြန်မာ့အရေး ဖြေရှင်းရာတွင် ထိုင်းတို့ ပါဝင်လာသည်မှာ တရုတ်နှင့် အမေရိကန်တို့၏ တောင်းဆိုမှုကြောင့်ဟု ဆိုခဲ့၏။ သို့သော်လည်း ထိုင်းတို့က မြန်မာ့အရေးဖြေရှင်းရန် သက်ဆိုင်သူ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတရပ် ဖော်ဆောင်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြင်ဆင်ခဲ့သည်ကို တရုတ်တို့ သဘောမတွေ့ခဲ့ပေ။
လက်တွေ့တွင်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့ ခုနစ်ဖွဲ့အား ထိုင်းတွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် တက်ရောက်ခြင်းမပြုရန် လိုက်လံ ဖိအားပေးပြောဆိုသည်ကို သိရ၏။ ထိုင်းတွင် ဆွေးနွေးပွဲလာပါက အမေရိကန်၊ အနောက်အင်အားစုများနှင့် ဆက်စပ် ပတ်သက်မည်ကို တရုတ်တို့ စိုးရိမ်ပုံရ၏။
ထို့ပြင် တရုတ်တို့သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား NUG, PDF တို့နှင့် ပတ်သက်မှု မရှိရန်၊ အကူအညီ မပေးရန် ဖိအားပေးနေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ တရုတ်တို့ ယခု မြန်မာ့အရေး ဖြေရှင်းရေးအတွက် တက်ကြွစွာ ချဉ်းကပ်နေသည် ဆိုသည်မှာ လက်တွေ့ကျကျကြည့်လျှင် အားလုံးပါဝင်ရေးကို ရှေ့ရှုခြင်းမရှိ၊ အားလုံးပါဝင်ရေးကို ဆောင်ရွက်နေသည်များကိုလည်း ဟန့်တားနေသည်။ တရုတ်သည် မြန်မာပြည်ပဋိပက္ခ ဖြေရှင်းရာတွင် တက်ကြွသော သဘောထားရှိသည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် တရုတ်နယ်စပ် တည်ငြိမ်ရေးနှင့် မြန်မာပြည်ရှိ တရုတ်အကျိုးစီးပွား ကာကွယ်ရေးသက်သက်ကိုသာ ရှေ့ရှုနေသည်ဟု ဆိုရမည်။
ထို့ပြင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအား အနောက်နိုင်ငံများနှင့် ဆက်ဆံခြင်းမပြုရန် အတင်း ဖိအားပေးနေသည့် လုပ်ရပ်သည် နိုင်ငံငယ်များ၏ ဘက်မလိုက်ကြားနေရေးဝါဒကို ဖျက်ဆီးပြီး တရုတ်ဩဇာခံအဖြစ် ဂိုဏ်းဂဏ ဖွဲ့စည်းသည့် လုပ်ရပ်မျိုး ဖြစ်နေ၏။
တရုတ်နှင့် ရခိုင်အရေး
တရုတ်သည် AA နှင့် စစ်ကောင်စီကြား အပစ်ရပ်ရေးကို တိုက်တွန်းနေသည်မှာ ကြာမြင့်ပြီဖြစ်၏။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မစ္စတာ တိန့်ရှီကျွန်း အထူးသံတမန်အဖြစ် တာဝန်ယူခဲ့ကတည်းက စစ်ကောင်စီအား မတိုက်ရန်၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှသွားရန် AA နှင့် မြောက်ပိုင်းအဖွဲ့များအား ချော့၍တသွယ် ခြောက်၍တဖုံ ဖိအားအကြိမ်ကြိမ် ပေးလာခဲ့ပြီးဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး ရက်ပိုင်းမှစ၍လည်း စစ်ပွဲရပ်ရန် အကြိမ်ကြိမ် ဖိအားပေးခဲ့၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုင်ဂင်သဘောတူညီချက်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့ ဆွေးနွေး၍ ရရှိခဲ့သည့် သဘောတူညီချက် မဟုတ်ပေ။ မစ္စတာ တိန့်ရှီကျွန်းက မြောက်ပိုင်းသုံးဖွဲ့အပေါ် နည်းမျိုးစုံနှင့် အတင်းဖိအားပေး၍ ပေါ်ထွက်လာသည့် သဘောတူညီချက်ဖြစ်၏။
တရုတ်နယ်စပ်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အား တရုတ်တို့အနေနှင့် ပထဝီနိုင်ငံရေးအရ တရုတ်နယ်စပ်ကို ပိတ်ဆို့ပြီး ဖိအားပေးရန် လွယ်ကူသော်လည်း တရုတ်နယ်စပ်နှင့် ဝေးကွာသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်စစ်ပွဲအား တရုတ်တို့ ဖိအားပေးရန် မလွယ်ကူခဲ့ပေ။ ထို့ကြောင့်လည်း ဟိုင်ဂင်သဘော တူညီချက်သည် ရှမ်းမြောက်တွင်သာ အကြုံးဝင်ပြီး ရခိုင်စစ်ပွဲသည် တောက်လျှောက် ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေခဲ့၏။
ဒုတိယအချက်မှာ တရုတ်တို့အတွက် ရခိုင်သည် အနာဂတ်စီမံကိန်း အတွက်သာမက လက်ရှိတွင်လည်း အရေးကြီး၏။ ကျောက်ဖြူမှ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့နှင့် မဒေးကျွန်းမှ ပို့လွှတ်သည့် ရေနံပိုက်လိုင်းများ ပုံမှန်အလုပ်လုပ်နေရန် လိုသည်။ ရေနံပိုက်လိုင်းအတွက်ဆိုလျှင် မဒေးကျွန်းသို့ ရေနံတင်သင်္ဘောများ ပုံမှန်ဝင်ထွက်ရန် လို၏။ ထိုသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်ရေနံပိုက်လိုင်းသည် တရုတ်စီးပွားရေး လုပ်ငန်းအချို့အတွက် မောင်းနှင်အားဖြစ်နေပြီး အကြောင်းကြောင်းကြောင့် အချိန်ကာလတခု ရပ်ဆိုင်းပါက တရုတ်တို့အတွက် ထိခိုက်မှု ကြီးမားမည်ဖြစ်၏။
သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများရှိရာ ရမ်းဗြဲကျွန်းပေါ်တွင် AA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့၏။ ယခု ရမ်းဗြဲကျွန်း၏ တဝက်ဖြစ်သည့် ရမ်းဗြဲမြို့နယ်အား AA က ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက ချုပ်ကိုင်ထား၏။ လောလောဆယ် ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ပွဲသည် အချိန်မရွေး ဖြစ်ပွားနိုင်၏။
တတိယအချက်အနေဖြင့် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့ရှိ ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်သကဲ့သို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး စတင်နိုင်ခဲ့ပြီဖြစ်၏။ တဖက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကလည်း အနာဂတ်ပြဿနာများကို ဖြေရှင်းရန် AA ကို မျက်နှာမူရပြီ ဖြစ်၏။
တတိယအချက်အနေဖြင့် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့ရှိ ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်သကဲ့သို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး စတင်နိုင်ခဲ့ပြီဖြစ်၏။ တဖက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကလည်း အနာဂတ်ပြဿနာများကို ဖြေရှင်းရန် AA ကို မျက်နှာမူရပြီ ဖြစ်၏။
သို့ဖြစ်ရာ တရုတ် အကျိုးစီးပွားရှိနေသည့် ရခိုင်တွင် ပြိုင်ဖက်များ ဝင်လာမည်ကို တရုတ်တို့ စိုးရိမ်သဖြင့် မြန်မာပြည်တွင်းတွင် တရုတ်တို့ ပိုလှုပ်ရှားလာသကဲ့သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း ရခိုင်အရေးကို မီးမောင်းထိုးပြပြီး အခြားနိုင်ငံကြီးများ လက်ရှောင်ရန် သတိပေးသည်ဟု ဆိုရမည်။ ရခိုင်သည် တရုတ် အကျိုးစီးပွားအတွက် အထိမခံနိုင်သော ဒေသအဖြစ် နိုင်ငံကြီးများကို အသိပေးခြင်းလည်း ဖြစ်ပုံရ၏။
ထို့ပြင် ရခိုင့်အရေးတွင် အခြားနိုင်ငံကြီးများ ပါဝင်ပတ်သက်လာမည်ကိုလည်းကောင်း၊ AA ကို အခြားနိုင်ငံကြီးများနှင့် ဆက်စပ်ပတ်သက်မည်ကိုလည်းကောင်း အလွန်အမင်း စိုးရိမ်ပူပန်နေပုံရ၏။ ဤသည်ပင်လျှင် ရခိုင်ငြိမ်းချမ်းရေးကို တရုတ်တို့ ကူမည်ဆိုသည့် ကျယ်ကျယ်လောင်လောင် အသံထွက်လာရသည့် အဓိကအကြောင်းအချက် ဖြစ်ပုံရ၏။
တရုတ်နှင့် ရခိုင်တို့၏ နိုင်ငံရေးရည်မှန်းချက်
ရခိုင်၌ ဖြစ်စေ၊ ရှမ်းမြောက်၌ ဖြစ်စေ တရုတ်တို့က စစ်ပွဲများရပ်စေလိုခြင်းသည် တရုတ်တို့၏ အကျိုးစီးပွားကြောင့်သာ ဖြစ်သည်မှာ ရှင်း၏။ သို့သော် တရုတ်တို့ ဖြေရှင်းလိုပုံမှာ တိုင်းရင်းသားအဖွဲ့များ လက်ခံနိုင်သည့် အနေအထား မရှိသကဲ့သို့ စစ်ကောင်စီကလည်း လက်ခံနိုင်ဖွယ် မရှိပေ။
လက်ရှိကာလတွင် တရုတ်တို့ စဉ်းစားပုံမှာ မင်းအောင်လှိုင်နှင့် စစ်ကောင်စီသည် အာဏာ အသက်ဆက်ရန်အတွက် တရုတ်ကို အားကိုးရမည်၊ တရုတ်၏စကားကို အပြည့်အဝ နားထောင်ရတော့မည့် တရုတ်၏ ရုပ်သေးရုပ် ဖြစ်သွားပြီဟု တရုတ်တို့က ကြည့်မြင်၏။
ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် စစ်ကောင်စီ၏ လက်ရင်းများဖြစ်သော ကိုးကန့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များအား ဖမ်း၍ တရုတ်တို့ထံ အပ်နှံခြင်း၊ ငွေလိမ်ဂိုဏ်းများအား တရုတ်တို့ စစ်ဆေးချက်အရ ပေါ်ထွက်လာသည့် စစ်ကောင်စီ အရာရှိများ၊ ရဲများအား အရေးယူခြင်း၊ ကာကွယ်ရေး ဒုဝန်ကြီးအား အရေးယူခြင်းတို့အပြင် တရုတ်တို့ လိုလားသည့် ရင်းနှီးမြှုပ်နှံမှုတို့အား လွယ်လွယ်ကူကူ ခွင့်ပြုပေးခြင်းတို့ကြောင့် မင်းအောင်လှိုင်သည် တရုတ်တို့ပြောသမျှ လုပ်ရမည်ဟု တရုတ်တို့ ယူဆပုံရ၏။
ထို့ကြောင့်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအား အကာကွယ်ပေး၍ စစ်တပ်ကို ဗဟိုပြုပြီး နိုင်ငံရေးရုပ်ပြအချို့အား အသုံးပြုကာ မြန်မာပြဿနာကို ဖြေရှင်းရန် တရုတ်တို့ စဉ်းစားလုပ်ကိုင်သည်ကို တရုတ်တို့၏ ခြေလှမ်းများအရ တွေ့ရ၏။
တဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ထိုတပ်ဖွဲ့များရှိရာဒေသရှိ တရုတ် စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်အချို့အား ခွဲဝေပေးလိုက်ပါက ဖြေရှင်း၍ရမည်ဟု ယူဆနေပုံရ၏။ တိုင်းရင်းသား အဖွဲ့အစည်းများ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ အလေးထားပုံ မတွေ့ရပေ။
တရုတ်တို့ စဉ်းစားလုပ်ကိုင်နေသော်လည်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကမူ ကွဲပြားသည့် သဘောထားရှိ၏။ စစ်တပ်သည် လက်ရှိကာလ စစ်ရေးအကျပ်အတည်းအား ကျော်လွှားနိုင်ရေးအတွက် ရှမ်းမြောက်တွင် အပစ်အခတ် ရပ်ထားနိုင်အောင် တရုတ်နှင့် အပေးအယူလုပ်သည်။ အလားတူ ရခိုင်တွင်လည်း ရပ်လို၏။ ထို့အတွက် တရုတ်ကို လိုက်လျော အလျှော့ပေးမှုများ လုပ်၏။
တဖက်ကလည်း အပစ်မရပ်ထားသည့် ဒေသများတွင် စစ်ရေးအရ ပို၍ အာရုံစိုက်မှုရ၏။ တပ်အင်အား ပိုသုံးခွင့်ရ၏။ စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အကန့် အသတ်မဲ့စုဆောင်းနေရာ တပ်သားသစ် ၅၀,၀၀၀ ခန့် အလျင်အမြန် ဖြည့်တင်းရန် ကြိုးပမ်းနေ၏။ ဤသို့ဖြည့်တင်းပြီးပါက ရှမ်းမြောက်နှင့် ရခိုင်အပါအဝင် တပြည်လုံးရှိ ဆုံးရှုံးသွားသည့်ဒေသများအား ပြန်လည်သိမ်းပိုက်မည်ဟု ကြံစည်နေသကဲ့သို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် အတိအလင်းပြောဆိုပြီး ဖြစ်သည်။
လက်ရှိနယ်စပ်ဒေသများ ဆုံးရှုံးခြင်းသည် တရုတ်တို့ကြောင့် အချုပ်အခြာ အာဏာဆုံးရှုံးခြင်း ဖြစ်သည်ဟု မြန်မာစစ်တပ်က အတွင်းသဘောအရ သတ်မှတ်ထား၏။ ထို့ပြင် ဗိုလ်နေဝင်း ခေတ်ကတည်းက တရုတ်ဆန့်ကျင်ရေး အမြင်ပေါ်၌ တည်ဆောက်ထားသော၊ လက်ရှိတွင်လည်း ရုရှားနှင့် စစ်ရေးအရပူးပေါင်း တပည့်ခံရန် ကြိုးစားနေသော စစ်ကောင်စီသည် တရုတ်မျှော်လင့်သလို ဖြစ်လာမည် မဟုတ်ပေ။
တဖန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံရေး ရည်မှန်းချက်ကို မျက်ကွယ်ပြုပြီး တရုတ်စီးပွားရေး လုပ်ငန်းများမှ အကျိုးအမြတ် အနည်းငယ် ခွဲဝေပေးရုံဖြင့် ဖြေရှင်း၍မရပေ။ တိုင်းရင်းသားတပ်ဖွဲ့တိုင်းတွင် ကြီးမားသည့် နိုင်ငံရေးရည်မှန်းချက်များ ရှိကြ၏။ AA ခေါင်းဆောင်များကဲ့သို့ ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိသည့် လူငယ်များ၊ လူလတ်ပိုင်းများတွင် ပို၍ကြီးမားသော နိုင်ငံရေးရည်မှန်းချက်များ ရှိကြ၏။
ထို့ပြင် စစ်ရေးအရ အသာရနေသော AA သည် ၎င်းတို့အတွက် နိုင်ငံရေးအရ သဘောတူညီချက် မယ်မယ်ရရ မရှိဘဲ အပစ်ရပ်ရန် မဖြစ်နိုင်ပေ။
လက်ရှိ စစ်ရေးအခြေအနေအရ AA အနေဖြင့် စစ်ပွဲရပ်ပြီး မြန်မာစစ်တပ် စစ်အင်အားဖြည့်တင်း၍ ထိုးစစ်ဆင်လာမည့်အချိန်ကို ထိုင်စောင့်သည့် မိုက်မဲသည့်လုပ်ရပ်ကို လုပ်နိုင်ခြေ မရှိပေ။ အနည်းဆုံး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ စစ်တွေ၊ တောင်ကုတ်တို့အား သိမ်းပြီး ကျောက်ဖြူနှင့် ကျန်မြို့များအား ဖိအားပေး တွန်းယူ၍ရသည့် အခြေအနေရောက်မှ စစ်ပွဲရပ်ကောင်းရပ်ပေမည်။ လက်ရှိအနေအထားတွင် စစ်ပွဲရပ်ရန် ခက်ခဲလိမ့်မည်။ တရုတ်တို့အနေနှင့် မည်မျှ ကြားဝင်ညှိနှိုင်းသည်ဖြစ်စေ စစ်တပ်က အင်အားဖြည့်တင်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များအား ပြန်လည် ထိုးစစ်ဆင်ခြင်း မပြုပါဟု အာမ မခံနိုင်ပေ။
ကျားသေကို အသက်သွင်းနေလား
ချုပ်၍ဆိုရလျှင် မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်ပြီး မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားရမည်ဆိုသည့် တရုတ်သည် မြန်မာ့အရေးတွင် ပါဝင်ပတ်သက်မှု အများဆုံး၊ စွက်ဖက်မှု အများဆုံး၊ ဖြစ်သည်ကို တွေ့ရ၏။
ချုပ်၍ဆိုရလျှင် မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်ပြီး မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားရမည်ဆိုသည့် တရုတ်သည် မြန်မာ့အရေးတွင် ပါဝင်ပတ်သက်မှု အများဆုံး၊ စွက်ဖက်မှု အများဆုံး၊ ဖြစ်သည်ကို တွေ့ရ၏။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်၊ အင်္ဂလိပ်တို့၏ မဟာမိတ်ဖြစ်သော ချန်ကေရှိတ်၏ ကူမင်တန်စစ်တပ် မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်မှုအား ၎င်းတို့လိုရာ ပုံဖော်နေမှုသည်မှာ ထူးဆန်းနေ၏။ ၎င်းတို့ ရည်ရွယ်ချက်ကား အဘယ်နည်းဆိုသည်မှာ မြန်မာပြည်သားတို့ တအံ့တဩ စောင့်ကြည့်နေကြ၏။
တရုတ်တို့သည် ရခိုင်အရေးနှင့် ပတ်သက်ပြီး ပြည်ပနိုင်ငံကြီးများ ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်ပူပန်လျှက်ရှိပြီး အမြန်ဖြေရှင်းလိုနေ၏။ သို့သော်လည်း AA ၏ နိုင်ငံရေးရည်မှန်းချက်ကို မျက်ကွယ်ပြုပြီး စီးပွားရေး အကျိုးအမြတ်အချို့ မက်လုံးပေး၍ ဖြေရှင်းရန် ကြိုးပမ်းမှုအား AA က လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် မြန်မာပြည် တပြည်လုံးငြိမ်းချမ်းရေးမရဘဲ ရခိုင်ငြိမ်းချမ်းရေးသည် ခိုင်မြဲလိမ့်မည်မဟုတ်။
စစ်အာဏာရှင် လက်အောက်တွင် အတူတကွရှိနေသည့် တိုင်းရင်းသားလူမျိုးများကို ခွဲခြား၍ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် စစ်တပ်ကလည်း အင်အားဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်ရန် ရည်ရွယ်နေသည်ဖြစ်ရာ တရုတ်တို့ ဖြေရှင်းမှုမှာ ရေရှည်တွင် အရာထင်လိမ့်မည် မဟုတ်ပေ။
မြန်မာ့အရေး၊ ရခိုင့်အရေးတွင် တရုတ်တို့ ဖြေရှင်းနိုင်သည့် အခွင့်အလမ်းရှိပါသည်။ သို့သော်လည်း အားလုံးပါဝင်မှု မရှိဘဲ အောင်မြင်မှုရနိုင်မည် မဟုတ်ပေ။ ရခိုင်အရေးကိုလည်း နိုင်ငံရေးအရ မဖြေရှင်းဘဲ စီးပွားရေး အကျိုးအမြတ် အနည်းငယ်စီ ခွဲဝေပေးခြင်းမျိုးဖြင့်လည်း မဖြေရှင်းနိုင်ပေ။
ထို့ပြင် နိုင်ငံရေးအရ အကြေအလည် ဆွေးနွေးခြင်းမရှိဘဲ AA ကို တဖက်သတ် ဖိအားပေးနိုင်သည့်ဩဇာနှင့် ပထဝီနိုင်ငံရေး အနေအထား တရုတ်တို့တွင် မရှိပေ။ မြန်မာပြည်ပြဿနာ၊ ရခိုင်ပြဿနာ ဖြေရှင်းရန် တရုတ်တို့သည် လူဟောင်းများဖြင့် အချိန်ကုန်ခံမနေဘဲ နိုင်ငံရေးအင်အားစု အသစ်များကို မျက်နှာမူရန်လည်း လို၏။
ထို့ပြင် တရုတ်တို့သည် ရခိုင်ပြဿနာ ဖြေရှင်းရာတွင် ရခိုင်၌ စစ်ရာဇဝတ်မှု မျိုးစုံကျူးလွန်နေသည့် စစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆိုသည့် ကျားသေကို အသက်သွင်း၍ ဖြေရှင်းရန် ကြိုးပမ်းပါက လုံးဝ အောင်မြင်နိုင်လိမ့်မည် မဟုတ်ဘဲ ရခိုင်လူထု၏ စိတ်ပျက်မှု ခံရသည်သာ အဖတ်တင်ပေလိမ့်မည်။
တရုတ်တို့အနေဖြင့် စစ်တပ်က ရခိုင်တွင်ပြုလုပ်သည့် စစ်ရာဇဝတ်မှုများအား ပြစ်တင်ဝေဖန်ခြင်း မပြုဘဲ၊ ရခိုင် စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ပတ်သက်ပြီး တခွန်းတပါဒမှ မဟဘဲ၊ ရခိုင်နိုင်ငံရေး ရည်မှန်းချက်ကို အသိအမှတ်မပြုဘဲ တရုတ် အကျိုးစီးပွားသက်သက်အတွက် ရခိုင်ငြိမ်းချမ်းရေးဆိုသည်ကို ဆောင်ရွက်၍ မရနိုင်ပေ။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ရခိုင်ငြိမ်းချမ်းရေးဟု ကျယ်ကျယ်လောင်လောင် ပြောဆိုလာသည့် တရုတ်တို့၏ သဘောထားမှာ ရခိုင်ရှိ တရုတ်အကျိုးစီးပွားကို အထိပါးမခံနိုင်ကြောင်း နိုင်ငံတကာအား လက်ရှောင်ကြရန် ကျယ်ကျယ်လောင်လောင် အသိပေးခြင်းဟုသာ ဆိုရပါမည်။
You may also like these stories:
ရှမ်းပြည်တွင် တိုက်ပွဲများပြန်စချိန် စစ်ကောင်စီကို တရုတ်သံအမတ် တွေ့
တရုတ်နှစ်သစ်ကူး စစ်ကောင်စီခေါင်းဆောင် အရိုအသေပေး
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော